စည်ပင် သုတ်သင်မည့် ရန်ကုန် ဆေးရုံကြီး ဝင်းမှ ခွေး အကောင် ၃၀ ကို ကယ်တင်

ပို့စ်တင်ချိန် - 8/07/2013 08:57:00 AM

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများ ဌာနက ရှင်းလင်း သုတ်သင်တော့မည့် ပိုင်ရှင်မဲ့ လေလွင့် ခွေး အကောင် ၃၀ ကို ခွေးချစ်သူ နှစ်ဦးက ကယ်တင် ခဲ့ကြောင်း အဆိုပါ ခွေးများကို ကယ်တင်ခဲ့သူ ဒေါက်တာ စန်းရီထက်က The Voice သို့ ပြောကြားသည်။

အဆိုပါ ခွေးများသည် ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း လှည့်လည် ကျက်စားသည့် ခွေးများ ဖြစ်ပြီး ကူးစက်ရောဂါ အန္တရာယ်နှင့် ဆေးရုံ လာ ပြည်သူလူထုများကို အနှောင့်အယှက် ဖြစ်စေသဖြင့် မြို့တော်စည်ပင် က မေ့ဆေးပေးကာ မသေမချင်း ရိုက်နှက် သတ်ဖြတ်မည်ကို သနားသဖြင့် သြဂုတ်လ ၄ ရက်နေ့တွင် အကောင် ၂၀ နှင့် သြဂုတ်လ ၅ ရက်နေ့တွင် ၁၀ ကောင်ကို ကယ်တင်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

“တိရစ္ဆာန် ဆိုပေမယ့် အခုလို ရက်ရက်စက်စက် သတ်တာကိုတော့ လက်မခံနိုင်ပါဘူး၊ ခွေးတွေ မရှိစေချင်ရင်လည်း တခြားနည်းနဲ့ လုပ်လို့ ရပါတယ်၊ သောကြာနေ့ (သြဂုတ်လ ၉ရက်နေ့) မှာလည်း နောက် ၁၀ကောင် ကို ထပ်ကယ်ဖို့ ရှိပါတယ်” ဟု ဒေါက်တာ စန်းရီထက်က ဆိုသည်။

ယခင်က အမဲသားတုံးတွင် အဆိပ်လူး၍ လေလွင့်ခွေးများကို ကျွေးကာ သုတ်သင် ရှင်းလင်းခဲ့ပြီး ယင်းသို့ အဆိပ်လူး ကျွေးသည်ကို ယခု ခွေးများက နားလည် သိရှိနေကာ အဆိုပါ အသားတုံးများကို မစားတော့ သဖြင့် မေ့ဆေးပေးကာ ဖမ်းဆီးပြီး မသေမချင်း ရိုက်သတ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများ ဌာနသို့ သွားရောက် မေးမြန်းခဲ့သော်လည်း ဌာနခွဲမှူးမှ တစ်ဆင့် မေးခွန်း များ ပေးပို့ မေးမြန်းရန် ဌာနမှူးခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေ ဆိုခဲ့သည်။

မလေးရှား နိုင်ငံတွင် ခွေး ထိန်းသိမ်းရေး စခန်းများ ထားရှိပြီး တစ်ကောင် လျှင် ရင်းဂစ် ၃၀ ခန့် ပေးရကြောင်း၊ အချို့သော ခွေးများကို မျိုးဆက် မပွားစေရန်အတွက် သားအိမ်များထုတ်ထားကြောင်း၊ အင်တာနက် ဝက်ဘ်ဆိုက်များမှလည်း ကြော်ငြာပေးကာ မွေးမြူလိုသူများကို ရှာဖွေပေးကြောင်း ဒေါက်တာ စန်းရီထက်က ဆက်လက် ပြောကြားသည်။

ကယ်တင်ခဲ့သည့် ခွေးများကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ရခိုင် ဘုန်းတော် ကြီး ကျောင်းလမ်းနှင့် အောင်သပြေ လမ်းသွယ်ရှိ လေလွင့် ခွေးများ ကယ်တင်ရေး ဂေဟာသို့ ပို့ဆောင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့မှ တရုတ် နိုင်ငံသို့ တင်ပို့မည့် ခွေးအကောင် နှစ်ရာကျော်အနက် တစ်ကောင် လျှင် ငွေကျပ် ခုနစ်ထောင်နှုန်းဖြင့် ခွေးအကောင် ၆၀ ကို မန္တလေး အခြေစိုက် ခွေးချစ်သူများက ကယ်တင်နိုင်ခဲ့ကြောင်း ယင်းဒေသခံများက ဆိုသည်။
The Voice Weekly