ဖက်ဒရယ်ဖွဲ့စည်းပုံအဖြစ် ပြင်ဆင်ရန် ၈၈ မျိုးဆက်အကြံပြု

ပို့စ်တင်ချိန် - 12/17/2013 10:00:00 PM


လက်ရှိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဖက်ဒရယ်ဖွဲ့စည်းပုံအဖြစ် ပြင်ဆင် ပြောင်းလဲဖို့ အပါအ၀င် အနှစ်သာရတွေကို ပြောင်းလဲပစ်ဖို့ တိုက်တွန်းထားတဲ့ အကြံပြုလွှာကို လွှတ်တော်ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံ မကြာခင် ပေးပို့သွားမယ်လို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းကနေပြီး သဘောထား သုံးချက်ပါဝင်တဲ့ အကြံပြုချက်ကို လွှတ်တော်ကော်မတီထံ ဒီဇင်ဘာ တတိယပတ်မှာ ပေးပို့သွားမယ်လို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဂျင်မီက ပြောပါတယ်။

“ကျနော်တို့က သဘောတရားကို အခြေခံပြီးတော့ ပြောမှာပါ။ ပုဒ်မ ၁ ခုချင်းဆီကို လိုက်ပြီး မပြောတော့ဘူး။ သဘောတရားကတော့ အချက် ၃ ချက်ကို ထောက်ပြမယ်။ ၁ အချက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ ပြုလွယ်ပြင်လွယ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ရမယ်။ နောက်တချက် ဖွဲ့စည်းပုံအခြေခံဥပဒေက ဗဟိုချုပ်ကိုင်မှု နည်းပြီးတော့ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးတည်ရမယ်။ တတိယအချက်က ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်များ လွှမ်းမိုးတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ရမယ်။ အဲဒီအချက် ၃ ချက်အပေါ် အခြေခံပြီး ကျနော်တို့ရဲ့ သဘောထား အယူအဆကို တင်ပြသွားမှာဖြစ်တယ်။”

ဒီလိုတင်ပြရာမှာ လွှတ်တော်ကော်မတီအပြင် တိုင်းပြည်ရဲ့ခေါင်းဆောင်တွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးအင်အားစုတွေဆီကိုပါ လာမယ့် သီတင်းပတ်အတွင်း တင်ပြသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံရေးပါတီပေါင်းစုံက လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက လာမယ့် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီး ဖွဲ့စည်းပုံဆိုင်ရာ အကြံပြုချက်တွေ ပေးပို့ကြဖို့ ဖိတ်ခေါ်ထားတာပါ။

လတ်တလော ပါတီအဖွဲ့အစည်းတွေနဲ့ အသင်းအဖွဲ့တွေက ရရှိထားတဲ့ အကြံပြုစာပေါင်း ၂၅၀၀ ကျော် ရရှိသွားပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လူထုဆန္ဒခံယူပွဲတွေ လုပ်ဆောင်နေတာပါ။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် သွားမယ့် ဘယ်သူမဆိုနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဦးဂျင်မီက ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောကို မတူခဲ့ဘူး။ လက်ကို မခံခဲ့ဘူး။ မဲကိုမထည့်ခဲ့ဘူး။ သပိတ်မှောက်ခဲ့တဲ့ လူတွေပေါ့ဗျာ။ အဲဒီတော့ ဒီကနေ့ ဒီအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ လူထုဆန္ဒအမှန်ကို လက်ခံပြီလား။ လူထုဆန္ဒအမှန်အတိုင်း ပြုပြင်ပြောင်းလဲမှာလား ဆိုတဲ့ မေးခွန်းတွေတော့ ရှိလာတာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မည်သူမဆို ပြင်ဆင်မယ့်သူတွေ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနောက်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှအခွင့်အရေးကို ပေးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို သွားမယ့် သူတွေရဲ့ လုပ်ရပ်မဆို ကျနော်တို့က ထောက်ခံ အားပေးသွားမယ်။”

ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးအပါအ၀င် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေဟာ စစ်အစိုးရ လက်ထက်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံဘဲ အစဉ်တစိုက် ကန့်ကွက်ခဲ့ကြသူတွေဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အစိုးသစ်လက်ထဲမှာမှ နှစ်ရှည်ထောင်ဒဏ်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာကြတာပါ။
DVB Burmese