ခါးသီးသောအရှုံးအတွက် ပရိသတ်များ ပေါက်ကွဲ

ပို့စ်တင်ချိန် - 12/17/2013 01:25:00 PM


 အကြိုဗိုလ်လုပွဲတက်ရန် အကောင်းဆုံးအနေအထား ရခဲ့သည့် မြန်မာဘောလုံးအသင်းသည် မယုံနိုင်လောက်သည့် လွဲချော်မှုကြောင့် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရ၍ မြန်မာပရိသတ်များ ဒီဇင်ဘာ ၁၆ ရက်ညတွင် ပေါက်ကွဲခဲ့ကြသည်။

အုပ်စုတွင်း မဟာပြိုင်ဘက် ထိုင်းထံမှ ဆီးဂိမ်းပြိုင်ပွဲတွင် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် သရေတစ်မှတ်ရရှိခြင်း၊ နှစ်aပါင်း ၄၀ ကြာမှ အိမ်ရှင်အဖြစ် ပြန်လည်လက်ခံကျင်းပခွင့်ရခြင်း အစရှိသည့် အချက်များကြောင့် အင်ဒိုနီးရှားနှင့်ပွဲကို လာရောက် ကြည့်ရှုသည့် သောင်းနှင့်ချီသည့် ပရိသတ်များသည် ရှုံးပွဲကြောင့် ဒေါသထွက်ကာ ပေါက်ကွဲခဲ့ကြသည်။

ပွဲအပြီးတွင် ဒေါသထွက်နေသည့် မြန်မာပရိသတ်များသည် ထိုင်ခုံများကို ရိုက်ဖျက်ကာ ကွင်းအတွင်းသို့ ပစ်ပေါက်ခဲ့ခြင်း၊ သုဝဏ္ဏကွင်းအနီးပတ်လည်ရှိ ဆီးဂိမ်းလှုံ့ဆော်ရေး ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း၊ ၎င်းတို့ယူဆောင်လာသည့် အလံများနှင့် အင်္ကျီများကို မီးရှို့ခြင်း စသည့်လုပ်ရပ်များ ပြုလုပ်ခဲ့ကြသည်။

“ထိုင်းနဲ့ပွဲက လက်မှတ်တစ်စောင် လေးသောင်း။ ဒီပွဲက နှစ်သောင်းပေးရတယ်။ မုန့်ဖိုးနဲ့ ရှစ်သောင်းလောက်ကျတယ်။ လစာ တစ်လစာကုန်ရော။ ဒါတောင် သူတို့ အသုံးမကျဘူး”ဟု သုဝဏ္ဏအားကစားကွင်းအတွင်း ငိုကြွေးရင်းထွက်လာသည့် ပရိသတ်တစ်ဦးကပြောသည်။

ရှုံးပွဲကြောင့် ဒေါသထွက်နေသည့် လူအုပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အနည်းဆုံး လူတစ်ဒါဇင်ထက်မနည်း ထိန်းသိမ်းခံခဲ့ရသည်။ အင်ဒိုနီးရှားနှင့် အမှတ်တူပါက ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်မဟုတ်ဘဲ ထိပ်တိုက်တွေ့ဆုံမှု အနိုင်အရှုံးဖြင့် ဆုံးဖြတ်မည်ကိုပွဲအပြီး မြန်မာကစားသမားများ ငိုကြွေးချိန်မှ သိရှိကြောင်း မြန်မာနည်းပြချုပ် ပတ်ဆောင်ဟွာက ပွဲအပြီးတွင် ဆင်ခြေပေးခဲ့သည်။

ပတ်ဆောင်ဟွာ၏ဆင်ခြေသည် မြန်မာအသင်းပွဲစဉ် လက်မှတ်ရရှိရန် နေပူထဲတွင် နာရီပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရသည့် ပရိသတ်များ၊ ရုပ်သံမှ ကြည့်ရှုနေခဲ့သည့် သန်းပေါင်းများစွာသော ပြည်သူများအတွက် လုံလောက်သည့် ဆင်ခြေတစ်ခုမဟုတ်ခဲ့ဘဲ ပရိသတ်အများစုက ဒေါသထွက်ခဲ့ရသည်။

“အနည်းဆုံး သရေရမှ တက်မယ်ဆိုတာ တစ်ကွင်းလုံးသိတယ်။ နည်းပြတစ်ယောက်ပဲ မသိတာဆိုတော့ လူတွေကို ဘယ်လောက်တောင် စော်ကားတဲ့အဖြစ်အပျက်လဲ၊ သူ့နားက လူတွေကရော မပြောဘူးလား”ဟု တောင်ဒဂုံမြို့နယ်မှ လာရောက်ကြည့်ရှုသူ ဦးအောင်သန်းဦးက ပြောသည်။

မြန်မာသည် အင်ဒိုနီးရှားနှင့်ပွဲတွင် ပွဲအစကတည်းက အရန်ကစားသမားအချို့ကိုသာ ထည့်သွင်းကစားသွားခဲ့သည်။ ပတ်ဆောင်ဟွာက သူ့အနေဖြင့် အင်ဒိုနီးရှားကို သုံးဂိုးအထိ ရှုံး၍ရသည်ဟု ထင်မှတ်ထားသောကြောင့် အရန်ကစားသမားများကို ပွဲထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပွဲအပြီးတွင် အင်ဒိုကစားသမားများ ပျော်ရွှင်နေခဲ့ပြီး မြန်မာကစားသမားများ ငိုကြွေးသည်ကို နားမလည်အောင်ဖြစ်ခဲ့ရပြီး ထိုအချိန်ကျမှ ပြိုင်ပွဲစည်းမျဉ်းကို သိရှိခြင်းဖြစ်ကြောင်း ပတ်ဆောင်ဟွာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။ မြန်မာနည်းပြ၏ပြောစကားကြောင့် မြန်မာပရိသတ်များ ခံရခက်ခဲ့သည်။

“ဘောလုံးပွဲကနေ မြန်မာတွေ နှလုံးရောဂါရဖို့ နီးလာပြီ”ဟု မန္တလေးမြို့ တံခွန်တိုင်စက်မှုဇုန်မှ မြန်မာအသင်းအားပေးသူ ကိုရဲဝင်းအောင်ကပြောသည်။

အင်ဒိုနီးရှားကို သရေကစားရန် လိုအပ်နေချိန်တွင် လုံလောက်သော တိုက်စစ်ဆင်မှု မပြုလုပ်ဘဲ လေးလံနေခဲ့သည့် မြန်မာအသင်းကို မကျေနပ်သည့် ပရိသတ်အချို့က ကွင်းအတွင်း ၀င်ရောက်ကန့်ကွက်မှုများလည်း ပြုလုပ်ခဲ့သည်။
အဆိုပါပွဲစဉ်အပြီး နာရီပေါင်းများစွာကြာသည်အထိ သုဝဏ္ဏအားကစားကွင်းအနီးတွင် လုံခြုံရေးများ ထူထပ်စွာချထားရသည်။

7 Day News Journal
ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ