ကင်တားနားပြောဆိုချက် မြန်မာအစိုးရငြင်းပယ်

ပို့စ်တင်ချိန် - 8/23/2013 01:20:00 PM


မြန်မာနိုင်ငံခရီးစဉ်အတွင်း မိတ္ထီလာမြို့မှာ ဆန္ဒပြလူအုပ်က အကြမ်းပတမ်းပြုမူခဲ့ကြပေမယ့် အာဏာပိုင် တွေကအကာအကွယ်မပေးဘဲ ဥပေက္ခာပြုနေခဲ့ကြတယ် လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Ojea Quintana ပြောဆိုခဲ့တာဟာ အဖြစ်မှန်နဲ့ကွဲလွဲနေတယ်လို့ မြန်မာ အစိုးရက တုံ့ပြန်ပြောကြားလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံခရီးစဉ် အတွင်း ဘယ်လိုဘေးအန္တရာယ်မျိုးနဲ့မှ မကြုံတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။

မိတ္ထီလာမြို့မှာ ဆန္ဒပြသူတွေ က မစ္စတာကင်တာနားရဲ့ ယာဉ်တန်း အနီးချဉ်းကပ်ခဲ့ကြတာဟာ စာတစ်စောင် နဲ့ တီရှပ်တစ်ထည်ပေးဖို့သာဖြစ်ကြောင်း၊ ဆန္ဒပြသူတွေကို ကြိုတင် လူစုခွဲခိုင်းခဲ့တဲ့ အတွက် မစ္စတာ ကင်တားနား ရောက်လာတဲ့အခါ လူတစ်ရာလောက်သာရှိတော့ကြောင်း၊ ယာဉ်တန်းကို ရဲကားတစ်စီးက စောင့်ကြပ်လိုက်ပါနေပြီး၊ ရဲအရာရှိ (၃၀) က လူအုပ်ကို ထိန်းသိမ်းနေကြောင်း၊ မစ္စတာ ကင်တားနား ကို ရဲတပ်ဖွဲ့က စောင့်ရှောက်နေသလို ၊ဆန္ဒပြသူတွေကလည်း သူ့ကို ရန်မူဖို့ ရည်ရွယ် ချက်မရှိကြကြောင်း ၊ ရဲတပ်ဖွဲ့ လမ်းရှင်းပေးတဲ့အတွက် မစ္စတာကင်တာနားရဲ့ ယာဉ်တန်းဟာ ဘေးမသီ ရန်မခ ထွက်ခွာသွားခဲ့ကြောင်း ဦးရဲထွဋ် က AP သတင်းကို ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြောခွင့်ရသူ ဒု ဗီုလ်မှူးကြီး အောင်မင်း ကလည်း ဒေသခံလူထုက မစ္စတာကင်တာနား ကို စာတစ်စောင်ပေးဖို့ နဲ့ ဓါတ်ပုံတချို့ပြဖို့ ကြိုးစားခဲ့ကြရာမှာ အရပ်ဝတ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကားမှန် တံခါးတွေကို ပုတ်ပြီး လူအုပ်ကြားကနေ မောင်းထွက်သွားဖို့ အချက်ပြခဲ့တဲ့အပေါ် နားလည်မှု လွဲမှားသွားတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ မိတ္ထီလာခရိုင်ရဲတပ်ရင်းစုမှူး၊ ရဲမှူးကြီး ဦးထွန်းနိုင်ကလည်း RFA ကို အခုလိုပြောပါတယ်။

ဆန္ဒပြတယ်ဆိုတာ ကန့်ကွက်တာတို့ ဘာတို့ ညာတို့ တီရှပ်တွေ၊ဘာတွေနဲ့ ပြင်ဆင်ထားတယ်။လုံခြုံရေးချထားတယ်။ဟိုကလာတော့ အိတ်ပိတ်ပေးစာ တံခါးမဖွင့်ပေးဘူးဆိုတော့ ရှင်းရှင်းပြောရင် တံခါးဖွင့်ခိုင်းတာပေါ့နော်။အယောက်နှစ်ရာ မရှိပါဘူး။မလာဘူးဆိုပြီး ပြန်ဖို့ ပြောချိန်မှာ သူတို့ရောက်လာတော့ လူက ၁၀၀ လောက်တောင်မရှိဘူး။ကျွန်တော်တို့ဘက်က တိုက်ခိုက်ခံရတာ မဟုတ်ပါဘူး။ဒီလိုလည်း ဖြစ်လို့မရဘူး။ဒီမှာ သွားလာနေတဲ့ ဖြစ်စဉ်တွေက ဒီလိုလည်း ဖြစ်လို့မရပါဘူး"

ဒီအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကင်တားနားက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာနေတာတွေ့မြင်ခဲ့ရကြောင်း၊ ဆက်လက်တိုးတက်လာ နိုင်ခြေရှိတဲ့ လက္ခဏာတွေကိုလည်း တွေ့ခဲ့ရကြောင်း၊ ဒါပေမဲ့ တချိန်တည်းမှာလည်း တိုင်းရင်းသား လူမျိုးစု တွေနဲ့ ပြန်လည်ရင်ကြားစေ့ရေး၊ ဘာသာရေး အမုန်းတရားတွေပြန့်ပွားအောင်လှုံ့ဆော်နေတာတွေ တားဆီးရေးတွေ ဟာ အရေးတကြီးဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မစ္စတာ ကင်တားနားက မိတ္ထီလာမြို့မှာ သြဂုတ်လ ၁၉ ရက် ညက ဆန္ဒပြသူတချို့ကနေ သူလိုက်ပါတဲ့ ယာဉ်တန်းကို အကြမ်းဖက်ခဲ့ကြစဉ်မှာ အာဏာပိုင်တွေရဲ့ ကာကွယ်စောင့်ရှောက်မှု မရရှိခဲ့ဘူးလို့ ပြောကြားခဲ့တာနဲ့ ပတ်သက်လို့ မိတ္ထီလာခရိုင်ရဲတပ်ရင်းစုမှူး၊ ရဲမှူးကြီး ဦးထွန်းနိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA Burmese