၁၅၀၀ တန် စီဒီအမ်အေဖုန်းများ ဖုန်းခေါ်စဉ် သီချင်းသံကြားသည့်စနစ် အသုံးပြုသူ နှစ်သောင်းခွဲကျော်ရှိ

ပို့စ်တင်ချိန် - 8/07/2013 06:07:00 PM

ဧပြီလအတွင်းက စတင်ချထားပေးခဲ့သည့် ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ် မိုဘိုင်းဖုန်းများအတွက် ဖုန်းခေါ်စဉ် စောင့်ဆိုင်းတေးသံ (caller Ring Back Tone ) စနစ်ကို အသုံးပြုသူမှာ သြဂုတ်လ ပထမပတ်အထိ နှစ်သောင်းကျော်ရှိနေပြီဖြစ်သည်ဟု ယင်းဝန်ဆောင်မှုကိုပေးသည့် MTS (Myanmar Telecommunication & Technology Services) ကုမ္ပဏီမှ ဈေးကွက်နှင့် လူထုဆက်ဆံရေးမန်နေဂျာ ဦးသက်ဇင်က ပြောသည်။

“Hello Music” ဟု နာမည်ပေးထားသည့် ယင်းဝန်ဆောင်မှုကို ပြီးခဲ့သည့်မေလအတွင်းက စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လဆန်းအထိ အသုံးပြုသူ နှစ်သောင်းကျော်ရှိနေခြင်း ဖြစ်သည်။

ယင်းဝန်ဆောင်မှုအသုံးပြုခြင်းနှင့်ပတ်သက်ပြီး “အခုထိဖုန်း ring tone ထည့်တာကတော့ စီဒီအမ်အေ ၁၅၀၀ တန်ဖုန်းတွေပါပဲ။ ကြိုက်တဲ့သီချင်းကို ကျွန်တော်တို့ရဲ့ဝက်ဘ်ဆိုဒ်မှာ ရွေးချယ်နိုင်ပါတယ်။ကိုယ်ကြိုက်တဲ့သီချင်းက ၀က်ဘ်ဆိုဒ်မှာ မရှိရင်လည်း သက်ဆိုင်ရာဌာနကို ဖုန်းဆက်ပြီးပြောပြပေးလို့ ရပါတယ်” ဟု ပြောသည်။

အဆိုပါဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ဇူလိုင်လနောက်ဆုံးပတ်ခန့်က MTS ကုမ္ပဏီက မိတ်ဆက်ပေးခဲ့ပြီး ယင်းဝန်ဆောင်မှုကို အသုံးပြုလိုပါက ဖုန်းနံပါတ်-၁၂၁၂ သို့ ခေါ်ကာ ၀န်ဆောင်မှုရယူနိုင်မည်ဖြစ်သည်။ ယင်းအပြင် ၃၃၃ သို့ “register” ဟု ရိုက်၍ စာတိုပို့စနစ်ပေးပို့ခြင်းဖြင့်လည်း ဆောင်ရွက်နိုင်သည်။

အဆိုပါ Hello Music ၀န်ဆောင်မှု အသုံးပြုခအတွက် လစဉ်ကြေးတစ်လလျှင် ကျပ် ၂၀၀၀ နှင့် သီချင်းတစ်ပုဒ်အတွက် ငွေကျပ် ၃၀၀ ပေးဆောင်ရမည်ဖြစ်သည်။

Hello Music ၀န်ဆောင်မှုမှာ ဖုန်းခေါ်ဆိုရာတွင် ပုံမှန်အသံအစား မိမိနှစ်သက်သော Music Clip များနှင့် အစားထိုးခြင်းဖြစ်ပြီး ယခုအသစ်ထပ်မံထွက်ရှိလာသော ၁၅၀၀ တန် စီဒီအမ်အေ ၀၉၃ ... နှင့် စသောဖုန်းများအတွက် Myanmar Telecommunication & Technology Services Co., Ltd. (MTS) မှ ၀န်ဆောင်မှုပေးခြင်းဖြစ်သည်။

ယင်းဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် မိတ်ဆွေသူငယ်ချင်းများထံသို့ Music Clip များ လက်ဆောင်ပေးနိုင်ခြင်း၊ မိတ်ဆွေတစ်ဦးချင်းအလိုက် နှစ်သက်ရာ Music Clip အား ခွဲခြားသတ်မှတ်နိုင်ခြင်းနှင့် ဖုန်းအတွင်း သတ်မှတ်ထားသောအုပ်စုများအား မိမိနှစ်သက်ရာ Music Clip များ သတ်မှတ်နိုင်ခြင်း စသည့် ၀န်ဆောင်မှုများကို ရယူနိုင်ကြောင်းသိရသည်။

ယင်းဝန်ဆောင်မှုနှင့်ပတ်သက်ပြီး အခြားမိုဘိုင်းဖုန်းများတွင်လည်း ဆောင်ရွက်နိုင်ပြီး ၁၅၀၀ တန်ဖုန်းများအတွက်မူ ပြီးခဲ့သည့် မေလကမှ စတင်ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။ ၁၅၀၀ တန်မိုဘိုင်းဖုန်းများကို ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများမှတစ်ဆင့် ချထားပေးခြင်းဖြစ်သည်။

မြ၀တီ