နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် လမ်းလျှောက်သည့် သံဃာတော် သာသနာဝင်မှတ်တမ်းမပါ၍ ရန်ကုန်ပြန်ထောက်ခံစာယူ

ပို့စ်တင်ချိန် - 8/23/2013 01:35:00 PM


တောင်ငူ၊ သြဂုတ် ၂၂

အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေးအတွက် ရန်ကုန်မြို့မှ မန္တလေးမြို့တော် မဟာမြတ်မုနိ ဘုရားသို့ဆုတောင်း လမ်းလျှောက်ရန် ထွက်ခွာလာသော သံဃာတော် ဦးရက္ခဝံသကို သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီတွင် တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ ရေနီမြို့နှင့် နေပြည်တော်ကောင်စီ သာဝတုတ္ထိမြို့အစပ်တွင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက သာသနာဝင် မှတ်တမ်းကတ်မပါသဖြင့် ရန်ကုန်မြို့တော်သို့ ပြန်ကာထောက်ခံစာ ယူခိုင်းကြောင်း ရန်ကုန်သို့ မော်တော်ယာဉ်ဖြင့် ပြန်လာသူ ဦးရက္ခဝံသထံမှ သိရှိရသည်။

“ဘုန်းကြီးကို သာသနာဝင် မှတ်တမ်းကတ် တောင်းတယ်။ ဘုန်းကြီး အလုံမှာနေတုန်းက အခိုးခံခဲ့ရတယ်ပြောတော့ ထောက်ခံစာ ပြန်ယူခိုင်းတယ်။ ဘုန်းကြီးကို တားတဲ့သူတွေက ရဲမှူး ဦးအောင်သန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရှောင်တို့ပါ။ ဘုန်းကြီးရန်ကုန်ကို ပြန်ပြီးထောက်ခံစာယူ နေပါပြီ။” ဟု သံဃာတော် ဦးရက္ခဝံသက ပြောကြားသည်။

ဦးရက္ခဝံသသည် ရန်ကုန်မြို့မှ ၁၇၅ မိုင်အကွာ တောင်ငူမြို့သို့ သြဂုတ်လ ၁၉ ရက်နေ့တွင် ညအိပ်ရပ်နားပြီး နောက်တစ်နေ့နံနက်တွင် တောင်ငူနှင့် မိုင်ပေါင်း ၂၃၄ မိုင် ကွာဝေးသော မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာစဉ် ရေနီမြို့ အထွက်နှင့် နေပြည်တော်ကောင်စီ သာဝတ္ထိမြို့အစပ်တွင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သံဃနာယကတို့က သာသနာဝင် မှတ်တမ်းကတ် မပါသည့်အတွက် နေပြည်တော် ကောင်စီနယ်မြေသို့ ဝင်ခွင့်မပြုနိုင်ဟု တားမြစ်ခံရခြင်း ဖြစ်ကြောင်း ဆရာတော်ကို လိုက်ပါစောင့်ရှောက်သူ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ ဦးဘမြင့်က ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ The Voice က ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ “ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေကြားခွင့် မရှိပါဘူး။ မြို့နယ်ရဲတပ်ဖွဲ့မှူးလည်း မရှိပါဘူး” ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြန်လည် ဖြေကြားသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် အတွင်းရှိမြို့များတွင် လမ်းလျှောက် ဆုတောင်းခြင်းအပေါ် တားမြစ်ပိတ်ပင်ထားခြင်း မရှိကြောင်း၊ ကျန်မြို့နယ်များ တာဆီးပိတ်ပင်ခြင်းနှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

သံဃာတော် ဦးရက္ခဝံသသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့ရာ တပ်မတော်က အာဏာသိမ်းယူပြီး ရက်ပိုင်းအတွင်း သြဂုတ်လ ၂၇ ရက်နေ့တွင် ဖမ်းဆီးခံရပြီး သေဒဏ်ပေးခံခဲ့ရကာ ၁၉၉၇ ခုနှစ်၌ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သာယာဝတီ အကျဉ်းထောင်မှ ပြန်လည် လွှတ်မြောက်လာခဲ့ကြောင်း၊ ထို့နောက် ဘုန်းကြီးဝတ်ကာ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် မဲဆောက်မြို့ များတွင် နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပြီး အစိုးရသစ် လက်ထက်တွင် နိုင်ငံတော် အစိုးရနှင့် သဘောတူညီချက် အရ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ လိုင်ဇာသို့ လမ်းလျှောက်ရာတွင် ပါဝင်ခဲ့ကြောင်း၊ သြဂုတ်လ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ရန်ကုန်မြို့တော် မဟာဗန္ဓုလပန်းခြံရှေ့တွင် လက်ကျန် နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန် အစာငတ်ခံ ဆန္ဒပြနေစဉ် သံဃနာယက အဖွဲ့ကခေါ်ယူ ထိန်းသိမ်းခဲ့ပြီး သြဂုတ်လ ၈ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့ရာ သြဂုတ် ၁၁ ရက်နေ့တွင် ရန်ကုန်မှ မန္တလေးသို့ ခြေလျင်လျှောက် ဆုတောင်းရခြင်း ဖြစ်ကြောင်း နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများထံမှ သိရသည်။
The Voice Weekly