ယခင်ဖြစ်ခဲ့သည့် အကြောင်းအရာများကို ဆိုတေး မသိသေးကြောင်း မိခင်ဖြစ်သူပြောကြား

ပို့စ်တင်ချိန် - 12/17/2013 04:22:00 PM


ဆိုးတေး ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ကားမတော်တဆဖြစ်ခဲ့စဉ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ကားမတော်တဆဖြစ်ခဲ့သည့် အဆိုတော် ဆိုတေး၏ ကျန်းမာရေး အခြေ အနေသည် များစွာတိုးတက် ကောင်းမွန်လာခြင်းကြောင့် ယခုအခါတွင် သွားလာလှုပ်ရှား နိုင်ပြီဖြစ် ကြောင်း ဆိုတေး၏မိခင်ဖြစ်သူက မဇ္ဈိမသို့ ပြောသည်။

“အန်တီတို့တွေ သူ့ကို တော်တော်လေးကို ဂရုစိုက်ပြီး ပိုးမွေးသလို မွေးနေရပါတယ်။ ဒူးက ဒဏ်ရာလဲ တော်တော်လေးကို သက်သာသွားပါပြီ။ နောက်ပြီး ဗိုက်က ဒဏ်ရာကြောင့် အစာတော့ သေချာမစားနိုင် ပေမယ့် အရင်ကထက်စာရင် စားနိုင်ပါပြီ။ သူ့ကို နားနားပြီး ကျွေးနေရပါတယ်။ ဗိုက်က ခွဲထားတာဆို တော့လေ။ အနာတွေတော့ ကျက်နေပါပြီ။ သူအပြင်သွားချင်ရင် အစ်ကိုတွေက ကားမောင်းပြီး လိုက်ပို့ ပေးပါတယ်” ဟု ပြောသည်။

ယင်းသည် လွန်ခဲ့သည့်ငါးလက နေပြည်တော်အမြန်လမ်းတွင် ယာဉ်မတော်တဆဖြစ်ခဲ့ပြီး ယခုအခါတွင် အစားအစာများကို ယခင်ကထက် ပိုမိုစားလာနိုင်ပြီဖြစ်သော်လည်း နားနားပြီးမှ စားသောက်နိုင်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

ဆိုတေးအနေဖြင့် မတော်တဆမှုဖြစ်ပြီး တစ်လလောက်အကြာတွင် သတိ ပြန်လည်လာခြင်းဖြစ်ပြီး ယခင်က ဖြစ်ပျက်ခဲ့သည့် မတော်တဆမှုများ၊ ဆိုတေးနှင့် ပတ်သက်ပြီး ထွက်ပေါ်ခဲ့သည့်အကြောင်း အရာများကို ယခုအချိန်ထိ အသိပေးထားခြင်း မရှိသေးဟု ဆိုသည်။ ယခုကဲ့သို့ ပြုလုပ်ရခြင်းသည် ဆရာဝန်ကြီးများ၏ ညွှန်ကြားချက်ကြောင့် ဆောင်ရွက်နေကြရခြင်း ဖြစ်သည်။

ယခုအခါတွင် ဆိုတေးသည် ကျန်းမာရေးကောင်းမွန်လာခြင်းကြောင့် လမ်းအနည်းငယ် လျှောက်နိုင်နေပြီး လေ့ကျင့်ခန်းလုပ်ရန် သူနာပြုဆရာမနှင့် ဆောင်ရွက်လျက် ရှိသည်။ ယင်းအပြင် ၎င်း၏ ၀ါသနာဖြစ်သည့် သီချင်းရေးခြင်း၊ ဂစ်တာတီးခြင်းများကိုလည်း စတင်လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

ဆိုတေးသည် လာမည့် ၂၀၁၃ ခုနှစ် New Year တွင် ဆေးကုသပေးခဲ့သည့် ဆရာဝန်ကြီးများ၏ တောင်း ဆိုချက်ကြောင့် မန္တလေးဆေးရုံကြီးတွင် သွားရောက်ဖျော်ဖြေရန် စီစဉ်နေခြင်းဖြစ်သည်။ ၎င်း၏ ကျန်းမာ ရေးအခြေအနေကို အနုပညာနယ်ပယ်မှ သူငယ်ချင်းများသည် ယခုအချိန်ထိ သွားရောက်ကြည့်ရှု အား ပေးလျက်ရှိသည်ဟု မိခင်ဖြစ်သူက ပြောသည်။

ယင်း၏ အနုပညာလှုပ်ရှားမှုများနှင့် လူမှုရေးကိစ္စရပ်များ မည်သို့ရှေ့ဆက်ဆောင်ရွက်မည်ကို ပရိသတ် များ စိတ်ဝင်စားလျက်ရှိသည်။အဆိုတော်ဆိုတေးသည် မတော်တဆဖြစ်ပြီးနောက် သတိပြန်ရချိန်နှင့် ယခုနောက်ပိုင်းအချိန်ထိ သူ၏စိတ်ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်လာပြီ ဖြစ်သည်။

ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာခြင်းသည် စိတ်ဓာတ် မာကျောခြင်းကြောင့်သာ ကောင်း မွန်လာခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက သုံးသပ်ပြောကြားခဲ့သည်။

ဘုန်းနေလ(ဒဂုံတက္ကသိုလ်)
Mizzima Burmese