BMW တရုတ်စက်ရုံခွဲမှ ထုတ်လုပ်ထားသော ကားများ ပြန်လည်သိမ်းဆည်းမည်

ပို့စ်တင်ချိန် - 8/07/2013 11:32:00 AM


ပါဝါစတီယာရင်တွင် ချွတ်ယွင်းချက်အချို့ ရှိနေသည်ဆိုသော ပြဿနာအတွက် ကားအစင်းရေ (၁၄၃၂၁၅)စီးကို BMW Brillainceက ပြန်လည် သိမ်းယူမည်ဟု တရုတ် အရည်အသွေး စီစစ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်

BMW ကုမ္ပဏီ၏ တရုတ်နိုင်ငံမှ ဖက်စပ်လုပ်ငန်းခွဲက ကမ္ဘာတလွှားရှိ ကားအစင်းရေ (၁၄၀,၀၀၀)ကျော်ကို ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရန် ပြန်လည်သိမ်းယူမည်ဟု သိရှိရသည်။ ပါဝါစတီယာရင်တွင် ချွတ်ယွင်းချက်အချို့ ရှိနေသည်ဆိုသော ပြဿနာအတွက် ကားအစင်းရေ (၁၄၃၂၁၅)စီးကို BMW Brillainceက ပြန်လည် သိမ်းယူမည်ဟု တရုတ် အရည်အသွေး စီစစ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဂျာမန် မော်တော်ကား ကုမ္ပဏီကြီး BMWသည် တရုတ်နိုင်ငံ၊ ရှန်ယန်းမြို့တွင် BMW Brilliance အမည်ဖြင့် ဖက်စပ် လုပ်ကိုင်လျှက် ရှိသည်။

အဆိုပါ စက်ရုံမှ (၂၀၀၉)ခုနှစ်၊ ဩဂုတ်လနောက်ပိုင်း ထုတ်လုပ်ထားသော ကားများတွင် စတီယာရင် နည်းပညာ အားနည်းချက်များ ရှိနေခြင်းဟု ဆိုသည်။ BMW Brillianceသည် BMWနှင့် Brilliance China ကားလုပ်ငန်းတို့ (၅၀)ရာခိုင်နှုန်းစီ ပူးတွဲရပ်တည်ထားသော ကုမ္ပဏီကြီး ဖြစ်သည်။ ယခုပြန်လည် သိမ်းဆည်းမည့် အစီအစဉ်သည် BMW Brillianceက နိုင်ငံမြောက်ပိုင်း ရှန်ယန်းရှိ စက်ရုံကို တိုးချဲ့ရန် ဒေါ်လာ (၁.၅)ဘီလျံတန် စီမံကိန်းကို လျှောက်ထားပြီး တရုတ်အစိုးရက ပယ်ချခဲ့သည့်နောက်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ မော်တော်ကား ထုတ်လုပ်ရေး ဈေးကွက်သည် တစ်စထက်တစ်စ ကြီးမားလပြီး အမေရိကန် မော်တော်ယာဉ် လုပ်ငန်းစုကြီး GMက မိမိတို့သည် (၂၀၁၆)ခုနှစ်တွင် တရုတ်ဈေးကွက်၌ ဒေါ်လာ (၁၁)ဘီလျံမျှ မြှုပ်နှံပြီး ဖြစ်နေမည်ဟု ဇွန်လက ကြေညာခဲ့သည်။ မေလအတွင်းကလည်း ဂျာမန် ကားကုမ္ပဏီ Volkswagenက တရုတ်အလယ်ပိုင်း ချန်ရှာမြို့တွင် ကားစက်ရုံသစ် တစ်ခု ဆောက်လုပ်မည့် စီမံကိန်းကို စတင်ခဲ့ပြီး ယင်းသည် (၂၀၁၅)ခုနှစ်နှောင်းပိုင်းတွင် ပြီးစီးဖွယ် ရှိသည်။ အဆိုပါ စက်ရုံသည် နှစ်စဉ် ကားအစင်းရေ (၃၀၀၀၀၀)မျှ ထုတ်လုပ်နိုင်မည်ဟုလည်း သိရှိရသည်။
Planet Myanmar Network