စစ်တက္ကသိုလ်မှာ အနှစ် ၂ဝ ပညာယူသင့်၏

ပို့စ်တင်ချိန် - 8/23/2013 06:38:00 PM


စစ်တက္ကသိုလ် သုံးလေးနှစ်တက်ပြီးရင် ဘွဲ့တွေရကြ၊ စစ်အရာရှိကြီးတွေ ဖြစ်လာကြပါတယ်။

အရာရှိဖြစ်ဖို့အတွက် သုံးလေးနှစ်မကဘဲ အနှစ် ၂ဝ လောက် စစ်တက္ကသိုလ် တက်သင့်တယ်လို့ ထင်ပါတယ်။

 ဘာကြောင့်လဲ ဆိုတော့ ... စစ်အရာရှိကြီးတွေဟာ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေးဌာနတွေမှာ ညွှန်မှူး ညွှန်ချုပ်အဖြစ် ရောက်သွားတတ်လို့ပါပဲ။
အခုဆိုရင် လွှတ်တော်ထဲတောင် ရောက်နေပါပြီ။ တော်သေးတာပေါ့ကွာ၊ ဧရာဝတီသတင်းဌာန အယ်ဒီတာ စားပွဲမှာ စစ်ဘက်က လွှတ်လိုက်တဲ့ အရာရှိ ရောက်မလာသေးဘူး။ ဗိုလ်ချုပ်ကြီးတွေလက်ထက်မှာ အကုန်ဖြစ်နိုင်တာပဲ၊ ဒါကြောင့် ရောက်မလာသေးဘူးလို့ ရေးရတား)

စစ်အရာရှိကြီးတွေဟာ ဘောင်းဘီချွတ်၊ ဌာနစုံသွားပြီး စီမံခန့်ခွဲညွှန်ကြား အမိန့်ပေးသူတွေဆိုတော့
စစ်တက္ကသိုလ်မှာ အနှစ် ၂ဝ လောက်  ပညာယူသင့်ပြီပေါ့လို့ပြောတာပါ။ ဒါမှ ဌာနဆိုင်ရာတွေမှာ အဆင်ပြေနိုင်မယ်လေ။

မြို့တော်ဝန်ရာထူး ဆိုရင်လည်း စစ်အရာရှိကြီးတွေကိုပဲ ခန့်ကြတာ မဟုတ်လား။
ရန်ကုန်မြို့တော်ဝန်တွေဟာ တက္ကသိုလ်မှာ အနှစ် ၂ဝ လောက် တက်ခဲ့ရင် သူတို့ဟာ ရန်ကုန်မြို့ကြီး စည်ပင်သာယာဖို့ ပိုပြီး လုပ်နိုင်မှာပဲ လို့ တွေးမိပါတယ်။

ရန်ကုန်မှာ ရေကြီးတဲ့မြင်ကွင်းတွေ တွေ့နေရလို့ ဒီလို တွေးမိတာပါ။
စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းအဝဝကို စစ်တက္ကသိုလ်မှာ သင်ခဲ့ကြရင် ရန်ကုန်ကို သူတို့ ကယ်တင်နိုင်မယ်မဟုတ်လား။

မြို့တော်ဝန်ဘ၀ကနေ စုတေ့ ...  အဲ ... ဌာနပြောင်းရ၊ လွှတ်တော်ထဲ သွားရတယ် ဆိုရင်လည်း
တက္ကသိုလ်မှာ အနှစ် ၂ဝ လောက် တက်ခဲ့တဲ့သူကွ၊ အမှန်တကယ် တတ်သိ ကျွမ်းကျင်တယ်ကွ၊ ဘယ်ကစမ်းစမ်း ညာက စမ်းစမ်း စီမံခန့်ခွဲအုပ်ချုပ်နိုင်တယ်ကွ ဆိုပြီး လက်မ ထောင်နိုင်ကြမယ်လေ။

အခုတော့ ... ကိုယ့်နေရာ ကိုယ်မနေဘူး၊ စည်းကမ်းမရှိဘူးလို့ အများက ဝေဖန်တာလည်း ခံရနိုင်တာပေါ့။

ဒီအတိုင်းဆိုရင် စည်းကမ်းရှိတဲ့ဒီမိုကရေစီ ဆိုတာကြီးကို အပ်ချလောင်းလုပ်ရတာ အခက်အခဲနဲ့ ကြုံရနိုင်ပါတယ်။စစ်အရာရှိဖြစ်ဖို့အတွက် စစ်တက္ကသိုလ်မှာ  အနှစ် ၂ဝ လောက် ပညာယူခဲ့ရင်တော့ လက်မထောင်နိုင်ကြ၊ စည်းကမ်းရှိလာကြမှာပဲလို့ ထင်ပါတယ်။
ဧရာဝတီ