သူရိယအလင်း ဂျာနယ်တိုက်ရှိ ကွန်ပျူတာများသိမ်းယူသူသည် ဂျာနယ်ထုတ်ဝေသူကိုယ်တိုင်ဖြစ်ဟုဆို

ပို့စ်တင်ချိန် - 10/21/2013 08:43:00 AM


အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်သည့် သူရိယအလင်း ဂျာနယ်တိုက်အတွင်းရှိ ကွန်ပျူတာများအား အောက်တိုဘာ ၁၈ ရက် ညသန်းခေါင်ယံအချိန်က လာရောက် သိမ်းယူသူသည် ထိုဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ကိုယ်တိုင်ဖြစ်ကြောင်း ၎င်းက အောက်တိုဘာ ၂၀ တွင် မဇ္ဈိမကို ပြောသည်။

“ကျွန်တော်ကိုယ်တိုင် ကွန်ပျူတာ လာသိမ်းတာ။ ဆောင်းပါးတွေက ပုဂ်္ဂိုလ်ရေးတွေပါတယ်။ တားနေတဲ့ ကြားထဲက လုပ်လို့ သိမ်းလိုက်တာ။ အဲဒီနေ့က ကျွန်တော့်မွေးနေ့ဖြစ်တယ်။ မွေးနေ့ပွဲပြီးတော့ ရုံးကို လာပြီး ကွန်ပျူတာသိမ်းလိုက်တာ။ နောက်ထပ် လုပ်မှာစိုးလို့ပါ။ CCTV ကတော့ မသိဘူး။ မွေးနေ့ပွဲပြီးလို့ ကျွန်တော်နဲ့အတူ ကိုသူရိန်ပါတယ်။ ဖိုးလပြည့်မပါဘူး”ဟု ဦးယုနိုင်က ရှင်းပြသည်။

သူရိယအလင်း ဂျာနယ်တိုက်ကို အောက်တိုဘာလ ၁၈ ရက် ည ၁၂ နာရီခန့်က စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ဦးသူရိန်နှင့်အတူ လူတစ်စုက ၀င်ရောက်ကာ ကွန်ပျူတာ ၁၄ လုံးနှင့် CCTV ကင်မရာကို ၀င်ရောက် သိမ်းဆည်းသွားကြောင်း၊ ဂျာနယ်တိုက်အပြင်တွင် ဖိုးလပြည့်လည်း ရှိနေကြောင်း ထိုဂျာနယ်၏ CEO ဦးမိုးဟိန်းက အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် စွပ်စွဲပြောဆိုခဲ့သည်။

ထိုသတင်းစာရှင်းလင်းပွဲအား မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ သူရိယအလင်း ဂျာနယ်တိုက်တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောကြားခဲ့ခြင်းဖြစ်ပြီး CCTV မှတ်တမ်းများ ထားရှိသည့် ကွန်ပျူတာကိုလည်း ယူသွားသည်ဟု ဦးမိုးဟိန်းက ဆိုသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်က ပြန်လည် ရှင်းလင်းခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၉ရက်ထုတ် အတွဲ(၁) အမှတ်(၁၂) မျက်နှာဖုံးတွင် ရေးသားထားသော ပြင်ပဆောင်းပါးရှင် စစ်သူရဲ ဗလမင်းထင်ဆိုသူ၏ “မော်စကိုမှာသာမယ့်လ”၊ “ရုရှမယ်စကြ၀ဠာပြိုင်ပွဲသို့ စေလွှတ်ရန် မြန်မာမယ်ရွေးချယ်မှု နောက်ကွယ်က ခရိုနီကြီးများ၏ အရှုပ်တော်ပုံ” နှင့် “န.၀.တ အကျဉ်းသား” ၊ ထောင်သူရဲဘအုပ် ရေးသားသော “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” (သို့မဟုတ်) “ရွှေပေါ်မြတင် ညီလေးများထံသို့ပေးစာ” စသော ဆောင်းပါးများကို ရေးသားဖော်ပြခဲ့ပြီး ထိုဂျာနယ်အား တစ်ရက်ကြိုကာ အောက်တိုဘာလ ၁၈ ရက်က ဖြန့်ဝေခဲ့သည်။

ယင်းဆောင်ပါးများအား ထည့်သွင်းဖော်ပြခြင်းကို အယ်ဒီတာအဖွဲ့ဘက်မှ ကန့်ကွက်ခဲ့သော်လည်း အမှုဆောင်အရာရှိချုပ်၏ လုပ်ပိုင်ခွင့်ကို အကြောင်းပြကာ ဦးမိုးဟိန်း၏ ဆန္ဒအလျောက် အယ်ဒီတာအဖွဲ့၏ လုပ်ပိုင်ခွင့်အား ကျော်လွန်ကာ ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု သူရိယအလင်းဂျာနယ် အယ်ဒီတာများ၏ အောက်တိုဘာလ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည့် သဘောထားထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် သူရိယအလင်းဂျာနယ်အား ထုတ်ဝေခြင်းကိုလည်း ရပ်နားမည်ဖြစ်ပြီး ထိုဂျာနယ်တိုက်ကို ပိုင်သော ရှယ်ယာဝင် သုံးဦးအားလည်း ရှယ်ယာများ ပြန်လည် ခွဲဝေပေးမည်ဟု ဦးယုနိုင်က ပြောသည်။

အဆိုပါဂျာနယ်ကို ထုတ်ဝေသူ ဦးယုနိုင်၊ စီအီးအို ဦးမိုးဟိန်း၊ အယ်ဒီတာချုပ် အောင်စည်ဟိန်း၊ ဥပဒေအကြံပေး ဦးဇော်လင်းနှင့် အယ်ဒီတာအဖွဲ့ဝင် ရှစ်ဦးက လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်သည်။

Mizzima - News in Burmese