အကြီးဆုံး ဝက်သားတုတ်ထိုးဆိုင် မန္တလေးမှာ ရှိသည်

ပို့စ်တင်ချိန် - 12/17/2013 08:30:00 AM

ဝက်သားတုတ်ထိုး ဆိုတာဟာ ရန်ကုန်အစားအစာ ဖြစ်ခဲ့ပါတယ်။
အဲ.....ရန်ကုန်မြို့ နေရာ အများအပြားမှာ ရှိတတ်တဲ့ တုတ်ထိုးဆိုင်တွေကို တခြားမြို့တွေမှာလည်း တွေ့နေရပါပြီ။

ကဲ... ဒါဆိုရင် အကြီးဆုံး ဝက်သားတုတ်ထိုးဆိုင် ဘယ်မှာ ရှိပါသလဲ။
ရန်ကုန်ရဲ့ ဘယ်နေရာမှာလဲ။ ရန်ကုန်မှာလား။
အဖြေမှန်ကတော့ "မန္တလေးမှာ ရှိသည်" ဖြစ်ပါလိမ့်မယ်။
 အကြီးဆုံး ဝက်သားတုတ်ထိုးဆိုင် ဆိုင်ကို မန္တလေးမြို့  ၃၃ လမ်းထဲမှာ တွေ့ရပါတယ်။ ၈၄/၈၅ လမ်းမကြီးနှစ်ခုကြားမှာပါ။  လူ ငါးဆယ်ခြောက်ဆယ်နီးပါး တထိုင်ထဲ စားရလောက်အောင် ကြီးမားတဲ့ဆိုင်ပါပဲ။

ဆိုင်နာမည်ကို တွတ်ပီလို့ ပေးထားပါတယ်။ အဲဒါ ဆိုင်ရှင်ရဲ့နာမည်ပါပဲ တဲ့။ ဆိုင်မှာ ဆွဲထားတဲ့ပုံကတော့ ဆိုင်ရှင်ရဲ့ပုံ မဟုတ်ပါဘူး။ ကာတွန်းထဲက မြိုင်ရာဇာတွတ်ပီပုံ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း မန္တလေးရောက်ခိုက် ထိုင်ဖြစ်ခဲ့တဲ့ ဒီတွတ်ပီဆိုင်အကြောင်း ဧရာဝတီဘလော့ http://blog.irrawaddy.org ပရိသတ် အပျင်းပြေဖြစ်ဖြစ် ဖတ်နိုင်အောင် ရေးဦးမှ ဆိုပြီး ဓာတ်ပုံ နည်းနည်း ရိုက်ခဲ့ပါတယ်။ ဆိုင်မှာထိုင်နေတုန်း ဦးဏှောက်စားဦးမလား ဆိုပြီး ဆိုင်ဝန်ထမ်းတွေ လာမေးတာနဲ့လည်း ကြုံရပါလိမ့်မယ်။ အမေးခံရင် ဆန်းဆန်း တွေးမနေပါနဲ့... ဝက်ဦးဏှောက်ရှိတယ် - မှာစားဦးမှာလားလို့ ရိုးရိုးမေးတာပါ။ ဝက်ဦးဏှောက်ဆိုတာ မှာမှ လာပေးတာမျိုး ဖြစ်ပါလိမ့်မယ်။ သိတဲ့အတိုင်း... အဲဒါက တုတ်ထိုးလို့မှ မရတာ။ ဘယ်လိုပုံစံနဲ့ရောက်လာမယ်ဆိုတာတော့ မမှာဖြစ်ခဲ့လို့ မသိလိုက် မမြင်လိုက်ရပါ။


ဈေးနှုန်း

တုတ်ထိုးတချောင်းကို ကျပ်ငါးဆယ်။ ငုံးဥပြုတ် ၃ လုံးတွဲလိုမျိုးဆိုရင် တုတ်ကို လက်ကိုင်နေရာမှာ ချိုးထားတယ်။ ချိုးထားတဲ့တုတ်က ငါးဆယ်နဲ့မရ တရာလောက် ပေးရမယ် ထင်ပါတယ်။
ရောက်ရောက်ချင်းချပေးမှာက ဝက်သားတုတ်ထိုး တပန်းကန်၊ အကြော်စုံ တပန်းကန်။ လိုတာ ကောက်ယူ။ အူမကြီး၊ အူချို၊ အူပိတ်၊ အသည်း၊ အသား ကြိုက်ရာယူစား။ တုတ်လေးတွေကို စားပွဲပေါ် တင်ထားဖို့တော့ မေ့လို့ မဖြစ်ပါ။ ဒါမှ ကျသင့်ငွေရှင်းရာမှာ ကိုယ်ဘယ်လောက် စားခဲ့တယ် ဆိုတာ တွက်နိုင်ပါလိမ့်မယ်။ တုတ်လေးတွေကို ချိုးလိုက်တာမျိုးလည်း မလုပ်သင့်ပါဘူး။ တုတ်တချောင်းကို ငါးဆယ်နဲ့တွက်၊ ချိုးထားတဲ့တုတ်ဆိုရင် တရာနဲ့ တွက်မယ် ထင်ပါတယ်။

အရသာ

အရသာက ဘယ်လိုလဲ။ ရန်ကုန်ထက် သာရဲ့လား။
အင်း... ရန်ကုန်ထက် သာရဲ့လား ဆိုတဲ့မေးခွန်းက တကယ်ကို မေးသင့်တဲ့မေးခွန်း ဖြစ်ပါတယ်။  အင်္ဂလိပ်လို ပြောရရင် this is a good question ဆိုပါတော့။
ဒီမေးခွန်းဖြေရရင် … တွတ်ပီတုတ်ထိုးဟာ ရန်ကုန်တုတ်ထိုးအရသာနဲ့ မတူဘူးလို့ သံတမန်ဆန်ဆန် ဆိုရပါမယ်။ လုပ်တတ်သလိုပဲ လုပ်ထားတယ် သို့မဟုတ် တမင်သက်သက် မတူအောင် လုပ်ထားတာဖြစ်နိုင်ပါတယ်။

သံသယဖြစ်မိတာက တွတ်ပီဆိုင်မှာ ဝက်သား ပြုတ်တဲ့အခါ တရုတ်မဆလာ သုံးမှ သုံးရဲ့လားဆိုတာပါပဲ။ ရန်ကုန်တုတ်ထိုးလုပ်ငန်းရှင်တို့ကတော့ သေချာပေါက် သုံးကြတာပေါ့။ ဒီမှာက   တရုတ်မဆလာ သုံးထားပုံ မရတဲ့အတွက် အနံ့ အရသာ အရောင် ပြောင်းလဲခြင်းမရှိပါဘူး။
ပြီးတော့ … ရန်ကုန်သားတွေက ဓားစွမ်း ပိုပြနိုင်ပုံရတယ်။ တွတ်ပီဆိုင်မှာ ဝက်သားကို ဘယ်လိုပဲ ပါးပါးလှီးလှီး အရွယ်အစားက ရန်ကုန်ဆိုင်တွေထက် နည်းနည်းကြီးနေပါတယ်း)


တို့စရာ

တုတ်ထိုးမှာ ဝက်သားပြုတ်ပုံပြုတ်နည်းထက် ပိုအရေးကြီးတာ ဘာလဲ ဆိုရင် အချဉ်ရည် ဖြစ်ပါလိမ့်မယ်။ အချဉ်ရည်ကောင်းရင် ဝက်သားတုတ်ထိုးလည်း ကောင်းမှာပါပဲ။
တွတ်ပီဆိုင်မှာ တို့စရာ အချဉ်ရည် နှစ်မျိုး ချပေးပါတယ်။ နှစ်မျိုးစလုံး ကောင်းပါတယ်။ ငရုပ်သီးများတဲ့ အစိမ်းရောင်အချဉ်ရည်က လူကြိုက်ပိုများပုံပါပဲ။ နှစ်ကြိမ် သွားထိုင်ရာမှာ ကျနော်နဲ့ အတူပါသူတွေက အစိမ်းရောင်အချဉ်ရည်ခွက်ထဲပဲ တို့စားကြတာပါ။

 ငရုပ်သီး၊ ကြက်သွန်ဖြူ ထည့်ထားတဲ့ ပန်းကန်လေးက စားပွဲပေါ် အမြဲ တင်ထားပုံရပါတယ်။

ငရုပ်သီးကတော့ အချဉ်ရည်ထဲက အစပ် အရသာကို ပျော့တယ်လို့ သတ်မှတ်သူတွေအတွက်ဖြစ်မယ်။ ပြီးတော့ အချဉ်ရည်ထဲမှာ ကြက်သွန်ဖြူလည်း ပါပြီးသား ဖြစ်ပါလိမ့်မယ်။
အခမဲ့ပေးတယ်လို့ ယူဆရတဲ့ ဟင်းရည်ထဲမှာ ကန်စွန်းရွက်နည်းနည်း တွေ့ရမယ်။ ဟင်းရည် နည်းသွားရင် ထပ်ထည့်မလားလို့ ဆိုင်ဝန်ထမ်းတွေက လာလာမေးပါလိမ့်မယ်။
ရန်ကုန်မှာတော့ ဟင်းရည်က အခမဲ့ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ အရောင် ခပ်ရင့်ရင့်ဖြစ်အောင်လည်း လုပ်ထားလိမ့်မယ်။


ဗိုက်ဆာသူများအတွက်

တွတ်ပီဆိုင်မှာ ဗိုက်ဆာသူတွေ မှာစားတတ်ကြတာကတော့ ထမင်းဆီဆမ်း သို့မဟုတ် ကြာဆံကြော်။
ကြာဆံကြော်ကလည်း ဖြူဖတ်ဖြူရော်နဲ့ လို့ ရန်ကုန်သားတို့က ဆိုကောင်း ဆိုပါလိမ့်မယ်။ ရန်ကုန်မှာတော့ တုတ်ထိုးနဲ့တွဲရောင်းတတ်တဲ့ကြာဆံကြော်ဆိုရင် အရောင်ရင့်ပါတယ်။ ကြာညို့ထည့်ထားလို့ ညိုသွားတာလို့ ထင်ပါတယ်။ တွတ်ပီဆိုင်ကြာဆံကြော်က သဘာဝအရောင်နဲ့ ပိုနီးစပ်ပါတယ်။ အရသာက သင့်တယ်လို့ ဆိုနိုင်တယ်။

အားသာချက် အားနည်းချက်

ဆိုင်ရဲ့ ဆွဲဆောင်မှုများထဲမှာ သစ်သီးဖျော်ရည် နဲ့ ဝိုင်ဖိုင် ရခြင်းပါပဲ။
သစ်သီးဖျော်ရည်မျိုးစုံက ၀ယ်သောက်ရမယ်၊ ဝိုင်ဖိုင် လို့ ခေါ်တဲ့ ကြိုးမဲ့အင်တာနက်တော့ အခမဲ့။

အင်တာနက်ရတဲ့အတွက် စမတ်ဖုန်းသုံးသူတွေက စမတ်ဖုန်း ထုတ်ပွတ်ကြပါတယ်။ ဒါဟာ နောင်တော် ဝက်သားတုတ်ထိုးဆိုင်များထက် အပုံကြီးသာတဲ့ ဝန်ဆောင်မှုပဲမဟုတ်လား။
ဆိုင်ရဲ့ အဓိက အားသာချက်က ဆက်ဆံရေးကောင်းခြင်းပါ။

အားနည်းချက်ကတော့ စားပွဲတွေကို နံပါတ်ပေးထားပုံမရတာပါပဲ။ ဆိုင်ဝန်ထမ်းတွေကြား ဆက်သွယ်ပြောဆိုတဲ့အခါ တိတိကျကျဖြစ်မှ လုပ်ငန်းအဆင်ပြေမှာပါ။
ပိုက်ဆံရှင်းမယ်/ထမင်းတပွဲလိုတယ်/ဟင်းရည်ထပ်ထည့်မယ် ဆိုတာမျိုး အော်နေကြပေမယ့် စားပွဲနံပါတ်ဘယ်လောက်က ဆိုတာကို တိတိကျကျ မပြောနိုင်တဲ့အတွက် စားပွဲမှားပြီးရောက်ရောက်လာတာမျိုးကို ကြုံရပါတယ်။

ဒေါသထွက်လွယ်သူတွေ တွတ်ပီဆိုင် သွားမယ် ဆိုရင် ဒီအချက်ကို သဘောပေါက်ထားသင့်ပါတယ်။
အင်္ဂါနေ့က ကျနော်တို့ စားနေတုန်း ပိုက်ဆံလာတွက်တာ တကြိမ်၊ ပန်းကန်တွေ လာသိမ်းတာ တကြိမ် ကြုံရပါတယ်။ ဝန်ထမ်းတွေကြား ဆက်သွယ်ရေးစနစ် အားနည်းလို့လား၊ တမင်တကာ လုပ်တာလား ဆိုတာကတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

နိဂုံးချုပ်ရရင်... ၂ ရက်အတွင်း တွတ်ပီဆိုင်ကို ၂ ကြိမ် ရောက်ပါတယ်။
လူအ၀င်အထွက်စိတ်တယ်။ လာစားသူတွေက အရွယ်မျိုးစုံ။ ကလေးလည်း ပါတယ်။ လူလတ်ပိုင်းတွေလည်း လာတယ်။ မိသားစုလိုက် လာကြတာလည်း တွေ့ရပါတယ်။
ဒေသခံ အစားအစာမျိုးစုံ ရှိတဲ့ မန္တလေးမှာ ဝက်သားတုတ်ထိုးက နေရာကောင်းရလာတဲ့ လူကြိုက်များ ဧည့်သည်အစားအစာဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။

ဒေသခံတွေကတော့ တခြားအရပ်ကနေ မန္တလေးရောက်လာသူကို ဟိုဟိုဒီဒီ ခေါ်သွားမယ်ဆိုရင် အကုန်အကျ သိပ်မများတဲ့၊ ကြိုးမဲ့အင်တာနက်ရှိတဲ့ တွတ်ပီဆိုင်ကို သတိရမိကြမယ် ထင်ပါတယ်။
ဧရာဝတီ သတင်း