ဖိလစ်ပိုင်တွင် ခရီးသည်ယာဉ် မိုးပျံဟိုင်းဝေးပေါ်က ပြုတ်ကျ၊ ၂၁ ဦး သေဆုံး
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရဲ့ ဆင်ခြေဖုံးနားမှာ ခရီးသည်တင် လိုင်းကားတစီး မိုးပျံ ဟိုင်းဝေးလမ်းမပေါ် ကနေ ပြုတ်ကျတဲ့ မတော်တဆမှုအတွင်း လူအနည်းဆုံး ၂၁ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီပြီး ဒဏ်ရာရသွားတယ် လို့ အရာရှိတွေက ပြောပါတယ်။
မနက်စောစောပိုင်းမှာ ဘက်စ်ကားဟာ မိုးပျံ ဟိုင်းဝေးလမ်းမပေါ်ကနေ လမ်းချော် ပြုတ်ကျတဲ့အချိန်မှာ အလုံပိတ် ဘန်းကားတစီးပေါ်ကို ပြုတ်ကျခဲ့ပြီး ဘန်းကားရဲ့ ယာဉ်မောင်းလည်း ပွဲချင်းပြီး သေဆုံး သွားပါ တယ်။
ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့ကတော့ လိုင်းကားမောင်းတဲ့ ဒရိုင်ဘာအပါအ၀င် အနည်းဆုံး လူ အနည်းဆုံး ၈ ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
မနက်စောစောပိုင်းမှာ ဗုံးကွဲတဲ့ အသံလို အလွန် ကျယ်လောင်တဲ့အသံကို ကြားခဲ့ရပြီးနောက် အခင်းဖြစ် တဲ့နေရာ ကို သွားကြည့်ခဲ့ပြီး ကားထဲမှာ ပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့တယ်လို့ မျက်မြင် တယောက် က ပြောပြပါတယ်။
မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက ဆက်စုံစမ်းနေပါတယ်။ လမ်းပေါ်မှာ ရေစိုနေ တာ က အကြောင်းရင်း ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
ဖိလစ်ပိုင်မှာ ၂၀၁၁ ခုနှစ်ကလည်း ဒီလို ပုံစံ လိုင်းကားမတော်တဆမှု ဖြစ်ခဲ့ပြီး လူ ၃ ယောက် သေဆုံးခဲ့ ပါ တယ်။
DVB Burmese
ကင်ဂျုံအီးဈာပန နှစ်ပတ်လည်အခမ်းအနား ကျင်းပ
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း၊ ထောင်နဲ့ ချီတဲ့ အရာရှိတွေဟာ မြို့တော် ပြုံးယမ်းမှာ ကျင်းပတဲ့ ခေါင်းဆောင်ဟောင်း ကင်ဂျုံအီးရဲ့ ဈာပန ဒုတိယနှစ်ပတ်လည် အခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်က တက်ရောက်ခဲ့ကြတယ်။
လက်ရှိ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ဖခင် အရင် ခေါင်းဆောင် ကင်ဂျုံအီး သေဆုံးမှု ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့အဖြစ် ခုလို ဂုဏ်ပြုတာပါ။
ဖခင် ခေါင်းဆောင်ဟောင်း ကင်ဂျုံအီးနဲ့ အဘိုးဖြစ်တဲ့ မြောက်ကိုရီးယားတည်ထောင်သူ ကင်အီဆွန်းတို့ရဲ့ ရုပ်တုရှေ့မှာ ပြည်သူတွေ ဒီနေ့ ပန်းခွေချ ဂုဏ်ပြုခဲ့ကြပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့ကတော့ မြောက်ကိုရီးယားစစ်တပ်ရဲ့ အကြီးစား စစ်ရေးပြအခမ်းအနားမှာ ထောင်နဲ့ချီတဲ့ မြောက်ကိုရီးယားစစ်သည်တွေက ကင်ဂျုံအန်းကို သစ္စာခံကြောင်း ပြသခဲ့ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအန်းဟာ သူ အာဏာရလာတဲ့ ၂ နှစ်အတွင်း တာဝေးပစ် ဒုံးကျည် ၂ စီးနဲ့ နျူကလီးယား စမ်းသပ်မှုတရပ် လုပ်ခဲ့လို့ ကုလသမဂ္ဂရဲ့ ပိတ်ဆို့ ဒဏ်ခတ်တာ ခံခဲ့ရပါတယ်။
ဒီဇင်ဘာ ၁၃ ရက်နေ့ကတော့ သူ့အဒေါ်ရဲ့ ခင်ပွန်းဖြစ်သူ တိုင်းပြည်တွင်း ဒုတိယ သြဇာ အကြီးဆုံးသူ ဂျန်ဆောင်တိတ်ကို သေဒဏ်ပေးခဲ့ပါတယ်။
ဒါပေမယ့် အဒေါ်ဖြစ်သူကတော့ အစိုးရအဖွဲ့တွင်း သြဇာရှိတဲ့ နေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
တောင်ကိုရီးယားအစိုးရကတော့ မြောက်ကိုရီးယားနိုင်ငံတွင်းက ဖြစ်ပေါ်တိုးတက်မှုတွေကို စိုးရိမ်တကြီး စောင့်ကြည့်နေပါတယ်။
မြောက်ကိုရီးယားအစိုးရတွင်းမှာ နိုင်ငံရေးသုတ်သင်မှု အပြီးမှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြောက်ကိုရီးယားဟာ လာမယ့်နှစ်ဆန်းပိုင်းမှာ စစ်ရေးအရ ရန်စမှု လုပ်လာနိုင်တယ်လို့ ခန့်မှန်း စိုးရိမ်နေပါတယ်။
ဇန်န၀ါရီနှောင်းပိုင်းကနေ မတ်လအစောပိုင်းကြားမှာ ဖြစ်နိုင်ချေ ရှိတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ကင်မင်းဆွခ်က ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ တောင်ကိုရီးယားနဲ့ မဟာမိတ် အမေရိကန်ကို နျူးကလီးယားစစ်ပွဲ ဆင်နွှဲမယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
DVB Burmese
အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တော့လေမလား
သာယာဝတီ ဟောပြောပွဲအကြောင်း ဖတ်ရ ကြားရတာ မကြာမီက ထိုင်းဆန္ဒပြခေါင်းဆောင် “ဆူသက်သောင်းစုဘန်” ထုံး နှလုံးမူပြီး ဒေါ်အောင်ဆန်းစုကြည် လူထုကို ဦးဆောင်မှုပေးတော့လေမလား ...။
ဒီတခါ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တတိုင်းတပြည်လုံး ဒေါ်အောင်ဆန်းစုကြည် နောက်လိုက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြမယ်ဆိုရင် ကာ/ချုပ်နဲ့ ရဲချုပ်တို့ကလည်း ထိုင်းက ကာ/ချုပ်နဲ့ ရဲချုပ်တို့ ထုံး နှလုံးမူပြီး နာမည်ကောင်းယူဖို့ စောင့်ဆိုင်းနေတယ်လို့ အမည်မဖော်လိုသူ နေပြည်တော် အသိုင်းအ၀ိုင်းက အတိအကျ ဆိုနေပါတယ်။
၈၈ မျိုးဆက်ခေါင်းဆောင်ဆိုသူတွေလည်း ဆိုးရော့စ်နဲ့ ကြိုးလျော့မနေကြဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီးရဲ့ စစ်ကြောင်းတွေကို စနစ်တကျ ဦးဆောင်မှုပေးဖို့ တိုက်တွန်းလိုပါတယ်။
ပြည်လုံးကျွတ် ဆန္ဒပြမယ့်ရက်က ၂၀၁၄ ဇန်န၀ါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) ဒါမှမဟုတ် ဖေဖော်ဝါရီလ ၁၃ ရက် (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) ဆိုရင် အသင့်တော်ဆုံး ဖြစ်မယ်ထင်ပါတယ်။
အားလုံးသို့ လေးစားစွာဖြင့် ...
drlunswe
ချင်းမိုင် ရွှေ့ပြောင်းအလုပ်သမားစုရပ်ကို ထိုင်းရဲ ၀င်ရောက်ရှင်းလင်း
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က ရွှေ့ပြောင်းအလုပ်သမားတွေ စုပြီး အလုပ်အကိုင် ရှာဖွေနေကျ နယ်မြေတခုကို ထိုင်းတာဝန်ရှိသူတွေက ဒီဇင်ဘာ ၁၇ ရက်နေ့ မနက်မှာ ၀င်ရောက် ရှင်းလင်းခဲ့ကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
ချင်းမိုင်မြို့လယ် ချန့်ဖိုတ်ရပ်ကွက် ခမ်းထိန့်ဈေး လမ်းဆုံတ၀ိုက်မှာ နေ့စဉ် အလုပ်အကိုင် လာရောက် ရှာဖွေကြတဲ့ အလုပ်သမားပေါင်း ၂၀၀ ကျော်ကို ချင်းမိုင်ခရိုင် အမျိုးသား လုံခြုံရေးတပ်၊ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဒီနေ့ မနက်မှာ ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ဒီမတိုင်ခင်က အဲဒီနေရာမှာ ရွှေ့ပြောင်းအလုပ်သမား အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားတာ၊ လောင်းကစားတာနဲ့ ပစ္စည်းပျောက်ရှတာ စတဲ့ ပြဿနာတွေ ရှိပြီး အနီးနား ပတ်ဝန်းကျင်က ပြည်သူတွေ အသက်အိုးအိမ် မလုံခြုံကြောင်း တိုင်ကြားတဲ့အတွက် လာရောက် စစ်ဆေးရှင်းလင်းရတာလို့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
စစ်ဆေးတွေ့ရှိချက်အရ အလုပ်သမားအများစုမှာ ၄ ဦးက လွဲပြီး ကျန်သူတွေအားလုံး ထိုင်းနိုင်ငံထဲ ၀င်ရောက်တဲ့ တရားဝင် အထောက်အထား ရှိကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူတို့ဟာ အလုပ်အကိုင် အတည်တကျ မရှိတဲ့အတွက် ချင်းမိုင်အလုပ်သမားရှာဖွေရေးရုံးနဲ့ ပူးပေါင်းပြီး အလုပ်သမား မှတ်ပုံတင်ခြင်းနဲ့ အလုပ်ရှင် ရှာဖွေပေးသွားမယ်လို့ ဆိုပါတယ်။
အထောက်အထားမဲ့ အလုပ်သမား ၄ ဦးကိုတော့ ထိုင်းပိုင်နက်ကနေ ထွက်ခွာသွားဖို့ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောကြောင်း မန်နေဂျာအွန်လိုင်းက ရေးသား ဖော်ပြသွားပါတယ်။
DVB Burmese
ဒေါ်အောင်ဆန်းစုကြည်၏ အဖျောက်ကျေးရွာ မိန့်ခွန်းအပြည့်အစုံ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့ နယ် အဖျောက် ကျေးရွာတွင် ဟောပြောခဲ့သော မိန့် ခွန်း အပြည့်အစုံ (ဒီဇင်ဘာ ၁၄၊ ၂၀၁၃)
ကျွှန်မ ဒီကွင်းကိုကြည့်လိုက်တဲ့ အခါကြတော့ လူအများစုက ဟိုဘက်ကိုရောက်နေတယ်။ဘာလို့ လဲဆိုတော့ အဲဒီဘက်က အရိပ်ရှိလို့ ပါ။အဲဒီတော့ ကျွှန်မတို့ ဟာ လူ့ သဘာဝပဲ အရိပ်အာဝါသအောက်မှာ အေးအေးချမ်းချမ်းနေချင်ကြတယ်။ကျွှန်မတို့ နိုင်ငံသူ ၊ နိုင်ငံသားတွေ ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ အရိပ်အာဝါသ အောက်မှာ အေးအေးချမ်းချမ်းနေနိုင်ဖို့ ဆိုရင် ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောင်းမှဘဲ ဖြစ်ပါလိမ့်မယ်။ပြည်သူလူထုကို အေးချမ်းမူ ၊ ကာကွယ်မူ မပေးနိုင်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာဟာ နိုင်ငံကို အကျိုးမပြုဘဲနဲ့ နိုင်ငံကို နစ်နာစေမှာ ဖြစ်ပါတယ်။ဒါကြောင့် ကျွှန်မတို့ က ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို မူတစ်ခုအနေနဲ့ အဖွဲ့ ချုပ်က ခိုင်ခိုင်မာမာ လက်ထဲမှာ ဆုပ်ကိုင်ခဲ့ တာ ဖြစ်ပါတယ်။
ဖွဲ့ စည်းပုံအခြေခံဥပဒေထဲက အသေးစိတ်ကိစ္စတွေကို ဦးဝင်းမြင့်နဲ့ ဦင်္းဌေးဦးက ရှင်းပြသွားပြီးပါပြီ။ ကျွှန်မက အရေးကြီးတဲ့ ကိစ္စတစ်ခုကို ပြည်သူကို တင်ပြပြီးတော့ ပြည်သူတွေကြားထဲမှာ စူးစမ်းစေချင်ပါတယ်။ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က (၁၉၈၈)ခုနစ် စပြီးဖွဲ့ ထဲက အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မယ်ဆိုပြီး ကျွှန်မတို့ လုပ်ခဲ့တာပါ။ဒီတော့ ဒီဖွဲ့ စည်းပုံအခြေခံဥပဒေဟာ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေတယ်လို့ ကျွှန်မတင်ပြချင်တယ်။
ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ပြည်သူတွေနဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင်လို့ ရေးဆွဲထားတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေလို့  ကျွှန်မပြောချင်ပါတယ်။
ကျွှန်မတို့ အနေနဲ့ ဒီဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ၊ တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်မူကဏ္ဍကို ယူရေး ကိစ္စတွေကို ကျွှန်မတို့ ဆန့် ကျင်တာဟာ တပ်မတော်ကို ဆန့် ကျင်လို့ မဟုတ်ဘူး။တပ်မတော်နဲ့ ပြည်သူရဲ့ အကြားမှာ တစ်သွေးတစ်သားတည်း ဖြစ်ချင်လို့ ဆိုတာကို အများသိစေချင်ပါတယ်။အခုဟာက ဒီဖွဲ့ စည်းပုံအခြေခံဥပဒေဟာ တနည်းအားဖြင့် ဆိုရင် ပြည်သူနဲ့ တပ်မတော်ကြားထဲမှာ တိုက်ပေးယုံတင်မက ပြည်သူမကျေနပ်တဲ့ ကိစ္စတွေနဲ့ ပတ်သတ်လို့ ရှိရင် တပ်မတော်ကို တရားခံဖြစ်အောင် လုပ်ထားတယ်လို့ ကျွှန်မကတော့ ဒီလိုပဲ မြင်ပါတယ်။
ခုနက ရှင်းပြသွားသလို့ (၇၅)ရာခိုင်နုန်းသော ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကို တပ်မတော်ထဲက (၂၅)ရာခိုင်နုန်းသော ကိုယ်စားလှယ်တွေကနေပြီးတော့ ဆန့် ကျင်မယ်ဆိုလို့ ရှိရင် ဒါဟာ ပြည်သူတွေအနေနဲ့ ငါတို့ ရဲ့ လိုအင်ဆန္ဒတွေကို ဆန့် ကျင်တာ တပ်မတော်ဆိုပြီး အဲလိုမတွေးကြဘူးလား။တွေးကြမှာပဲ။ဒီတော့ ဒါတပ်မတော်ကို တရားခံဖြစ်အောင် လုပ်တယ်လို့ ကျွှန်မဒီလိုပဲ မြင်ပါတယ်။
တကယ်ဆိုလို့ ရှိရင် နိုင်ငံအတွင်းမှာ နိုင်ငံသူ ၊ နိုင်ငံသားတွေအထဲမှာ သဘောတူညီမူ မရှိဘူးဆိုရင် လွှတ်တော်ထဲမှာ ဒီကိစ္စတွေကို မျှမျှတတ ကျေလည်အောင် လုပ်ဖို့ က အင်မတန်မှ အရေးကြီးပါတယ်။ဒီတော့ လွှတ်တော်ထဲမှာ ဘယ်သူတွေက လုပ်ရမှာလဲ။ဒါဟာ ပြည်သူတွေက ရွှေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက ပြေလည်အောင် တစ်ယောက်နဲ့ တစ်ယောက် ညှိနိုင်းပြီး လုပ်ရမှာပါ။အဲဒီလုပ်ပိုင်ခွင့်လည်း ရှိရမှာဖြစ်ပါတယ်။ဒါကြောင့် ကျွှန်မတို့ နိုင်ငံရဲ့ အခြေအနေကို သေချာ လေ့လာကြပါ။
အခုတလောဆိုရင် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲတဲ့ ကိစ္စကို မလိုလားတဲ့ သူတွေက ကျွှန်မတို့ ကနေပြီးတော့ တပ်မတော်ကို တိုက်တယ်။တပ်မတော်ကို ထိပါးစေချင်တယ်။ကျွှန်မတို့ ရဲ့ အဖွဲ့ ချုပ်နဲ့ ကျွှန်မတို့ ရဲ့ ပြည်သူတွေနဲ့ တပ်မတော်ကြားထဲမှာ ပိုပြီးစိတ်ဝမ်းကွဲအောင် ၀ါဒဖြန့် ချိရေးတွေလုပ်နေတယ်ဆိုတာလည်း ကျွှန်မသတိပြုမိပါတယ်။ဒီဟာတွေကို ပြည်သူတွေကနေပြီးတော့ သေသေချာချာ စဉ်းစားရမယ်။
ကျွှန်မတို့ တပ်မတော်ကို တန်ဖိုးထားလို့ ရှိရင် တကယ်ကို ပြည်သူကနေပြီးတော့ လေးစားချစ်ခင်နိုင်တဲ့ တပ်မတော် ဖြစ်စေချင်လို့ ရှိရင် ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောင်းကို ပြောင်းရမယ်။
နောက်ပြီးတော့ ကျွှန်မတို့ ကို အခု အစိုးရလုပ်နေတဲ့ သူများ ကပေါ့နော် အစိုးရလုပ်ချင်တဲ့ သူများ ဒါကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အပါအ၀င်ပါ။ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အစိုးရလုပ်ချင်သလားဆိုရင် လုပ်ချင်တယ်ပဲ ပြောရမှာပဲ။လုပ်ချင်တယ်ဆိုတာ အကြောင်း(၂)ခု ရှိပါတယ်။တစ်ခုက ကျွှန်မတို့ နိုင်ငံအတွက် သင့်တော်တယ်လို့ ထင်တဲ့ မူဝါဒတွေနဲ့ နိုင်ငံတိုးတတ်ရေးအတွက် ကြိုးပမ်းနိုင်တဲ့ အခွင့်အရေး ၊ ကြိုးပမ်းရမယ့်တာဝန်ကို ကျွှန်မတို့ ယူချင်တယ်။နောက်တစ်ခုကလည်း ကျွှန်မတို့ ဟာ ကျွှန်မတို့ အဖွဲ့ အစည်းရဲ့ လူပ်ရှားမူကို အနစ်(၃၀)နီးပါး တစ်စိုက်မတ်မတ် ထောက်ခံခဲ့တဲ့ ပြည်သူတွေ ၊ အခုဆိုရင် ဒီကိုလာပြီး နေပူကျဲတဲထဲမှာ ထောက်ခံခဲ့တဲ့ ပြည်သူတွေ ၊ ဘ၀နဲ့ ရင်းပြီး ထောက်ခံခဲ့တဲ့ ပြည်သူတွေအတွက်လည်း ကျွှန်မတို့ ဟာ ဒီမိုကရေစီအောင်နိုင်မူကို ရယူဖို့ လိုတယ်လို့ ကျွှန်မဒီလိုပဲ ယူဆပါတယ်။
ဒါကြောင့် ကျွှန်မမေးချင်တာဟာ အစိုးရလုပ်နေတဲ့ သူများ ၊ အစိုးရလုပ်ချင်တဲ့ သူများဟာ အာဏာကို ယူချင်တာလား ။ တာဝန်ကို ယူချင်တာလား။အဲဒါကို သေသေချာချာ ဆုံးဖြတ်ကြပါ။အာဏာကို ယူချင်တာ မဟုတ်ဘူးဆိုလို့ ရှိရင် မျှတတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ တစ်ခုကို ဆွဲပေးရမယ်။မျှတတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ တစ်ခု ဖြစ်အောင်လို့ လုပ်ပေးရမယ်။အဲဒီတော့ ကိုယ်ကိုကိုယ် ပြည်သူက မလိုချင်ရင်လဲ သိက္ခာရှိရှိ နောက်ဆုတ်ရမယ်။တာဝန်ကို ယူချင်တယ်ဆိုလို့ ရှိရင် ဒီလို မျှတတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေတစ်ခုကို ဦးတည်ရမယ်။
ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ပတ်သတ်လို့ အခု ကိုယ်နဲ့ မဆိုင်သလို နေနေတဲ့ ပုဂ္ဂိုလ်တွေကို အရင်တုန်းက ညီလာခံမှာ ဘယ်ကဏ္ဍက ပါဝင်ခဲ့သလဲလို့ ကျွှန်မက မေးချင်တယ်။ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို အတည်ပြုလာခဲ့တဲ့ ညီလာခံမှာ ပါဝင်လာခဲ့တဲ့ ပုဂ္ဂိုလ်များဟာ အခုတော့ ကိုယ်နဲ့ မဆိုင်သလို နေနေတာဟာ တာဝန်သိစိတ် မရှိဘူးလို့ ကျွှန်မဒီလိုပဲ ပြောချင်ပါတယ်။တာဝန်သိစိတ် မရှိတဲ့ ပုဂ္ဂိုလ်များဟာ ဆက်ပြီးတော့ တိုင်းပြည်ကို အပေါ်မှာ အာဏာလွှမ်းမိုးသွားမယ်ဆိုရင် ကျွှန်မတို့ တိုင်းပြည်အတွက် တိုးတတ်မူဆိုတာ တကယ် မဖြစ်နိုင်ပါဘူး။
တစ်ချို့ က ကျွှန်မက ပြည်သူ့ အားကို ယူပြီးတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ ကြိုးစားနေတယ် ဆိုတော့ ကျွှန်မက ရှင်းရှင်းပဲ မေးချင်တယ်။ပြည်သူ့ အား မယူလို့ ဘယ်သူအား သွားယူရမှာလဲ။ဒါပေမယ့် ပြည်သူ့ အားကို ယူတာနဲ့ ပြည်သူ့ အားကို အလွှဲသုံးစားလုပ်တာနဲ့ မတူဘူးဆိုတာလည်း ကျွှန်မရှင်းပြချင်ပါတယ်။
ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဘယ်တုန်းကမှ ပြည်သူ့ အားကိုအလွှဲသုံးစား မလုပ်ခဲ့ဘူး။ကျွှန်မတို့ စိန်ခေါ်ရဲတယ်။ဘယ်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြည်သူတွေကို ဆူပူအောင် လူံဆော်တာ ရှိခဲ့သလဲ။ဘယ်တုန်းက ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဥပဒေနဲ့ မကိုက်ညီတာ ဥပဒေနဲ့ မကိုက်ညီတဲ့ ကိစ္စတွေ အတင်းအဓမ္မ ပြည်သူတွေကို တွန်းပြီးတော့ ကျွှန်မတို့ အဖွဲ့ ချုပ် တိုးတတ်ရေးအတွက် လုပ်ခိုင်းခဲ့ဘူးသလဲ။ဒီဟာကို ကျွှန်မက သတ္တိရှိရှိနဲ့ စိန်ခေါ်ရဲတယ်။ကျွှန်မတို့ က ပြည်သူတွေကို တခြားဟာတွေ မပြောနဲ့ ။ကျွှန်မတို့ ရဲ့ အစည်းအဝေးတွေတောင်မှ အတင်းတတ်ပါဆိုပြီး ဖိအားပေးတာ ဘယ်တုန်းက ကျွှန်မတို့ လုပ်ခဲ့ဘူးသလဲ။ဘယ်တုန်းကမှ ကျွှန်မတို့ မလုပ်ခဲ့ဘူး။ပြည်သူ့ ရဲ့ အင်အားကို ဘယ်တုန်းကမှ ကျွှန်မတို့ အလွှဲသုံးစား မလုပ်ခဲ့ဘူး။
ကျွှန်မတို့ က အစည်းအဝေးလုပ်မယ်ဆိုရင် သက်ဆိုင်ရာက အသိပေးသင့်တဲ့ အဖွဲ့ အစည်းတွေကို အသိပေးတယ်။ကျွှန်မတို့ ဟာ တရားဥပဒေဘောင်အတွင်းက လုပ်တယ်။ပြည်သူတွေ သိအောင်လို့ ပြောတယ်။လာကြပါ။မလာချင်ရင်လည်း မလာကြနဲ့ ပေါ့နော်။အတင်း ကျွှန်မတို့ ဆွဲခေါ်လို့ လည်း မရဘူး။နောက်ပြီး ကျွှန်မတို့ က တစ်ယောက် ဘယ်လောက် ပေးနိုင်တဲ့ အခြေအနေလဲ မရှိဘူး။ကျွှန်မတို့ အဖွဲ့ ချုပ်က ချမ်းသာ ကြွယ်ဝတဲ့ ပါတီမဟုတ်ပါဘူး။သို့ သော်ငြားလည်း ကျွှန်မတို့ ဟာ ပြည်သူရဲ့ မေတ္တာ ၊ စေတနာအရတော့ အင်မတန်မှ ချမ်းသာကြွယ်ဝတယ်လို့ ကျွှန်မတို့ ကို ကျွှန်မသတ်မှတ်ထားပါတယ်။သို့ သော်လည်း ပြည်သူ့ မေတ္တာ ၊ စေတနာ ဆိုတာလည်း အနိစ္စသဘောတရားက ကင်းတာမဟုတ်ဘူး။ဘယ်နိုင်ငံရေးအဖွဲ့ အစည်းမဆို မှန်မှန်ကန်ကန် မလုပ်ဘူး။နိုင်ငံအကျိုးအတွက် မဆောင်ရွှက်ဘူး ဆိုလို့ ရှိရင် ပြည်သူ့ မေတ္တာ ၊ စေတနာတွေ ဆုံးရူံးရမှာပဲ။ဒီဟာကို ကျွှန်မတို့ ကောင်းကောင်း နားလည်ပါတယ်။
ဒါကြောင့် ပြည်သူ့ အားကို အားကိုးတဲ့ အခါမှာ မှန်ကန်တဲ့ နည်းတွေနဲ့ ပြည်သူကလေးစားမှ ၊ မေတ္တာရှိမှ ၊ စေတနာရှိမှ ၊ ယုံကြည်မှ ဒီအားတွေနဲ့ ဒီနိုင်ငံကို ပြုပြင်ပြောင်းလဲသင့်သလို ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုတာကို လက်ခံပြီးသားပါ။
ကျွှန်မတို့ ရဲ့ ပြည်သူတွေဟာ ခုဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ပတ်သတ်လို့ သေသေချာချာ နားလည်အောင်ကြိုးစားနေတာ ဒါပါပဲ။နားမလည်ပဲ လက်ညှိးထောင်ပြီး ခေါင်းငုံတဲ့ ပြည်သူမျိုး မလိုချင်ဘူး။ခေါင်းဆိုတာဟာ ငုံဖို့ ပေးထားတာ မဟုတ်ဘူး။စဉ်းစားဖို့ ပေးထားတာပဲ။ဒီခေါင်းက စဉ်းစားလိုက်လို့ ခံရမယ်လို့ ထင်ရင် ခံသာ ခံပေတော့။လိုက်ပြီးတော့ မညိတ်နေနဲ့ ။အဲဒီလို ညိတ်ဖို့ လုပ်ထားတဲ့ ခေါင်းမျိုးဆိုတာဟာ ကျွှန်မတို့ ရဲ့ နိုင်ငံကို ဘယ်လိုမှ အကျိုးမပြုနိုင်ပါဘူး။
ဒါကြောင့် ပြည်သူရဲ့ အားကို ကျွှန်မတို့ အားကိုးတယ်။ပြည်သူရဲ့ အားကို ယူပြီးတော့ ကျွှန်မတို့ ရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေပြောင်းလဲဖို့ ကျွှန်မတို့ ကြိုးစားတယ်။ပြည်သူ့ အားဆိုတာ ဘယ်လိုနည်းနဲ့ ကျွှန်မတို့ သုံးစေချင်သလဲ။ပြည်သူတွေရဲ့ ဆန္ဒကို အများသိစေချင်တယ်။အခု ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သတ်နေတဲ့ ပုဂ္ဂိုလ်များ ၊ အဖွဲ့ အစည်းများဟာ ပြည်သူရဲ့ ဆန္ဒဘယ်လိုရှိတယ်ဆိုတာကို သိစေချင်တယ်။ဒါကတော့ ပြည်သူရဲ့ ဆန္ဒဘယ်လိုရှိသလဲဆိုတာသိချင်ရင် ပြည်သူကို မကြောက်အောင် ထားရမယ်။ပြည်သူကို ပြောရဲဆိုရဲအောင် ထားရမယ်။မာန်ပြီးတော့ သဘောတူသလား ။ သဘောမတူဘူးလားဆိုရင် ပြည်သူလူထုက ဟုတ်ကဲ့ သဘောတူပါတယ်လို့ ပြောတဲ့ အခြေအနေမျိုး ကျွှန်မတို့ လုံးဝမလိုချင်ဘူး။ကျွှန်မတို့ အတွက် အဲဒီလို သဘောတူညီမူမျိုးဟာ အဓိဟယ်လည်း မရှိဘူး။တန်ဖိုးလဲ မရှိဘူး။
တကယ်ပဲ ဒီမိုကရေစီကို ဦးတည်နေတယ် ဆိုလို့ ရှိရင် ပြည်သူတွေရဲ့ အသံကို နားထောင်ရမယ်။ပြည်သူတွေရဲ့ အသံကို ကြောက်စရာ မလိုဘူး။ရွှံ့ စရာ ၊ ပယ်စရာလည်း မလိုဘူး။ကျွှန်မကို တစ်ချို့ က မေးမယ်။ပြည်သူ့ အသံနားထောင်ရမယ်ဆိုရင် ကျွှန်မက ပြည်သူပြောသမျှ အမြဲလက်ခံမလားလို့ မေးရင် ကျွှန်မလက်မခံဘူးလို့ ပြောမယ်။ကျွှန်မက အခုကနေပြီးတော့ ပြည်သူတွေက ဘာတောင်းဆိုမလဲဆိုတာကို ကျွှန်မဆုံးဖြတ်လို့ မရဘူး။အဆိုတစ်ခုရှိပါတယ်။အားလုံးကို အချိန်အတိုင်းအတာ တစ်ခုအထိ လှည့်ဖြားလို့ ရမယ်။အနည်းစုကို အချိန်ထာဝရလှည့်ဖြားလို့ ရမယ်။ဒါပေမယ့် အားလုံးကို ထာဝရလှည့်ဖြားလို့ မရဘူးဆိုတဲ့ အဆိုရှိသလို ပြည်သူတွေကို တစ်ချို့ တွေက စွဲဆောင်မူကြောင့်မို့ လို့ တစ်ခဏအားဖြင့် သူတို့ ဆန္ဒတွေဟာ တစ်မျိုးဖြစ်နေရင် ကျွှန်မအနေနဲ့ တိုင်းပြည်အတွက် ရေရှည်အတွက် မကောင်းဘူးထင်ရင်တော့ ကျွှန်မက ပြည်သူ့ စကားဆိုပေမယ့် ကျွှန်မသဘောမတူဘူးဆိုရင် ပွင့်ပွင့်လင်းလင်း သဘောမတူဘူးလို့ ပြောမယ်။ခိုးကြောင်ခိုးဝှက်တော့ ခေါင်းငုံပြီး ကျွှန်မလုပ်ချင်တာ လုပ်မှာ မဟုတ်ဘူး။ကျွှန်မပြောချင်တာက ပြည်သူကို မလေးစားလို့ မဟုတ်ဘူး။ပြည်သူကို လေးစားလို့ ကိုး ပြည်သူ့ စကား အမြဲပဲနားထောင်မယ်ဆိုတဲ့ ကတိမျိုး ကျွှန်မမပေးနိုင်ဘူး။ပြည်သူအနေနဲ့ လည်း ကျွှန်မတို့ ကို အမြဲထောက်ခံမယ်ဆိုတဲ့ ကတိမျိုး မပေးနိုင်ဘူးဆိုတာ ကျွှန်မလက်ခံတယ်။ထောက်ခံချင်တဲ့ အခါ ထောက်ခံမယ်။ထောက်ခံသင့်တဲ့ဟာ ထောက်ခံမယ်။ဒါ ကျွှန်မတို့ အဖွဲ့ ချုပ်နဲ့ ပြည်သူကြားမှာ နောက်ဆုံးကြတော့ ဖြောင့်ဖြောင့်တန်းတန်းနဲ့ ဆက်ဆံရမယ်။
ပြည်သူ့ အကြိုက် အမြဲလုပ်တယ်ဆိုတာဟာ တကယ်ကြတော့ ပြည်သူ့ အကြိုက် မဟုတ်တော့ဘူး။ကိုယ်ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တယ်ဆိုတဲ့ သဘောမျိုး ဖြစ်သွားနိုင်တယ်။အဲတာမျိုးကို ကျွှန်မတို့ မလုပ်ဘူး။ကြိုက်သည်ဖြစ်စေ ကျွှန်မပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ကျွှန်မအနေနဲ့ ပြည်သူတွေနဲ့ အမြဲပဲ တစ်သဘောထားတည်း ရှိပါမယ်လို့ ကျွှန်မ ကတိက၀တ် မခံနိုင်ဘူး။ဒါပေမယ့် ကျွှန်မတို့ ဘာပဲ လုပ်လုပ် အဖွဲ့ ချုပ်က ဘယ်လိုပဲ မူဝါဒချချ ပြည်သူကို ရှင်းလင်းတင်ပြမယ်။ကျွှန်မတို့ အမြင်နဲ့ ရဲရဲဝင့်ဝင့်နဲ့ အများစုက သဘောမတူရင်လဲ ဘာကြောင့် သဘောမတူကြောင်းဆိုတာကို ကျွှန်မတို့ ပြောမယ်။
အဲဒီတော့ ဒီအတိုင်းပဲ။ပြည်သူကို တကယ်လေးစားတယ်ဆိုလို့ ရှိရင် ဖွဲ့ စည်းပုံအခြေခံဥပဒေကို မပြင်ချင်တဲ့သူတွေက ပြည်သူတွေနဲ့ မျက်နာချင်းဆိုင် ဆွေးနွေးပြီးတော့ ဘာဖြစ်လို့ မပြင်ချင်ပါဘူးလဲဆိုတာကို လက်ခံနိုင်အောင်လို့ ရှင်းပြပါလို့ ကျွှန်မက စိန်ခေါ်ချင်ပါတယ်။ဒီလို တကယ်ပဲ ရှင်းပြနိုင်ရင် ပြည်သူကလဲ လက်ခံမှာပေါ့။ဒါပေမယ့် မမှန်ကန်တဲ့နည်းတွေနဲ့ ပြည်သူကို ဘာကြောင့်မို့ လို့  ဖွဲ့ စည်းပုံအခြေခံဥပဒေကို မပြောင်းမလဲထားချင်သလဲလို့ ပြောရင်တော့ ပြည်သူကလည်း သဘောတူမှာ မဟုတ်ဘူး။
ဒီဖွဲ့ စည်းပုံအခြေခံဥပဒေဟာ (၂၀၀၈)ခုနစ်က အတည်ပြုခဲ့တယ်။အတည်ပြုခဲ့တဲ့ဖွဲ့ စည်းပုံအခြေခံဥပဒေကို လုံးဝ ၊ ထာဝရ မပြောင်းချင်တဲ့စိတ်ရှိတယ် ဆိုတာဟာ တကယ်တော့ ဒါအနိစ္စသဘောကို နားမလည်လို့ ပဲလို့  ကျွှန်မဒီလိုပြောရမှာပဲ။ပြောင်းလဲမူဆိုတာ အမြဲရှိနေတာ။ကျွှန်မပြောပါတယ်။(၁၉၄၈)ခုနစ်တုန်းက ကျွှန်မတို့ လွှတ်လပ်ရေးရခဲ့တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပါဘူး။လိုအပ်ချက်တွေရှိခဲ့ပါတယ်။ဒီဥပဒေဟာ ဖေဖေဦးဆောင်ပြီးတော့ ရေးဆွဲခဲ့တဲ့ဥပဒေပါ။အဲဒီတုန်းက အချိန်ကာလ အခြေအနေအရ ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့တယ်။ကောင်းတဲ့ဟာတွေလည်း အများကြီးပါတယ်။မပြည့်စုံတာတွေလည်း ပါတယ်။ဒါကို ကျွှန်မအနေနဲ့ လက်ခံရဲတယ်။ဝန်ခံရဲတယ်။ဖေဖေသာ သက်ရှိထင်ရှားရှိနေလို့ ရှိရင်လဲ သတ္တိရှိရှိနဲ့ တာဝန်ယူပြီးတော့ ရင်ဆိုင်မယ်လို့ ကျွှန်မယုံကြည်တယ်။ဖေဖေကတော့ ငါနဲ့ မဆိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။တာဝန်ယူမယ်လို့ ပြောမှာ။အဲဒီတော့ ဒီလိုပြောရဲတဲ့ သတ္တိကို တန်ဖိုးထားကြပါ။မပြောင်းချင်တဲ့ မာနကို တန်ဖိုးမထားပါနဲ့လို့ ကျွှန်မက မေတ္တာရပ်ခံချင်ပါတယ်။
တစ်ချို့ တွေက ဖွဲ့ စည်းပုံအခြေခံဥပဒေကို အကာအကွယ်တစ်ခုအနေနဲ့ ယူနေကြတယ်။ဒါလဲ ကျွှန်မ ပြည်သူနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမယ့် ကိစ္စပါ။အကာအကွယ်တစ်ခုအနေနဲ့ ဘယ်လိုယူကြလဲဆိုတာ အဲလိုပြောရရင် အဖွဲ့ ချုပ်က အာဏာရသွားလို့ ရှိရင် ကျွှန်မတို့ က အစိုးရဖွဲ့ ဖြစ်သွားလို့ ရှိရင် ပြန်ပြီးတော့ ဂလဲ့စားချေမလား။ထိခိုက်အောင် လုပ်မလားဆိုတဲ့ စိုးရိမ်ပူပန်မူတွေရှိတယ်ဆိုပြီး ကျွှန်မကို မကြာခဏလာပြီးပြောတာရှိတယ်။ကျွှန်မက နံပါတ်တစ်အားဖြင့် ပြောတာက ကျွှန်မတို့ (၁၉၈၈)ခုနစ် ဒီပါတီကို ဖွဲ့ စည်းစဉ်အခါတည်းက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်မယ်လို့ ကျွှန်မတို့ ပြောခဲ့တယ်။အဲဒီတော့ မေးခွန်းတစ်ခု မေးမယ်နော်။ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ ရော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်တစ်ဦးအနေနဲ့ ရော ပြည်သူတွေကို ပေးခဲ့တဲ့ ကတိတွေ ဖောက်ဖျက်ခဲ့တာ ရှိလားလို့ မေးချင်ပါတယ်။ကျွှန်မတို့ တစ်ခါမှ မဖောက်ဖျက်ခဲ့ဘူး။ကျွှန်မတို့ ရွှေးကောက်ပွဲအတွက် စည်းရုံးတဲ့ကာလ (၁၉၉၀)ခုနစ် ရွှေးကောက်ပွဲအတွက် ၊ အရင်နစ်တုန်းက ကြားဖြတ်ရွှေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်နေတဲ့ အခါကာလတုန်းက ကျွှန်မသေသေချာချာ ကျွှန်မတို့ အဖွဲ့ ဝင်တွေကို ပြောခဲ့ပါတယ်။မတည်နိုင်တဲ့ ကတိတွေ မပေးနဲ့ ။မဲလိုချင်တာနဲ့ ပြည်သူတွေကို ဘာပဲ ကတိပေးရ ၊ ပေးရဆိုတဲ့ မူနဲ့ မလုပ်ပါနင့်လို့ ကျွှန်မသေသေချာချာ ပြောခဲ့တယ်။ကျွှန်မကိုယ်တိုင်လဲ ကျွှန်မပြောခဲ့တယ်။ကျွှန်မပေးနိုင်တဲ့ ကတိတစ်ခုပဲ ရှိတယ်။အဲဒါဘာလဲဆိုတော့ ကျွှန်မအတတ်နိုင်ဆုံး လုပ်မယ်။ကော့မူးမှာ ကျွှန်မလာပြီးတော့ စည်းရုံးရေးဆင်းခဲ့တယ်။မဲဆွယ်ခဲ့တယ်။ကျွှန်မတို့ ကို ထောက်ခံဖို့ မဲပေးဖို့ ကျွှန်မတို့ တောင်းဆိုခဲ့တယ်။အဲဒီတုန်းကလဲ ကျွှန်မ ဒီအတိုင်းပဲ ပြောခဲ့တယ်။ကျွှန်မတို့ အတတ်နိုင်ဆုံး လုပ်ပေးမယ်။ပြည်သူတွေရဲ့ ဘ၀တွေကို တိုးတတ်အောင် အတတ်နိုင်ဆုံး လုပ်ပေးမယ်။ ဒါပေမယ့် ဒီဟာ ၊ ဒီဟာ လုပ်ပေးမယ်ဆိုပြီးတော့ ကိုယ်မပိုင်တဲ့ ကတိတွေကို မပေးပါဘူးလို့ ကျွှန်မပြောခဲ့တယ်။ဒီတော့ ကျွှန်မတို့ ဘယ်တုန်းကမှ ကတိမဖျက်ခဲ့ဘူး။အဲဒါတော့ ကျွှန်မစိန်ခေါ်ရဲတယ်။ကျွှန်မတို့ အဖွဲ့ ချုပ်က ဘယ်ကတိဖျက်ခဲ့သလဲ။ဖျက်ခဲ့တယ်ဆိုရင် ကျွှန်မတို့ ကို လာပြီးတော့ ပြောပါ။ဘာဖြစ်လို့ အဲဒီကတိဖျက်ခဲ့သလဲဆိုရင် ကျွှန်မတို့ မှာ ရှင်းလင်းရမယ့် တာဝန်ရှိတယ်။
ကျွှန်မတို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ပတ်သတ်လို့ လည်း ကျွှန်မတို့ ကတိမဖျက်ဘူး။အခုလဲ ဒီကနေပြီးတော့ ကတိပေးချင်တယ်။ကျွှန်မတို့ ပြည်သူပြည်သားတွေကြားမှာ စိတ်ဝမ်းကွဲစေမယ့် ကိစ္စတွေ ကျွှန်မဘယ်တော့မှ မလုပ်ဘူး။စိတ်ဝမ်းကွဲမယ်ထင်တဲ့ ကိစ္စတွေကို ကျွှန်မ မလုပ်လို့ ကျွှန်မကို မထောက်ခံရင်လဲ ရတယ်။မထောက်ခံနဲ့ ။ကျွှန်မက ထောက်ခံမူ လိုချင်လို့ နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။ဒီနိုင်ငံတိုးတတ်စေချင်လို့ နိုင်ငံရေးလုပ်နေတာ။အဲဒါကြောင့်မို့ လို့ ဒီလိုကိစ္စတွေနဲ့ ဆွေးနွေးချင်ရင် ဆွေးနွေးဖို့ အဆင်သင့်ပဲ။
ကျွှန်မပြောတယ်နော်။ပြည်သူတွေအထဲမှာ တပ်မတော်သားတွေ ပါဝင်တယ်ဆိုတာ တိတိကျကျ ပြောပါရစေ။တပ်မတော်သားအားလုံးဟာ ကျွှန်မတို့ ပြည်သူတွေပဲ။ကျွှန်မတို့ နိုင်ငံသူနိုင်ငံသားတွေပဲ။ကျွှန်မတို့ နိုင်ငံသူ ၊ နိုင်ငံသားတွေကြားထဲမှာ စိတ်ဝမ်းကွဲစေမယ့် အလုပ် ကျွှန်မ မလုပ်ဘူး။ဒီလိုလုပ်လို့  ကျွှန်မတို့ နိုင်ငံတိုးတတ်နိုင်မှာ မဟုတ်ဘူး။
ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေးကိုလည်း ညှိနိုင်းဆွေးနွေးတိုင်ပင်ပြီးတော့ ကျွှန်မတို့ လုပ်သွားချင်တယ်။ဒါကြောင့်မို့ ကျွှန်မ မကြာခင်တုန်းကနေပြီးတော့ လေးဦးလေးဖက် တိုင်ပင်ပါ။ဆွေးနွေးပါ ဆိုပြီးတော့ ကျွှန်မက တောင်းဆိုခဲ့တယ်။အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သတ်လို့ တစ်ဖက်ကနေပြီးတော့ တုန့် ပြန်ချက်က ပါတီတွေ အများကြီးရှိတယ်ပေါ့နော်။ဒီပါတီ တစ်ပါတီတည်းနဲ့ ဆွေးနွေးတယ်ဆိုလို့ ရှိရင် မသင့်တော်လို့ စသဖြင့် ဒီလိုဟာမျိုးကြတော့ ဒီလိုပြောပြီးတော့ စောစောက ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ ပါနေတဲ့ အင်မတန်မှ မမျှတတဲ့ ကိစ္စတွေကိုတော့ မသိချင်ယောင်ဆောင်နေတာဟာ ဒါကတော့ သိပ်မရိုးသားဘူးလို့ ကျွှန်မ ဒီလိုပဲ ပြောရမှာပါ။ဒီလောက်တောင်မှ မမျှတမူကို မလိုလားဘူးဆိုရင် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ကို ပြင်ရမယ်။အဲဒီထဲမှာ မမျှတတဲ့ ကိစ္စတွေအားလုံးကို ဖယ်ရှားပေးရမယ်။အဲဒါတွေတော့ သိသိကြီးနဲ့ ကြည့်နေပြီးတော့ ကျွှန်မက ပါတီတစ်ခုကိုပဲ ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်မို့ လို့ အခုကို တွေ့ ဖို့ မသင့်တော်ပါဘူး ဆိုတာကို ကျွှန်မတို့ ပြည်သူတွေအနေနဲ့ ဒီဟာကို ဘယ်လိုမြင်သလဲလို့ ပြောလို့ ရှိရင် ဒါဟာ အဓိဟယ်မရှိတဲ့ အကြောင်းပြချက်တစ်ခု ၊ ဆင်ခြေတစ်ခုလို့ ကျွှန်မက ပြောမှာပဲလို့ ထင်ပါတယ်။လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စကို ဘယ်သူကပဲ ဝေဖန် မလုပ်ရဲတဲ့ သူများဟာ တိုင်းပြည်ကို လုံးဝဦးမဆောင်သင့်ဘူး။
သူတို့ အပြောအဆိုပေါ့နော်။ပြောရမယ်ဆိုရင် အခု ဘယ်သူကိုမှ စောင်းပြောတာ မဟုတ်ပါဘူး။လက်ခုတ်ထူတဲ့ နိုင်ငံရေးမျိုးဆိုတာ ကောင်းတဲ့ နိုင်ငံရေးမျိုး မဟုတ်ဘူး။ပြည်သူလူထုက စိတ်ထဲမှာ ၀မ်းသာလို့ စိတ်ပါလို့ အားရလို့  လက်ခုတ်တီးတယ်။သြဘာပေးတယ်ဆိုရင် ကျွှန်မတို့ က မကျေနပ်ဘူးလား။ကျေနပ်တာပေါ့။ဒါက အဓိကမဟုတ်ဘူး။ဒီဟာအတွက် လက်ခုတ်သြဘာခံယူချင်လို့ ပဲ လုပ်နေတယ်ဆိုရင် အမှားအယွင်းတွေ အများကြီး ဖြစ်သွားနိုင်တယ်။ဟိုလူက တောင်းဆိုလို့ ရှိရင် ဟုတ်ကဲ့ ပြောလိုက် လက်ခုတ်ကလေးတီးလိုက် ၊ ဒီဘက်ကတောင်းဆိုရင်လဲ ဟုတ်ကဲ့ ပြောလိုက် လက်ခုတ်ကလေးတီးလိုက်။ အဲလိုပုံစံနဲ့ ကျွှန်မတို့ နိုင်ငံကို တိုးတတ်အောင် မလုပ်နိုင်ဘူး။
ကျွှန်မအချိန်အကြာကြီးလဲ မပြောချင်ဘူး။နောက်ကျွှန်မတို့ အစီအစဉ်လဲ မပြီးသေးဘူး။ပြည်သူလူထုက နေလှန်းခံနေတာလဲ ကျွှန်မသိတယ်။ကျွှန်မတို့ ပြည်သူတွေ တောင့်တယ်ဆိုတာလဲ သိတယ်။ဒီထဲမှာ ဆိုလို့ ရှိရင် တစ်ချို့ ဆို ဟိုးကျွှန်မတို့ အိမ်ရှေ့ မှာ စနေ ၊ တနင်္ဂနွေ ဟောပြောပွဲတွေမှာကတည်းက လာရောက်ပြီး ထောက်ခံနေခဲ့ တဲ့ ပုဂ္ဂိုလ်တွေက အခုထိ မားမားမတ်မတ်နဲ့ ရှိသေးတယ်ဆိုတာ ကျွှန်မမြင်ရတဲ့ အခါကြတော့ အင်မတန်မှ အားတတ်တယ်။အနစ်(၃၀)နီးပါး တကယ်ကို တောင့်တောင့်တင်းတင်းနဲ့ ကျွှန်မတို့ ကို ထောက်ခံခဲ့တယ်။အဲဒီတော့ တစ်ချို့ တွေ က စိတ်ထဲမှာ သြော် ငါတို့ က မနေ့ တစ်နေ့ က ရောက်လာပြီးဆိုပြီးတော့ အားငယ်တဲ့ စိတ်မရှိပါနဲ့ ။ဘာဖြစ်လို့ လဲဆိုရင် စိတ်ဆိုတာက တစ်စက္ကန့် အတွင်းပြောင်းလဲလို့ ရတယ်။ဒါပေမယ့် ကောင်းတဲ့ ဘက်ကို ပြောင်းဖို့ ပြောတာပါ။မကောင်းတဲ့ ဘက်ကိုလည်း တစက္ကန့် အတွင်းမှာ စိတ်က ပြောင်းသွားလို့ ရပါတယ်။ဒီအချိန် ဒီအခါမှာလည်း ထောက်ခံသင့်လို့ ထောက်ခံလာတယ်ဆိုတာလည်း သူအချိန်သူ့ ကာလအရ လိုအပ်ချက်ဖြစ်လို့ လုပ်ပေးတာကိုလည်း ကျွှန်မတို့ အင်မတန်မှ ကျေးဇူးတင်တယ်။နောက်ပြီးတော့ ကျွှန်မတို့ အချင်းချင်းမှာလည်း အဲဒီဟာတွေနဲ့ ပတ်သတ်လို့ စိတ်ဝမ်းကွဲမူတွေ မရှိစေချင်ဘူး။ဒို့ က ဘယ်တုန်းက ရောက်နေတာ မင်းတို့ က အခုမနေ့ တစ်နေ့ ကမှ အဲလိုပြောကြေးဆိုလို့ ရှိရင် တနေ့ ဆိုရင် ကျွှန်မတို့ လဲ ရှိတော့မှာ မဟုတ်ဘူး။လူငယ်တွေက တတ်လာမှာပဲ။အဲဒီတော့ အပြောင်းအလဲဆိုတာတော့ ရှိမှာပဲ။အသစ်ရောက်လာတဲ့ လူတွေကိုလည်း ကျွှန်မတို့ လက်ကမ်းကြိုဆိုတယ်။အဟောင်း ကျွှန်မတို့ ရဲ့ သစ္စာရှိရှိ ရက်ပေါင်းများစွာ လျှောက်လှမ်းခဲ့တဲ့ သူတွေကိုလည်း အင်မတန်မှ ကျေးဇူးတင်တယ်။တန်ဖိုးထားတယ်။ဒီလိုစိတ်ဓာတ်တွေကို အခြေခံပြီးတော့ ကျွှန်မတို့ နိုင်ငံ တိုးတတ်အောင် လုပ်နိုင်မယ်လို့ ကျွှန်မယုံကြည်ပါတယ်။” ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ပါသည်။
NLD ပါတီဥက္ကဌ ဖေ့စ်ဘွတ် မှ ကူးယူဖော်ပြသည်၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၃
မိုးမခ Burmese News
ဓာတ်အားပေးစက်ရုံ ဆောက်ရန် လျှပ်စစ်ဝန်ကြီးဌာန ဖိတ်ခေါ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟာ ဓာတ်အားပေးစက်ရုံ တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လိုသူတွေကို ဖိတ်ခေါ်လိုက်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူမှု ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှု ရှိ၊ မရှိ ဆိုတဲ့ အချက်အပေါ်မှာ အဓိကထား စိစစ်ရွေးချယ် ခွင့်ပြုသွားမယ်လို့ ဒီဇင်ဘာ ၁၇ ရက်စွဲနဲ့ ကြေညာပါတယ်။
ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ တည်ဆောက်လိုတဲ့ တိုင်းနဲ့ ပြည်နယ်နေရာဒေသ၊ ရေအား လျှပ်စစ်၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးသုံး ဘယ်အမျိုးစား၊ အသုံးပြုတဲ့ စက်ရုံ တည်ဆောက်မယ်ဆိုတာကို ပြည့်ပြည့်စုံစုံ ဖော်ပြပြီး ကုမ္ပဏီအချက်အလက်နဲ့တကွ ၀န်ကြီးဌာနမှာ လာရောက် ဆွေးနွေး လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကျေးရွာတွေရဲ့ ၃ ပုံ ၁ ပုံလောက်ပဲ လျှပ်စစ်ဓာတ်အား ရရှိနေပြီး လျှပ်စစ်ဓာတ်အား လိုအပ်ချက် အလွန် များပြားကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း အဓိက အဟန့်အတား ဖြစ်စေတဲ့ အချက်တခု ဖြစ်နေပါတယ်။
လက်ရှိ အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)၊ တရုတ် EXAM ဘဏ်တွေကနေ ချေးငွေတွေ ရယူပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံအသစ် တည်ဆောက်တာ၊ နဂို ရှိပြီးသားစနစ်ကို ပိုမို ကောင်းမွန်အောင် ပြုပြင်ပြီး လျှပ်စစ်ဓာတ်အား ပိုထွက်လာအောင် လုပ်တာ စတာတွေ ဆောင်ရွက်နေပါတယ်။
DVB Burmese
ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို KNU ဗဟိုနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆေးမည်
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သံသယရှိသူ စောထွန်းထွန်းနှင့် နောက်ကွယ်မှ စေခိုင်းသူ စောတဝါး တို့ကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် KNU အမျိုးသား အစည်းအရုံး ဗဟိုမှ ဖဒိုစောရော်ဂျာခင်က ပြောကြားသည်။
နောက်ကွယ်က စေခိုင်းသည်ဟု ဆိုသူ စောတဝါးကို အမှန်တကယ် ဟုတ်မှန်ခြင်းရှိ မရှိ စောထွန်းထွန်းကို မေးမြန်းစစ် ဆေးပြီး အမှန်တကယ် နောက်ကွယ်က စေခိုင်းခြင်းမှန်လျှင် စောတဝါးကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီ ဖော်ထုတ် ဖမ်းဆီးသွားမည် ဖြစ်ကာ လက်ရှိတွင် စောတဝါးကို ဖမ်းဆီးထားခြင်း မရှိသေးကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန် တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှု အတွက် သံသယရှိသူ စောထွန်းထွန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တောင်ငူခရိုင် တပ်မဟာ (၃) အကူအညီဖြင့် ဖမ်းဆီး ရရှိထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက ပြောကြားခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့် လယ်ဝေးမြို့မှ လာရောက်တည်းခို နေထိုင်သူ အသက် ၂၉ နှစ်အရွယ် မီးရထား ရဲတပ်သားတစ်ဦးနှင့် ညောင်လေးပင်မြို့မှ လာရောက်တည်းခို နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ကြောင်း တောင်ငူမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးပေါ်ပေါက်ချက် များအရ စုံစမ်းသိရှိရသည်။
တောင်ငူမြို့ ဗုံးပေါက်ကွဲမှု အတွက် သံသယရှိသူ စောထွန်းထွန်းကို ငွေကျပ် ၂၀,၀၀၀ ပေးပြီး ခိုင်းစေသူကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟိုမှ ဥက္ကဋ္ဌ ဖဒိုစောရော်ဂျာခင်၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောဖောဒိုနှင့် အဖွဲ့ဝင် ဖဒိုစောအယ်ကလူဆေးတို့ ပါဝင်သော ပူးပေါင်းစုံစမ်း ဖော်ထုတ်ရေး ကော်မတီကို နိုဝင်ဘာလ အတွင်း ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
"စောတဝါးကို လက်ရှိမှာ ဖမ်းဆီးထားခြင်း မရှိသေးပါဘူး။ အကြမ်းဖက် ဖောက်ခွဲမှုတွေကို ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ လက်သင့်မခံပါဘူး။ သူက ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ ထဲမှာတော့ ရှိနေတယ်ဆိုတာ ဝန်ခံပါတယ်" ဟု အဆိုပါအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောဖောဒိုက ဆိုသည်။
မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ခုနစ်ရက်တာကာလ အတွင်း ဗုံးတွေ့ရှိမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ရာတွင် လူသုံးဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
The Voice Weekly Myanmar
ဖက်ဒရယ်ဖွဲ့စည်းပုံအဖြစ် ပြင်ဆင်ရန် ၈၈ မျိုးဆက်အကြံပြု
လက်ရှိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဖက်ဒရယ်ဖွဲ့စည်းပုံအဖြစ် ပြင်ဆင် ပြောင်းလဲဖို့ အပါအ၀င် အနှစ်သာရတွေကို ပြောင်းလဲပစ်ဖို့ တိုက်တွန်းထားတဲ့ အကြံပြုလွှာကို လွှတ်တော်ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံ မကြာခင် ပေးပို့သွားမယ်လို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းကနေပြီး သဘောထား သုံးချက်ပါဝင်တဲ့ အကြံပြုချက်ကို လွှတ်တော်ကော်မတီထံ ဒီဇင်ဘာ တတိယပတ်မှာ ပေးပို့သွားမယ်လို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဂျင်မီက ပြောပါတယ်။
“ကျနော်တို့က သဘောတရားကို အခြေခံပြီးတော့ ပြောမှာပါ။ ပုဒ်မ ၁ ခုချင်းဆီကို လိုက်ပြီး မပြောတော့ဘူး။ သဘောတရားကတော့ အချက် ၃ ချက်ကို ထောက်ပြမယ်။ ၁ အချက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ ပြုလွယ်ပြင်လွယ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ရမယ်။ နောက်တချက် ဖွဲ့စည်းပုံအခြေခံဥပဒေက ဗဟိုချုပ်ကိုင်မှု နည်းပြီးတော့ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးတည်ရမယ်။ တတိယအချက်က ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်များ လွှမ်းမိုးတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ရမယ်။ အဲဒီအချက် ၃ ချက်အပေါ် အခြေခံပြီး ကျနော်တို့ရဲ့ သဘောထား အယူအဆကို တင်ပြသွားမှာဖြစ်တယ်။”
ဒီလိုတင်ပြရာမှာ လွှတ်တော်ကော်မတီအပြင် တိုင်းပြည်ရဲ့ခေါင်းဆောင်တွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးအင်အားစုတွေဆီကိုပါ လာမယ့် သီတင်းပတ်အတွင်း တင်ပြသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
နိုင်ငံရေးပါတီပေါင်းစုံက လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက လာမယ့် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီး ဖွဲ့စည်းပုံဆိုင်ရာ အကြံပြုချက်တွေ ပေးပို့ကြဖို့ ဖိတ်ခေါ်ထားတာပါ။
လတ်တလော ပါတီအဖွဲ့အစည်းတွေနဲ့ အသင်းအဖွဲ့တွေက ရရှိထားတဲ့ အကြံပြုစာပေါင်း ၂၅၀၀ ကျော် ရရှိသွားပြီလို့လည်း ထုတ်ပြန်ထားပါတယ်။
အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လူထုဆန္ဒခံယူပွဲတွေ လုပ်ဆောင်နေတာပါ။
၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် သွားမယ့် ဘယ်သူမဆိုနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဦးဂျင်မီက ပြောပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောကို မတူခဲ့ဘူး။ လက်ကို မခံခဲ့ဘူး။ မဲကိုမထည့်ခဲ့ဘူး။ သပိတ်မှောက်ခဲ့တဲ့ လူတွေပေါ့ဗျာ။ အဲဒီတော့ ဒီကနေ့ ဒီအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ လူထုဆန္ဒအမှန်ကို လက်ခံပြီလား။ လူထုဆန္ဒအမှန်အတိုင်း ပြုပြင်ပြောင်းလဲမှာလား ဆိုတဲ့ မေးခွန်းတွေတော့ ရှိလာတာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မည်သူမဆို ပြင်ဆင်မယ့်သူတွေ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနောက်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှအခွင့်အရေးကို ပေးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို သွားမယ့် သူတွေရဲ့ လုပ်ရပ်မဆို ကျနော်တို့က ထောက်ခံ အားပေးသွားမယ်။”
ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးအပါအ၀င် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေဟာ စစ်အစိုးရ လက်ထက်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံဘဲ အစဉ်တစိုက် ကန့်ကွက်ခဲ့ကြသူတွေဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အစိုးသစ်လက်ထဲမှာမှ နှစ်ရှည်ထောင်ဒဏ်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာကြတာပါ။
DVB Burmese
ရွှေထားဝယ် ခရီးသည်တင် မျက်နှာချင်း ဆိုင်ယာဉ်တိုက်မှုကြောင့် (၁)ဦးသေ (၅)ဦးဒဏ်ရာရ
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာ၊ မိုင်တိုင်အမှတ်(၉၅/၆)နှင့် (၉၇/၆)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်းသတင်းအရ ကျိုက်ထိုရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ မော်လမြိုင်မှ ရန်ကုန်သို့ သထုံမြို့နယ်၊ သုဓမ္မ၀တီမြို့သစ်နေ သက်နိုင်ဝင်း(၂၉)နှစ် မောင်းနှင်လာသော ၆က/xxxxxx ဖောအမျိုးအစား ကုန်းလမ်းပို့ဆောင်ရေးပိုင် အပြာရောင်ယာဉ်သည် ရှေ့မှမောင်းနှင် နေသောယာဉ်အားကျော်တက်စဉ် မျက်နှာချင်းဆိုင်တစ်ဖက်ယာဉ်ကြောရှိ ရန်ကုန်မှ မော်လမြိုင်သို့ ကော့သောင်းမြို့နယ်၊ အေးမြကန်သာရပ်ကွက်၊ အင်းယားမြိုင်လမ်းနေ ဦးတင်မြင့်(၅၀)နှစ် မောင်းနှင် လာသော ယာဉ်အမှတ် ၈စ/xxxxx ဖူဆိုအမျိုးအစား ““ရွှေထားဝယ်”” ခရီးသည်တင် မှန်လုံယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြကြောင်း တွေ့ရှိရသည်။
 ယာဉ်တိုက်မှုကြောင့် သက်နိုင်ဝင်းသည်အခင်းဖြစ် နေရာတွင်သေဆုံးခဲ့ပြီး ဖောယာဉ်ပေါ်တွင်လိုက်ပါလာသူ သထုံမြို့နယ်၊ သုဓမ္မ၀တီမြို့သစ်နေ အေးအေးအောင်(၂၈)နှစ်ပါ ၃ ဦးတွင် ယာလက်ခုံ/ယာနားထင်ပြတ်ရှ၊ ယာဒူးခေါင်းဖူးရောင် ဒဏ်ရာများအသီးသီးရရှိသည့်အပြင် ဖူဆိုယာဉ်ပေါ်တွင်လိုက်ပါလာသည့် ကော့သောင်းမြို့နယ်၊ အေးမြကန်သာရပ်ကွက်၊ အင်းယားမြိုင်လမ်းနေ စိုးရန်ကျော် (၂၀)နှစ်ပါ(၂)ဦးတွင် ယာဘက်ခြေဖမိုး ဖူးရောင်၊ ၀ဲနားထင်၊ ၀ဲ/ယာခြေသလုံးပြတ်ရှဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် သက်နိုင်ဝင်းအား အပိုင်နယ်မြေဖြစ်သည့် သိမ်ဇရပ်နယ်မြေရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
သီလ၀ါစီးပွားရေးဇုန် ပြည်သူပါဝင်နိုင်မည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ထုတ်ပြန်
သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် မြန်မာနိုင်ငံဘက်က ထည့်ဝင်ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး အများပြည်သူ အစုရှယ်ယာ ၀ယ်ယူ ပါဝင်နိုင်မယ့် နည်းလမ်းတွေကို ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ကုန်သည်နဲ့ စက်မှုလုပ်ငန်းအသင်းချုပ်ရဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။
သီလ၀ါ အထူးစီးပွားရေးဇုန်မှာ မြန်မာဘက်က ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဘက်က ၄၉ ရာခိုင်နှုန်း ထည့်ဝင် ရင်းနှီးမြှုပ်နှံကြမှာ ဖြစ်ပါတယ်။
မြန်မာဘက်က ရင်းနှီးမြှုပ်နှံမှုပမာဏ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကို အစိုးရ၊ ၄၅ ရာခိုင်နှုန်းကို အများပိုင် ကုမ္ပဏီ ၉ ခုက ၁ ခုကို ၅ ရာခိုင်နှုန်းစီ၊ ကျန် ၄၅ ရာခိုင်နှုန်းကို အများပြည်သူ ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုပေးမယ်လို့ ဆိုပါတယ်။
အစိုးရ ထည့်ဝင် ရင်းနှီးမြှုပ်နှံငွေဟာ မြေတန်ဖိုး စိုက်ထည့်ခြင်းနဲ့ တွက်ချက်မှာ ဖြစ်သလို အများပိုင်ကုမ္ပဏီ ၉ ခုကလည်း သီးခြားစီ ပြည်သူတွေကို အစုရှယ်ယာ ထုတ်ရောင်းဦးမှာ ဖြစ်ပါ တယ်။
ဒါပေမယ့် အစုရှယ်ယာ ထုတ်ရောင်းတာတွေနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ ကိုတော့ မရေးဆွဲ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။
DVB Burmese
ဒူဘိုင်းရဲတပ်ဖွဲ့ဖို့ မာစီဒီး ဂျီဝက်ဂွန်ကား
ကမ္ဘာ့ ဈေးအကြီးဆုံး ဖြစ်ပါတယ်ဆိုတဲ့ Ferrari, Lamborghini, Audi A8 တို့အပြင် အခြားသော ကားများ ရှိနေရုံနဲ့ မလုံလောက်ဘူး ထင်ပါတယ်။ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ မှာ နောက်ထပ် အသစ် ရောက်လာတဲ့ ရဲကား တစ်မျိုးကတော့ Mercedes Benz G Class Wagon ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့နေရတဲ့ကားပါ။ Sport car chasing အတွက်တင် မဟုတ်တော့ ပဲ ဘော်ဒီကို သုံးပြီး အတွန်းအတိုက်အတွက်ပါ အကြမ်းခံ မယ့်ကား မျိုး ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၁၅၀ အထိ အမြန်မောင်းနှင် နိုင် ပါမယ်။ ဂျာမနီ မာစီဒီးဆီက ယူအေအီးအစိုးရ ကိုယ်တိုင် တိုက်ရိုက် မှာယူ ထားပြီး ရဲတပ်ဖွဲ့မှာ အသုံးပြုနေပြီ ဖြစ်ပါတယ်။ အစီးရေ ဘယ်လောက်ရှိ တယ် ဆိုတာ မသိပေမယ့် ရာဂဏန်း အထက်မှာ ရှိမယ်ဆိုတာ အားလုံး ခန့်မှန်း ယုံကြည်ထားကြ ပါတယ်။ ရဲကား ဖြစ်လာတဲ့အတွက် ပုံစံ ပြောင်းလဲ မှုလည်း ရှိပါတယ်။
အင်ဂျင်စွမ်းဆောင်ရည်က အစ ပြန်လည် ပြောင်းလဲပေးထား တာပါ။ ရဲကား တစ်စီးနဲ့ တစ်စီး ဆက်သွယ်ဖို့အတွက် ဆက်သွယ်ရေး စနစ်တွေ လည်း ပြန်လည် ထည့်သွင်း ပေးထား ပါတယ်။ အကြမ်းလည်း ပိုခံအေင် ထုတ်နေကျ G Class မှာ အသုံးပြုတဲ့ ကိုယ်ထည် သတ္တုသားလည်း မဟုတ်တာမို့ ဈေးလည်း တက်လာမှာပါ။ ကာလတန်ဖိုး အားဖြင့် တစ်စီးကို အမေရိကန်ဒေါ်လာ ၁သိန်းခွဲ ဝန်းကျင်မှာ ရှိနိုင်တယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။
.
Ref: autoblog
အောင်ခမ်း
ကေအိုင်အေကို ရှမ်းမျိုးနွယ်စုများ ဆန္ဒပြမည်
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (ကေအိုင်အေ)ကို ရှမ်းမျိုးနွယ်စုတွေက သက်ဆိုင်ရာကို ခွင့်ပြုချက် တောင်းခံပြီး ဆန္ဒပြသွားဖို့ စီစဉ်နေပါတယ်။
ကချင်ပြည်နယ်ထဲက ရှမ်းကျေးရွာတွေမှာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဝင်တွေက တပ်သား အဓမ္မ စုဆောင်းမှုတွေ ရှိနေတဲ့အတွက် ဒါကို ရပ်တန့်အောင် ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ရတာလို့ ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။
shaniအဲဒီ ဆန္ဒထုတ်ဖော်ပွဲကို ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ ပြုလုပ်ဖို့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှာ ခွင့်ပြုချက် တောင်းထားတယ်လို့ ရှမ်းမျိုးနွယ်စုရေးရာ နာယက အဖွဲ့ဝင် ဦးသာဇုံက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ဒီကပေါ့လေ။ ဒီမှာ ၀ိုင်းလုပ်နေကြတဲ့ လူတွေကနေ အာဏာပိုင် အဖွဲ့အစည်းတွေဆီမှာ တရားဝင်စာ တင်ထားတာ ရှိပါတယ်။ ဒီဇင်ဘာ ၁၅ ရက် တုန်းက တင်ထားတာ။ သူတို့တော့ ၄၈ နာရီအတွင်း အကြောင်းကြားမယ် ပြောတာပဲ။ ခွင့်ပြုချက်ရရင် လာမယ့် ၂၀ နဲ့ ၂၁ ရက်နေ့ ပတ်ဝန်းကျင်မှာ လုပ်ကြမှာပါ။”
ခွင့်ပြုချက်ရခဲ့ရင်တော့ ပူတာအို၊ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးမောက်နဲ့ မံစီ အစရှိတဲ့ မြို့နယ်က ရှမ်းမျိုးနွယ်စုတွေ ထောင်နဲ့ချီ လာရောက်ပြီး မြစ်ကြီးနားမြို့က ကေအိုင်အို နည်းပညာထောက်ကူပြုအဖွဲ့ရုံးကို သွားရောက် ဆန္ဒပြကြမှာ ဖြစ်ပါတယ်။
ဆန္ဒပြရတဲ့အကြောင်းရင်းကို ရှမ်းနီ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစောဝင်းက အဓိကကတော့ အချက် ၂ ချက်လောက်ပါပဲ။ အခု လက်ရှိ ဒီဇင်ဘာလထဲ မံစီမြို့နယ်ထဲက လူ ၁၀၀ နီးပါး အဖမ်းခံထားရတဲ့ကိစ္စ၊ စစ်သားစုဆောင်းခြင်း ခံရတဲ့လူတွေ ပြန်လွှတ်ပေးဖို့၊ ကျေးရွာတွေမှာ ဆက်ကြေးကောက်ခံနေတာကို နောက်နောင် မပြုလုပ်ဖို့ရယ်၊ ဒီလို အဖြစ်မျိုးတွေ မဖြစ်အောင် နှစ်ဖက်အဖွဲ့အစည်းတွေက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်။”
ခုရက်ပိုင်းအတွင်း မံစီမြို့နယ် မန်ဝိန်းကြီး ကျေးရွာအုပ်စုထဲက ရွာပေါင်း ၁၄ ရွာမှာ ၁ ရွာကို လူ ၅ ယောက်လာဖို့ ကေအိုင်အေက ဆင့်ခေါ်ထားပြီး ရွာသားတွေ မပို့နိုင်ရင် ရွာသူကြီးကိုယ်တိုင် လာရမယ်လို့ အမိန့်ပေးထားကြောင်း ဒေသခံရွာသားတွေက ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကို လာရောက် တိုင်ကြားမှုတွေလည်း ရှိနေပါတယ်။
ဒေသခံ ရှမ်းမျိုးနွယ်စုတွေ အဓမ္မစုဆောင်းခံရတာနဲ့ ပတ်သက်ပြီး မလိုလားအပ်တဲ့ လူမျိုးရေးပြဿနာတွေ ဖြစ်ပွားလာမှာစိုးတဲ့အတွက် ဒီလို လုပ်ရပ်တွေ ရပ်တန့်ဖို့ရော၊ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ကိစ္စတွေပါ ကေအိုင်အေရဲ့ တာဝန်ရှိသူတွေဆီကိုရော သက်ဆိုင်ရာအစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဆီ ဒီဇင်ဘာ ၉ ရက်နေ့ နေ့စွဲနဲ့ ရှမ်းနီ တိုင်းရင်းသားတွေက စာရေးတောင်းဆိုထားပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ကေအိုင်အေရဲ့ ပြန်ကြားရေးဌာနတာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘိုကတော့ ကေအိုင်အေမှာ အတင်းအဓမ္မ တပ်သားစုဆောင်းတဲ့ ပေါ်လစီ မရှိကြောင်း၊ ရံဖန်ရံခါ ရပ်ရွာကိစ္စ ဆွေးနွေးလိုတဲ့အတွက် ရွာသားတွေကို အစည်းအဝေး ဆင့်ခေါ်တာတွေတော့ ရှိကြောင်းနဲ့ ကောလာဟလတွေကြောင့် အထင်မှားမှုတွေ ဖြစ်တတ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
DVB Burmese
မိတ္ထီလာ အင်းဝဘဏ်ကို ဗိုလ်ကြီးတဦး အနုကြမ်းဝင်စီး
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ စစ်တပ်ပိုင် အင်းဝဘဏ်မှာ ဒီဇင်ဘာ ၁၇ ရက်မနက်က ဗိုလ်ကြီးအဆင့်ရှိ တပ်မတော် အရာရှိတဦး ဓားကိုင် ၀င်ရောက်လာပြီး အနုကြမ်းစီး လုယက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဖေ့စ်ဘွတ်စာမျက်နှာမှာ သတင်းထုတ်ပြန်ထား ပါတယ်။
အနုကြမ်းစီးသူက ဘဏ်မန်နေဂျာ ဒေါ်မိမိယဉ်ကို ဓားနဲ့ထောက်ပြီး ဘဏ်ကောင်တာမှာ ရှိတဲ့ ငွေတွေကို ကျောပိုးအိတ်ထဲ ထဲ့ခိုင်းရာမှာ ဘဏ်ဝန်ထမ်းတွေက ကောင်တာမှာ ပိုက်ဆံမရှိလို့ ငြိမ်နေကြတုန်း ဓားကို ကောင်တာပေါ် လှမ်းတင်ထားခိုက် မန်နေဂျာက ဓားကို တွန်းချ အော်ဟစ် အကူအညီတောင်းတဲ့အတွက် လုံခြုံရေးဝန်ထမ်းတွေ ရောက်လာပြီး ဖမ်းဆီး ရဲစခန်းကို ခေါ်ဆောင်သွားနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အနုကြမ်းစီး လုယက်သူဟာ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်း၊ ကန့်ဘလူမှ ဗိုလ်ကြီး အဆင့်ရှိ ဝေယံမျိုးကျော် အသက် ( ၂၆ ) နှစ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခင်းဖြစ်နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ မိတ္ထီလာမြို့၊ သုခ သမဂ္ဂီအဖွဲ့ဝင် ဦးခင်နန်း က “ဘဏ်ထဲကို ဓားတချောင်းတည်းနဲ့ ၀င်လုတယ်။ လုတော့ ဘဏ်ထဲက ဘဏ်စာရေးမတွေက အော်တာပေါ့။ ဆိုင်ကယ် ကယ်ရီသမားတွေ ဘဏ်ထဲ ၀င်သွားတယ်။ နောက် ရဲနဲ့ နပန်းလုံးပြီး ၀င်ဖမ်းလိုက်တော့ ဓားတချောင်းတည်းနဲ့ ၀င်လုတယ်ပြောတယ်။ အခု အမှတ် ၂ ရဲစခန်းမှာ တရားခံကို ဖမ်းထားတယ်။ တရားခံကို ကြိုးနဲ့တုပ် ခေါင်းစွပ်စွပ်ပြီး ရဲစခန်းကို ဖမ်းခေါ်သွားတယ်။ အမှတ် ၂ ရဲစခန်းရှေ့မှာ သတင်းထောက်တွေ စောင့်နေတယ်။ ဘယ်သူမှ ၀င်ခွင့်မပေးဘူး။ မေးတာလည်း မဖြေဘူး” လို့ ပြောပါတယ်။
မိတ္ထီလာ အင်းဝဘဏ်ဟာ မြို့ရဲ့ လူစည်ကားတဲ့နေရာမှာ တည်ရှိပြီး မိတ္ထီလာမြို့မှာရှိတဲ့ ထောက်ပံ့ပို့ဆောင်ရေးတပ်က အဓိကအသုံးပြုနေတာပါ။ ပုံမှန်အားဖြင့် ဘဏ်မှာ စစ်သား နှစ်ယောက်၊ ရဲတပ်သား နှစ်ယောက် လုံခြုံရေး စောင့်ကြပ်လေ့ရှိတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားပုံနဲ့ ဖမ်းဆီးစစ်ဆေးနေမှု အခြေအနေကို သိရဖို့ မိတ္ထီလာ အမှတ် (၂) ရဲစခန်းကို ဒီဗွီဘီက စုံစမ်းမေးမြန်းရာမှာတော့ ဒီကိစ္စ စုံစမ်းစစ်ဆေးနေဆဲပဲလို့ တာဝန်ကျ ရဲဝန်ထမ်း တဦးက ပြောပါတယ်။
မိတ္ထီလာမြို့မှာ ပုဂ္ဂလိကဘဏ် ၄ ခုလောက် ဖွင့်လှစ်ထားပြီး အခုလို ဖြစ်ရပ်မျိုး တခါမှ မဖြစ်ဖူးဘူးလို့လည်း မြို့ခံတွေဆီက စုံစမ်းသိရှိရပါတယ်။
By ရွှေအောင် (DVB Burmese)
မန္တလေးမြို့ လူထုဆန္ဒသဘောထား ရယူပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်
မန္တလေး ၊ ဒီဇင်ဘာ ၁၆ ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင် ပြောင်း လဲပြင်ဆင်ရန် မန္တလေး တိုင်းဒေသကြီးအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ မန္တလေးလူ ထု၏ဆန္ဒသဘောထားရယူပွဲကို ၂၀၁၄ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပမည်ဖြစ်ရာ အဆိုပါဆန္ဒ ခံယူပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မည်ဖြစ် ကြောင်း မန္တလေး တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်တစ် ဦးက ပြောသည်။
လူထုနှင့်တွေ့ဆုံမည့်အစီအစဉ်တွင်အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း သိ ရသည်။
''ဇန်နဝါရီ ဒုတိယပတ်ထဲ မှာ ဖြစ်မှာပါ။လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ ဆုံဖို့ က ဒေါ်စုလဲကတိပေးထား တာရှိတယ်။ အောင်ပင် လယ် ကွင်း မှာ လူထု ဟောပြောပွဲလုပ်စဉ်က မန္တလေး ကိုကျေးဇူးဆပ်ဖို့ တစ်ခေါက်ထပ် လာမယ်လို့ ပြောသွားတာရှိတယ်'' ဟု ၎င်းကပြောသည်။
အမျိုးသားဒီကိုကရေစီအ ဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြုပြင်ပြောင်းလဲ ပြင်ဆင်ရန်အတွက် ပြည်နယ်/ တိုင်းဒေသကြီးများ၊ ခရိုင်၊ မြို့ နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် လူထုဆန္ဒခံယူပွဲကျင်းပလျက်ရှိ ရာ ဆန္ဒခံယူပွဲတချို့တွင် ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောခဲ့ပြီး ဥပဒေပညာရှင်များက ဆွေးနွေး မှုပြုလုပ်ခဲ့သည်။
မန္တလေးမြို့ လူထုတွေ့ဆုံ ပွဲအတွက် နေရာရွေးချယ်ဆဲဖြစ် သဖြင့် ကျင်းပမည့်နေရာအတိ အကျထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
လှိုင်ထွေးအောင်
Yangon Media Group
စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ် တစ်လအတွင်း ရှစ်ရာကျော် ဖမ်းဆီးအရေးယူ
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
ရန်ကုန်မြို့တော် အတွင်း ယာဉ်မရပ်နားရန် ကန့်သတ်ထားသည့် နေရာများတွင် စည်းကမ်းမဲ့ ရပ်နားထားသည့် ယာဉ်များကို နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ဖမ်းဆီးခဲ့ရာ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ တစ်လအတွင်း ယာဉ်စီးရေ ရှစ်ရာကျော်ကို ဖမ်းဆီး အရေးယူခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး၏ တရားဝင် စာရင်းများအရ သိရသည်။
ဖမ်းဆီးရမိသော စည်းကမ်းမဲ့ယာဉ် များမှာ ပိုင်ရှင်မရှိ၍ ကရိန်းဖြင့် ဆွဲယူ ဖမ်းဆီးရမိသောယာဉ် ၂၅၈ စီး၊ ချလန် ဖြတ်၍ ဖမ်းဆီးရမိသောယာဉ် ၅၇၆ စီး စုစုပေါင်း ၈၃၄ စီး ဖမ်းဆီး အရေးယူထားခြင်း ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး ဒုရဲအုပ် ဦးမိုးသီဟကျော်က ပြောကြားသည်။
စည်းကမ်းမဲ့ ရပ်နားယာဉ်များကို ဖမ်းဆီးရာတွင် နေ့စဉ် ကရိန်းကုမ္ပဏီနှစ်ခု အပါအဝင် ယာဉ်ထိန်းရဲတပ်ဖွဲ့ လေးဖွဲ့ဖြင့် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ သတ်မှတ်လမ်းကြောင်း များတွင် ဖမ်းဆီး ရမိခဲ့ပြီး အဆိုပါ ယာဉ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေဖြင့် အရေးယူခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး ထံမှ စုံစမ်း သိရှိရသည်။
ယာဉ်များကို ဖမ်းဆီး အရေးယူခြင်းထက် ယာဉ်ကြောရှုပ်ထွေးမှုကို ဖြေရှင်းပေးရန် ရန်ကုန်မြို့တော် စည်ပင်သာရေး ကော်မတီ၊ မထသနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များ ပူးပေါင်း၍ ဆောင်ရွက်သင့်ကြောင်း ခရီးသည်တင်ယာဉ် ပိုင်ရှင်တစ်ဦးက ဆိုသည်။
ယာဉ်ကြောပိတ်ဆို့မှု ကင်းရှင်းစေရန် ရန်ကုန်မြို့တော် အတွင်း နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်၍ ယာဉ်မရပ်နားရလမ်း ၃၇ လမ်း သတ်မှတ်ခဲ့ရာမှ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထပ်မံ၍ ယာဉ်မရပ်နားရလမ်း ၂၀ တိုးချဲ့ သတ်မှတ်လိုက်ရာ စုစုပေါင်း ယာဉ်ရပ်မနားရလမ်း ၅၇ လမ်း ရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး ထံမှ စုံစမ်းသိရှိ ရသည်။
The Voice Weekly Myanmar
မိတ္ထီလာ အင်းဝဘဏ်တွင် အနုကြမ်းစီး လုယက်မှုဖြစ်ပွား
မိတ္ထီလာမြို့  ဈေးအရှေ့ ပြင်ရပ်ကွက် မြို့ ဈေးကြီး အနောက်တောင်ဘက် ရန်ကုန်-မန္တလေး ကားလမ်းမအနီး အင်းဝဘဏ်တွင် ဒီဇင်ဘာ ၁၇ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်ကတစ်ကိုယ်တော် အနုကြမ်းစီး လုယက်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ အင်းဝဘဏ်မန်နေဂျာ ဒေါ်မိမိယဉ် အသက် ၄၄ နှစ် (ဘ) ဦးသောင်းသည် ဘဏ်ဝန်ထမ်း အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၈ ဦးတို့ နှင့် ဘဏ်လုပ်ငန်းများဆောင်ရွက်နေခဲ့သည်။ ဒေါ်မိမိယဉ် သည် ၄င်း ၏ ကွန်ပျူတာထိုင်ခုံတွင် ထိုင်နေစဉ် ဘောင်းဘီရှည် ၊ ပြောက်ကျားအင်္ကျီ ၀တ်ဆင်၍ ကျောပိုးအိတ်တစ်လုံးအားဆွဲ၍ ၀င်လာသော အမည်မသိလူတစ်ဦးကဒေါ်မိမိယဉ်၏ ကျောဘက်မှ သိုင်းဖက်ကာကျန်လက်တစ်ဘက်မှ အရိုးအသွား ၁၅၄ လက္မခန့်ရှိ ဓါးဦးချွန်ဖြင့် ထောက်ကာတစ်ယောက်မှ မလှုပ်နဲ့ အားလုံးငြိမ်ငြိမ်နေဟုဆိုကာ ကြမ်းပြင်ပေါ်တွင် ၀န်ထမ်းများအား မှောက်လျက်နေခိုင်းခဲ့သည်။ ထိုနောက် ၄င်းယူဆောင်လာသော ကျောပိုးအိတ်ထဲသို့  ဘဏ်မှ ငွေများထည့်ခိုင်းရာ ဘဏ်ကောင်တာပေါ်တွင် ငွေမရှိသဖြင့် ဘဏ်ဝန်ထမ်းများက ငြိမ်သက်နေခဲ့သည်။
အနုကြမ်းစီးသူက ၄င်း၏ဓါးကို ကောင်တာ စားပွဲပေးတင်ပြီး ဆက်လက်ငြိမ်သက်နေရန် ဘဏ်ဝန်ထမ်းများကိုပြော ဆိုခိုက် ကောင်တာပေါ်မှ ဓါးအား ဘဏ်မန်နေဂျာ က ကောက်ယူလွှင့်ပစ်ပြီး လုံခြုံရေးဝန်ထမ်းများ ရောက်ရှိကာ အနုကြမ်းစီးသူအား ၀ိုင်းဝန်း ဖမ်းဆီးကြသည်။
အခင်းဖြစ်ပွားရာသို့  ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်မောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစ၀်နေလင်း ၊မြို့ နယ်အုပ်ချုပ်ရေးမှူး၊မြို့ နယ်ရဲတပ်ဖွဲ့မှူးတို့  ချက်ချင်းရောက်ရှိလာပြီး အရေးယူ ဆောင်ရွက်မှုများကို ဦးဆောင်ကြီးကြပ်သည်။
အဆိုပါ အနုကြမ်းစီးလုယက်သူမှာ ဝေယံမျိုးကျော် ( ၂၆ )နှစ် (ဘ) ဇင်မျိုးကျော် အမှတ် ၆၀၀၆ တင့်ကားတပ်ရင်း ၊ ကန့်ဘလူ မှ ဗိုလ်ကြီးအဆင့်ရှိသူ ဖြစ်သည်။ ၄င်းဖြစ်စဉ်နှင့်ပတ်သက်၍ မြို့ နယ်အမှတ် ၂ ရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
မောင်မောင်(ထီလာ)
The Union Daily
*---မိတ္ထီလာအနုကြမ်းစီးမှု နောက်ဆက်တွဲရရှိသောသတင်း---*
====================================
မိတ္ထီလာ တပ်မတော်(အင်းဝ)ဘဏ် အနုကြမ်းစီးသူမှာ ကန့်ဘလူမြို့ ၊အမှတ်(၆၀၀၆)တင့်ကားတပ်မှ ကြီး။၄၇၄၈၀ ဗိုလ်သင်တန်းအမှတ်စဉ် ၄၉ မှ ဗိုလ်ကြီး ဝေယံကျော်ဖြစ်သည်။ကူမဲမြို့နယ်၊မိုင်းမော တွင် တပ်ခွဲမှူးသင်တန်း အမှတ်စဉ် ၃၆။၂၀၁၃ တို့ သင်တန်းတက်ရောက်နေသော ဗိုလ်ကြီးဖြစ်သူဆို၏။
ဗိုလ်ကြီးဝေယံမျိုးကျော်အား အမှတ်(၂)ရဲစခန်းမှ စခန်းမှူး ရဲအုပ်မြင့်သန်းကတရားလိုပြုလုပ်၍ ရဲစခန်း(ပ)၃၁၆/၂၀၁၃၊ ပုဒ်မ-၃၈၆ဖြင့် အမှုဖွင့်ပြီး တရားခံအား တပ်မတော်တပ်ထိန်းတပ်သို့ လွှဲအပ်ပေးသည်။
တရားခံအားရဲစခန်းမှအထွက်တွင် မျက်နှာဖုံးစွပ်၍ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု မိတ္ထီလာမြို့ နယ်သတင်းထောက် ဦးတင်လှိုင် သတင်းပေးပို့ချက်အရ သိရှိရသည်။
The Union Daily
နယ်စပ်အရေး ဆွေးနွေးရန် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယနိုင်ငံသို့ ရောက်ရှိ
မြန်မာ့တပ်မတော်မှ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြေကုပ်ယူနေသော နယ်စပ် သောင်းကျန်းသူများ အရေး ဆွေးနွေးရန် အတွက် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ အင်ဖာမြို့သို့ ရောက်ရှိနေကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာ အစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်း ရာတွင် ယင်းခရီးစဉ် အပြီး၌ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သွားရန် ရှိကြောင်း သမ္မတရုံး အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်သည် ၄င်း၏ဇနီး ဒေါ်သန်းသန်းနွယ် အပါအဝင် အရာရှိ ခြောက်ဦးနှင့် ဒီဇင်ဘာလ ၁၆ ရက် နေ့တွင် အင်ဖာမြို့သို့ စတင်ရောက်ရှိ ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ တရားဝင် ကြေညာထားခြင်း မရှိခဲ့ကြောင်း အိန္ဒိယ သတင်းမီဒီယာ အချို့တွင် ဖော်ပြထားသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ယင်းခရီးစဉ်မှာ မြန်မာနယ်မြေ အတွင်း ကိန်းအောင်းနေသည့် အိန္ဒိယ သောင်းကျန် သူများကို ဖယ်ရှားရန်၊ နယ်စပ်လုံခြုံရေး ကိစ္စများ ဆွေးနွေးရန်၊ လက်နက်မှောင်ခို ရောင်းဝယ်မှုများကို တားဆီးရန်နှင့် နှစ်နိုင်ငံ နယ်စပ် အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် ဖြစ်ကြောင်း အိန္ဒိယအစိုးရ အရာရှိ အချို့၏ ပြောကြားချက်ကို ကိုးကား၍ ယင်းသတင်းများတွင် ဖော်ပြထားသည်။
ထို့အပြင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ၄င်း၏ ခရီးစဉ်အတွင်း မီဇိုရမ် ပြည်နယ်ရှိ သောင်းကျန်းသူများ နှိမ်နင်းရေးနှင့် စစ်ဆင်ရေး လေ့ကျင့်သင်ကြားရေး ကျောင်း (CIJW) သို့ သွားရောက် လေ့လာခဲ့ပြီး၊ မြန်မာတပ်မတော် ကိုလည်း လေ့ကျင့် ပေးရန်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်ပေးရန် တောင်းဆို ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ သတင်းမီဒီယာ များတွင် ဖော်ပြထားသည်။
အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်တွင် ၁၉၆၄ ခုနှစ်မှ စတင်၍ ခြေကုပ်ယူထားသော အိန္ဒိယအစိုးရ ဆန့်ကျင်သောင်းကျန်သူ များကို မြန်မာနိုင်ငံတွင် လက်မခံရန်နှင့် နယ်စပ်ဒေသ လုံခြုံရေး တိုးမြှင့်ရန် အတွက် ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာ အေကေအန်တိုနီ၊ အိန္ဒိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြန်မာအစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
The Voice Weekly Myanmar
၂ အချိုး ၂
တခါတုန်းက တရုတ်ပြည်မှာ အသည်းကွဲ တောင်ကြားလို့ခေါ်တဲ့ နေရာ တစ်ခု ရှိပါသတဲ့။ အဲဒီ တောင်ကြားဟာ အထက်ကနေ အောက်ကို တညီတညာတည်း ဓားနဲ့ ဖြတ်ပိုင်းထားသလို ၁၀ မီတာလောက် ကွဲထွက်နေပြီး တောင်ခြေ အောက်မှာတော့ မြစ်တစ်ခုက စီးနေပါတယ်။ အဲဒီ ဒေသမှာ တောင်ဆိတ်တွေ ကျက်စားလို့နေပါတယ်။
တောင်ဆိတ်တွေဟာ တခါခုန်ရင် ၆ မီတာ လောက် အကွာအဝေးကို ခုန်နိုင်ပါတယ်။ သူတို့ဟာ ခြေတစ်ချောင်းစာ ချဖို့ နေရာရရင် ထပ်ပြီး ခုန်နိုင်ပါသတဲ့။ တနေ့မှာ တောလိုက်မုဆိုးတစ်ဖွဲ့ဟာ တောင်ဆိတ်တွေကို ဖမ်းဆီး ပစ်ခတ်ဖို့ ကြိုးစားတဲ့အခါ တောင်ဆိတ်တွေဟာ တောင်ထိပ်ပေါ်ကို ပြေးသွားပါတယ်တဲ့။ တောင်ဆိတ် တစ်ကောင်ဟာ ကြောက်ကြောက်နဲ့ အခြား ကမ်းပါးတစ်ဘက်ကို ခုန်လိုက်ပေမယ့် ၆ မီတာသာ ခုန်နိုင်တာမို့ တောင်အောက်ကို ကျသွားပြီး ရေစီးနဲ့အတူ မျောပါသွားပါတယ်။
သေဘေးကို ကြောက်ရွံ့လို့ တောင်ဆိတ်များ ဆောက်တည်ရာမရ ဖြစ်နေစဉ်မှာ တောင်ဆိတ် ခေါင်းဆောင်ကြီးဟာ အသံပြုပြီး တောင်ဆိတ်တွေကို ၂ ဖွဲ့ ခွဲခိုင်းလိုက်ပါတယ်တဲ့။ မုဆိုးတွေဟာလည်း စိတ်ဝင်တစားနဲ့ ကြည့်နေကြသတဲ့။ မုဆိုးခေါင်းဆောင်ကလည်း လူတချို့ကို တောင်အောက်ကို သွားစောင့်ခိုင်းပြီး ခုန်ချလာမယ့် တောင်ဆိတ်တွေကို မျောပါမသွားအောင် အသင့်စောင့်ခိုင်းပြီး အချက်ပြ သေနတ်ဖောက်လိုက်ဖို့ မှာလိုက်ပါတယ်။
တောင်ဆိတ်တွေ ၂ ဖွဲ့ ခွဲလိုက်တဲ့အခါ အသက်ကြီးရင့်တဲ့ မျိုးဆက်ဟောင်း တောင်ဆိတ်တွေနဲ့ ငယ်ရွယ်တဲ့ မျိုးဆက်သစ် တောင်ဆိတ်တွေ ဆိုပြီး ၂ ဖွဲ့ ဖြစ်သွားတာကို တွေ့ရပါတယ်တဲ့။ နောက်တော့ တောင်ဆိတ်ခေါင်းဆောင်ကြီးက အချက်ပေးလိုက်တဲ့အခါ မျိုးဆက်သစ် တောင်ဆိတ်ထဲက တစ်ကောင်ဟာ ပြေးထွက်လာသလို မျိုးဆက်ဟောင်း တောင်ဆိတ်ထဲက တစ်ကောင်ဟာလည်း ပြေးထွက်လာပါတယ်။
နောက်တော့ မျိုးဆက်သစ် တောင်ဆိတ်ကအရင်ခုန်လိုက်ပြီး သူနဲ့ စက္ကန့်ပိုင်းအတွင်းမှာဘဲ မျိုးဆက်ဟောင်း တောင်ဆိတ်ကြီးက လိုက် ခုန်လိုက်ပါတယ်။ ပြီးတော့ အောက်ကနေ ခေါင်းကို ထိုးခံပေးလိုက်ပါတယ်။ အဲဒီမှာ မျိုးဆက်သစ် တောင်ဆိတ်ဟာ တောင်ဆိတ်အိုကြီးကို ခေတ္တနင်းလို့ နောက်တစ်ဆင့် ထပ်ခုန်လိုက်တဲ့အခါ အခြားကမ်းပါးတစ်ဘက်ကို လျောလျောလျူလျူပဲ ရောက်သွားပါရောတဲ့။
မျိုးဆက်ဟောင်း တောင်ဆိတ်ကြီးကတော့ တောင်အောက်ကို ပြုတ်ကျပြီး အသက်စတေးသွားပါတယ်။ ဒီလိုနဲ့ တစ်ကောင်ပြီး တစ်ကောင် နှစ်ကောင်တွဲဆီ ခုန်လိုက် ကူးလိုက် လုပ်ပြီးတဲ့အခါ မျိုးဆက်သစ်တောင်ဆိတ်တွေ အားလုံး တစ်ဘက်ကမ်းကို ရောက်သွားခဲ့ပါပြီတဲ့။
အဲဒီမှာ တောင်ဆိတ်ခေါင်းဆောင်ကြီးဟာ မုဆိုးကြီးတို့ ရှိရာကို လှမ်းလာပါတယ်။ မုဆိုးကြီးက သေနတ်နဲ့ ပစ်လိုက်တဲ့အခါ တောင်ဆိတ်ခေါင်းဆောင်ကြီးဟာ ယိုင်သွားပေမယ့် လဲမကျသွားပါဘူးတဲ့။ (သူရဲကောင်း မှန်ရင် ယိုင်ရုံသာ ယိုင်မယ်။ ဘယ်တော့မှ မလဲပါဘူး)။
နောက်တော့ တောင်ဆိတ်ခေါင်းဆောင်ကြီးဟာ မုဆိုးကြီးတို့ရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားပါသတဲ့။
ဒီပုံပြင်ဇာတ်လမ်းလေးမှာ ခေါင်းဆောင်ကောင်းပီသစွာ အကောင်းဆုံး ဆုံးဖြတ်ပေးနိုင်ခဲ့တဲ့ တောင်ဆိတ် ခေါင်းဆောင်ကြီးနဲ့ မျိုးဆက်သစ်အတွက် အစတေးခံသွားတဲ့ မျိုးဆက်ဟောင်း တောင်ဆိတ်တွေရဲ့ သူရဲကောင်း ပီသမှုဟာ လေးစားစရာပါ။
(ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ စာပေဟောပြောပွဲမှာ ပြောခဲ့တဲ့ ပုံပြင်လေးဖြစ်ပါတယ်။ ကြားဖူးပြီးကြမှာပါ။)
အာကာသနှင့် စကြ၀ဠာ
တွင်းတူးသောကြွက်နှင့်တွင်းမတူးသောကြွက်
တစ်ခါတုန်းက တောင်ပို့ ရ်လေးတစ်ခုမှာ ကြွက်မိတ်ဆွေ နှစ်ကောင်နဲ့ အခြားကြွက်များ နေထိုင်ကြပါတယ်။ ကြွက်
မိတ်ဆွေနှစ်ကောင်ကတော့ တစ်ကောင်က မိမိဘ၀ရပ်တည်မှုအတွက် လုံခြုံမှုရစေဖို့  တွင်းကို ကိုယ်တိုင်တူးပြီး
အခြားကြွက်တွေလို နေသတဲ့။
တစ်ကောင်ကတော့ ကိုယ်တိုင် တွင်းမတူးပဲ သူများတူးထားတဲ့ တွင်းအဟောင်းတွေမှာပဲ လိုက်ပြီး ခိုအောင်း
နေတဲ့ ကြွက်ဖျင်းတစ်ကောင်ပါတဲ့လေ။
တွင်းတူးပြီးဖို့ မလို တွင်းဟောင်းတွေ ခိုနေမယ်လို့ တွေးထားတာပါ။
ကြွက်ဖျင်းက သူ့ ကိုယ့်သူ သက်သာရာရှာချင်တာကြောင့် ခုလို နေပါသတဲ့။ သူများတွေ ပင်ပန်းကြီးစွာ နေ
စရာ တွင်းတူးနေချိန်မှာ သူကတော့ အစာလေးစားပြီး နှပ်နေရတယ်လို့ သူက တွေးပါတယ်။ မိတ်ဆွေ ကြွက်
ကလေးကိုလည်း သူတို့ နေတတ်ဖို့ စည်းရုံးပါသေးတယ်။
လုံ့ လနဲ့ အမျှော်မြင် ရှိတဲ့ ကြွက်ကတော့ ကြွက်ဖျင်းဘယ်လို ပြောပြော နားမထောင်ပါဘူး။ သူ့ အလုပ်ကိုပဲ သူ
အာရုံစိုက် လုပ်နေတာပေါ့။ ငါ့တွင်းဟာ ငါ့အတွက်သာ မဟုတ် အခြားသော ကြွက်တွေအတွက်လည်း နားခိုစရာ
လေး ဖြစ်လာမယ်လို့ လည်း ခံယူထားပါတယ်။
ဒါ့အပြင် ငါခုလိုတူးနေတာ အပန်းမကြီးပါဘူး။ ဒါဟာ ငါ့အတွက် တွင်းတူးနေကျဖြစ်လို့  အလေ့အကျင့်တောင်
ရနေပါတယ်။ အများလိုပဲ တွင်းတစ်တွင်းကို ငါလည်း အမြန်တူးနိုင်တာပေါ့လို့  ကြွက်ဖျင်းကို ပြောပြခဲ့တာပေါ့။
ဒီလိုနဲ့  တစ်နေ့ မှာ ကြွက်တို့ နေထိုင်ရာ တောင်ပို့ ရ်လေး ပြိုကျပါတော့တယ်။ ဒီချိန်မှာ ကြွက်အားလုံးဟာ ဘ၀ကို
တစ်ကပြန်စကြရတာပေါ့။
ကြွက်တိုင်းလိုလိုဟာ သူတို့ နေထိုင်ရာတွင်းကို တူးနိုင်ကြပေမယ့် အမြဲရေသာခိုပြီး အချောင်နေတတ်တဲ့ ကြွက်
ဖျင်းခမျာ မှာတော့ တွင်းလည်း မတူးတတ်၊ နေစရာနေရာ တွင်းဟောင်းတွေလည်း ရှာမရတော့ အခက်တွေ့ ပြီး
နောင်တတွေ ရနေတာပေါ့။
ဒီလိုနဲ့ အခြားကြွက်တွေဆီမှာ သူလည်း နေပါရစေဆိုပြီး အသနားခံပေမယ့် သူ့ လိုကြွက်ဖျင်း တစ်ကောင်ကို
ဘယ်ကြွက်တွေကမှ လက်မခံပါဘူး။ မိမိမှာ လုပ်နိုင်စွမ်း ရှိရဲ့နဲ့ မလုပ်ပဲ အချောင်နေချင်တဲ့ ကြွက်ဖျင်းကို ငါတို့ 
တွေ မသနားလို့ ပြောလွှတ်ကုန်ပါသတဲ့။
နောက်ဆုံး လုံလနဲ့ အမျှော်မြင်ရှိတဲ့ ကြွက်ကလေးဟာ ကြွက်ဖျင်းလေးကို ခေါ်ပြီး သူ့ ကြွင်းမှာ ထားသတဲ့။ သူ့ 
အတွက်တော့ သူ့ တွင်းဟာ တခြားသူတွေ အတွက်ဆိုတဲ့ စကားကို သက်သေပြလိုက်တာပါပဲ။
ကျန်တဲ့ ကြွက်တွေလည်း လုံလရှိတဲ့ ကြွက်ကလေးကို လေးစားလွန်းလို့  အစာပိုတွေ သယ်လာပြီး ပေးကြတာ
ပေါ့။ ကြွက်ဖျင်းလေးလည်း ဒီဖြစ်ရပ်တွေ ကြည့်ပြီး အများလို မကျင့်ကြံခဲ့လို အများရဲ့ အလေးထားမှုကို ငါဆုံး
ရှုံးလိုက်ရတာ ပါလားလို့ တွေး မိသွားပါတယ်။
ရေသာခို နေခြင်းဟာ မကောင်းပါလား၊ ခဏတာ သာယာမှုရပေမယ့် ရေရှည်မှာ ဆိုးရွားစေတယ်ဆိုတာ ကြွက်
ဖျင်းတစ်ကောင် ကောင်းကောင်းနားလည်ပြီး နောင်တတွေ တစ်ပုံကြီးရသွားပါတယ်။
ငါဟာ တွင်းမတူးတဲ့ ကြွက်ဖျင်းပဲ။ တွင်းတူးတဲ့ ကြွက်တစ်ကောင်ဖြစ်အောင် ငါယနေ့မှ စပြီး ပြင်ဆင်ရတော့မယ်
လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ လောကမှာ ကိုယ့်တွင်း ကိုယ်တူးခြင်းသာ ကောင်းပါပေတယ် ဆိုတာကို ကြွက်
ဖျင်း တစ်ကောင် သဘောပေါက်ခဲ့ပါပြီ။
စာဖတ်သူများလည်း အတွေးထဲမှာ တွင်းတူးသောကြွက်နဲ့ တွင်းမတူးသောကြွက်ရဲ့ ဇာတ်သိမ်းခန်းမှာ သင်ခန်းစာ
လေး တစ်ခု ရသွားမယ်လို့ လည်း မျှော်လင့်ပါတယ်။
ကမ္ဘာပျက်ရင်တောင် မောင်းနိုင်မယ့် Polaris ATV
Doomsday ရောက်တဲ့အချိန်မှာ ကောင်းကောင်း အသုံးပြုနိုင်မယ့် ကား ဖြစ် တယ်လို့ ကြော်ငြာမှာ ထည့်ကြေညာ ထားခြင်းကြောင့် ကမ္ဘာပျက် ရင်တောင် သုံးနိုင်မယ့် ကားလို့ ခေါင်းစဉ်တပ် ထားခြင်း ဖြစ် ပါတယ်။
ဆိုင်ကယ်ကားပါ။ လေးဘီးပါပြီး မောင်းတံကတော့ ဆိုင်ကယ် လက်မောင်း တံ နဲ့ မို့ လေးဘီးဆိုင်ကယ် သို့မဟုတ် ဆိုင်ကယ်ကားလို့ ဆိုလိုခြင်း ဖြစ်ပါ တယ်။ သူ့ရဲ့  ထူးခြားချက် များစွာထဲက တစ်ခုကတော့ ဘီး ဖြစ်ပြီး ဘယ်လောက်ကြမ်းတဲ့ ခရီးမှာပဲ ဖြစ်ဖြစ် မောင်းနှင်နိုင်မယ့် အမျိုး အစား ဖြစ်ပါတယ်။ ဘီးက ဖာထေးစရာလည်း မလို ပါဘူး။ တောင်တက် ၊ တောင် ဆန်း၊ ဆူးလမ်း၊ မီးလမ်းတောင် အသုံးခံ သွားနိုင်မယ့် ဘီး ဖြစ် ပါတယ်။
ကားမှာ ဆီ ၁၁.၇၅ ဂါလံ ထည့်သွင်း အသုံးပြုနိုင်ပြီး ရထားသံလမ်းက Spike ၂ ချောင်းပေါင် မောင်းနှင်ရင် မိုင် ၁၀၀၀ ကျော် ခရီးသွားပြီး သာမန်လမ်းတွေပေါ်မှာ မိုင် ၃၅၀ ကျော် မောင်းနှင် နိုင်မှာ ဖြစ်ပါတယ်။ ကားအတွက် အသုံးပြုတဲ့ ပစ္စည်းအားလုံးက ကျည်ဒဏ်၊ ဗုံးဒဏ် ခံနိုင်တဲ့ သတ္တုတွေချည်း အသုံးပြုထားခြင်း ဖြစ်ပါတ်။ ဆိုင်ကယ်၊ ကားတွေရဲ့  အားနည်းချက်က ဆီတိုင်ကီ ပတ်လည်၊ အင်ဂျင်ပတ်လည်နားလောက် အထိအခိုက် ဖြစ်ရင် ပေါက်ကွဲ မီးလောင်တတ်တာပါပဲ။ ဒါကို မဖြစ်အောင် အထူးစီမံထားကြောင်း ဆိုပါတယ်။ ဂီယာ ၁ ချက်ထိုးကားပါပဲ။
ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁သောင်းခွဲ နဲ့ Polaris Sportman WV850 H.O ကို မှာယူနိုင်ကြောင်း သိရ ပါတယ်။
.
Ref: autoblog
အောင်ခမ်း
အသုံးများတဲ့..စကားအတိုလေးများ
(Short Conversations In Use)
ဒီနေ့လည်း အသုံးတည့်နိုင်လောက်တဲ့ အင်္ဂလိပ်စကား ၀ါကျအတိုလေးတွေကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။
(1) Say which?
ဘာပြောတာလဲ။
(2) What's the haps?
ဘာဖြစ်တာလဲ။
(3) Not on your life!
လုံးဝ မဟုတ်ရပါဘူး။
(4) Please,be seated!
ကျေးဇူးပြုပြီး ထိုင်ကြပါ။
(5) It's encouraging to hear that!
ကြားရတာ အားရှိလိုက်တာ။
(6) Those were the days!
တစ်အားပျော်ခဲ့ရတဲ့အချိန်တွေပေါ့..။
(7) Said it!
ဟုတ်လိုက်လေကွာ။
(8) The location isn't a factor.
နေရာက အကြောင်း မဟုတ်ပါဘူး။
(9) No comment!
အထူးပြောစရာမရှိပါဘူး။
(10) Two cakes to go!
ကိတ်မုန့်နှစ်ခု ပါဆယ်။
(11) That's big of you!
သဘောထားကြီးပါပေ့..။
(12) You always take her side!
မင်းက သူ့ဖက် အမြဲလိုက်တယ်။
(13) Go soak yourself!
သွားစမ်းပါ။
(14) That will never do!
ဒီအတိုင်းဆိုရင် မဖြစ်ဘူး။
(15) You could have fooled me!
ယုံဖို့ ခက်သားပဲ။ ။
အင်္ဂလိပ်ဘာသာ လေ့လာစရာ
မိသားစုဝင်ငွေနည်းတဲ့ပြဿနာက မိန်းကလေးတွေရဲ့ ဘဝလုံခြုံမှုကို ထိခိုက်စေတယ်ဆိုတဲ့ ဦးဘုန်း(ဓာတု)နှင့်တွေ့ဆုံခြင်း
Q. ပညာတတ်တဲ့ မိန်းကလေးနဲ့ ပညာမတတ်တဲ့မိန်းကလေး ဘ၀လုံခြုံမှုနဲ့ အာမခံချက်ရှိမှုတွေ ကွာသွားမှာပေါ့နော်ဆရာ။
A. ကွာတာပေါ့။ ပညာတတ်တဲ့မိန်းကလေးက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်လေလေ၊ ကိုယ့်ဘ၀ လုံခြုံလေလေပဲ။ ပညာနည်းလေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းလေလေ၊ ကိုယ့်ဘ၀မလုံခြုံလေလေပဲ။
Q. ပညာလည်းမတတ်၊ ပိုက်ဆံလည်းမရှိတဲ့ မိန်းကလေးတွေဆိုရင် လမ်းမှားကိုရောက်သွားနိုင်ခြေများမယ်လို့ ထင်တယ်ဆရာ။
A. ဆရာတို့နိုင်ငံမှာ အခုဖြစ်နေတာက ၀င်ငွေနည်းတဲ့ပြဿနာပဲ။ မိသားစုဝင်ငွေနည်းတဲ့ပြဿနာက မိန်းကလေးတွေရဲ့ဘ၀လုံခြုံမှုကို လာပြီးတော့ ထိခိုက်စေတယ်။ မိန်းကလေးတွေက မိခင်စိတ်ရှိတဲ့အတွက် အိမ်တစ်အိမ်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်တဲ့ စိတ်က မိန်းကလေးတွေဆီမှာ အလိုလိုနေရင်း ပေါ်ပေါက်နေတယ်။ အဲဒီအတွက် ဘ၀အပျက်ခံတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်။ ဆရာတို့နိုင်ငံမှာ နိုင်ငံတော်ကနေပြီးတော့ မိန်းကလေးတွေအတွက် မိသားစုဝင်ငွေတိုးတဲ့ စီးပွားရေးလုပ်ငန်းတွေကိုထူထောင်ဖို့ အများကြီး အကူအညီပေးသင့်တယ်။
Q. ဟုတ်တယ်ဆရာ။ တချို့ဆိုရင် ကိုယ့်ခန္ဓာကိုရင်းပြီး မိဘကို လုပ်ကျွေးနေတဲ့အတွက် ကုသိုလ်ပိုရသလိုလို၊ ဂုဏ်ယူနေသလိုလိုမျိုး ပြောတာလည်းရှိတယ်ဆရာ။
A. အဲဒါကတော့ ဘာသာရေးအဆုံးအမနဲ့ဆိုင်တယ်။ မိဘကိုလုပ်ကျွေးတာ ကောင်းတယ်ဆိုပေမယ့် ဘယ်လိုနည်းနဲ့ လုပ်ကျွေးတယ်ဆိုတဲ့စကားပြောဖို့လိုတာပေါ့။ အဲဒါတွေကို လူကြီးတွေက ဆုံးမသင့်တယ်။ မိဘကိုတော့ လုပ်ကိုင်ကျွေးမွေးရမယ်။ ဒါပေမဲ့ ခိုးမကျွေးသင့်ဘူး။ ဘ၀ကို ရင်းပြီးမကျွေးသင့်ဘူး။
မိသားစုဝင်ငွေနည်းတဲ့ပြဿနာက မိန်းကလေးတွေရဲ့ ဘဝလုံခြုံမှုကို ထိခိုက်စေတယ်ဆိုတဲ့ ဦးဘုန်း(ဓာတု)နှင့်တွေ့ဆုံခြင်း
Eternal Light Magazine
December 2013
မင်္ဂလာစု စာအုပ်
အိမ်ထောင်ကျပြီးသူရော၊ မကျသေးသူတွေအတွက် ငွေစုစာအုပ်လေးတစ်အုပ် လက်ဆောင်ပေးလိုက်ပါတယ်။ အဲဒီ စာအုပ်က ငွေကြေးစုဖို့မဟုတ်ပါဘူး။ ကိုယ်ရဲ့ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ အမှတ်တရတွေ စုဖို့အတွက်ဖြစ်တယ်။ ဖတ်မိတဲ့ စာလေးတစ်ပုဒ်ကို ဘာသာပြန်မျှဝေလိုက်ပါတယ်။
ကျွန်မ မင်္ဂလာဆောင်တဲ့နေ့က မင်္ဂလာလက်ဖွဲ့အဖြစ် ငွေစုစာအုပ်တစ်အုပ်ကို မေမေက လက်ဆောင်ပေးခဲ့တယ်။ ကျွန်မအတွက် အမွေများလားပေါ့။ စာအုပ်ကို ဖွင့်ကြည့်တော့ စုထားတဲ့ငွေက ကျပ် ၁ဝဝဝပဲရှိတယ်။ မျှော်လင့်ချက်မဲ့တဲ့ မျက်လုံးနဲ့ မေမေကို ကျွန်မကြည့်မိတော့ မေမေက ပြုံးရင်း “သမီး... ဒါ သမီးအတွက် မေမေအထူးလုပ်ထားတဲ့ “မင်္ဂလာစု”စာအုပ်လေးပါ။ နောင်နောက် အမှတ်တရဖြစ်စေတဲ့နေ့မျိုးမှာ ဒီစာအုပ်ထဲ ငွေနည်းများမဆိုစုနိုင်ပါတယ်။ ဒါမှ နောင်အိုမင်းလာတဲ့အခါ ဒီစာအုပ်ထဲမှာ ငွေတွေအပြင် ပျော်ရွှင်ခြင်းတွေပါရှိနေလိမ့်မယ်” လို့ပြောပါတယ်။
မေမေပြောတဲ့စကားကို ကျွန်မ အမှတ်တမဲ့ပဲ ထားလိုက်မိတယ်။ ကျွန်မ အမျိုးသားက အဲဒီစကားကို ခေါင်းတညိတ်ညိတ်နဲ့ မှတ်သားနေခဲ့ပါတယ်။
မင်္ဂလာဆောင်ပြီးနောက် အမျိုးသားက စာအုပ်ထဲ ကျပ် ၅ဝဝ နှစ်ကြိမ် စုလိုက်တယ်။ တစ်ကြိမ်က သူရာထူးတိုးတဲ့အတွက်ဖြစ်ပြီး နောက်တစ်ကြိမ်က ကျွန်မ ခွဲစိတ်ခန်းက ထွက်တဲ့နေ့ဖြစ်တယ်။ အဲဒီတုန်းက အမျိုးသားရဲ့အပြုအမူကို ကျွန်မရယ်မောခဲ့မိတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ ကြည်နူးမိပါတယ်။ ကျွန်မ ကျန်းမာလာတဲ့နေ့ကို သူ့ရဲ့ပျော်ရွှင်တဲ့နေ့အဖြစ် သတ်မှတ်ခဲ့လို့ပါပဲ။
သိပ်မကြာဘူး... ကျွန်မ ကိုယ်ဝန်ရှိလာတယ်။ အဲဒီအတွက် ကျွန်မ ငွေ၂ဝဝဝကျပ် စုလိုက်တယ်။ အဲဒီနောက် မွေးဖွားလာတဲ့ ရင်သွေးငယ်လေး သယ်ဆောင်လာခဲ့တဲ့ပျော်ရွှင်မှုက ကျွန်မတို့အတွက် တိုတောင်းခဲ့ပါတယ်။ ကျွန်မတို့ကြားထဲ ငြင်းခုန်ရန်ဖြစ်မှုနဲ့ အေးစက်မှုက မြန်မြန်ဆန်ဆန် ရောက်လာခဲ့တယ်။ လျှော်လို့မကုန်နိုင်တဲ့ အနှီးတွေ၊ တိုက်လို့မကုန်နိုင်တဲ့နို့တွေက ကျွန်မတို့ရဲ့ခံစားမှုကို ဆိုးသထက် ဆိုးဝါးလာစေခဲ့တယ်။ မေမေ လက်ဆောင်ပေးခဲ့တဲ့ “မင်္ဂလာစု” စာအုပ်က အံဆွဲတစ်နေရာမှာ ကျွန်မတို့ရဲ့ မေ့လျှော့ခြင်းကိုခံခဲ့ရတယ်။ စာအုပ်ထဲက ပျော်ရွှင်ခြင်းကိန်းဂဏန်းက နဂိုနေရာမှာတင် ရပ်တန့်နေခဲ့ပါတယ်။
ကွာရှင်းဖို့အတွက် ကျွန်မတို့ ပြင်ဆင်ကြတော့ မေမေက “အဲဒီစာအုပ်ထဲက ငွေကို သမီးတို့ အရင်ဖြုန်းပြီးမှ ကွာရှင်းကြပါ။ စာအုပ်ထဲက ငွေကသိပ်မများပေမယ့် အဲဒီငွေက သမီးတို့နှစ်ယောက်လုံး ပိုင်တဲ့ငွေဖြစ်တယ်” လို့ပြောတယ်။
စာအုပ်ထဲက ငွေ ၁ဝဝဝကို ကျွန်မထုတ်ယူလိုက်တယ်။ လိုချင်တာ ကြာနေပြီဖြစ်တဲ့ အဝတ်အစားထုပ်တွေကိုကိုင်ဆွဲရင်း ကုန်တိုက်ထဲကနေ ကျွန်မထွက်လာခဲ့တယ်။ ကုန်တိုက်တံခါးဝအရောက် အရောင်းစာရေးမဆီ ကျွန်မပြန်လှည့်လာပြီး “ဆောရီးပဲ... ဒီပစ္စည်းတွေ ကျွန်မ မယူတော့ဘူး။ ပိုက်ဆံပြန်အမ်းပေးပါ” လို့ တောင်းဆိုလိုက်တယ်။
ခေါင်းထဲမှာလည်း ဒီငွေ ၁ဝဝဝ ဟာ ငါတို့ရဲ့ မင်္ဂလာတွေ၊ အမှတ်တရနေ့တွေ၊ အပျော်တွေစုထားတဲ့ ငွေဖြစ်တယ်လို့ ချက်ချင်းတွေး လိုက်မိတယ်။
ကျွန်မ အမျိုးသားက အရှက်ကြီးသူ တစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် တစ်ခါက လမ်းမပေါ်မှာ “ငါနင့်ကိုချစ်တယ်” လို့ အော်ပြောခဲ့ဖူးတယ်။ အဲဒီအတွက် ကျွန်မ ငွေတစ်ရာ စုခဲ့တယ်။
ကျွန်မရဲ့ မွေးနေ့ကို သူမှတ်မိတယ်။ ကျွန်မရဲ့ ဖိနပ်အတိုင်း၊ ကျွန်မရဲ့ လျှို့ဝှက်နံပါတ်နဲ့ ကျွန်မ ကြောက်တတ်တဲ့ အရာအားလုံးကို သူမှတ်မိနေတယ်။ အဲဒီအတွက် မွေးနေ့တုန်းက ကျွန်မ ၃ဝဝကျပ် စုခဲ့တယ်။
မိန်းမတွေနဲ့ သူကင်းရှင်းတယ်။ ရေလာမြောင်းပေးလုပ်တဲ့ သူ့လက်အောက်က ဝန်ထမ်းမလေးတွေနဲ့ သူကင်းကင်းရှင်းရှင်း နေခဲ့တယ်။ အခွင့်အရေး မပေးခဲ့ဘူး။ အဲဒီအတွက် ကျွန်မ ၅ဝဝကျပ် စုခဲ့တယ်။
ဒီငွေ ၁ဝဝဝထဲမှာ အပျော်တွေ ဒီလောက်စုမိနေပါလား? ဒီလိုဆိုရင် စာအုပ်ထဲစုထားတဲ့ ငွေ နှစ်သောင်းကျော်ထဲမှာ .... ကျွန်မမျက်လုံးထဲ မျက်ရည်တွေ ပြည့်လျှံလာခဲ့တယ်။
ညနေအိမ်ပြန်ရောက်တော့ စာအုပ်ကို သူ့လက်ထဲ ထိုးအပ်လိုက်ပြီး “ ဒီထဲကငွေတွေ အမြန်သုံးလိုက်၊ သုံးကုန်မှ ကွာရှင်းမယ်” လို့ ကျွန်မပြောလိုက်တယ်။
နောက်တစ်ရက်ညမှာ ကျွန်မလက်ထဲ ငွေစုစာအုပ်ကို သူပြန်အပ်ပါတယ်။ ကျွန်မ ဖွင့်ကြည့်တော့ ငွေတွေလျှော့မသွားတဲ့အပြင် ၁ဝဝဝကျပ် ထပ်တိုးလာခဲ့တယ်။
“ဒီထဲက ငွေတစ်ကျပ်တစ်ပဲဟာ ငါတို့အတူ ကျော်ဖြတ်ခဲ့တဲ့လမ်းကို မှတ်သားထားတယ်။ ငါနင့်ကို အဲလောက်တောင် ချစ်ခဲ့မှန်း ကိုယ့်ကိုယ်ကိုပြန်သတိထားမိလို့ ငွေ ၁ဝဝဝ ငါထပ်စုလိုက်တယ်” လို့ သူက ပြောပါတယ်။
မေမေပြောတဲ့စကားတွေ မှန်ခဲ့ပါတယ်။ အချစ်ဆိုတာ လက်ထပ်ဖို့အတွက် ဖွင့်ခဲ့တဲ့ အကောင့်နံပါတ်ဖြစ်တယ်။ လက်ထပ်ပြီးနောက် လင်မယားကြားမှာရှိတဲ့ အမှတ်တရ၊ ပျော်ရွှင်ခြင်းတွေ၊ ရိုမန်တစ်ဖြစ်ရပ်... ဒါတွေအားလုံးကို ဒီအကောင့်ထဲ စုထည့်ဖို့ဖြစ်တယ်။ ဒီလို နေ့နေ့၊ လလ အပျော်တွေစုတဲ့ အစုစာအုပ်လေးသာရှိခဲ့ရင် ဘယ်လောက်ပဲ ဆင်းရဲတဲ့လက်ထပ်ခြင်းမျိုး၊ ပင်ပန်းတဲ့လက်ထပ်ခြင်းမျိုး ဖြစ်နေခဲ့ပါစေ အခက်အခဲ အားလုံးကို ကျော်ဖြတ်နိုင်မယ်လို့ ကျွန်မယုံကြည်မိပါတယ်။
နိုင်းနိုင်းစနေ (Sunday, October 05, 2008)
Dashrath Manjhi သို့မဟုတ် တောင်တွေကို ရွေ့လျားစေသူ
သူဟာ အိန္ဒိယနိုင်ငံသားဖြစ်ပါတယ်။သူ့မိန်းမဟာ တစ်နေ့မှာတော့ အပြင်းဖျားပြီးတော့ သေဆုံးသွားပါတယ်။အမှန်မှန်ဆိုရင် သူ့မိန်းမဟာ ဆေးရုံပို့နောက်ကျလို့ သေဆုံးသွားရတာဖြစ်ပါတယ်။သူတို့ရွာနဲ့ ဆေးရုံကိုသွားမယ့်လမ်းမှာ မက်စောက်တဲ့ တောင်တစ်လုံးခံနေတဲ့ အတွက် ကွေ့ပတ်ပြီးတော့ သွားရတာဖြစ်လို့ပါ။သူ့မိန်းမ သေဆုံးပြီးတဲ့နောက်မှာ သူဟာ အဲဒီမတ်စောက်တဲ့ တောင်ကိုတက်ပြီးတော့ ပေါက်ချွန်းနဲ့ တောင်ဖြိုချပါတယ်။
အားတိုင်း အားတိုင်း တောင်ပေါ်တက်ပြီးတော့ ကျောက်ခဲတွေကို ထုချေပါတယ်။
၂၂နှစ်ကြာဖြိုချ အပြီးမှာတော့ တောင်ဟာ ဟိုဘက်ဒီဘက် လုံးဝကိုလမ်းပွင့်သွားပြီးတော့ ဆက်သွယ်ရေးလမ်းအဆင်ပြေသွားခဲ့ပါတယ်။၂၀၀၇ ခုနှစ် သြဂုတ် ၁၇ မှာ သေဆုံးခဲ့ပါတယ်။အဲဒီတောင်ကြားလမ်းကိုတော့ သူ့နာမည်ကို အမည်ပေးမှည့်မှာ ဖြစ်ပါတယ်။
တစ်ဦးတည်းဆိုပြီး မလုပ်နိုင်ဘူးဆိုတဲ့ အရာတွေကိုတော့ Dashrath Manjhi က သက်သေပြသွားခဲ့ပါပြီ။တကယ်တော့ တစ်ယောက်ထဲမလုပ်နိုင်တဲ့ ကိစ္စဆိုတာ မရှိသလောက်နည်းပြီးတော့ လူများများဝိုင်းကူလေ အချိန်မြန်မြန်ပြီးလေလေ ဖြစ်ပါတယ်။သူ တောင်ကိုစတင်ဖြိုနေတုန်းက လူအများကတော့ သူရူးနေပြီလို့ ထင်ကြတာဖြစ်ပါတယ်။နောက်တော့ ဒီလမ်းကြီးပေါ်လာမယ်လို့ လုံးဝမထင်ထားကြပါဘူး။
ချိုးငှက်ဟူသည်
မိုးပေါ်ပျံတက်စေတဲ့အရာ (ရသစာပေ)
တစ်ခါက မိုးပျံပူပေါင်းတွေကို ဈေးပွဲမှာရောင်းပြီးအသက်မွေးသူတစ်ယောက်ရှိပါတယ်။ သူ့မှာ အနီရောင်၊ အ၀ါရောင်၊ အစိမ်းရောင် တွေအပါအ၀င် မိုးပျံပူပေါင်းရောင်စုံရောင်းပါတယ်။
သူဟာ ဈေးရောင်းမကောင်းတဲ့အခါတိုင်း ဟီလီယံဓာတ်ငွေ့ဖြည့်ထားတဲ့ မိုးပျံပူပေါင်းတွေကို ကလေးတွေရှေ့မှာ ကောင်းကင်ကိုလွှတ်တင်ပြပါတယ်။ အဲဒါကိုမြင်တဲ့ကလေးတွေဟာ မိုးပျံပူပေါင်းတွေကို ၀ယ်ချင်လာပါတယ်။ ကလေးတွေလာဝယ်ကြတဲ့အခါမှာ သူဟာ ဈေးရောင်းကောင်းလာပြန်ပါတယ်။ဒီလိုနည်းနဲ့သူ တနေကုန်အောင်ရောင်းချပါတယ်။ ဒီလိုနဲ့ မိုးပျံပူပေါင်းရောင်းသမားရဲ့အိတ်ဟာ တစ်နေ့အရောက်မှာ ဖောင်းလာရပါတယ်။
-
သူဈေးလှည့်ရောင်းနေတဲ့ တစ်နေ့မှာ ကောင်လေးတစ်ယောက်ကသူ့ကိုမေးတယ်။
“ဈေးသည်ကြီး၊ အနက်ရောင်ပူပေါင်းကို လွှတ်တင်လိုက်ရင်လည်း မိုးပေါ်ကိုပျံမှာပဲလား၊ သားမသိလို့” လို့မေးလာပါတယ်။
-
အဲဒီအခါမှာ မိုးပျံပူပေါင်းရောင်းတဲ့ ဈေးသည်ကြီးဟာ ကလေးငယ်ကို ဂရုဏာသက်စွာနဲ့ အခုလိုဖြေပေးပါတယ်။
“သားငယ်လေးရေ၊ မိုးပေါ်ပျံတက်ဖို့ရာ အရေးကြီးတာ ပူပေါင်းရဲ့အရောင်အဆင်းမဟုတ်ပါဘူး။ ပူပေါင်းအတွင်းထဲမှာ ထည့်ထားတဲ့အရာပါ။”
-
ကျွန်တော်တို့တွေရဲ့ဘ၀တွေဟာလည်း ထိုနည်းတူစွာပါပဲ။ အတွင်းပိုင်းမှာ ရှိသောအရာကပဲ အရေးပါတာပါ။ အတွင်းပိုင်းမှာရှိတဲ့ မိုးပေါ်ကိုပျံတက်စေတဲ့အရာကတော့ ကျွန်တော်တို့တွေရဲ့ သဘောထားပါပဲ။
***********
Source: English-မြန်မာ စာပဒေသာ
ပြုံးပြုံးလေးနေခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
ပြုံးပြုံးလေးနေတာက သင့်ကို ပုံမှန်ထက် ပိုတောက်စေတဲ့အပြင် သင့်ခန္ဓာကိုယ်ကိုလည်း ကောင်းကောင်း အလုပ်လုပ်စေပါတယ်။ အပြုံးကြောင့် သင့်ကျန်းမာရေး ကို ကောင်းမွန်စေသလို ဖိစီးမှုအဆင့်ကို လျော့ကျကာ ဆွဲဆောင်မှုရှိစေပါတယ်။
(၁) အပြုံးက သင့်ကို ဆွဲဆောင်မှုရှိစေ ပါတယ်
လူတွေကို ပြုံးနေတဲ့ပုံဆွဲလိုက်တဲ့အခါ တည်တဲ့ပုံတွေ ထက် ပိုပြီးဆွဲဆောင်မှုရှိတာကို လေ့လာမှုတွေအရ သိရ ပါတယ်။ မျက်မှောင်ကြုတ်တာ၊မျက်စောင်းထိုးတာ စတဲ့ အပြုအမူတွေက မျက်နှာကို ရှိရင်းစွဲ အသက်ထက် ပိုရင့် သလို ဖြစ်စေကာ ပြုံးတာက ငယ်နုတဲ့အသွင်ရစေတာ
ကြောင့်ပါ။
(၂) အပြုံးက စိတ်ကိုပြောင်းစေနိုင်တယ်
နောက်တစ်ခါ သင်စိတ်ဓာတ်ကျနေရင် ပြုံးနိုင်အောင် ကြိုးစားပြီး ပြုံးကြည့်လိုက်ပါ။ စိတ်ခံစားမှုက အကောင်းဘက်ကို ပြောင်းလဲသွားပါလိမ့်မယ်။ ပြုံးတာက စိတ်ကို ပြောင်းလဲစေတဲ့ လှည့်ကွက်တစ်ခုပါပဲ။
(၃) အပြုံးက ကူးစက်တတ်ပါတယ်
လူတစ်ယောက်က ပြုံးနေရင် အဲဒီအခန်းက လင်းနေသလိုပဲ တခြားလူတွေရဲ့စိတ်ကိုပါ ပျော်ရွှင်လာစေပါ တယ်။ ပြုံးနေတဲ့သူဟာ တခြားလူတွေဆီ ပျော်ရွှင်မှုကို သယ်ဆောင်လာတာပါ။
(၄) အပြုံးက စိတ်ဖိစီးမှုကို သက်သာစေပါတယ်
စိတ်ဖိစီးမှုဖြစ်နေရင် မျက်နှာမှာပေါ်လွင်နေပါတယ်။ အဲဒီအချိန်မှာ ပြုံးလိုက်ရင် သင်ရဲ့ ပင်ပန်းစိတ်ဓာတ် ကျပြီး နွမ်းနယ်နေတဲ့ပုံပျောက်သွားပါလိမ့်မယ်။
(၅) အပြုံးက ကိုယ်ခံစွမ်းအားစနစ်ကိုမြင့်တက်စေပါတယ်
ပြုံးတာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းကောင်းအလုပ်လုပ်အောင် ကူညီနိုင်ပါတယ်။
ပြုံးလိုက်တဲ့အခါ ခုခံအားဆိုင်ရာလုပ်ငန်းဆောင်တာတွေက ကောင်းမွန်သွားတာကြောင့် အပန်းပြေစေပါ တယ်။
(၆) အပြုံးက သွေးဖိအားကိုလျော့ကျစေပါတယ်
ပြုံးလိုက်တဲ့အခါ သွေးဖိအားက သိသိသာသာလျော့ကျသွားပါတယ်။ အိမ်မှာ မိနစ်အနည်းငယ်ကြာထိုင်ပြီး
သွေးပေါင်တိုင်းကြည့်ပါ။ တစ်မိနစ်လောက်ပြုံးပြီး ပြုံးနေရင်းမှာပဲ သွေးပေါင်ထပ်တိုင်းကြည့်ပါ။ ခြားနားချက် ကို သင်တွေ့ရပါလိမ့်မယ်။
(၇) အပြုံးက ကောင်းတဲ့အရာတွေထွက်စေတယ်
လေ့လာမှုတွေအရ ပြုံးတာကြောင့် အန်ဒေါ်ဖင်၊ သဘာဝ အကိုက်အခဲပျောက်ဆေးနဲ့ ဆီရိုတိုနင်စတဲ့
ကောင်းတဲ့ဓာတ်တွေ ထွက်ရှိလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြုံးတာကို သဘာဝဆေးဝါး တစ်လက် လို့ ဆိုကြတာပါ။
(၈) အပြုံးက မျက်နှာကို ပင့်တင်ပေးပြီး နုပျိုစေပါတယ်
ပြုံးလိုက်တဲ့အခါမှာ ကျွန်မတို့သုံးလိုက်တဲ့ ကြွက်သားတွေက မျက်နှာကို ပင့်တင်ပေးလိုက်သလိုဖြစ်စေတာကြောင့် ပိုနုပျိုတဲ့ ပုံဖြစ်သွားစေပါတယ်။
(၉) အပြုံးက အောင်မြင်သူတစ်ဦးလို ထင်ရစေတယ်
ပြုံးနေတဲ့သူတွေကို ကြည့်ရတာ ယုံကြည်မှုပိုရှိတဲ့ဟန်ပေါက်စေပြီး လုပ်ငန်းကိစ္စတွေမှာ စိတ်ချရတဲ့ပုံပေါက်စေပါတယ်။ အစည်းအဝေးတွေနဲ့ အရေးကြီးတဲ့ တွေ့ဆုံမှုတွေမှာ များများပြုံးလိုက်ပါ။ အရင်နဲ့မတူတဲ့တုံ့ပြန် မှုကို ရရှိလာပါလိမ့်မယ်။
(၁၀) အပြုံးက အကောင်းမြင်စေပါတယ်
ပြုံးပြုံးလေးနေရင်း တစ်ခုခုကို အဆိုးဘက်က တွေးကြည့်ဖို့ မလွယ်ပါဘူး။ သင်ပြုံးလိုက်တဲ့အခါမှာ ဦးနှောက် ဆီကို “ဘ၀က နေပျော်စရာကောင်းတယ်” ဆိုတဲ့ သတင်းပေးပို့မှု ရောက်ရှိသွားတာကြောင့် ဖြစ်ပါတယ်။
ပြုံးပြုံးလေးနေရင်း စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ ပူပင်သောကတွေကို ဖယ်ရှားလိုက်ပါ။
ngwesusan
နိုင်ငံရေးအကျဉ်းသားများကို အစိုးရက နိုင်ငံရေးကစားကွက်တစ်ခုအဖြစ်အသုံးပြုဟု လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများပြော
နိုင်ငံရေး အကျဉ်းသားများကို အစိုးရက နိုင်ငံရေး ကစားကွက် တစ်ခုအဖြစ် အသုံးပြုလျက်ရှိဟု ဒီဇင်ဘာ (၁၁)ရက် အင်းစိန် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများက မီဒီယာများသို့ ပြောကြား ခဲ့သည်။
အင်းစိန် အကျဉ်းထောင်တွင် ပုဒ်မ ၁၈၊ ၅၀၅(ခ)ဖြင့် ပြန် လည်လွတ်မြောက်လာသော ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ကိုဒီငြိမ်းလင်းက ““ကျွန်တော်တို့ နိုင်ငံရဲ့ ဥပဒေစိုးမိုးမှုပုံစံ ဘယ်လို ရှိတယ်ဆိုတာကို နိုင်ငံရေးအကျဉ်းသား အားလုံးသိပါတယ်။ သူတို့က နိုင်ငံရေးလုပ်တဲ့ သူတွေဆိုရင် ပုဒ်မ အမျိုးမျိုးတွေ အထပ်ထပ်တပ်ပြီး အရေးယူခဲ့ကြတာ။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို အစိုးရက နိုင်ငံရေး ကစားကွက်တစ်ခု အဖြစ် နိုင်ငံတကာမှာ မျက်နှာပန်းလှ အောင်လုပ်ပြနေတယ်။ သူတို့ကို ဆန့်ကျင်တဲ့ သူတွေဆိုရင် ထောင်ထဲ ထည့်လိုက် ထုတ်လိုက် အမြဲလုပ် ဆောင်နေတာ ပြည်သူတွေအသိ ပါ””ဟုပြောသည်။ …
နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒီဇင်ဘာ (၁၁) ရက်နေ့တွင် အကျဉ်းထောင် အသီးသီး၌ အကျဉ်းသား (၄၁) ယောက် ပြန်လည်လွတ်မြောက် လာခဲ့သည်။
မတရားသင်းဆက်သွယ် မှုဖြင့် အင်းစိန်အကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက်လာသော ကိုမျိုးမြင့်အောင်က ““ABSDF အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး (၆)လပိုင်း ၂၀၁၂ ခုနှစ်က ထောင် ခုနစ်နှစ်ကျခဲ့တာ။ ပြန်လည် လွတ် မြောက်လာတာ ၀မ်းသာရပေမယ့် ထောင်ထဲမှာကျန်ခဲ့တဲ့ ညီအစ်ကို တွေအတွက် စိတ်မကောင်းဘူး။ အခုလို ပြန်လည် လွတ်မြောက်လာ တဲ့အတွက် အစိုးရအဖွဲ့ကို ကျေးဇူးတင်စရာတော့ မရှိပါဘူး။ သူတို့ကို ပြည်သူ တွေက အသိအမှတ်ပြုခြင်း ခံချင်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပါ တယ်”” ဟု ၎င်း၏ ခံစားချက်ကို မြန်မာသံတော်ဆင့်သို့ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများကို (၁၄)ကြိမ်မြောက်လွှတ် ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၃၀၀ကျော်ခန့် ပြန်လည်လွတ် မြောက်ပြီးဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားကူညီ စောင့်ရှောက်ရေးအဖွဲ့ (AAPP) ကိုဘိုကြည်က ““အစိုးရက အကျဉ်း သားတွေ လွှတ်တိုင်း နိုင်ငံတော် အခမ်းအနားပွဲတွေ၊ နိုင်ငံတော် လူကြီးတွေ နိုင်ငံခြားခရီးစဉ်တွေ တိုင်းမှာ အကျဉ်းသား တွေကို လွှတ်ပေးနေတာ ဝေဖန်စရာပါ။ သမ္မတကြီးရဲ့ စကားကလည်း မေးခွန်း ထုတ်စရာကောင်းနေပြီ။ ဒီဇင်ဘာ လကုန်မှာ အကျဉ်းသားတွေအကုန် လွှတ်ပေးမယ်ဆိုတာ လက်တွေ့မှာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အကျဉ်းသား (၄၄)ယောက်ရဲ့ ပုဒ်မတွေကလည်း အငြင်းပွားနေဆဲပဲ။ ပြီး တော့ ပုဒ်မ (၁၈)၊ ၅၀၅(ခ)နဲ့ ဖမ်းထားတဲ့သူတွေက (၂၀၀)ကျော်လောက်ရှိတယ်””ဟု ပြော သည်။
ကျော်စိုးဦး
မြန်မာသံတော်ဆင့်
Downmanhon
ရ၅%ဒီမိုကရေစီဖြစ်သယောင်လုပ်ထားသော်လည်းအမှန်မှာ ၀% ဒီမိုကရေစီဖြစ်အောင် လုပ်ထားတာပါ။
ရ၅% ဒီမိုကရေစီ ဖြစ်သယောင်လုပ်ထားသော်လည်း အမှန်မှာ ၀% ဒီမိုကရေစီဖြစ်အောင် လုပ်ထားတာပါ။ ၁၀၀% အာဏာရှင်စနစ် ဖြစ်အောင် လုပ်ထားတာပါ။
လွှတ်တော်မှာ ဆွေးနွေးတင်ပြသမျှတွေကို လွှတ်တော်အမတ်တွေထဲက ၂၅% သော စစ်သားတွေအား ထောက်ခံပါ ငြင်းပယ်ပါလို့ ဗိုလ်ချုပ် မင်းအောင်လှိုင်က အမိန့်ပေးနိုင်ပါ တယ်။ စစ်သားလွှတ်တော်အမတ်တွေဟာဘာကိုမှ စဉ်းစားစရာမလိုပါ။ ဗိုလ်ချုပ် မင်းအောင် လှိုင်က ထောက်ခံလိုက်ပါလို့ အမိန်ပေးရင် ထောက်ခံမယ်။ ငြင်းပယ်ပါ ဆိုရင် ငြင်းပယ် မှာပါ။ ဘာမှစဉ်းစားစရာမလိုတဲ့အတွက်လည်း စစ်သားတွေ လွှတ်တော်ထဲမှာ အိပ်နေတာပါ။ လူဦးရေ သန် ၆၀ ရဲ့ ၂၅% ဟာ ၁၅,၀၀၀,၀၀၀ ဖြစ်ပါတယ်။ ဒါကြောင့် သူတစ်ယောက်တည်းက လူ ၁၅ သန်းရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ကိုင်ထားနေ ပါတယ်။
သာမန်ကြည့်လျှင် ၇၅% ဒီမိုကရေစီဖြစ်နေတယ်လို့ ထင်စရာရှိပါတယ်။ မဟုတ်ပါ။ ဒီမိုကရေစီ မဖြစ်နိုင် အောင် တိုင်းပြည်အတွက် အရေးကြီးတဲ့ ဆုံးဖြတ် ချက်ကိုလည်း လွှတ်တော်မှာ ၇၅% ကျော်ထောက် ခံမဲရမှ အောင်မြင်ရမယ်လို့ သတ်မှတ်ထားလိုက်ပြန် ပါတယ်။ ၇၅%မှ ကျော်သောသူတို့သည် စစ်သားများပါ။ ထို့ကြောင့် စစ်သားများမထောက်ခံလျှင် မည်သည့် အရာမျှမအောင်မြင်အောင် လုပ်ထားတာပါ။ ပြည်သူတွေက ရွေးချယ်တင်မြှောက်ခြင်းမခံရတဲ့ လွှတ်တော်ထဲကစစ်သားအမတ်တွေ မထောက်ခံ ရင် ဘာမျှမအောင်မြင်နိုင်အောင်လုပ်ထားတာပါ။
ရ၅% ဒီမိုကရေစီ ဖြစ်သယောင်လုပ်ထားသော်လည်း အမှန်မှာ ၀% ဒီမိုကရေစီဖြစ်အောင် လုပ်ထားတာပါ။ ၁၀၀% အာဏာရှင်စနစ် ဖြစ်အောင် လုပ်ထားတာပါ။ တိုင်းပြည်ကြီး ထာဝရစစ်အာဏာရှင်အောက်မှာ ရောက်နေပါတယ်။ ပြည်သူတွေရဲ့ဆန္ဒကို ဆန့်ကျင်တဲ့မတရားမှုကြီးပါ။
Prodemo Aung Khin
Downmanhon
ဒီမိုကရေစီနိုင်ငံတွေမှာစစ်ပညာလုံးဝမသင်ဖူးတဲ့ အမျိုးသမီးတစ်ယောက်ကိုတောင် ကာကွယ်ရေးဝန်ကြီးခန့်
မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ်ကို အသက်သွင်းနေတဲ့ 2008 နာဂစ် အခြေခံဥပဒေကို ဆန္ဒခံယူနေချိန်မှာ၊ စပိန်နိုင်ငံမှာ ကာကွယ်ရေးဝန်ကြီး အသစ်စက်စက်ကလေး ကာမဲန် ချာကွန် က ကလေးမီးဖွားခဲ့ပါတယ်၊
ကာမန်က ကာကွယ်ရေးဝန်ကြီး ဖြစ်တဲ့ အချိန်မှာ ကိုယ်ဝန် ခုနစ်လ နဲ့ ပါ၊ သူကျွမ်းကျင် တာ က စစ်ပညာ မဟုတ်ပါဘူး၊ ဥပဒေ ပိုင်းပါ၊ အခြေခံဥပဒေ ဆိုင်ရာ အထူးပြုပြီး ယူထားပါတယ်၊ သူက နိုင်ငံရေး သမား ပါ၊ သူ့ပါတီက အစိုးရအဖွဲ့ ဖွဲ့ချိန်မှာ ကိုယ်ဝန်အရင့်အမာ နဲ့ သူ့ကို ဝန်ကြီးချုပ်က ကာကွယ်ရေး ဝန်ကြီးတာဝန်ပေး ခဲ့ပါတယ်။ အမျိုးသမီး တွေကို တန်းတူအခွင့်အရေး ပေးမှုကို ပါ အထင်အရှား တွေ့မြင်နိုင်ခဲ့ပါတယ်။
၂၀၁၂ မှာ သူ့ ဝန်ကြီးချုပ်က ရွေးကောက်ပွဲ မဝင်တော့လို့ ကာကွယ်ရေးဝန်ကြီးရာထူးမှ နှုတ်ထွက်ခဲ့ပါတယ်၊ ၂၀၁၂ သူတို့ ပါတီညီလာခံမှာ အရေးကြီးဆုံးရာထူး အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ၂၂မဲထဲ ကပ်ရှုံးခဲ့ပါတယ်၊ အခုထိပါတီမှာ တာဝန်ထမ်းဆောင်ဆဲ ဖြစ်ပြီး ဘာစီလိုနာ မှာ တာဝန်ယူထားပါတယ်၊ သူက ကတ်တလန် ဒေသကို လွတ်လပ်စွာ ခွဲထွက်မှုကို ဆန့်ကျင်သူလို့ နာမည်ကျော်ပါတယ်။
သူ့အကြောင်း ပြောချင်တာက အဓိက မဟုတ်ပါဘူး၊
ဒီမိုကရေစီ နိုင်ငံတွေမှာ စစ်ပညာ လုံးဝမသင်ဖူးတဲ့ အမျိုးသမီး တစ်ယောက်ကို တောင် ကာကွယ်ရေးဝန်ကြီးခန့်တယ် ဆိုတာပါပဲ။ ဒီ မှာက တော့ ကာကွယ်ရေးဝန်ကြီးကို ကာချုပ်က သာ ခန့်ပိုင်ခွင့် ရှိပါတယ်။
2008 မှာ ဖြစ်ပျက်ခဲ့ တဲ့ မတူညီတဲ့ အခြေအနေလေးတွေပါ။
မေပုပ္ပား
၂၀၁၃ ဒီဇင်ဘာ ၁၅
Downmanhon
မြန်မာမြားပစ်အဖွဲ့အတွက်ပထမဆုံးရွှေတံဆိပ်မအောင်ငှိမ်းရယူ
နေပြည်တော် ဝဏ္ဏသိဒ္ဓိအား ကစားကွင်း၌ပြုလုပ်နေသောဆီးဂိမ်း
ပြိုင်ပွဲတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ ချုပ်အတွက်ပထမဆုံးရွှေတံဆိပ်ဆု ကိုမြားပစ်ရွှေတံဆိပ်စံချိန်ရှင်မအောင် ငှိမ်းကယနေ့ရယူပေးလိုက်သည်။
မြားပစ်အားကစားမယ်မအောင် ငှိမ်းသည် အမျိုးသမီးတစ်ဦးချင်း Compound ပြိုင်ပွဲတွင် ရမှတ် ၁၃၈မှတ်ဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ပြိုင်ဘက်ကို ၈ မှတ်အသာရကာ ရွှေတံဆိပ်ရရှိခဲ့ခြင်းဖြစ်သည်။ ရွှေ တံဆိပ်ဆုရှင်မအောင်ငှိမ်းကိုမြန်မာ နိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဖြိုး ကိုကိုတင့်ဆန်းကကျပ်သိန်း ၂ဝဝ ဆုချီးမြင့်သွားမည်ဟုသိရသည်။
ရွှေတံဆိပ်ဆုရမြန်မာ၊ငွေတံဆိပ် ဆုရ အင်ဒိုနီးရှားနှင့် ကြေးတံဆိပ် ဆုရ မလေးရှားကစားသမားများ ကိုအားကစားဝန်ကြီးဌာနျပြည်ထောင် စုဝန်ကြီးဦးတင့်ဆန်းနှင့်ဦးဖြိုးကိုကို တင့်ဆန်းတို့က ဆုချီးမြှင့်ခဲ့သည်။
မအောင်ငှိမ်းက''ရွှေတံဆိပ်ဆု ကတော့ နောက်ထပ်ပြိုင်စရာ ရှိပါ သေးတယ်။အဲဒါတွေကိုလဲရဖို့မျှော် လင့်ထားပါတယ်။ ကျွန်မအတွက် နိုင်ငံတကာ ရွှေတံဆိပ်က ဒါနဲ့ဆို (၂၇)ခုမြောက်ပါ။
ဆီးဂိမ်းရွှေတံဆိပ်အနေနဲ့ကတော့ (၅)ကြိမ်မြောက်ပါ။ ရွှေတံဆိပ်ကို ရယူနိုင်မယ်လို့တော့ ယုံကြည်ထား ပေမယ့် သေချာတာ ဘာတစ်ခုမှ မရှိဘူးလေ။ အခု ရွှေတံဆိပ်တစ်ခု ပိုင်ပိုင်နိုင်နိုင်ရလိုက်တဲ့အတွက်အရမ်း ဝမ်းသာပါတယ်။ ခုပြိုင်ပွဲမှာ ကွာ တားဖိုင်နယ်မှာ ပြိုင်ခဲ့ရတဲ့စင်ကာပူ ကတစ်ယောက်နဲ့ တော်တော်ခက် ခက်ခဲခဲပြိုင်ယူခဲ့ရပါတယ်''ဟု ပြောသည်။
မအောင်ငှိမ်းသည် နိုင်ငံတကာ ရွှေတံဆိပ်ဆု ၂၆ဆု ရယူထားပြီး ယခုဆုမှာ ၂၇ ဆု မြောက်ဖြစ်သည်။
မြန်မာနိုင်ငံ မြားပစ်အဖွဲ့အနေ ဖြင့် ယနေ့ပြိုင်ပွဲတွင် ကြေးတံဆိပ် တစ်ဆုသာရရှိခဲ့ပြီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် အောင်ငှိမ်းတို့အတွဲက ရယူပေးလိုက်ခြင်းဖြစ်သည်။
The Union Daily
ဆီးဂိမ်းပိတ်ပွဲမှာ အကောင်းဆုံးတင်ဆက်ဦးမယ့် နီနီခင်ဇော်
၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲတော်ကြီး ဖွင့်ပွဲမှာ မြန်မာပြည်ကို ချစ်တဲ့ မြန်မာပြည်သူ တစ်ယောက် အနေနဲ့ ဖွင့်ပွဲအခမ်း အနားမှာ “သွေးချင်းတို့ ဌာနေ မြန်မာ ပြည်”နဲ့ “One the Day” သီချင်း နှစ်ပုဒ်ကို နီနီခင်ဇော်က ပါဝင် သီဆို ခဲ့ပါတယ်။ အဲဒီ သီချင်းနှစ်ပုဒ်ကို ဓိရာမိုရ် နဲ့ အောင်နိုင်စန်း တို့က ရေး စပ်ပေးခဲ့ တာဖြစ်ပြီး ဖွင့်ပွဲ အခမ်း အနားမှာ သီဆိုရတဲ့ နီနီခင်ဇော်ရဲ့ ရင်တွင်း ခံစားချက်ကို မေးမြန်းကြည့် တဲ့အခါ “နီနီတို့လို ဆိုတဲ့သူ ကိုယ်တိုင် တောင် အဲဒီလောက် ကြီးကျယ် ခမ်း နားလိမ့်မယ်လို့ မထင်ထားဘူး။
နီနီ တို့ ခဏခဏ အစမ်းလေ့ကျင့်တယ်။ တကယ့် ပွဲကြီးမှာကျတော့ ဘာနဲ့မှ မတူတဲ့ ခံစားချက်မျိုး ခံစား ရပါတယ်။ အမှား အယွင်းလည်း လုံးဝ မရှိခဲ့ဘူး။ ခမ်းခမ်းနားနားနဲ့ ဒီပွဲကြီးကို ပြီးဆုံး နိုင်ခဲ့တဲ့ အတွက် တအား ဝမ်းသာပါတယ်။ နီနီ အချစ်သီချင်းတွေ ဆိုရတာ ထက်စာရင် ဒီလိုမျိုး သီချင်းတွေ ဆို ရတာ ပိုပြီးတော့ သဘောကျပါတယ်။ နိုင်ငံချစ်စိတ် နဲ့ဆိုရတာဖြစ်တဲ့ အတွက် တအားကြီး ခက်ခက်ခဲခဲ ဖြစ် တာမျိုး တော့မရှိခဲ့ပါဘူး” လို့ နီနီခင်ဇော် က ပြောပါတယ်။
နီနီခင်ဇော် ရဲ့ မြန်မာ့ လက်ရွေးစင် အားကစား သမားတွေ အပေါ် အားပေး စကားသံ ကလည်း “မြန်မာ အသင်းက အခု တော်တော် များများ အားကစားနည်းတွေ မှာ ရွှေတွေ ရကြတယ်။ နီနီက ဘောလုံး ဝါသနာပါတော့ မြန်မာဘောလုံး အသင်းကို ရွှေရစေချင်တယ်။ ကျန်တဲ့ အားကစားနည်းတွေ ကိုလည်း နီနီအမြဲတမ်းစဉ် ဆက် မပြတ် အားပေး နေပါတယ်။”လို့ နီနီခင်ဇော် က ပြောပါတယ်။
ဆီးဂိမ်း ပွဲတော်ကြီးရဲ့ ပိတ် ပွဲ အခမ်းအနားမှာလည်း သီချင်း နှစ်ပုဒ်နဲ့ နှုတ်ဆက်မယ့် နီနီခင်ဇော် က “ပိတ်ပွဲမှာ သီချင်းနှစ်ပုဒ် ဆိုရ မယ်။ “ကမ္ဘာမြေအေးချမ်းပါစေ ပန်းပွင့်တွေ ဆုတောင်းနေ” ဆိုတဲ့ ကိုထူးအိမ်သင် ရဲ့ သီချင်း အဟောင်း လေးပါ။ အဲဒီသီချင်းလေး ကကျ တော့ အလိုက်ဆိုရမယ်။ နောက်တစ်ပုဒ်ကကျတော့ နီနီနဲ့ ယဉ်ကျေးမှုက အစ်ကို တစ်ယောက်နဲ့ ပိတ်ပွဲ အတွက် လူအယောက် တစ်သောင်း နဲ့ ပြန်ပိတ်ရမယ့် သီချင်းလေး ပေါ့။
ကိုဓိရာမိုရ် ရေးပေးထားတာပါ။ “ပြန်ဆုံမယ်” ဆိုတဲ့ သီချင်းလေးနဲ့ ပိတ်မှာပါ” လို့ပြောပါတယ်။ ဆီးဂိမ်း အပြီး ၂ဝ၁၄ နှစ်ဆန်းပိုင်းမှာ တစ်ကိုယ်တော် အခွေဖြစ်တဲ့ “မာရီယို” အမ်တီဗီကို ထွက်ရှိလာတော့ မှာ ဖြစ်ကြောင်း လည်း နီနီခင်ဇော်က သတင်းပေးသွားပါတယ်။
မျိုးမောင်
Popular Myanmar News Journal
အကယ်ဒမီပွဲတက်ဝတ်စုံအတွက် ဘန်ကောက်ကို ဈေးဝယ် ထွက်ခဲ့တဲ့ နဝရတ်
ဒီဇင်ဘာလ ၁၃ ရက်နေ့ က ဘန်ကောက်ကို ရှော့ပင်း ထွက်ဖြစ်ခဲ့တဲ့ နဝရတ် ဟာ ၁၇ ရက်နေ့မှာ ပြန်ရောက် လာခဲ့ပါတယ်။ ဒီတစ်ခေါက် ဈေးဝယ်ထွက် တာက အကယ်ဒမီ ပွဲတက် ဝတ်စုံ အတွက် လိုအပ်တာတွေကို သီးသန့် သွားဝယ် ဖြစ်တာလို့ သိရပါတယ်။ လတ်တလောမှာ အကယ်ဒမီ တစ် ပြေးနေတဲ့ နဝရတ် ရဲ့ အကယ်ဒမီ ပွဲ တက် ဝတ် စုံနဲ့ ပတ်သက်ပြီး “အကယ်ဒမီပွဲ ဝတ်စုံ အတွက် သွားဝယ်တာ။ ဒီနှစ်က အစ်မ ကြိုက်တဲ့ အင်္ကျီက အစ်မ ကြိုက်လို့ ဝယ်ထားတာ ရှိတော့ လိုက်ဖက်မယ့် ဖိနပ် တို့၊ ပိုက်ဆံအိတ် တို့ သွားဝယ်ဖြစ်တာ။ အရောင် က ကိုယ်ကြိုက်တဲ့ ရွှေရောင် ဝတ်မယ်။ အဆင် လည်းပြေတယ်လေ။ ဒီဇိုင်နာကလည်း အစ်မ “တိမ် မင်းသမီး ရဲ့ ဒဏ္ဍာရီ” ဇာတ်ကားတုန်း က ချုပ် ပေးတဲ့ ဒီဇိုင်နာပဲ။ ဒီဇိုင်နာ လတ်လတ် နဲ့ မိတ်ကပ် ကလည်း ဦးမာ ပဲလုပ်ပေးမှာ။ သူတို့က ဇာတ်ကား အတွက် လုပ်ပေးထားတော့ အကယ်ဒမီ ပွဲ အတွက် လည်း သူတို့ပဲ ဖြစ်ရမယ်လေ”လို့ပြောပါတယ်။
အကယ်ဒမီပေးပွဲ နီးလာပြီ ဖြစ်တဲ့ အတွက် ရင်ခုန်နေပြီ လားလို့မေးတဲ့ အပေါ် နဝရတ်က “အကယ်ဒမီပွဲ က နှစ်တိုင်း ဒီလိုပဲဆို တော့ နေသား ကျသွားပြီ။ အကယ်ဒမီက နတ်ကြီး တယ်လေ။ အကယ်ဒမီ ရမယ်ဆိုပြီး လွဲခဲ့တဲ့ နှစ် တွေလည်း အများကြီးပဲ။ ဒါပေမဲ့ ဒီနှစ် ကိုယ့် ဇာတ်ကားကို ယုံကြည်တဲ့ အတွက် အေးအေးဆေး ဆေးပဲ။ တည် ငြိမ်နေတယ်။ ပရိသတ်ကို လည်း ယုံကြည်တယ်။ ကျေနပ်တယ်” လို့ ပြောခဲ့ပါ တယ်။
မေမွန်မောင်
Popular Myanmar News Journal
ဒဂုံတောင် လူသတ်မှုတရားခံအား ဖမ်းဆီးရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၇
၂၈.၁၁.၂၀၁၃ရက်နေ့၂၀၃၀အချိန်ဣစ္ဆိတံဆယ်လုံးတန်းရှေ့တဲတန်းလျား (ကျူးကျော်) (၁၇)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူ ကျော်ဝင်းနိုင်သည် အိမ်နီးချင်းဖြစ်သူ မပပခိုင်နှင့် စကားပြောနေစဉ် လှမြိုင် (ဘ)ဦးတင်လှိုင် (လိပ်စာတူ)မှ “ဟေ့ကောင်“ စိုးနိုင်လားဟုပြောဆိုကာ ဓါးဖြင့်ထိုးသဖြင့် ကျော်ဝင်းနိုင် တွင် ယာဘက်နံဘေးပြတ်ရှဒဏ်ရာ(၁)ချက်ရရှိပြီး ကျော်ဝင်းနိုင်မှ ၎င်း၏အစ်ကိုဖြစ်သူ စိုးနိုင်အား “အစ်ကိုလေး လှမြိုင်မှ ဓါးဖြင့်ထိုးသွားလို”ဟု ဟော်ဟစ်ပြောဆိုရာ စိုးနိုင်(ဘ)ဦးထွန်းနိုင် (လိပ်စာတူ)မှ ရောက်ရှိလာပြီး လှမြိုင်နှင့်လုံးထွေးသတ်ပုတ်စဉ် လှမြိုင်မှ စိုးနိုင်အားဓါးဖြင့်ထိုးသဖြင့် ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲနံဘေးထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲလက်မောင်းထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့အပ်စဉ် စိုးနိုင်မှာသေဆုံး သွားခဲ့ပြီး ဒဏ်ရာရရှိသူ ကျော်ဝင်းနိုင်အား ပြင်ပလူနာအဖြစ် ကုသရသောကြောင့် စိုးနိုင်၏ဇနီးဖြစ်သူ မဇင်မာစိုးမှ လှမြိုင်အား အရေးယူပေးပါရန်တိုင်တန်းသဖြင့် ဒဂုံတောင်မြို့မရဲစခန်း
(ပ)၁၀၃၅/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၄ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သော အမှုဖြစ်ပါသည်။
အမှုမှထွက်ပြေးတိမ်းရှောင်နေသောတရားခံအား ဖမ်းဆီးရမိရေးအတွက် ဒဂုံတောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ကျောင်းစုအုပ်စု၊ တော်ကွဲကျေးရွာသို့ သွားရောက်စုံစမ်းဖမ်းဆီးခဲ့ရာ ၁၃.၁၂.၂၀၁၃ရက်နေ့တွင် လူသတ်တရားခံ လှမြိုင်အားဖမ်းဆီးရမိပြီး အမှုနှင့်ပတ်သက်၍ သက်သေခံပစ္စည်းများ သိမ်းဆည်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police