Canon က First Facebook-ready camera ကိုထုတ်ဖော်ပြသ


ယနေ့ခေတ်လူနေမှုဘဝမှာ Facebook လို Social Network ကိုမရှိမဖြစ်
အသုံးပြုလာကြတဲ့ အတွက် ကင်မရာတွေကို ပုံစံပြောင်းထုတ်လုပ်လာတာ
အဆန်းတော့မဟုတ်ပါဘူး။

Canon ကကင်မရာပိုင်းမှာ ဆရာတစ်ဆူလို့ သတ်မှတ်ခံ ရဖို့အတွက်
ပထမဆုံး အင်တာနက်ချိတ်ဆက်ကင်မရာကို အခြားပြိုင်ဘက်
တွေထက် လက်ဦးမှုရယူကာ ထုတ်လုပ် လာခြင်းဖြစ်တယ်လို့ ယူဆနိုင် ပါတယ်။

အင်တာနက်နဲ့ချိတ်ဆက်အသုံးပြုတဲ့ကင်မရာ ဆိုပေမယ့် Facebook လို Social စာမျက်နှာပေါ်မှာ ရိုက်ပြီးတဲ့ ဓာတ်ပုံတွေ ချက်ချင်းတင်လို့ရအောင် ရည်ရွယ်ပြီး Canon ကအသစ်မိတ်ဆက်လိုက်တာပါ။

ဒါကြောင့် ဆမ်ဆောင်းကထုတ်တဲ့ စမတ်ကင်မရာတွေရဲ့ အလွန် ကင်မရာ
သီးသန့် အင်တာနက်အသုံးပြုနိုင်တဲ့ Canon Power Shop N ဟာပထမဆုံး
အင်တာနက်နဲ့ချိတ်ဆက်မယ့် ကင်မရာလို့ဆိုနိုင်ပါတယ်။

အသုံးပြုသူအများဆုံးဖြစ်တဲ့ Facebook ကိုရည်ရွယ်ပြီး ကင်မရာရဲ့  Button
ကို Facebook Logo အသုံးပြုဖန်တီးထားတာကိုမြင်တွေ့ရမှာဖြစ်ပြီး
first Facebook-ready camera အဖြစ်သတ်မှတ်ခံထားရပါသေးတယ်။

ကင်မရာ 12.1mepapixel ကိုမျက်နှာပြင်အရွယ်စား ၂.၈ လက်မ LCD Scree
မှာမြင်တွေ့ရမှာဖြစ်ပြီး မှန်ဘီလူး 28mm wide-angle lens နှင့် 8x zoom
အထိစွမ်းဆောင်အသုံးပြုနိုင်တဲ့ကင်မရာဖြစ်တယ်လို့သိရပါတယ်။

ချိတ်ဆက်အသုံးပြုနိုင်မယ့် Network အမျိုးအစားတွေကတော့ 3G,4G connection အမျိုးအစားဖြစ်ပြီး ကျသင့်မယ့်ဈေးနှုန်းက အမေရိကန်ဒေါ်လာ
၃၀၀ ထက်မပိုတဲ့ ဈေးနဲ့ဖြန့်ချိမယ်လို့ ဆိုပါတယ်။

Ref:Gadgetshow
Khun Nay(August Myanmar Media Group)

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်


ရန်ကုန်၊ သြဂုတ် ၂၃

၂၃.၈.၂၀၁၃ ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိရာ
ရွှေပြည်သာမြို့နယ်၊ အင်းပေါက်စုရပ်ကွက်ရှိ လူနေအိမ်ခြေ (၅၀)ခန့်အနက်မှ
ပြောင်းရွှေ့သင့်သူ မိသားစု(၁၈)စု၊လူဦးရေ(၆၃)ဦးအား ဇီးကုန်းကျေးရွာရှိ
ရွှေမြို့ဝင်ကျောင်းတိုက်ဓမ္မာရုံသို့လည်းကောင်း၊ အမှတ်(၁/၅၈)ရပ်ကွက်ရှိ လူနေအိမ်ခြေ(၃၀၀)ရှိ လူဦးရေစုစုပေါင်း(၉၅၀)ဦးတို့အား အမှတ်(၁)ရပ်ကွက်၊ ကိုးန၀င်းဓမ္မာရုံသို့လည်းကောင်း ၊ (ဒ/၁၇) ရပ်ကွက်ရှိ လူနေအိမ်ခြေ (၆၁၀) ရှိ
လူဦးရေ (၂၃၀၀)ခန့်အား ရေလွတ်ရာ အ.လ.က(၆)ကျောင်းသို့ လည်းကောင်းပြောင်းရွှေ့နေရာချထားပေးခဲ့ပါသည်။၎င်းမိသားစုများအား သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်ပြည်သူများမှလိုအပ်သည်များ ၀ိုင်းဝန်းကူညီ
ဆောင်ရွက်ပေးလျက် ရှိပါသည်။

လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက်ရှိ တပ်မြို့စည်ပင်ဝင်း နှင့် (၁၆)ရပ်ကွက်ရှိမာဃ(၁၀)လမ်း လူနေအိမ်ခြေ စုစုပေါင်း (၁၀၃)လုံးရေနစ်မြုပ်ခဲ့သဖြင့် ပြောင်းရွှေ့ရခြင်း၊ ပျက်စီးဆုံးရှုံးခြင်းမရှိသော်လည်း ရေတက်မှုကြောင့် ထမင်းချက်ပြုတ်မရသဖြင့် ရပ်ကွက်ရှိပြည်သူများမှ ထမင်းထုပ်များဝေငှပေးလျက် ရှိပါသည်။

အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ သီရိရတနာလမ်းရှိ အမှတ်(၄)အခြေခံပညာ
အထက်တန်း ကျောင်းအတွင်းသို့လည်းကောင်း၊ သာကေတမြို့နယ် အတွင်းရှိ အ.လ.က(၆)ကျောင်းနှင့် အ.မ.က( ၇/၉/၁၅/၂၀/၂၅/၃၂)ကျောင်းများအတွင်းသို့
လည်းကောင်း ရေများဝင်ရောက်ခဲ့သဖြင့် ကျောင်များ ခေတ္တပိတ်ထားခဲ့ရပါသည်။

လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းရုံးနှင့် ရဲစခန်းဝင်းအတွင်းသို့
ရေများဝင်ရောက် လျက်ရှိကြောင်းနှင့် မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်နှင့် (ခ)၊(ဂ)၊(ဃ)၊(င)၊(စ)၊(ဆ)၊(ဇ)၊(ဋ)၊ ရပ်ကွက်များရှိ လမ်းများပေါ်တွင်လည်း
ရေတက်ရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။












စစ်တက္ကသိုလ်မှာ အနှစ် ၂ဝ ပညာယူသင့်၏


စစ်တက္ကသိုလ် သုံးလေးနှစ်တက်ပြီးရင် ဘွဲ့တွေရကြ၊ စစ်အရာရှိကြီးတွေ ဖြစ်လာကြပါတယ်။

အရာရှိဖြစ်ဖို့အတွက် သုံးလေးနှစ်မကဘဲ အနှစ် ၂ဝ လောက် စစ်တက္ကသိုလ် တက်သင့်တယ်လို့ ထင်ပါတယ်။

 ဘာကြောင့်လဲ ဆိုတော့ ... စစ်အရာရှိကြီးတွေဟာ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေးဌာနတွေမှာ ညွှန်မှူး ညွှန်ချုပ်အဖြစ် ရောက်သွားတတ်လို့ပါပဲ။
အခုဆိုရင် လွှတ်တော်ထဲတောင် ရောက်နေပါပြီ။ တော်သေးတာပေါ့ကွာ၊ ဧရာဝတီသတင်းဌာန အယ်ဒီတာ စားပွဲမှာ စစ်ဘက်က လွှတ်လိုက်တဲ့ အရာရှိ ရောက်မလာသေးဘူး။ ဗိုလ်ချုပ်ကြီးတွေလက်ထက်မှာ အကုန်ဖြစ်နိုင်တာပဲ၊ ဒါကြောင့် ရောက်မလာသေးဘူးလို့ ရေးရတား)

စစ်အရာရှိကြီးတွေဟာ ဘောင်းဘီချွတ်၊ ဌာနစုံသွားပြီး စီမံခန့်ခွဲညွှန်ကြား အမိန့်ပေးသူတွေဆိုတော့
စစ်တက္ကသိုလ်မှာ အနှစ် ၂ဝ လောက်  ပညာယူသင့်ပြီပေါ့လို့ပြောတာပါ။ ဒါမှ ဌာနဆိုင်ရာတွေမှာ အဆင်ပြေနိုင်မယ်လေ။

မြို့တော်ဝန်ရာထူး ဆိုရင်လည်း စစ်အရာရှိကြီးတွေကိုပဲ ခန့်ကြတာ မဟုတ်လား။
ရန်ကုန်မြို့တော်ဝန်တွေဟာ တက္ကသိုလ်မှာ အနှစ် ၂ဝ လောက် တက်ခဲ့ရင် သူတို့ဟာ ရန်ကုန်မြို့ကြီး စည်ပင်သာယာဖို့ ပိုပြီး လုပ်နိုင်မှာပဲ လို့ တွေးမိပါတယ်။

ရန်ကုန်မှာ ရေကြီးတဲ့မြင်ကွင်းတွေ တွေ့နေရလို့ ဒီလို တွေးမိတာပါ။
စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းအဝဝကို စစ်တက္ကသိုလ်မှာ သင်ခဲ့ကြရင် ရန်ကုန်ကို သူတို့ ကယ်တင်နိုင်မယ်မဟုတ်လား။

မြို့တော်ဝန်ဘ၀ကနေ စုတေ့ ...  အဲ ... ဌာနပြောင်းရ၊ လွှတ်တော်ထဲ သွားရတယ် ဆိုရင်လည်း
တက္ကသိုလ်မှာ အနှစ် ၂ဝ လောက် တက်ခဲ့တဲ့သူကွ၊ အမှန်တကယ် တတ်သိ ကျွမ်းကျင်တယ်ကွ၊ ဘယ်ကစမ်းစမ်း ညာက စမ်းစမ်း စီမံခန့်ခွဲအုပ်ချုပ်နိုင်တယ်ကွ ဆိုပြီး လက်မ ထောင်နိုင်ကြမယ်လေ။

အခုတော့ ... ကိုယ့်နေရာ ကိုယ်မနေဘူး၊ စည်းကမ်းမရှိဘူးလို့ အများက ဝေဖန်တာလည်း ခံရနိုင်တာပေါ့။

ဒီအတိုင်းဆိုရင် စည်းကမ်းရှိတဲ့ဒီမိုကရေစီ ဆိုတာကြီးကို အပ်ချလောင်းလုပ်ရတာ အခက်အခဲနဲ့ ကြုံရနိုင်ပါတယ်။စစ်အရာရှိဖြစ်ဖို့အတွက် စစ်တက္ကသိုလ်မှာ  အနှစ် ၂ဝ လောက် ပညာယူခဲ့ရင်တော့ လက်မထောင်နိုင်ကြ၊ စည်းကမ်းရှိလာကြမှာပဲလို့ ထင်ပါတယ်။
ဧရာဝတီ

လေယာဉ်မတော်တဆမှု စက်ချို့ယွင်းချက်ကြောင့် မဟုတ်ဟုဆို


ရန်ကုန်၊ သြဂုတ်၂၁

ကော့သောင်းမြို့နှင့် မိုင်းဆတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော မြန်မာ့လေကြောင်း ပိုင် MA-60 လေယာဉ်မတော်တဆမှုများကို စစ်ဆေးရာတွင် စက်ပစ္စည်း ချို့ယွင်းချက်ကြောင့် မဟုတ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြန်မာ့လေယာဉ် မတော်တဆ ထိခိုက်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ခံ ဦးမျိုးညွန့်က ပြောကြားသည်။

လတ်တလောတွင် စက်ပစ္စည်း ချို့ယွင်းချက်များကို မတွေ့ရသော်လည်း ထပ်မံ၍ ဖြည့်စွက်စစ်ဆေးရမည် ဖြစ်သည့်အပြင် လေယာဉ်ထုတ်လုပ်သည့် Xian Aircraft Manufacture ကုမ္ပဏီက စက်ပစ္စည်းများကို အသေးစိတ်ပြန်လည် စစ်ဆေးနေပြီး တရုတ်ဘက်မှ ညွှန်ကြား ချက်ထွက်လာပါက လေယာဉ်မတော်တဆမှုကို ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုလက်ရှိတွင် ပျံသန်းမှု လုပ်ငန်းစဉ်ကို ထပ်မံစစ်ဆေးနေပြီး လေယာဉ်မှူးများကိုလည်း ထပ်မံစစ်ဆေးရမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

မေလ ၁၆ ရက်နေ့က မိုင်းဆတ်တွင် တစ်ကြိမ်၊ ဇွန်လ ၁၀ ရက်နေ့က ကော့သောင်းတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင် တရုတ်နိုင်ငံလုပ် MA-60 လေယာဉ်များ မတော်တဆမှုများ ဖြစ်ပွားခဲ့သည့် အတွက် ယင်းလေယာဉ် အမျိုးအစားများကို ပြေးဆွဲခွင့် ရပ်နားထားကြောင်း မြန်မာ့လေကြောင်းမှ စုံစမ်းသိရှိရသည်။

MA-60 လေယာဉ်မျာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Xian Aircraft Manufacture ကုမ္ပဏီက ထုတ်လုပ်ထားကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရသည်။
The Voice Weekly

Facebook ကို ဖောက်နိုင်သည့် ဟက်ကာ ဒေါ်လာ ၁၁,၀၀၀ ရရန် သေချာ


ဝါရှင်တန်၊ သြဂုတ် ၂၂

နာမည်ကျော် လူမှုကွန်ရက် တစ်ခု ဖြစ်သည့် Facebook ကို ထူထောင် ခဲ့သော မာ့ခ်ဇူကာဘတ်၏ Timeline ကို ခိုးဖောက် ဝင်ရောက်နိုင်ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား ခါလီရှာရီသာ ဆိုသူအား ဆုငွေအဖြစ် ဒေါ်လာ ၁၁,၀၀၀ ချီးမြှင့်ရန် ရှိကြောင်း Mashable.com တွင် ရေးသားထားသည်။

ထိုဆုငွေများကို ရှာရီသာအား Facebook က ချီးမြှင့်မည် မဟုတ်ဘဲ အွန်လိုင်းပေါ်တွင် လူထု လှုပ်ရှားမှုများကို ဆောင်ရွက်နေသည့် GoFundMe လှုပ်ရှားမှု အဖွဲ့က ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သော ရက်အနည်းငယ်က Facebook ပေါ်ရှိ ဇူကာဘတ်၏ Timeline ကို ဝင်ရောက် ခိုးဖောက် နိုင်ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား ဟက်ကာ ရှာရီသာနှင့် ပတ်သက်ပြီး Facebook ၏ လုံခြုံရေးမှာလည်း လှုပ်ခတ်သွား ခဲ့ရသည်။

BeyondTrust လုံခြုံရေး ကုမ္ပဏီ နည်းပညာ အရာရှိ မာ့စ်မိုက်ဖရက်က ထိုသို့ စွမ်းဆောင်နိုင်သည့် ရှာရီသာကို ဆုငွေ ချီးမြှင့်ရန် Facebook ကို တိုက်တွန်းသော်လည်း ငြင်းဆန်ခဲ့သဖြင့် အွန်လိုင်း လှုပ်ရှားမှု တစ်ခု အနေဖြင့် စည်းရုံး လုပ်ဆောင်ခဲ့ရာတွင် တစ်နေ့တည်း ဒေါ်လာ ၁၀,၀၀၀ ရရှိခဲ့သည်။ လက်ရှိ အခြေအနေတွင် အလှူရှင်ပေါင်း ၁၉၉ ဦးထံမှ ရှာရီသာ အား ချီးမြှင့်ရန် ငွေသားပေါင်း ၁၁,၃၀၅ ဒေါ်လာ ရရှိနေပြီဖြစ်ကြောင်း GoFundMe အဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။

ဆုချီးမြင့်ရခြင်းနှင့် ပတ်သက်ပြီး မိုက်ဖရက်က လွတ်လပ်စွာ လှုပ်ရှား လုပ်ဆောင်နေသူတွေကိုလည်း သတိထားဖို့ လိုကြောင်း နည်းပညာ ကုမ္ပဏီ များ အနေဖြင့် ဤသို့သော လူငယ်များကို ချီးမြှင့် မြှောက်စားရန် လိုကြောင်း၊ တစ်ရက်တည်း ဒေါ်လာ သောင်းချီပြီး လှူဒါန်းကြသည့် အားပေး မြှောက်စားမှုကိုလည်း အသိအမှတ်ပြုရန် လိုကြောင်း ပြောကြား ခဲ့သည်။

ရှာရီသာသည် ပြီးခဲ့သည့် ရက်သတ္တပတ် က ဗိုင်းရပ်စ် တစ်မျိုးကို တီထွင်ခဲ့ပြီး Facebook Timeline က တစ်ဆင့် ပေးပို့နေခြင်း ဖြစ်ပြီး Facebook နှင့် မိတ်ဆွေဖွဲ့ မထားသူများထံသို့ပင် ယင်းဗိုင်းရပ်စ် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် လုံခြုံရေးအတွက် စိတ်ချရပါသည် ဆိုသော Facebook အပေါ် သံသယဝင်စရာများ ဖြစ်လာခဲ့သည်။

Facebook သည် လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ဒေါ်လာ ၂၀,၀၀၀ ပေးမည်ဟု ဆုငွေ ထုတ်ထားသော်လည်း ယနေ့အထိ ဒေါ်လာ ၅၀၀ ခန့်သာ ချီးမြှင့်ပေးမှု ရှိခဲ့ကြောင်း Facebook စာမျက်နှာ တစ်ခုတွင်လည်း ရေးသား ဖော်ပြထားသည်။

Facebook က မိမိအပေါ် အသိအမှတ် မပြုခြင်းနှင့် ပတ်သက်ပြီး စိတ်ပျက် မိကြောင်း ရှာရီသာ ကလည်း ပြောကြားသည်။
The Voice Weekly

လူသား ၅ ဘီလီယံ ကမ္ဘာနှင့် အဆက်အသွယ် မပြတ်ရန် ဇူကာဘတ် စီစဉ်


နယူးယောက်၊ သြဂုတ် ၂၂

အင်တာနက်ခေတ်ဟု ဆိုသော်လည်း ယနေ့တိုင် ကမ္ဘာပေါ်တွင် အင်တာနက်အသုံး မပြုနိုင်သေးသော သူပေါင်း ၅ ဘီလီယံခန့် ရှိနေသဖြင့် လူတိုင်း အင်တာနက် သုံးစွဲခွင့်ရရေး ကြံဆောင်ပေးရန် ဦးဆောင် လုပ်ရှားပေးမည်ဖြစ်ကြောင်း နာမည်ကျော် လူမှုကွန်ရက် Website ကို ထူထောင်သည့် မာ့ခ်ဇူကာဘတ်က CNN သတင်းသို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ လူတိုင်း၊ နေရာတိုင်း အင်တာနက် သုံးစေချင်ပါတယ်။ အိန္ဒိယနိုင်ငံ ကျေးလက်ဒေသတွေမှာ မွေးဖွားခဲ့တဲ့ ကလေးတစ်ယောက်ဟာ ကွန်ပျူတာနဲ့ ထိတွေ့ဖို့ဆိုတာ မလွယ် ပါဘူး။ သူတို့ကို ဆိုင် တစ်ဆိုင်ကိုသွား၊ ဖုန်း တစ်လုံးဝယ်၊ အွန်လိုင်းပေါ် တက်ပြီး အင်တာနက် သုံးနိုင်စေချင်ပါတယ်” ဟု ဇူကာဘတ်က CNN နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထို့ပြင် သူက “အွန်လိုင်းပေါ်မှာ ဘယ်လို အစိုးရမျိုးကို လိုချင်တယ်ဆိုတာ သူတို့ ဆုံးဖြတ်လိမ့်မယ်။ ကျန်းမာရေး အတွက်လည်း ကြည့်ချင် ကြည့်မယ်။ မိုင်ရာချီ ဝေးတဲ့ နေရာက မိသားစုတွေနဲ့ နှစ်ပေါင်းများစွာ မတွေ့ရသူတွေကို ဆက်သွယ်ချင်လည်း ဆက်သွယ်ကြလိမ့်မယ်” ဟု ပြောကြားခဲ့ သည်။

ကမ္ဘာပေါ်တွင် လူဦးရေ ၇ ဘီလီယံ ရှိသည့်အနက် ၄ ဒသမ ၅ ဘီလီယံခန့်မှာ အင်တာနက် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း ကမ္ဘာ့ဘဏ် အဖွဲ့က ထုတ်ဖော် ပြောကြားခဲ့သည်။ အထူးသဖြင့် အင်တာနက် အသုံးပြုနိုင်မှု ကွာဟချက် အများဆုံးမှာ Eritrea နိုင်ငံတွင် လူဦးရေ ဒသမ ၈ ရာခိုင်နှုန်း၊ Timor-Leste တွင် ဒသမ ၉ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၁ ဒသမ ၁ ရာခိုင်နှုန်းခန့်သာ အင်တာနက် သုံးစွဲနိုင်သေးကြောင်း၊ အမေရိကန် ပြည်ထောင်စုတွင် လူဦးရေ၏ ၁၉ ရာခိုင်နှုန်းခန့်သာ အင်တာနက် မသုံးနိုင်သေးကြောင်းကိုလည်း နှိုင်းယှဉ် ဖော်ပြထားသည်။

ကမ္ဘာပေါ်တွင် ယနေ့အထိ လူမှုကွန်ရက် Facebook သုံးစွဲနေသူပေါင်း ၁ ဘီလီယံခန့် ရှိသည်။ ဇူကာဘတ်ကလည်း ကမ္ဘာသူ ကမ္ဘာသား အားလုံး မိမိတို့ စိတ်ကူးကို ဖော်ထုတ်ခွင့် ရှိကြောင်း၊ လွတ်လပ်စွာ ပြောဆို ဖော်ထုတ်ခွင့် ရှိကြောင်း၊ ဆက်သွယ် ပြောဆိုပိုင်ခွင့်သည် လူ့အခွင့်အရေးဖြစ် ကြောင်း ပြောကြားခဲ့သည်။

လူတိုင်း အင်တာနက် သုံးစွဲခွင့် ရရေးအတွက် မိမိအနေဖြင့် လက်ရှိ ဒေါ်လာ ၁ ဘီလီယံ သုံးစွဲမည် ဖြစ်ကြောင်း ထို့ထက်လည်း ပိုမို သုံးစွဲရန် ရှိကြောင်း CNN သို့ ပြောကြားခဲ့သည်။
The Voice Weekly

မလေးရှား တောင်ပေါ် အပန်းဖြေစခန်းအနီး ဘတ်စ်ကား ချောက်ထဲကျ ၃၇ ဦး သေဆုံး


ကွာလာလမ်ပူ၊ သြဂုတ် ၂၂

မလေးရှားနိုင်ငံ တောင်ပေါ် အပန်းဖြေစခန်း အနီးတွင် အလွန် နက်သော ချောက်အတွင်းသို့ ဘတ်စ်ကား တစ်စီး ပြုတ်ကျသွား ခဲ့သောကြောင့် နိုင်ငံခြားသား ခြောက်ဦး အပါအဝင် လူ ၃၇ ဦး သေဆုံးသွား ခဲ့ကြောင်း Xinhua သတင်း တစ်ရပ်က ဖော်ပြထားသည်။

ကားပေါ်တွင် လိုက်ပါလာသူ နောက်ထပ် ၁၆ဦး အသက်ရှင်ခဲ့ကြပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ထားရကာ အချို့၏ အခြေအနေကလည်း စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း ယင်း သတင်းက ဆိုသည်။

ခရီးသည် အတော်များများမှာ မလေးရှား နိုင်ငံသားများ ဖြစ်ကြပြီး အိန္ဒိယနိုင်ငံသား နှစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦး၊ ကိုရီးယား တစ်ဦးနှင့် နီပေါ တစ်ဦးတို့လည်း သေဆုံးသူများတွင် ပါဝင်သွားကြပြီး မလေးရှား သမိုင်းတွင် အဆိုးဝါးဆုံးသော ယာဉ် မတော်တဆမှု ဖြစ်ကြောင်း သတင်း များက ဆိုသည်။

ဂန်တင်း တောင်ပေါ် အပန်းဖြေစခန်းမှ အဆိုပါ ဘတ်စ်ကားသည် အဆင်း ခရီးနှင်လာခြင်း ဖြစ်ပြီး တောင်စောင်းမှ မီတာ ၆၀ နက်သော လျှိုထဲသို့ ပြုတ်ကျသွားခြင်း ဖြစ်သည်ဟု အာဏာပိုင်များက အတည်ပြု ထားသည်။

ပြုတ်ကျရခြင်း အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပြီး ကယ်ဆယ်ရေး လုပ်သား တစ်ဦးက သေဆုံးသွားသူများတွင် တစ်ဦး အပါအဝင် ဖြစ်သည့် ယာဉ်မောင်းသည် တောင်ဆင်း အကွေ့တွင် ယာဉ်ကို မထိန်းနိုင်သောကြောင့် ပြုတ်ကျသွားရခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့သည်။

ကားပြုတ်ကျသွားသည့် နေရာတွင် မြေအနေအထား မညီခြင်း၊ ချုံနွယ် သစ်ပင်များ ရှိခြင်းတို့ကြောင့် ကယ်ဆယ်ရေး လုပ်သားများသည် စက်သီး များကို အရေးပေါ် တပ်ဆင်ခဲ့ရပြီး ဒဏ်ရာရသူများနှင့် လူသေ အလောင်း များကို ဆွဲတင်ခဲ့ရကြောင်း မျက်မြင် သက်သေများက ပြောကြားကြသည်။

ဘတ်စ်ကားသည် ခရီးသွားလုပ်ငန်းသုံးကား ဖြစ်ပြီး တောင်ပေါ် အပန်းဖြေ စခန်းနှင့် မြို့တော် ကွာလာလမ်ပူကို ခေါက်တုံ့ခေါက်ပြန် ပြေး ဆွဲပေးနေခြင်း ဖြစ်ကာ တောင်ပေါ်ဒေသသည် မြူများ၊ တိမ်များ ဖုံးလွှမ်းလျက် ရှိပေသည်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ၎င်း၏ လူမှု မီဒီယာမှ တစ်ဆင့် သေဆုံးသူများ၏ မိသားစု များကို စာနာကြောင်း ဝမ်းနည်း မှတ်တမ်း ရေးသား ဖော်ပြထားသည်။

၂၀၁၂ အတွင်းကလည်း ဂန်တင်း တောင်ပေါ် အပန်းဖြေစခန်း အနီးတွင် ကားမှောက်ခဲ့ဖူးကာ အိန္ဒိယနိုင်ငံသား ခရီးသွား ဧည့်သည် နှစ်ဦး သေဆုံး သွားခဲ့သေးသည်။

၂၀၁၀ တွင် ကမ်မီရွန် တောင်တန်း မလေးရှား တောင်ပေါ် အပန်းဖြေစခန်း တွင် ကားမတော်တဆမှု ဖြစ်ခဲ့သေးကာ ၂၇ ဦး သေဆုံးခဲ့ပြီး အများစုမှာ ထိုင်းနိုင်ငံသား ခရီးသွား ဧည့်သည်များ ဖြစ်ကြသည်။
The Voice Weekly

ဖောက်ခွဲရေးသမား သတင်းကြောင့် မြိတ်တွင် ရပ်/ကျေးအဆင့်အထိ လုံခြုံရေးချ


မြိတ်၊ သြဂုတ် ၂၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းသို့ ရေကြောင်းမှ တစ်ဆင့် ဖောက်ခွဲရေးသမားသုံးဦး ရောက်လာမည်ဟူသည့် သတင်းကြောင့် မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများအထိ လုံခြုံရေးအဆင့် မြှင့်တင်ထားကြောင်း သက်ဆိုင်ရာ တာဝန်ကျ ရဲအရာရှိများထံမှ သိရသည်။

အဆိုပါသတင်းကြောင့် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်ကစပြီး လုံခြုံရေးအထူး ဆောင်ရွက်ရန်အတွက် ဖောက်ခွဲရေးသမားဟု သတင်းရထားသည့် သူများ၏ အမည်နှင့်တကွ ဓာတ်ပုံများကို တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များကိုပါ ပေးပို့ဝေငှထားကြောင်း ရဲအရာရှိများက ပြောသည်။

သြဂုတ်လ ၁၇ ရက်နေ့မှ စတင်ကာ မြိတ်ခရိုင်အတွင်းရှိ နေရာအများအပြား တွင် လုံခြုံရေး တိုးမြှင့်ချထားလျက်ရှိပြီး ၂၄ နာရီ အချိန်ပြည့် စောင့်ကြပ်နေရကြောင်း တာဝန်ကျ ရဲအရာရှိများက ရှင်းပြသည်။

မြိတ်ခရိုင် တနင်္သာရီမြို့တွင်လည်း နေ့ကင်း၊ ညကင်းများဖြင့် အလှည့်ကျ လုံခြုံရေး တိုးမြှင့်ထားပြီး ကျေးရွာများတွင်လည်း သက်ဆိုင်ရာ ရပ်မိရပ်ဖများနှင့် ပူးပေါင်းပြီး လုံခြုံရေး တိုးမြှင့်ထားကြောင်း တနင်္သာရီမြို့မှ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ရေလမ်းက ဝင်လာမယ်လို့ သတင်းရထားတော့ ကမ်းနားဘက်မှာ ပိုပြီး စောင့်ကြည့်တယ်။ ရွာတွေမှာ ရပ်မိရပ်ဖတွေ၊ မီးသတ်တွေ၊ ပြည်သူ့စစ်တွေက လက်နက်အပြည့် အစုံနဲ့ စောင့်ကြည့်နေတယ်” ဟု အထက်ပါဝန်ထမ်းက ပြောကြားသည်။

အဆိုပါ သတင်းကြောင့် မြို့တွင်းမြို့ပြင် စောင့်ကြည့် စစ်ဆေးမှုများကို ဆက်တိုက်ပြုလုပ်နေရပြီး လုံခြုံရေးတာဝန် ဆောင်ရွက်ရမည့် ရက်အကန့်အသတ်ကို မပြောနိုင်သေးဟု မြိတ်မြို့အဝင်အထွက် စစ်ဆေးနေသည့် တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

“ကောလာဟလ သတင်းတွေက အမျိုးမျိုး ထွက်နေတာပါပဲ” ဟု အထက်ပါ ရဲအရာရှိက ဆိုသည်။ အကြမ်းဖက် ဖောက်ခွဲရေးသမားများဟု သက်ဆိုင်ရာက ထုတ်ပြန်ထားသည့်သူ သုံးဦးအနက် တစ်ဦးမှာ ယခင် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ယခုထိုင်းနိုင်ငံသား တစ်ဦးအဖြစ် ခံယူသည့် မာမတ် (ခ)သိန်းအောင်ဖြစ်ကာ မြန်မာနိုင်ငံတွင် ၁၂ နှစ်သားအထိ နေထိုင်ခဲ့ဖူးကြောင်း၊ မြန်မာ စကားကိုလည်း ကောင်းမွန်စွာ ပြောတတ်ကြောင်း ဖော်ပြသည်။

ဒုတိယမြောက် တစ်ဦးဖြစ်သည့် အာဇက်မှာ အင်ဒိုနီးရှားနိုင်ငံသားဖြစ်ပြီး မြန်မာစကားကိုလည်း ကောင်းစွာ ပြော ဆိုနိုင်ကြောင်း ဖော်ပြထားသည်။

တတိယတစ်ဦးဖြစ်သည့် ယူနွတ် (ခ) လှမြင့်မှာ ရခိုင်ပြည်နယ် ဇာတိတစ်ဦးဖြစ်ပြီး ယခု ထိုင်းနိုင်ငံသားတစ်ဦးအဖြစ် ခံယူထားကာ မြန်မာစကားကိုလည်း ကောင်းမွန်စွာ ပြောဆိုနိုင်သူ ဖြစ်သည်ဟု သက်ဆိုင်ရာက ဖြန့်ဝေထားသည့် ဓာတ်ပုံနှင့် စာအရ သိရသည်။

Dawei Watch
The Voice Weekly

Tata ကားကုမ္ပဏီ အသွင်သစ်ဖြင့် Tata Nano ကားသစ် ထုတ်


မွန်ဘိုင်း၊ သြဂုတ် ၂၂

ကမ္ဘာ့ ဈေးအချိုဆုံး ကားဖြစ်သော တာတာကားများမှာ ဈေးနှုန်း နိမ့်ပါးသည့် ပုံရိပ်ကြောင့် ဝယ်ယူသူ နည်းပါးလျက်ရှိသဖြင့် Tata Nano ကားများကို အသွင်သစ်ဖြင့် ထုတ်လုပ်တော့မည် ဖြစ်ကြောင်း BBC တွင် ဖော်ပြထား သည်။

ရောင်းအား ကျဆင်းလျက် ရှိသော တာတာ ကားကုမ္ပဏီသည် တာတာ နာနိုဟု အမည်ပေးထားသော Smart City ကားများ ထုတ်လုပ် ရောင်းချခြင်းဖြင့် ၎င်း၏ ရောင်းအား အဆင့်နေရာကို ပြန်လည် ရယူ တော့မည် ဖြစ်သည်။

“အခု ကျွန်တော်တို့ အဓိက အာရုံစိုက်တဲ့ အပိုင်းကတော့ ကားပုံစံပိုင်း တိုးတက် ကောင်းမွန်ဖို့ရယ်နဲ့ နောက်ထပ် မော်ဒယ်လ် အသစ်တွေ ထုတ်လုပ်သွားဖို့ပါ” ဟု Tata ကားကုမ္ပဏီ ဥက္ကဋ္ဌ ဆိုင်ရပ် မစ်စ်ထရီက ပြောကြားသည်။

၂၀၀၉ ခုနှစ်က စတင် ထုတ်လုပ်ခဲ့ပြီး တစ်စီးလျှင် အိန္ဒိယ ရူပီးငွေ တစ်သိန်း (အမေရိကန်ဒေါ်လာ ၁၄၀၀) သာ တန်ဖိုးရှိသော ကားများမှာ တန်ဖိုးနိမ့် ကား ဖြစ်ခြင်းကြောင့် ဝယ်ယူသူများ အကြိုက် နည်းလျက် ရှိသည်။

ဗြိတိသျှ ကားကုမ္ပဏီဖြစ်သော Land Rover နှင့် Jaguar ကားကုမ္ပဏီတို့ ပိုင်သော Tata ကားကုမ္ပဏီ ထုတ် ကားသစ်ဖြစ်သော နာနိုကားသည် ကား ဝယ်လိုသည့် အိန္ဒိယ မိသားစုများကို အကြိုက်တွေ့ စေမည်ဟု မျှော်မှန်း ထားသည်။

ယခု အသစ်ထွက်မည့် TaTa Nano ကားများတွင် ပါဝါ စတီယာရင် သာမက ကား အတွင်းပိုင်းနှင့် အပြင်ပိုင်း ဒီဇိုင်းများ ကောင်းမွန်အောင် ပြုလုပ် မည် ဖြစ်သကဲ့သို့ အရောင်စုံ ရွေးချယ်နိုင်ခြင်းနှင့် ဆီစား သက်သာခြင်း ဟူသော အကျိုးကျေးဇူးများ ရရှိမည်ဟု အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ပြုလုပ်သော နှစ်စဉ် ရှယ်ယာရှင်များ အစည်းအဝေးတွင် TaTa ကားကုမ္ပဏီ ဥက္ကဋ္ဌက ပြောကြားသည်။

“ကျွန်တော်တို့အခု Smart City Car လုပ်ဖို့ အာရုံစိုက်နေပါတယ်။ ဒီကားက လူငယ်တွေကို အဓိက ပစ်မှတ်ထားပါတယ်” ဟု ၎င်းက ပြောကြားသည်။
The Voice Weekly

သံပုရာရည်၏အကျိုးကျေးဇူး


အေးမြတဲ့ သံပရာရည်ကို သောက်တာကြောင့် အရသာကိုတိုးစေတဲ့အပြင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူး အမြောက်အမြားကိုလည်း ပေးစွမ်းနိုင်ပါတယ်။

- ရေဓာတ်ခန်းခြောက်မှုကို လျော့ကျစေတယ်။
- အသည်းကို သန့်စင်ပေးတယ်။ အစာကြေညက်စေတယ်။
- ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို အားကောင်းစေပါတယ်။

ဒီလို အကျိုးကျေးဇူးတွေအပြင် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရရှိတာက သံပရာသီးမှာ ဗီတာမင်စီများစွာ ပါဝင်လို့ပါ။ ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုးလည်း ဖြစ်တာကြောင့် ပတ်ဝန်းကျင်ရှိ အန္တရာယ်ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန်ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားကောင်းစေပြီး သွေးတိုးကို ကျစေပါတယ်။

သံပရာသီးမှာ ဗီတာမင်အပြင် ဗီတာမင် အေ၊ ရက်တီနော်၊ ကယ်ရိုတင်း၊ ဘီတာခရစ်ပတိုဇန်သင်း၊ လူတင်၊ ဇီဇန်သင်း၊ ဖောလိတ်၊ ကိုလင်းစတဲ့ဓာတ်တွေနဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လို သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။

Ref: Good Health

မိမိ page ကို like လုပ်ဖို့ အချိန်တိုအတွင်းမှာ သူငယ်ချင်းတွေအများကြီးကို invite လုပ်နည်း


ကိုယ့်ရဲ့ page ကို like လုပ်ဖို့ invitation ပို့ရတာ ဘယ်လောက်ပျင်းဖို့ ကောင်းလဲဆိုတာ Facebook page ထောင်ထားတဲ့လူတွေ သိပါတယ်။ အခုတော့ အဲဒီဒုက္ခတွေကို သက်သာစေမယ့် အလွယ်နည်းလေးကို ဖော်ပြလိုက်ပါတယ်။

၁။ အရင်ဆုံး plugin တစ်ခုတင်ရပါမယ်၊ Mozilla အသုံးပြုတဲ့သူဆိုရင်တော့

သင်ခန်းစာ အပြည့်အစုံဖတ်ရန် >>> http://www.myanmarwebdesigner.com/blog/website-basic-knowledge/မိမိ-page-ကို-like-လုပ်ဖို့-အချိန.html
Myanmar Web Designer

T.Max မိုဘိုင်းဖုန်းဟန်းဆက်မြန်မာနိုင်ငံတွင် တရားဝင်စတင်ဖြန့်ချိ


SSCL Co,Ltd မှထိုင်းနိုင်ငံထုတ် အရည်အသွေးမြင့် T.Max အမှတ်တဆိပ်မိုဘိုင်းဖုန်းဟန်းဆက်များကို တရားဝင်စတင်ဖြန့်ချိခြင်းနှင့် သတင်းမီဒီယာများအား အသိပေးအကြောင်းကြားခြင်းအခမ်းအနားကို သြဂုတ်လ ၂၃ ၇က်၊ နံနက် ၁၀ နာရီက Park Royal Hotel ၌ကျင်းပခဲ့သည်။

မျိုးမောင်
Popular Journal

စက်တင်ဘာလဟာ မိုးနှောင်း ကာလဖြစ်လို့ မိုးနှောင်းမိုးရရှိမှုတွေ လျော့နည်းပြီး၊ မုတ်သုံလေအထွက်စောမှုတွေကိုတော့ ကြုံတွေ့လာနိုင်ပါတယ်


ှဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မိုးလေ၀သအခြေအနေပါ။ အားလုံးသတိရှိနေဖို့ပါခင်ဗျာ။ ခုလိုပြောပြတဲ့ ဆရာ ဒေါက်တာထွန်းလွင်ကို ကျေးဇူးတင်ပါတယ်။

နောက်ဆုံးအကျဉ်းချုပ်ကတော့..
(၁) (၂၁-၈-၂၀၁၃)ရက် ညသန်းကောင်ယံအချိန် (၂၄)နာရီအတွင်း မိုးရေချိန် ၃၅ မမ(၁.၄ လက်မ)နဲ့အထက် ရွာသွန်းခဲ့တဲ့ ဒေသများနဲ့ မိုးသည်းထန်စွာရွာသွန်း မှုကြောင့် မြစ်ရေဖုံးလွှမ်းခံရဖို့အလားအလာတွေ မြင့်မားလာတဲ့နေရာဒေသတွေကို နာဆာဂြိုဟ်တုများက တိုင်းတာပေးချက်အရ ရခိုင်ပြည်နယ်(စစ်တွေမြို့ နဲ့ကျောက်ဖြူမြို့နယ်များ)၊ပဲခူးတိုင်း(ပြည်မြှို နဲ့ ပဲခူးမြို့နယ်များ)၊ ရန်ကုန်တိုင်း (မင်္ဂလာဒုံမြို့နယ်) နဲ့ မွန်ပြည်နယ်(သထုံမြို့နယ်) တို့ဖြစ်ကြပါတယ်။

(၂) (၂၁-၈-၂၀၁၃)ရက် ညသန်းကောင်ယံအချိန် (၂၄)နာရီအတွင်း မိုးရေချိန် ၃၅ မမ(၁.၄ လက်မ)နဲ့အထက် ရွာသွန်းခဲ့တဲ့ ဒေသများနဲ့ မိုးသည်းထန်စွာရွာသွန်း မှုကြောင့် မြေပြိုမှုအလားအလာရှိနေတဲ့ဒေသတွေကို နာဆာဂြိုဟ်တုများရဲ့ တိုင်းတာချက်အရ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ် တို့မှာ တွေ့နေ ရပါတယ်။

(၃) ၂၀၁၃ ခုနှစ်အတွင်း ပစိဖိတ်သမုဒ္ဒယာအနောက်ပိုင်းမှာ (၁၂)လုံးမြောက်ဖြစ်ပေါ် ခဲ့တဲ့ အပူပိုင်းမုန်တိုင်း TRIMA ဟာ တရုတ်နိုင်ငံအလယ်ပိုင်းကမ်းခြေ ကို ဖြတ်ကျော် ၀င်ရောက်သါားခဲ့ပြီဖြစ်ပါတယ်။ ကုန်တိုင်းပိုင်းမှာအနောက်ဖက်ကို ဆက်လက်ေ၇ွ့ မယ်လို့ ခန့်မှန်းထားပေမယ့် လတ္တီတွဒ်မြင့်နေတဲ့အတွက် မြန်မာနိုင်ငံအပေါ် မှာတော့ အကျိုးသက်ရောက်မှု နည်းနိုင်ပါတယ်။

(၄) (၂၂-၈-၂၀၁၃)ရက်နေ့မှာ တွေ့နေရတဲ့ ရေဖုံးလွှမ်းမှုဘေးကြုံတွေ့နှိုင်တဲ့ အလားအလာမြင့်မားနေတဲ့ ဒေသတွေကတော့ စစ်တွေ၊ ကျောက်ဖြူ၊ ပြည်၊ ပဲခူး၊ မင်္ဂလာဒုံ နဲ့ သထုံ ဒေသများ ဖြစ်ကြပါတယ်။

(၅) ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်မှ (၂၇)ရက်တာကာလအတွက် ရက်သတ္တပတ်အတွင်း လွန်ကဲရာသီဥတု အခြေအနေခန့်မှန်းချက်များကို အမေရိကန်ပြည်ထောင်စုရှိ ရက်လတ်/ရက်ရှည်ခန့်မှန်းရေးဗဟိုဌာနများမှ ထုတ်ပြန်ခဲ့ရာ၊ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ မြန်မာနိုင်ငံနဲ့ အင်ဒိုချိုင်းနားနိုင်ငံ အများစု တို့မှာ မိုးရွာသွန်းမှု လျော့နည်းနိုင်တယ်လို့ခန့်မှန်း ထားပါတယ်။ ဘင်္ဂလားပင်လယ်အော် နဲ့ တောင်တရုတ် ပင်လယ်ပြင် တို့မှာလည်း မုန်တိုင်းများဖြစ်ပေါ်မှု လျော့နည်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအချက်များအရ လ်ာမယ့် သြဂုတ်လအကုန်အထိ မုတ်သုံလေအင်အား၊ မိုးရွာသွန်းမှုအင်အား၊ မုန်တိုင်းဖြစ်ပေါ်မှု တွေအားလုံး လျော့နည်းသွားစရာရှိနေတဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ ရေကြီးမှုအလားအလာမြင့်မားနေမှုတွေကို အရှိန်လျော့ ကျသွာနိုင်ပါလိမ့်မယ်။ ဒါပေမယ့် စက်တင်ဘာလဟာ မိုးနှောင်း ကာလဖြစ်လို့ မိုးနှောင်းမိုးရရှိမှုတွေ လျော့နည်းပြီး၊ မုတ်သုံလေအထွက်စောမှုတွေကိုတော့ ကြုံတွေ့လာနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်
Popular Journal

နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် လမ်းလျှောက်သည့် သံဃာတော် သာသနာဝင်မှတ်တမ်းမပါ၍ ရန်ကုန်ပြန်ထောက်ခံစာယူ


တောင်ငူ၊ သြဂုတ် ၂၂

အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေးအတွက် ရန်ကုန်မြို့မှ မန္တလေးမြို့တော် မဟာမြတ်မုနိ ဘုရားသို့ဆုတောင်း လမ်းလျှောက်ရန် ထွက်ခွာလာသော သံဃာတော် ဦးရက္ခဝံသကို သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီတွင် တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ ရေနီမြို့နှင့် နေပြည်တော်ကောင်စီ သာဝတုတ္ထိမြို့အစပ်တွင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက သာသနာဝင် မှတ်တမ်းကတ်မပါသဖြင့် ရန်ကုန်မြို့တော်သို့ ပြန်ကာထောက်ခံစာ ယူခိုင်းကြောင်း ရန်ကုန်သို့ မော်တော်ယာဉ်ဖြင့် ပြန်လာသူ ဦးရက္ခဝံသထံမှ သိရှိရသည်။

“ဘုန်းကြီးကို သာသနာဝင် မှတ်တမ်းကတ် တောင်းတယ်။ ဘုန်းကြီး အလုံမှာနေတုန်းက အခိုးခံခဲ့ရတယ်ပြောတော့ ထောက်ခံစာ ပြန်ယူခိုင်းတယ်။ ဘုန်းကြီးကို တားတဲ့သူတွေက ရဲမှူး ဦးအောင်သန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရှောင်တို့ပါ။ ဘုန်းကြီးရန်ကုန်ကို ပြန်ပြီးထောက်ခံစာယူ နေပါပြီ။” ဟု သံဃာတော် ဦးရက္ခဝံသက ပြောကြားသည်။

ဦးရက္ခဝံသသည် ရန်ကုန်မြို့မှ ၁၇၅ မိုင်အကွာ တောင်ငူမြို့သို့ သြဂုတ်လ ၁၉ ရက်နေ့တွင် ညအိပ်ရပ်နားပြီး နောက်တစ်နေ့နံနက်တွင် တောင်ငူနှင့် မိုင်ပေါင်း ၂၃၄ မိုင် ကွာဝေးသော မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာစဉ် ရေနီမြို့ အထွက်နှင့် နေပြည်တော်ကောင်စီ သာဝတ္ထိမြို့အစပ်တွင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သံဃနာယကတို့က သာသနာဝင် မှတ်တမ်းကတ် မပါသည့်အတွက် နေပြည်တော် ကောင်စီနယ်မြေသို့ ဝင်ခွင့်မပြုနိုင်ဟု တားမြစ်ခံရခြင်း ဖြစ်ကြောင်း ဆရာတော်ကို လိုက်ပါစောင့်ရှောက်သူ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ ဦးဘမြင့်က ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ The Voice က ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ “ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေကြားခွင့် မရှိပါဘူး။ မြို့နယ်ရဲတပ်ဖွဲ့မှူးလည်း မရှိပါဘူး” ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြန်လည် ဖြေကြားသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် အတွင်းရှိမြို့များတွင် လမ်းလျှောက် ဆုတောင်းခြင်းအပေါ် တားမြစ်ပိတ်ပင်ထားခြင်း မရှိကြောင်း၊ ကျန်မြို့နယ်များ တာဆီးပိတ်ပင်ခြင်းနှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

သံဃာတော် ဦးရက္ခဝံသသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့ရာ တပ်မတော်က အာဏာသိမ်းယူပြီး ရက်ပိုင်းအတွင်း သြဂုတ်လ ၂၇ ရက်နေ့တွင် ဖမ်းဆီးခံရပြီး သေဒဏ်ပေးခံခဲ့ရကာ ၁၉၉၇ ခုနှစ်၌ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သာယာဝတီ အကျဉ်းထောင်မှ ပြန်လည် လွှတ်မြောက်လာခဲ့ကြောင်း၊ ထို့နောက် ဘုန်းကြီးဝတ်ကာ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် မဲဆောက်မြို့ များတွင် နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပြီး အစိုးရသစ် လက်ထက်တွင် နိုင်ငံတော် အစိုးရနှင့် သဘောတူညီချက် အရ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ လိုင်ဇာသို့ လမ်းလျှောက်ရာတွင် ပါဝင်ခဲ့ကြောင်း၊ သြဂုတ်လ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ရန်ကုန်မြို့တော် မဟာဗန္ဓုလပန်းခြံရှေ့တွင် လက်ကျန် နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန် အစာငတ်ခံ ဆန္ဒပြနေစဉ် သံဃနာယက အဖွဲ့ကခေါ်ယူ ထိန်းသိမ်းခဲ့ပြီး သြဂုတ်လ ၈ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့ရာ သြဂုတ် ၁၁ ရက်နေ့တွင် ရန်ကုန်မှ မန္တလေးသို့ ခြေလျင်လျှောက် ဆုတောင်းရခြင်း ဖြစ်ကြောင်း နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများထံမှ သိရသည်။
The Voice Weekly

သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်တွင် ဆက်လက်တည်ရှိမည်


ရန်ကုန်၊ သြဂုတ် ၂၂

မိုးဆက်တိုက် ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် ဘားအံမြို့၌ သြဂုတ်လ ၂၂ ရက်နေ့တွင် စိုးရိမ်ရေအမှတ် အထက် လေးပေခန့် ကျော်လွန်ရောက်ရှိနေပြီး နှစ်ရက်အတွင်း ရေတစ်ပေ ခန့် ပြန်ကျနိုင်ကာ စိုးရိမ်ရေအမှတ်တွင် ဆက်လက်တည်ရှိမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သြဂုတ်လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သံလွင်မြစ်ရေ တက်လာခြင်းကြောင့် ကော့ကရိတ်မြို့၌ ဂျိုင်းမြစ်ရေ၊ ကျုံဒိုးမြို့ ဟောင်သရောမြစ်ရေ၊ လှိုင်းဘွဲ့မြို့တွင် လှိုင်းဘွဲ့မြစ်ရေ၊ မြဝတီမြို့၌ သောင်ရင်းမြစ်တို့တွင်လည်း ရေမြင့် တက်ပြီး ရေကြီး နစ်မြုပ်မှု အန္တရာယ် ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါဌာနမှ သိရှိရသည်။

အလားတူ ငဝန်မြစ်ရေသည်လည်း ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန့် ကျော်လွန် ရောက်ရှိနေပြီး နောက်နှစ်ရက် အတွင်း ထပ်မံ၍ မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သတိပေးထားသည်။

ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့နယ်ရှိ သီတာကုန်းပြင်၊ ပန်းပုကွင်း၊ ဖက်ဖူးကြီး၊ ဖက်ဖူးလေးကျေးရွာတို့တွင် မိုးဆက်တိုက်ရွာ သွန်းပြီး တောင်ကျရေများ ကျဆင်းခြင်းနှင့် ငဝန်မြစ်ရေ မြင့်တက်မှုတို့ကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှ စတင်ကာ လူနေအိမ်များ ရေနစ်မြုပ်နေကြောင်း ငါးသိုင်းချောင်းမြို့နယ် လူငယ်ပရဟိတအဖွဲ့မှ ဦးထွန်းလွင်ဦးက ပြောကြားသည်။

“မြို့ပေါ်မှာကတော့ ရေသိပ်မတက်ပါဘူး။ မြစ်နဲ့နီးတဲ့ နေရာတွေကတော့ ခါးလောက် ရေမြုပ်နေပြီ” ဟု ငါးသိုင်းချောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးကြီးနိုင်သည့်အပြင် ရေကြီးမှု အခြေအနေမှာ စိုးရိမ်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆည်ရေလျှံခြင်း တို့ကြောင့် မြန်မာနိုင်ငံ နေရာဒေသအချို့တွင် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုများ ရှိနေသည်။ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် မိုးဆက်တိုက် သည်းထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှ စတင်ကာ ရေငါးပေကျော်ကြီးခဲ့ပြီး လူလေးဦးသေဆုံးကာ လူပေါင်း ၆၀၀ ကျော်ကို စခန်းများ ဖွင့်လှစ်ကာ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ ခဲ့ရကြောင်း ဒေသခံများနှင့် ဒေသအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ ရခိုင်ပြည်နယ် မင်းပြားမြို့တွင်လည်း ပင်လယ်ရေ မြင့်တက်မှုနှင့် တောင်ကျရေများကြောင့် ကျေးရွာပေါင်း ၅၀ ခန့်ရှိ လယ်ယာမြေများ နစ်မြုပ်မှု ဖြစ်ပေါ်နေပြီး ရက်ကြာရေနစ်မြုပ်ပါက စိုက်ပျိုးထားမှုများ ပျက်စီးသွားနိုင်ကြောင်း သိုင်းချောင်းကျေးရွာမှ ဦးအောင်တင်မြင့်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ရှိ ကြံခင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်း၍ ကျွန်းချောင်းရေလျှံ ကာ ကျေးရွာများမှ အိမ်ခြေ ၃၀၀ ကျော် အရေးပေါ် ပြောင်းရွှေ့ခဲ့ရကာ သစ်သားတံတားသုံးစင်း ပျက်စီးခဲ့ကြောင်း ဒေသခံ ဦးမြင့်အေးက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်လည်း သြဂုတ်လ ဒုတိယအပတ်မှစတင်ကာ မြစ်သာမြစ်နှင့် နေရဉ္စရာမြစ် ရေလျှံကာ မြို့အနိမ့်ပိုင်း ရေကြီးမှုများ ဖြစ်ပေါ်နေပြီး မြို့စွန်ရပ်ကွက်များနှင့် ကလေးဝ-တမူးလမ်း အင်ဒိုင်ကြီး လမ်းခွဲတို့တွင် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ ရေများဝင်ကာ နေအိမ်အချို့ ပြောင်းထားရကြောင်း၊ ကလေးမြို့နယ်အတွင်းရှိ ကြာအင်း၊ ဇင်းကလင်း၊ ပေါက်ခုံ၊ ရေလဲဦး၊ နတ်နန်း၊ တောင်ဦး၊ ပြင်သာ၊ ကျီကုန်းနှင့် နန်းစောင်းပုကျေးရွာ တို့တွင် ရေကြီးနေကြောင်း ဒေသခံများထံ မေးမြန်းချက်များအရ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိုးဆက်တိုက် ရွာသွန်းကာ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လပိုင်းကလည်း စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့် ကရင်၊ ရခိုင်၊ မွန်ပြည်နယ်တို့ရှိ မြို့နယ်များတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လယ်ယာမြေများ၊ နေအိမ် အဆောက်အအုံများ ရေနစ်မြုပ်ခဲ့ကာ လူသေဆုံးမှုများလည်း ရှိခဲ့သည်။
The Voice Weekly

အဂတိလိုက်စားမှုတိုက်ဖျက်ရေး သမ္မတရဲ့ သတင်းထုတ်ပြန်မှု အခြေခံဥပေဒေနဲ့ မကိုက်ညီ


အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပပေဒနဲ့ ပတ်သက်ပြီး သမ္မတရဲ့ သတင်းထုတ်ပြန်မှုက အခြေခံဥပေဒေနဲ့ မကိုက်ညီဘူးလို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါ တယ်။ ဦးစည်သူဇေယျသတင်းပေးပို့ထားပါတယ်။
ရိုက်ကူး-စည်သူဇေယျ၊ အောင်အောင်

DVB TV News

Tablet နီးပါး ကြီးမားတဲ့ Samsung ရဲ့ ဖုန်းအသစ်


  စမတ်ဖုန်းသုံးပြီး ဗီဒီယိုတွေကြည့်၊  ဂိမ်းတွေဆော့လာကြတွေတာကြောင့် အခု အသစ်ပေါ်တဲ့ စမတ်ဖုန်းတွေက အရွယ်အစား ပိုကြီးလာကြပါပြီ၊
Samsung ရဲ့ ဖုန်းအသစ်ဆိုရင် ကြီးတယ်လို့ ပြောတာထက်တောင် ပိုကြီးနေပါတယ် လို့ နယူးယောက်ကလာတဲ့ AP  သတင်းတပုဒ်မှာ ရေးပါတယ်။

ဖန်သားပြင်က ၆ လက်မထက် မနည်း ရှိတာကြောင့် တက်ဘလက် ကွန်ပြူတာနဲ့ နင်လားငါလားပေါ့ လို့ AP က ဆက်ရေးပါတယ်။

ဝေါစထရိဂျာနယ် ဘလော့မှာတော့ --- ဒီဖုန်းဟာ အမေရိကန်မှာဖြန့်တဲ့ဖုန်းတွေထဲ အကြီးဆုံးဖုန်း ဖြစ်ပါလိမ့်မယ်လို့ Samsung ကို ကိုးကားပြီး ရေးထားပါတယ်။
ဖုန်းဆက်နေချိန် မျက်နှာကို ဖုံးထားလိုသူတွေအတွက်တော့ ဒီဖုန်းက ကွက်တိ ဖြစ်ပါလိမ့်မယ်။
ဒီဖုန်းအသစ်မှာ ဗီဒီယိုရုပ်ရှင်၊  စာအုပ်၊  သီချင်းဂီတ၊  ဆော့စရာဂိမ်းများအတွက်လည်း နေရာပေးထားပါတယ်လို့ Samsung က ဆိုပါတယ်။
တကယ်တော့ ဒီအရွယ်ဆိုရင် တက်ဘလက်လို့ပဲ ခေါ်ကြတာပါ။  Samsung က ဖုန်းလို့ ဆိုထားတော့ ဖုန်း လို့ပဲ ပြောရပါတော့မယ်။
Samsung ကလည်း ဖုန်း အရွယ်ကြီးတဲ့နေရာမှာ နာမည်ကြီးပါတယ်။
သူ့ရဲ့ Galaxy S4 ဆိုရင် ၅ လက်မ ရှိ၊
Galaxy Note 2 ဆိုလည်း  ၅ လက်မခွဲ နီးပါး။
 Apple က ထုတ်တဲ့ iPhone က ၄ လက်မပဲ ရှိတာပေါ့။

အရွယ်စုံ၊  ဈေးစုံ ရွေးစရာများတာကြောင့်လည်း Samsung ကို လူကြိုက်များ၊  ဈေးကွက်ထဲ ထိပ်တန်းမှာ ရောက်နေတာပါ။

 အခုအသစ်ထွက်လာတဲ့ ဟာကို မနက်ဖြန်က အစပြုပြီး ရောင်းမယ်လို့ ဆက်သွယ်ရေးကုမဏီ AT&T က ဆိုပါတယ်။
ဈေးနှုန်းက  $150 လို့ ဆိုပါတယ်။  ဈေးပေါလှချည်လားလို့ မှတ်ချက် မပြုနဲ့အုံးနော်။
AT&T က အမေရိကန်မိုဘိုင်းဖုန်းဆက်သွယ်ရေးလောက ထုံးစံအတိုင်း ၂ နှစ်စာချုပ် ချုပ်ခိုင်းမှာပါ။  ဒါကြောင့် ဒီဈေးနဲ့ ရတာပါ။
သူက ဖုန်းသုံးသူဆီကနေ လတိုင်း ပိုက်ဆံ ထပ်ယူမယ်လေ။

အမေရိကန်က တခြား ဆက်သွယ်ရေးကုမဏီတွေကလည်း ဒီဖုန်းအသစ်ကို သုံးကြမှာပါ။
ဘယ်တော့ စပြီး ဖြန့်မယ်၊  ဘယ်ဈေးနဲ့ ဖြန့်မယ် ဆိုတာကိုတော့ မကြေညာသေးပါ။

Samsung Galaxy Mega  လို့ ခေါ်တဲ့ ဒီဖုန်းအသစ်ကို ရုရှားနဲ့ ဥရောပမှာတော့ မေလ ကတည်းက မိတ်ဆက်ခဲ့ပြီးသားပါ၊
အမေရိကန်ဈေးကွက်ကိုတော့ အခုမှ ရောက်လာတယ်၊ ဆိုခဲ့သလိုပဲ AT&T က မနက်ဖြန် အစပြု ဖြန့်ပါမယ် လို့ သိရပါတယ်။

AT&T က ဖုန်းအသေးစားလည်း ဖြန့်မှာပါ။  ဒါမှ ပရိသတ်မျိုးစုံကို ဆွဲဆောင်နိုင်မယ်လေ။
သူရွေးထားတဲ့ ဖုန်းအသေးစားက HTC One အမျိုးအစားထဲကပါ တဲ့။

အဲဒီ ဖုန်းပိစိကို HTC One Mini လို့ ခေါ်တယ်၊  ပိစိ ဆိုပေမယ့် ဖန်သားမျက်နှာပြင် ၄့၃ လက်မ ရှိပါသတဲ့။  ပုံမှန် ၄့၇ လက်မထက် ယောင်ယောင်လေး ငယ်တယ် ဆိုပါစို့။
ဧရာဝတီ  

ကင်တားနား၏ လူ့အခွင့်အရေးခရီးစဉ် မအောင်မြင်ဟုဆို


မြဝတီ၊သြဂုတ် ၂၂

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကုလသမဂ္ဂသို့ အစီရင်ခံ တင်ပြရန် လာရောက်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကင်တားနား၏ ၁၁ ရက်ကြာ ခရီးစဉ်မှာ အောင်မြင်မှု မရှိကြောင်း မစ္စတာကင်တားနားက ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကင်တားနားသည် သြဂုတ်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်း ခြောက်ဖွဲ့နှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ကင်တားနားသည် ထိုင်း-မြန်မာ နယ်စပ် လူမှု ကူညီစောင့်ရှောက်ရေး အသင်း (TBBC)၊ ကရင် အမျိုးသမီး အစည်းအရုံး (KWO)၊ ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG)၊ ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်း တာဝန်ရှိသူများ၊ မြန်မာပြည်သား မိတ်သဟာယအဖွဲ့ (BPS) နှင့် နိုင်ငံရေး အကျဉ်းသား စောင့်ရှောက်ရေးအဖွဲ့ (AAPP) တို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ကင်တားနားက ၎င်း၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံခွင့် တောင်းခဲ့သော်လည်း အစိုးရ တာဝန်ရှိသူများက ခွင့်ပြုခဲ့ခြင်း မရှိကြောင်း ကင်တားနားက အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြား ခဲ့သည်။

၎င်း၏ ခရီးစဉ် အတွင်းတွင် ကချင်ပြည်နယ် ဒုက္ခသည် စခန်းများသို့လည်း သွားရောက် လေ့လာခွင့် မရခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရက လုံခြုံရေး အပြည့်အဝ ချထားပေးခြင်း မရှိသဖြင့် ဆန္ဒပြသူ အချို့၏ တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ကင်တားနားရဲ့ ပြောကြားချက်တွေက အရင် ခရီးစဉ်တွေတုန်းကလိုပဲ အခြေအနေမှန်နဲ့ လုံးဝ ကွဲပြားနေပါတယ်” ဟု နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

မစ္စတာ ကင်တားနား၏ မိတ္ထီလာ ခရီးစဉ် အစတွင် ၎င်းစီးနင်း လိုက်ပါ လာသော မော်တော်ယာဉ်တန်း နှင့်အတူ ခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင် ခြောက်ဦး၊ တံတားပေါ်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင် ၂၆ ဦး၊ ယာဉ်ထိန်းရဲ ခုနစ်ဦးတို့က ဝန်းရံ၍ အပြည့်အဝ အကာအကွယ် ပေးအပ်ထားကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။

“ကားကို ကန်ကျောက်၊ ထုနှက်တယ် ဆိုတာ မဟုတ်ပါဘူး၊ ဆန္ဒပြ ပြည်သူတွေထဲက တစ်ဦးက မှန်တံခါးခေါက်ပြီး စာတစ်စောင် ပေး တာပါ” ဟု ၎င်းက ဆိုသည်။

မစ္စတာ ကင်တားနားသည် သြဂုတ်လ ၁၁ ရက်နေ့မှ စတင်ကာ ၂၂ ရက်နေ့ မြန်မာနိုင်ငံသို့ ၁၁ ရက်ကြာ လာရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ဝန်ကြီး အချို့၊ လူ့အခွင့်အရေး ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ကို တွေ့ဆုံခဲ့သည်။
The Voice Weekly

ကင်တားနား ကားကို ထုတာ ရဲဟု ဆို


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာသောမတ်အိုဟေး ကင်တာနား၏ မိတ္ထီလာခရီးစဉ်အတွင်း ၄င်း၏ ကားကို ထုရိုက်ခြင်းမှာ ရဲက ကားကို အမြန်ထွက်ခွာစေလို၍ အချက်ပေးခြင်းသာဖြစ်၍ အထင်အမြင်လွဲမှာခြင်းသာဖြစ်ကြောင်း မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

“သူက နားလည်မှုလွဲသွားတာပါ ။ လူထုက အိပ်ဖွင့်ပေးစာ ပေးဖို့ပဲ ကြိုးစားတာပါ။ လူထုက ရန်မလိုပါဘူး။ ယာဉ်ပိတ်ဆို့မှု ဖြစ်သွားတာကလည်း ၃ မိနစ်လောက်ပါပဲ။ လူအုံလာလို့ အရပ်ဝတ်ရဲတွေက ကားထွက်ဖို့ ကားသမားကို အချက်ပြပြီး ထုလိုက်တာပါ”ဟု မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။

ကင်တားနားကို ဆန္ဒပြရန် သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် မိတ္ထီလာမြို့ပေါ်တွင် စတင်လှုပ်ရှားခဲ့ကြပြီး ညနေ ၇ နာရီ ၀န်းကျင်တွင် လူ တထောင်ကျော်မျှ ရှိခဲ့ကြောင်း၊ မစ္စတာ ကင်တားနား မိတ္ထီလာမြို့သို့ ရောက်လာချိန် ည ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် လူ ၂၀၀ ၀န်းကျင်အထိ မစ္စတာ ကင်တားနား လိုက်ပါလာမည့် ကားတန်းကို ဆိုင်းဘုတ်များ ကိုင်ကာစောင့်ဆိုင်းခဲ့ကြသည်။

မစ္စတာ ကင်တားနားထံသို့ ပေးအပ်လိုက်သော အိတ်ဖွင့်ပေးစာတွင် မိတ္ထီလာမြို့ခံ ပြည်သူများအနေဖြင့် ဘင်္ဂါလီများအား အားပေးအားမြှောက် သွေးထိုးလှုံ့ဆော်မှုပြုနေသော မစ္စတာ ကင်တားနားအား မြန်မာနိုင်ငံမှ အမြန်ဆုံး ထွက်ခွာသွားရန်၊ မြန်မာနိုင်ငံသို့ နောက်နောင် လာရောက်ခြင်း မပြုရန်နှင့် ကုလသမဂ္ဂအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၏ လုပ်ပိုင်ခွင့်ဖြင့် ကင်တားနားအား မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်မှ အမြန်ဆုံး ရုပ်သိမ်းပေးရန်၊ အထူး ဆောင်ရွက်ရမည့် ရာထူးနှင့် တာဝန်အား အလွဲသုံးစားပြု၍ ကမ္ဘာ့အဖွဲ့အစည်းအား သိက္ခာမဲ့စေသော ကင်တားနားအား ပြတ်သွားစွာ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်း စသည့် အချက်များ ပါဝင်သည်ဟု သိရသည်။

မစ္စတာကင်တားနားကို ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ မိတ္ထီလာမြို့ခံ ကိုဒီမော်စိုးကလည်း မိတ္ထီလာလူထုအနေဖြင့် ကင်တာနားကို အန္တရာယ်ပြုလိုစိတ် လုံးဝမရှိဘဲ သူ၏ လူ့အခွင့်အရေး စာတမ်းကို ကန့်ကွက်ကြောင်း သိစေချင်သော စိတ်ဆန္ဒသာရှိကြောင်း၊ တချို့လူများမှာ “အရမ်းတက်ကြွ” နေသောကြောင့် အချင်းချင်း ထိန်းသိမ်းလိုက်ရသေးကြောင်း ပြောဆိုသည်။

“ကျနော်တို့က အေးအေးဆေးဆေးပဲ ဆန္ဒပြတာပါ။ သူ့ကို ဘာမှ မလုပ်ပါဘူး။ လုပ်ချင်ရင် သူအခုလိုပြန်နိုင်မှာတောင် မဟုတ်ဘူး။ လူအုံလာလို့ နည်းနည်းကြောက်သွားတဲ့ သဘောပါ။ ဒေသခံတွေက သူကို မထောက်ခံဘူးဆိုတာ သိသွားစေချင်တာ”ဟု ကိုဒီမော်စိုးက ဆိုသည်။

မစ္စတာ ကင်တာနားကမူ မိထ္တီလာ ခရီးစဉ်တွင် လုံခြုံရေးရဲများရှိနေသော်လည်း ၄င်း၏ကားကို ဒေသခံ ဆန္ဒပြသူများက ထုရိုက်ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု မနေ့က ရန်ကုန်လေဆိပ်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားသည်။

”အစိုးရက ကျနော်ကို ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်”ဟု ကင်တာနားက သတင်းထောက်များကို ပြောသည်။

ကင်တာနားထံသို့ လူအုပ်ကပ်လာခြင်းမှာ စာတစ်စောင်နှင့် အကျီတစ်ထည်ပေးရန် ကြိုးစားခြင်းသာ ဖြစ်ပြီး ” ကင်တာနား ပြောတာ လက်တွေ့အခြေအနေနဲ့ လုံးဝ ကွဲလွဲနေပါတယ်”ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုကြောင်း အေပီသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ ၁၁ ရက်အကြာ မြန်မာပြည် ခရီးစဉ်တွင် ရခိုင်ပြည်နယ် အပါအဝင် ဘာသာရေး အဓိကရုဏ်းကြောင့် သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့ရာ ဒေသများသို့ သွားရောက်ခဲ့ပြီး ယမန်နေ့ ညနေ ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။
ဧရာဝတီ

လူမင်းနှင့် အမှုဆောင်အဖွဲ့ နုတ်ထွက်ပေးရန် ရုပ်ရှင်လောကသား ၄၀ ဆန္ဒပြမည်ဟုဆို


ရန်ကုန်၊ သြဂုတ် ၂၂

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော်သာ ရှိသေးသော ဦးလူမင်းနှင့် အမှုဆောင်အဖွဲ့ကို အနုပညာ လောကသားများ၏ အကျိုးစီးပွားနှင့် နစ်နာမှုများကို ကာကွယ် စောင့်ရှောက်မှု မပေးနိုင် သဖြင့် နုတ်ထွက်ပေးရန်အတွက် သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမအနီး ဧမာနွေလ ဘုရားကျောင်းရှေ့ တွင် ရုပ်ရှင် လောကသား ၄၀ ဦးက ဆန္ဒပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း ယင်းဆန္ဒပြပွဲတွင် ပါဝင်သည့် ဆု ဗီဒီယိုထုတ်လုပ်ရေးမှ ဒေါ်စန်းစန်းမော်က The Voice သို့ ပြောကြားသည်။

ယင်းဆန္ဒပြပွဲအတွက် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ခွင့်ပြုချက်လည်း ကျထားပြီ ဖြစ်ကြောင်း၊ ဆန္ဒပြပွဲတွင် အနုပညာ လောကမှ ထုတ်လုပ် ဖြန့်ချိ လုပ်ငန်းရှင်များ၊ စက် အဖွဲ့များ၊ ဒါရိုက်တာများနှင့် သရုပ်ဆောင်များ စသည်ဖြင့် အလွှာစုံမှ အနုပညာ လောကသား ၄၀ ဦး ပါဝင်မည် ဖြစ်ကြောင်း၊ ၎င်းက ထပ်လောင်း ပြောကြားသည်။

“အစည်းအရုံးက နာယက အဖွဲ့ဝင်တွေရော၊ ရှေ့မီနောက်မီ လူကြီးတွေ ကိုရော ကိုယ်မေးကြည့်တယ်။ ဒီလို ဖြစ်ရပ်မျိုးက မြန်မာ့ရုပ်ရှင် သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးဘူး။ အခု ရှိလာပြီပေါ့။ နောင်တစ်ချိန်ကျတော့ ဒီအဖြစ်အပျက်က ရုပ်ရှင် သမိုင်းမှာ စာမျက်နှာတစ်ခု ဖြစ်မှာပေါ့။ ကိုယ့်အနေနဲ့ကတော့ ထွေထွေထူးထူး ဘာမှ ပြောစရာ မရှိပါဘူး။ ဆန္ဒပြတယ် ဆိုတာကလည်း လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် တောင်းခံခဲ့တယ်။ ခွင့်ပြုချက်လည်း ကျပြီးမှ ပြတာ ဆိုတော့ ဒါက နိုင်ငံသားတိုင်းရဲ့ အခွင့်အရေး တစ်ခုပါ။ အဲ့ဒီအပေါ်မှာ ကိုယ့်အနေနဲ့ သဘောတူခြင်း၊ ကန့်ကွက်ခြင်း လုံးဝ မရှိပါဘူး။ ဆန္ဒပြချင်ရင် ဆန္ဒ ဖော်ထုတ်ပါစေ” ဟု ယင်းသို့ ဆန္ဒပြ တောင်းဆိုမှု ပေါ်ပေါက် လာခြင်းနှင့် ပတ်သက်၍ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ၎င်း၏ သဘောထားကို ဖွင့်ဟသည်။

ဟာသ သရုပ်ဆောင် ငှက်ပျောကြော်ကလည်း “အထူးသဖြင့် ဒီလိုအချိန် ဘယ်သူတွေ ပြမယ်၊ ဘာကြောင့် ပြမယ်ဆိုတာ မသိပါဘူး။ ရုပ်ရှင်လောက သား အချင်းချင်း မသင့်မမြတ်ဖြစ်နေတာကို မကြိုက်ဘူး။ အလုပ် လုပ်ကြတဲ့ သူတွေဆိုတာ အမှား ရှိကြမှာပဲ။ ထစ်ခနဲရှိ အပြစ်ပေးတာမျိုး၊ တုံ့ပြန်ကြတာ မျိုး မလုပ်ကြဘဲ အသိပေးတာမျိုး၊ ညှိနှိုင်းတာမျိုး လုပ်ကြမယ်ဆိုရင် ပိုအဆင်ပြေမှာပါ” ဟု ယင်းဆန္ဒပြပွဲနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းသည် ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် ၂၀၁၃ ခုနစ် ဇွန်လ ၇ ရက်နေ့တွင် တာဝန်မှ အနားယူ ခဲ့သဖြင့် ရုပ်ရှင် အစည်းအရုံး နာယကများ၏ ဆုံးဖြတ်ချက်အရ ဒု ဥက္ကဋ္ဌ ဦးလူမင်းက ဥက္ကဋ္ဌအဖြစ် လွှဲပြောင်း တာဝန်ယူခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

ကင်တားနားပြောဆိုချက် မြန်မာအစိုးရငြင်းပယ်


မြန်မာနိုင်ငံခရီးစဉ်အတွင်း မိတ္ထီလာမြို့မှာ ဆန္ဒပြလူအုပ်က အကြမ်းပတမ်းပြုမူခဲ့ကြပေမယ့် အာဏာပိုင် တွေကအကာအကွယ်မပေးဘဲ ဥပေက္ခာပြုနေခဲ့ကြတယ် လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Ojea Quintana ပြောဆိုခဲ့တာဟာ အဖြစ်မှန်နဲ့ကွဲလွဲနေတယ်လို့ မြန်မာ အစိုးရက တုံ့ပြန်ပြောကြားလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံခရီးစဉ် အတွင်း ဘယ်လိုဘေးအန္တရာယ်မျိုးနဲ့မှ မကြုံတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။

မိတ္ထီလာမြို့မှာ ဆန္ဒပြသူတွေ က မစ္စတာကင်တာနားရဲ့ ယာဉ်တန်း အနီးချဉ်းကပ်ခဲ့ကြတာဟာ စာတစ်စောင် နဲ့ တီရှပ်တစ်ထည်ပေးဖို့သာဖြစ်ကြောင်း၊ ဆန္ဒပြသူတွေကို ကြိုတင် လူစုခွဲခိုင်းခဲ့တဲ့ အတွက် မစ္စတာ ကင်တားနား ရောက်လာတဲ့အခါ လူတစ်ရာလောက်သာရှိတော့ကြောင်း၊ ယာဉ်တန်းကို ရဲကားတစ်စီးက စောင့်ကြပ်လိုက်ပါနေပြီး၊ ရဲအရာရှိ (၃၀) က လူအုပ်ကို ထိန်းသိမ်းနေကြောင်း၊ မစ္စတာ ကင်တားနား ကို ရဲတပ်ဖွဲ့က စောင့်ရှောက်နေသလို ၊ဆန္ဒပြသူတွေကလည်း သူ့ကို ရန်မူဖို့ ရည်ရွယ် ချက်မရှိကြကြောင်း ၊ ရဲတပ်ဖွဲ့ လမ်းရှင်းပေးတဲ့အတွက် မစ္စတာကင်တာနားရဲ့ ယာဉ်တန်းဟာ ဘေးမသီ ရန်မခ ထွက်ခွာသွားခဲ့ကြောင်း ဦးရဲထွဋ် က AP သတင်းကို ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြောခွင့်ရသူ ဒု ဗီုလ်မှူးကြီး အောင်မင်း ကလည်း ဒေသခံလူထုက မစ္စတာကင်တာနား ကို စာတစ်စောင်ပေးဖို့ နဲ့ ဓါတ်ပုံတချို့ပြဖို့ ကြိုးစားခဲ့ကြရာမှာ အရပ်ဝတ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကားမှန် တံခါးတွေကို ပုတ်ပြီး လူအုပ်ကြားကနေ မောင်းထွက်သွားဖို့ အချက်ပြခဲ့တဲ့အပေါ် နားလည်မှု လွဲမှားသွားတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ မိတ္ထီလာခရိုင်ရဲတပ်ရင်းစုမှူး၊ ရဲမှူးကြီး ဦးထွန်းနိုင်ကလည်း RFA ကို အခုလိုပြောပါတယ်။

ဆန္ဒပြတယ်ဆိုတာ ကန့်ကွက်တာတို့ ဘာတို့ ညာတို့ တီရှပ်တွေ၊ဘာတွေနဲ့ ပြင်ဆင်ထားတယ်။လုံခြုံရေးချထားတယ်။ဟိုကလာတော့ အိတ်ပိတ်ပေးစာ တံခါးမဖွင့်ပေးဘူးဆိုတော့ ရှင်းရှင်းပြောရင် တံခါးဖွင့်ခိုင်းတာပေါ့နော်။အယောက်နှစ်ရာ မရှိပါဘူး။မလာဘူးဆိုပြီး ပြန်ဖို့ ပြောချိန်မှာ သူတို့ရောက်လာတော့ လူက ၁၀၀ လောက်တောင်မရှိဘူး။ကျွန်တော်တို့ဘက်က တိုက်ခိုက်ခံရတာ မဟုတ်ပါဘူး။ဒီလိုလည်း ဖြစ်လို့မရဘူး။ဒီမှာ သွားလာနေတဲ့ ဖြစ်စဉ်တွေက ဒီလိုလည်း ဖြစ်လို့မရပါဘူး"

ဒီအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကင်တားနားက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာနေတာတွေ့မြင်ခဲ့ရကြောင်း၊ ဆက်လက်တိုးတက်လာ နိုင်ခြေရှိတဲ့ လက္ခဏာတွေကိုလည်း တွေ့ခဲ့ရကြောင်း၊ ဒါပေမဲ့ တချိန်တည်းမှာလည်း တိုင်းရင်းသား လူမျိုးစု တွေနဲ့ ပြန်လည်ရင်ကြားစေ့ရေး၊ ဘာသာရေး အမုန်းတရားတွေပြန့်ပွားအောင်လှုံ့ဆော်နေတာတွေ တားဆီးရေးတွေ ဟာ အရေးတကြီးဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မစ္စတာ ကင်တားနားက မိတ္ထီလာမြို့မှာ သြဂုတ်လ ၁၉ ရက် ညက ဆန္ဒပြသူတချို့ကနေ သူလိုက်ပါတဲ့ ယာဉ်တန်းကို အကြမ်းဖက်ခဲ့ကြစဉ်မှာ အာဏာပိုင်တွေရဲ့ ကာကွယ်စောင့်ရှောက်မှု မရရှိခဲ့ဘူးလို့ ပြောကြားခဲ့တာနဲ့ ပတ်သက်လို့ မိတ္ထီလာခရိုင်ရဲတပ်ရင်းစုမှူး၊ ရဲမှူးကြီး ဦးထွန်းနိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA Burmese

ရွှေရောင်၊ အနက်ရောင်၊ ငွေရောင် iPhone 5S


ရွှေရောင်၊ အနက်ရောင်၊ ငွေရောင် iPhone 5S ဆိုပြီးတော့ ဓာတ်ပုံတွေ ထပ်ထွက်လာပါပြီ။

ရေးသားဖော်ပြနေကြတဲ့အတိုင်းဆိုရင် iPhone က အရောင် လေးမျိုးနဲ့ ထွက်နိုင်ကြောင်းဆို ပါတယ်။ ရွှေရောင် iPhone 5S ထွက်မယ်ဆိုတဲ့ သတင်း နဲ့ ဓာတ်ပုံက ရက်ပိုင်းအတွင်းပဲ ရှိပါသေးတယ်။ ကမ္ဘာအနှံ့က ဆိုရှယ်မီဒီယာတို့ အပေါ်ပျံ့ နှံ့  ပြီး ရွှေရောင် အိုင်ဖုန်းလိုချင်ကြောင်း ရင်ဖွင် သူတွေ အင်မတန် များနေပါတယ်။ ရွှေအလွှာ ပါးပါးလေး ထည့်သွင်း အရောင် တင်ပေးမယ့် Golden iPhone 5S ရဲ့  ဈေးကလည်း အခြား အရောင် များနဲ့ သိပ်မကွာဘူးလို့ ဆိုပြန်ပါတယ်။ ဒီတော့ တကယ်သာ မှန်ရင် အားလုံး ရွှေရောင်ကို Demand ဖြစ်ကြမှာ အမှန်ပါပဲ။

အဲ့လိုမဟုတ်ပဲ ရွှေရောင်တစ်ခုက ဈေးကြီးရင်တော့ High class ဖုန်း ကိုင်သူ များအတွက်ပဲ ဖြစ်လာမှာပါ။ အတွင်းမှာ ပါဝင်မယ့် Specification, နည်ပညာ နဲ့ အပြင် Hardware အကြောင်းရေးသားချက်များကို Apple က ပြန်လည် ဖြေရှင်းချက် မပေးထားသေးပဲ ထုတ်ဖော်ပြသမယ့် ရက်ကိုသာ စောင့်ဆိုင်းနေကြပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့မှာ iPhone 5S, iPhone 5c တို့ကို မြင်တွေ့ရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:pockelint
Aung Kham (TSJ team)

ဆက်သွယ်ရေး လိုင်စင်ရ Ooredoo ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ အမှုဆောင် အရာရှိချုပ် Mr. Ross Cormock နှင့် တွေ့ဆုံခြင်း


 ဖုန်းတွေကိုဘယ်အချိန်လောက် ရောင်းချ ပေးမှာလဲ။
ဆက်သွယ်ရေး လိုင်စင်ကျပြီး ခြောက်လ အတွင်း ရောင်းချပေးမှာပါ။ ရောင်းတဲ့ အခါမှာ လည်း အသံစနစ်နဲ့ အင်တာနက် စနစ် နှစ်ခု စလုံး ပါဝင်မှာပါ။

မိုဘိုင်းဆင်းကတ် အရေအတွက် ဘယ် လောက် အတိုင်းအတာအထိ ထုတ်လုပ်သွား မှာလဲ။
အရေအတွက် ကန့်သတ် မထားပါဘူး။ လိုအပ်ချက် အပေါ် မူတည်ပြီး ထုတ်လုပ်သွား မှာပါ။ လောလောဆယ်တော့ ငါးနှစ် အတွင်း လူဦးရေ ၉၇ ရာခိုင်နှုန်း ထက်မ နည်း ဝန်ဆောင်မှု ပေးသွားဖို့ စီစဉ်ထားပါတယ်။

အဲဒီလို လုပ်ကိုင်တဲ့ အခါမှာ ကုမ္ပဏီ အနေနဲ့ ရှယ်ရာ ကုမ္ပဏီတွေခေါ်ပြီး လုပ်မှာလား။
လက်ရှိလုပ်မယ့် ငါးနှစ် အစီအစဉ် အထိ တော့ Ooredoo ကုမ္ပဏီ တစ်ခုတည်းကပဲ လုပ်ကိုင်မှာပါ။ နောက်ပိုင်းတော့ မပြောနိုင် သေးပါဘူး။

ဖုန်းတွေ ရောင်းတဲ့ အခါမှာရော ဘယ်လို နှုန်းထားနဲ့ ရောင်းမှာလဲ။ ဖုန်းခေါ် ဆိုခကိုရော ဘယ်လောက်ထား ရှိသွားမှာလဲ။
ကျွန်တော်တို့ ဆက်သွယ်ရေး တင်ဒါ တင်သွင်းတုန်းကတော့ ဖုန်းဆင်းကတ် တန်ဖိုး ကျပ် ၁၅ဝဝ၊ တစ်မိနစ် ခေါ်ဆိုခ ၃၅ ကျပ်နဲ့ ၄ဝ ကြား ကောက်ခံမယ်လို့ တင်သွင်း ထားပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဖုန်းဆင်းကတ်တွေ ရောင်းတဲ့ အချိန်ကျရင်တော့ ဒီဈေးနှုန်း ဖြစ်ချင် မှ ဖြစ်မှာပါ။ ပြည်သူတွေ အံ့သြဝမ်းသာ တဲ့ နှုန်းထား မျိုး ဖြစ်မှာပါ။ လောလောဆယ်တော့ နှုန်းထား အတည်ပြု မသတ်မှတ်ထားသေးပါဘူး။

အသံနဲ့ အင်တာနက် စနစ် နှစ်မျိုးတစ် ပါတည်းပါမှာ ဆိုတော့ အင်တာနက် အမျိုး အစားက ဘယ်လို အမျိုးအစား ဖြစ်မှာလဲ။ ဘယ်လို နေရာတွေ အသုံးပြုခွင့်ရမှာလဲ။
အင်တာနက် အမျိုးအစား ကိုတော့ 3G စနစ် လုပ်သွားမှာပါ။ ဘယ်လို နေရာတွေလဲ ဆိုတော့ တစ်နိုင်ငံလုံး အသုံးပြုနိုင်မှာပါ။ လောလောဆယ် စတင်တဲ့ အချိန် မှာတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့တွေ အရင်ဆုံး ဆောင်ရွက်ပေးသွားမှာပါ။

အသံ စနစ်မှာရော Ooredoo အနေနဲ့ ပြည်တွင်းမှာပဲ ပြောဆိုနိုင်အောင် လုပ်မှာလား။ ပြည်ပ ခေါ်ဆိုမှု ကိုရော ဆက်လုပ်မှာလား။ လုပ်ဖြစ်ရင် ဘယ်တော့ စပြီး လုပ်မှာ လဲ။
ဖုန်းဆင်းကတ်တွေ စပြီး ရောင်းပေးတဲ့ အချိန်မှာ ပြည်တွင်းရော၊ ပြည်ပရော နှစ်မျိုး စလုံး ရရှိအောင် ဆောင်ရွက် ပေးသွားမှာပါ။ ပြည်ပကို ဖုန်းပြောဆိုနိုင်တဲ့ အပြင် သယ်ဆောင် အသုံးပြုခွင့်၊ အင်တာနက် အသုံးပြုခွင့်တွေပါ ရရှိ မှာပါ။ SMS စနစ်လည်း ပါဝင်မှာပါ။

ဘယ်လိုပုံစံမျိုးနဲ့ ဖုန်းဆင်းကတ်တွေ ရောင်းပေးမှာလဲ။
ဆင်းကတ်တွေကို လမ်းဘေး ဈေးဆိုင်တွေ၊ တောရွာတွေ အထိ လွယ်လွယ်ကူကူ ဝယ်နိုင်အောင် ဆောင်ရွက်ပေးမှာပါ။ ပြန်ရောင်းတဲ့ သူတွေ အလွယ် တကူ ရောင်းပေး နိုင်မယ့် ငွေဖြည့်ကတ် မိုဘိုင်းဖုန်းကွန်ရက်ကို ဖန်တီးပေးသွားမှာပါ။

တစ်စုံတစ်ရာ ပြဿနာတွေ တက်လာတဲ့ အခါ ဆက်သွယ် မေးမြန်းဖို့ အတွက် ဘယ်လို ဆောင်ရွက်မှာလဲ။ ကုမ္ပဏီ ရုံးချုပ်ကိုရော ဘယ်မှာ ထားရှိမှာလဲ။
ရုံးချုပ် ကိုတော့ ရန်ကုန်မြို့မှာပဲ ထားရှိမှာ ပါ။ အခြား မြို့တွေမှာတော့ အရောင်း ဆိုင်တွေ အများကြီး ရှိမှာပါ။ ပြဿနာ တစ်စုံတစ်ခု ပေါ်ရင် အဲဒီဆိုင်တွေမှာ စုံစမ်းမေးမြန်းနိုင် ပါ တယ်။

ကုမ္ပဏီအနေနဲ့ ဖုန်းဆင်းကတ်ဝယ်တဲ့ လူတွေအပေါ် ဘယ်လို အခွင့်အလမ်းတွေ ပေးသွားမှာလဲ။
သက်သာတဲ့ နှုန်းထား၊ အကောင်းဆုံး ဝန်ဆောင်မှုတွေ အပြင် အလွယ်တကူ ငွေဖြည့် သွင်းနိုင်တဲ့ စနစ်၊ မိုဘိုင်းဘဏ် စနစ် စတဲ့အကျိုး ရလဒ်တွေ ရရှိမှာပါ။

 အလွယ်တကူ ငွေဖြည့်နိုင်တဲ့ စနစ်နဲ့ မိုဘိုင်း ဘဏ်စနစ် နှစ်ခုအကြောင်းကို ရှင်းပြပါဦး။
အလွယ်တကူ ငွေဖြည့်နိုင်တဲ့ စနစ် ဆိုတာက ဖုန်းဝယ်ယူထားသူ အနေနဲ့ ကိုယ်တိုင် ငွေဖြည့်သွင်းစရာ မလိုတဲ့ စနစ်ပါ။ ဥပမာ ငွေဖြည့် သွင်းချင်ရင် ငွေဖြည့်ကတ်ပြား မလိုတော့ဘူး။ ဟန်းဆက် တစ်ခုကနေ တစ်ခု ငွေလွှဲ ပြောင်းဖြည့်သွင်းပေးတဲ့ စနစ်မျိုးပါ။ ဒီစနစ်ကို ကျွန်တော်တို့ ဆီမှာ ရှိပါတယ်။ နောက်တစ်ခု မိုဘိုင်းဘဏ်စနစ် ကတော့ ဘဏ် အကောင့် ရှိ စရာမလိုဘဲ ကိုယ်ကြိုက်တဲ့ နိုင်ငံကို ငွေလွှဲပြောင်း ပေးနိုင်တဲ့ စနစ်မျိုးပါ။ ဒါတွေကို ကုမ္ပဏီက ဆောင်ရွက်ပေးမှာပါ။

 ဖုန်းဆင်း ကတ်လုပ်ငန်းအပြင် ဟန်းဆက် အပိုင်းကိုရော လုပ်ကိုင်ဆောင်ရွက် သွားဖို့ ရှိပါသလား။ ဥပမာ ဟန်းဆက် စက်ရုံ တည် တာမျိုးပေါ့။
ဖုန်းဆင်းကတ်တွေ ရောင်းတဲ့ အချိန်မှာ တော့ ဟန်းဆက်တွေကိုပါ တင်သွင်း သွားဖို့ ရှိ ပါတယ်။ ဆင်းကတ်နဲ့ ဟန်းဆက် တွဲရောင်းတဲ့ ပုံမျိုးပေါ့။ ဟန်းဆက် စက်ရုံတည်၊ မတည် ဆိုတာ တော့ လက်ရှိ အနေအထားနဲ့ မပြောနိုင်သေး ပါဘူး။

လက်ရှိ Ooredoo အနေနဲ့ ဘယ်လို အစီအစဉ်တွေ လုပ်ကိုင်ဆောင်ရွက်နေပါ သလဲ။
လောလောဆယ် ဆက်သွယ်ရေး ဥပဒေ ပေါ်ပေါက်လာတာနဲ့ လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ အတွက် လုပ်သားတွေ ခေါ်ယူနေပါတယ်။ ရုံးချုပ်အတွက် နေရာ ရှာနေ ပါတယ်။ Network တည်ဆောက်ဖို့ Vendor ရွေးချယ်နေပါတယ်။

လုပ်သားခေါ်နေတယ် ဆိုတော့ မြန်မာ ပြည်က လုပ်သားတွေလား။ အခြားနိုင်ငံက ပညာရှင်တွေလား။ အရေ အတွက် ဘယ်လောက် ခေါ်နေတာလဲ။
မြန်မာပြည်က လုပ်သားတွေပါ။ အရေ အတွက် ကန့်သတ် မထားပါဘူး။ မည်သူမဆို လျှောက်ထားနိုင်ပါတယ်။ အဓိကတော့ မြန်မာ နိုင်ငံသားတွေ နဲ့ ကုမ္ပဏီတည်ချင် လို့ပါ။

 မြန်မာလုပ်သား စုစုပေါင်း ဘယ်လောက် ခေါ်ယူ အသုံးပြုသွားမှာလဲ။ အခုခေါ်တဲ့ အလုပ် ကရော ဘယ်လို အမျိုးအစားလဲ။
 မြန်မာ လုပ်သား ၉၇ ရာခိုင်နှုန်းလောက် အသုံးပြုသွားမှာပါ။ ခေါ်တဲ့ လုပ်ငန်း အမျိုး အစားကတော့ မျိုးစုံပါပဲ။ ဒါ့ကြောင့် ဘယ်သူ မဆို လျှောက်နိုင်တယ်လို့ ပြောတာပါ။ ခန့် မယ့် အဆင့်သာ ကွာခြားသွားမှာပါ။

 လုပ်သားရွေးချယ်တဲ့ အခါမှာရော ဘယ် အချက်ကို ဦးတည်ပြီး ရွေးချယ်ခေါ်ယူသွား မှာလဲ။
တော်တဲ့ လူတွေကို ဦးစားပေး ခေါ်ယူမှာ ပါ။ တော်တဲ့လူ ဆိုတာက လက်ရှိ လုပ်နေကြတဲ့ လုပ်ငန်းတွေမှာ ထူးချွန် ထက်မြက်တဲ့ လူကို ပြောတာပါ။ အဲဒီလို လူတွေနဲ့ပဲ လုပ်ငန်း လုပ်ကိုင်မှာပါ။

အလုပ်ခေါ်နေပြီ ဆိုတော့ ဝန်ထမ်း လစာ ကို ဘယ်လိုပေးမှာပါလဲ။ ဘယ်လောက် နှုန်းထား ဖြစ်မလဲ။ ဒေါ်လာနဲ့ ပေးမှာလား။ မြန်မာ ကျပ်ငွေနဲ့ ပေးမှာလား။
မြန်မာ ကျပ်ငွေနဲ့ပဲ ပေးမှာပါ။ လစာ ဘယ်လောက် ပေးမယ် ဆိုတာ လုပ်မယ့် လုပ်ငန်း အပေါ် မူတည်ပါတယ်။ လောလောဆယ်တော့ လစာနှုန်းထား ကို မသတ်မှတ် ရသေးပါဘူး။

ဘယ်အချိန်အထိ အလုပ်ခေါ်သွားမှာ လဲ။ ဘယ်နေ့ နောက်ဆုံးဖြစ်မှာလဲ။
အချိန်ကာလ သတ်မှတ်မထားပါဘူး။ လျှောက်လို့ ရပါတယ်။ ခေါ်ထားတဲ့ ဝန်ထမ်း တွေကို သင်တန်းပေးပြီးမှ လုပ်ကိုင်ခိုင်းမှာပါ။ ဒါကြောင့် အလုပ်ခေါ်တဲ့ အချိန် ကို နောက်ဆုံး ရက် မသတ်မှတ်သေးတာပါ။

အလုပ် လျှောက်မယ်ဆိုရင် ဘယ်လို လျှောက်ရလဲ။ ဘာတွေ လိုအပ်ပါသလဲ။
အလုပ် လျှောက်ချင်ရင်တော့ Ooredoo အီးမေးလ်လိပ်စာ ဖြစ်တဲ့ [email protected] ကို လျှောက်ထား ရမှာပါ။ ဘာတွေ လိုအပ်သလဲ ဆိုတာ လက်ရှိ ပြည်တွင်း မှာ အလုပ်လျှောက်တဲ့ ပုံစံမျိုးနဲ့ လျှောက်ထား နိုင်ပါတယ်။

Network တည်ဆောက်ဖို့ Vendor ရွေးချယ်နေတယ် ဆိုတော့ တင်ဒါ စနစ်နဲ့ ရွေး နေတာလား။
အဲဒီလိုတော့ မဟုတ်ပါဘူး။ ကိုယ်လုပ် မယ့်Network ကို အကောင်းဆုံး လုပ်မှာဆိုတဲ့ အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် Vendor ကိုစိစစ်ရွေးချယ်နေတာပါ။

 မြန်မာနိုင်ငံမှာ ဘယ်လောက်အတိုင်း အတာအထိ ရင်းနှီးမြှုပ်နှံသွားဖို့ ရှိပါသလဲ။
ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံမှာ ၁၅ နှစ်အတွင်း ဒေါ်လာ သန်းပေါင်း တစ်သောင်း ငါးထောင် အထိ မြှုပ်နှံသွားဖို့ ရှိပါတယ်။

ဘာများဖြည့်စွက် ပြောကြားလိုပါသလဲ။
ကျွန်တော်တို့ Ooredoo Myanmar အနေနဲ့ မြန်မာပြည်သူတွေကို ကတိ ၁ဝ ချက်နဲ့ သက်သေပြုပြီး လုပ်ကိုင် ဆောင်ရွက်သွားမှာပါ။ အဲဒါတွေ ကတော့ လုပ်ငန်း လျင်မြန်စွာ အကောင် အထည် ဖော်မည်၊ ရည်မှန်းချက် ပမာဏထက် ပိုမို လွှမ်းခြုံနိုင်ပြီး အဆင်မြင့် နည်းပညာ အသုံး ပြု သွားမည်၊ အခြေခံ အဆောက်အအုံ များ တည်ဆောက်မှုကို တက်ကြွစွာ လုပ်ဆောင် သွားမည်၊ မြန်မာပြည်သူပြည်သား များကို ချိုသာတဲ့ ဈေးနှုန်းနဲ့ ဝန်ဆောင်မှု ပေးမည်။ အဆင့်မြင့် စီးပွားရေး ပေါင်းစည်း လုပ်ငန်းများ SME ဝန်ဆောင်မှုများ ကူညီပေးသွားမည်။ ကမ္ဘာ့ အဆင့်မီ ရာနှုန်းပြည့် မြန်မာ အဖွဲ့အစည်း တစ်ခု အဖြစ် တည်ဆောက်မည်။ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ပိုမိုအားကောင်း အောင် ကူညီပေးမည်။ ဘဏ်အကောင့် မရှိ သူများကို ဘဏ်လုပ်ငန်း ဆိုင်ရာ ငွေကြေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးမည်။ လူမှု စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်ချက် မှ တစ်ဆင့် ဒေသခံ လူ့အဖွဲ့အစည်း များအား ပံ့ပိုး သွားမည် ဆိုတဲ့ အချက်တွေ နဲ့ ဆောင်ရွက်သွား မှာပါ။ ကျေးဇူးတင် ပါတယ်။

အောင်ဇော် တွေ့ဆုံမေးမြန်းသည်
Popular Myanmar

မိုးများ၍ ရန်ကုန်ရေကြီး (ဓာတ်ပုံများ)








မိုးများ၍ ရေကြီးနေသော ရန်ကုန်မြို့ လမ်းမများ၏ ဩဂုတ်လ ၂၂ ရက် ညနေ မြင်ကွင်း (ဓာတ်ပုံ- ရွှေအင်းသားခင်မောင်ဝင်း)

ဒါကတော့ တစ်ခြားက ပေါင်းထည့်ပေးထားတဲ့ ပုံတွေပါ။









အမျိုးသမီးများက အမျိုးသားများထက် ကိုးဆပို၍ အသည်းကွဲလွယ်


ချစ်သူနှင့် လမ်းခွဲရခြင်းမျိုး သို့မဟုတ် ချစ်သူခင်သူတစ်ယောက် ဆုံးပါးသွားခြင်းတို့သည် အသည်းကွဲခြင်း ကို ဖြစ်စေပါသည်။ ယင်းကဲ့သို့သော အဖြစ်မျိုးမှာ အမျိုးသမီးများတွင် ပို၍ အဖြစ်များကြောင်း သုတေ သနအသစ် တစ်ရပ်အရ သိရသည်။ စိတ်ထိခိုက်ခြင်းသည် နှလုံးတိုက်ခိုက်ခံရခြင်း သို့မဟုတ် အခြား နှလုံးရောဂါဆိုင်ရာ ပြဿနာများ၏ ရောဂါလက္ခဏာရပ်များကို အကြီးအကျယ် လှုံ့ဆော် ပေးနိုင်သည်ဟု ဆိုသည်။ ပထမဆုံးအကြိမ် အဖြစ် လူအမြောက်အမြားတွင် လေ့လာသုတေသန ပြုချက် အရ အမျိုးသမီး များသည် အမျိုးသားများထက် အသည်းကွဲရောဂါ ဖြစ်နိုင်ခြေ ကိုးဆပို၍များသည် ဟုဆို သည်။

ယခင်က သွေးကြောပိတ်ခြင်း သို့မဟုတ် နှလုံးရောဂါဆိုင်ရာ ပြဿနာ ရာဇဝင်လုံးဝမရှိဘဲ စိတ်ထိခိုက် ခြင်းကြောင့် နှလုံးရောဂါဖောက်မှု ရုတ်တရက်ဖြစ်ပေါ်ခြင်းကို အသည်းကွဲရောဂါဟုခေါ်သည်။ ဆရာဝန်များ ၏ အဆိုအရ ခင်ပွန်းသည် ရုတ်တရက် ဆုံးပါးသွားခြင်းကဲ့သို့သော အဖြစ်မျိုး၌ အက်ဒရီနယ်လင် အပါအဝင် အခြားစိတ်ဖိစီးမှုကို ဖြစ်စေသည့် ဟော်မုန်းများ တစ်ဟုန်ထိုးမြင့်တက်လာပြီး ယင်းကနှလုံးရှိ သွေးမှုတ်ထုတ်သည့် အဓိကအခန်းကို ရုတ်တရက် ဝန်ပိစေခြင်းအားဖြင့် ထိခိုက်စေသည်။ ယင်းကဲ့ သို့ သော ဖြစ်ရပ်၌ နှလုံးခုန်စည်းချက်နှင့် သွေးအတွင်းပါဝင်သည့် အရာများမှာ နှလုံးရောဂါရှိနေသူ၏ လက္ခ ဏာရပ်များ နှင့်ထပ်တူဖြစ်နေသော်လည်း နှလုံးရောဂါ ရှိနေသူကဲ့သို့ မည်သည့်သွေးလွှတ်ကြောမှ ပိတ်ဆို့ခြင်းမရှိဟု ဆိုသည်။ အမေရိကန်ပြည်ထောင်စု အာကင်ဆက် တက္ကသိုလ်မှ နှလုံးအထူးကုဆရာဝန် အဘီရှက်ဒက်ရှ်မူကာ ခေါင်းဆောင်သော အဖွဲ့သည် ၂ဝဝ၇ ခုနှစ်အတွင်း ဆေးရုံပေါင်း ၁ဝဝဝ မှ လူနာ ပေါင်း ၆၂၂၉ဦး ကိုလေ့လာခဲ့ရာ အသည်းကွဲရောဂါဟု ခေါ်သော ထိုရောဂါဖြစ်နိုင်ခြေသည် အမျိုးသမီး များ၌ အမျိုးသားများထက် ကိုးဆပို၍များကြောင်း တွေ့ရှိရသည်။

Swe son media

အသက်မပြည့်သည့် မိန်းကလေးကို ခိုးယူပေါင်းသင်းသူ တရားစွဲခံရ


အသက်မပြည့်သေးသည့် မိန်းကလေးငယ်ကို ခိုးယူပေါင်းသင်းသည်ဟု စွပ်စွဲကာ လူငယ်တစ်ဦးကို တိုင်တန်း လာသည့် အမှုတစ်ခုကို ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းက သြဂုတ် ၂၀ ရက်၌ အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်သည်။

မိန်းကလေးငယ် ပျောက်ဆုံးသွားသည်မှာ ငါးရက်ကြာမ...ှ သူမကို အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး က ခိုးယူပေါင်းသင်းနေသည်ကို မိဘများကသိရှိပြီး ယခုလို ရဲစခန်း၌ အမှုဖွင့်တိုင်တန်းလိုက်ခြင်းဖြစ်သည် ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မိန်းကလေးငယ်သည် စာအုပ်ငှားထွက်သွားရာမှ ပြန်မလာသဖြင့် သူမ၏အမဖြစ်သူက မိဘများကို ဖုန်း ဆက် တိုင်ကြားရာ မိဘများက လိုက်လံရှာဖွေခဲ့ပြီး သူမကို အဆိုပါ လူငယ်က ပေါင်းသင်းရန် ခိုးယူထွက် ပြေးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်ဟု တရားလိုများက ရဲစခန်း၌ ထွက်ဆိုကြသည်။

အရွယ်မရောက်သေးသည့် မိန်းကလေးကို ပေါင်းသင်းမိသူအဖြစ် စွပ်စွဲပြီး ရဲစခန်း၌ တိုင်တန်းခံထားရသူမှာ ကိုကျော်သန့်ဇင်ဆိုသည့် လူငယ်ဖြစ်ပြီး ယခုအမှုကို မိန်းကလေး၏ မိခင်ဖြစ်သူက တရားလိုပြုလုပ် တိုင် တန်း ထားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ယင်းအမှုကို ဒဂုံဆိပ်ကမ်း ရဲစခန်းက အမှုအမှတ်(ပ) ၂၈၄/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူ လူငယ် ကို ဖမ်းဆီးစစ်ဆေးလျှက်ရှိရာ အမှုမြောက်ကြောင်း တွေ့ရှိလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃ ဖြင့် တရားစွဲ မည်ဟု ရဲဌာနက သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

ပြန်ပေါင်းရန် ခေါ်မရ၍ဇနီးကို ဓားဖြင့်ထိုးသတ်


မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ရွှေငါးလက်ဖက်ရည်ဆိုင်တွင် သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၈နာရီ ၄၅မိနစ်ခန့်က တစ်နှစ်ကျော်ခန့် ခွဲနေသည့်ဇနီးကို ပြန်ခေါ်မရ၍ ဓားဖြင့်ထိုးသတ်ခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း ယင်းဒေသခံများနှင့် မြို့နယ်ရဲစခန်းထံမှ သိရသည်။

သေဆုံးသူမှာ မကွေးမြို့နယ် တည်ပင်ကန်ပေါက်ကျေးရွာတွင် နေထိုင်သော နီနီဝင်း ၂၁ နှစ်ဖြစ်ပြီး ၎င်းမသေဆုံးမီ သြဂုတ်လ ပထမပတ်ခန့်က တစ်နှစ်ခန့် ခွဲကွာနေသော မကွေးမြို့နယ် ကမ်းရင် ကျေးရွာတွင် နေထိုင်သည့် ခင်ပွန်းဖြစ်သူ စံချော ၃၂ နှစ်က ပြန်လည် ပေါင်းသင်းရန် လာရောက်ခေါ်ယူခဲ့ရာ သေဆုံးသူက မလိုက်လို၍ ငြင်းဆန်ခဲ့ကြောင်း မင်းဘူးမြို့နယ် ရဲစခန်း၏ တာဝန်ကျ တပ်ကြပ်ကြီးတစ်ဦးက ပြောကြားသည်။

ယင်းသို့ ငြင်းဆန်ခဲ့၍ အမှုဖြစ်ပွားခဲ့သည့်နေ့က နီနီဝင်းနှင့် ၎င်း၏ညီမ နုနုဝင်း စားပွဲထိုး အလုပ်လုပ်ကိုင်သည့် မင်းဘူးမြို့ရှိ ရွှေငါးလက်ဖက်ရည်ဆိုင်သို့ ထပ်မံလာရောက်ခေါ်ယူရာ မလိုက်လိုကြောင်း ထပ်မံငြင်းဆန်ခဲ့၍ ၎င်း၏ ခင်ပွန်းဖြစ်သူက ၎င်းတွင် အသင့်ပါလာသည့် အရိုးလေးလက်မခွဲ အသွားခြောက်လက်မခွဲရှိ စတီးလ်ဓားဦးချွန်ဖြင့် နီနီဝင်း၏ ရင်ညွှန့်ကို ထိုးသွင်းခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ၎င်းကပြောကြားသည်။

သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ စံချောသည် အမှုဖြစ်ပွားခဲ့သည့် နေရာ၌ပင် အဖမ်းခံခဲ့ရာ ယင်းအမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ ညီမဖြစ်သူ နုနုဝင်း ၁၉ နှစ်က တရားလို ပြုလုပ်၍ မင်းဘူးမြို့နယ် ရဲစခန်းတွင် (ပ)၁၃၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း ရဲစခန်းထံမှ သိရသည်။

The Voice Weekly