ကြေးမုံ သတင်းစာ (၂၉-၁၂-၂၀၁၃)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





New Light of Myanmar သတင်းစာ (၂၉-၁၂-၂၀၁၃)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ဦးသိန်းစိန်အစိုးရကို စစ်တပ်က ချီးကျူးလိုက်ခြင်း

(အလားတူ ကြော်ငြာတွေကို ၂၇ ရက်နေ့ ကြေးမုံသတင်းစာမှာ အဖွဲ့/ဌာန တချို့က ထည့်သွင်းထားတာ တွေ့ရမှာပါ။)

ဦးသိန်းစိန်အစိုးရရဲ့ စီမံခန့်ခွဲမှုကို စစ်တပ်က ချီးကျူးလိုက်ပါတယ်။

ဆီးဂိမ်းကို အောင်အောင်မြင်မြင် ကျင်းပခဲ့တဲ့ သမ္မတကြီးဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုအတွက် တပ်မတော်က ဂုဏ်ယူပါကြောင်း ၂၄ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ကြော်ငြာ ထည့်ခဲ့တာပါ။

ဆီးဂိမ်းမှာ နိုင်ငံအလိုက် ဒုတိယအဆင့်ရအောင် ကြိုးစားခဲ့တဲ့အားကစားသမားတွေကိုလည်း ချီးကျူးထားပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့ စီမံခန့်ခွဲမှုကို စစ်တပ်က သတင်းစာကြော်ငြာထည့်ပြီး ချီးကျူးစကားဆိုခြင်းက စစ်တပ်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းတယ် ဆိုတာကို ပြသတာပဲ လို့ သုံးသပ်သူတွေ ရှိလာနိုင်ပါတယ်။

တချို့ကတော့ ... စစ်တပ်မှာလည်း ဗိုလ်ချုပ်ကြီးတွေ အုပ်ချုပ်တယ်၊ အစိုးရထိပ်သီးတွေကလည်း ဗိုလ်ချုပ်ကြီးတွေပဲ ဆိုတော့ ဒီကြော်ငြာက ကြော်ငြာသက်သက်ပါပဲ လို့ မြင်ပါလိမ့်မယ်။

ဖြစ်နိုင်ချေတခုကို စဉ်းစားမိတာက ...
ကချင်ပြည်နယ်ဘက်က တိုက်ခိုက်မှုတွေ ရပ်သွားတဲ့အခါကျရင် "ငြိမ်းချမ်းရေး လိုလားတဲ့ တပ်မတော်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း)" ဆိုပြီး အစိုးရသတင်းစာထဲမှာ ဦးသိန်းစိန်ကြီးက ကြော်ငြာထည့်လာဖွယ် ရှိပါတယ်။

ဧရာဝတီ သတင်း

ဖွဲ့စည်းပုံမပြင်နိုင်လည်း NLD ရွေးကောက်ပွဲဝင်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်းမရှိရင်လည်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် မှာ ဖြစ်တယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဦးဥာဏ်ဝင်းက သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

"တကယ်တန်းပြောလို့ရှိရင် ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲမဝင်ဘူးလို့ ပြောတဲ့ အဓိပ္ပာယ်မဟုတ်ဘူး၊ ဒါပေမယ့်လို့ သဘောတရား အရ ဒီလိုအခြေအနေမျိုးကြီးဟာ ရွေးကောက်ပွဲ ဝင်ချင်စရာမရှိဘူးလို့ ဒီလို idea ကိုပြောတာပါ၊ မဝင်ဘူးလို့ပြောတာ မဟုတ်ဘူး၊ ကျနော်ဒီ့ထက်ပိုပြီး တိကျအောင်ပြောချင်ရင် ကျနော်တို့ ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ကိုဝင်မယ်၊ မပြင်ပေးခြင်းအားဖြင့် ဝင်ချင်စရာမကောင်းဘူးလို့ သဘောတရားအရပြောတာ"

ဒါ့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်နှစ်ရပ်၊ ကာကွယ်ရေးဦးစီးချုပ်စတဲ့ အထင်ကရပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံးဆွေးနွေးနိုင်ဖို့ မေတ္တာရပ်ခံထားရာမှာ တရားဝင်အကြောင်းပြန်စာ မရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

NLD ပါတီအနေနဲ့ မိမိလုပ်ရမယ့်အလုပ်ကို လက်လျှော့သွားမှမဟုတ်ဘဲ ဆက်လက်ပြီး လုပ်သင့်တာဆက်လုပ်သွားမယ်လို့ ဦးဥာဏ်ဝင်း ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် NLD က အခန်း ၁၄ ခန်းမှာ ပြင်ဆင်သင့်တဲ့ အချက်ပေါင်း ၁၆၈ ချက် အကြံပြုထားတယ်လို့ သိရပါတယ်။

ဒီကနေ့ အစည်းအဝေးအပြီး သတင်းထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ်နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။
RFA Burmese

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေး ဖွဲ့စည်းပုံကိစ္စ အဓိကဆွေးနွေး


ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို နေပြည်တော်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး ကျင်းပနေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို အဓိကထား ဆွေးနွေးနေတယ်လို့ အစည်းအဝေး တက်ရောက်နေတဲ့ ပါတီတာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ဒီနေ့အစည်းအဝေး ၄ ရက်မြောက်မှာ ပါတီဥက္ကဌ သူရဦးရွှေမန်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သူရ ဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်တဲ့ကိစ္စ ဟာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ကိစ္စ ဖြစ်တဲ့အတွက် ခုလို အစည်းဝေးကို ခေါ်ယူရတာဖြစ်တယ် လို့ ပြောသလို ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အာဏာရပါတီ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ လုပ်နည်းလုပ်ဟန် မှန်ကန်စွာနဲ့ ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တိုင်းပြည်မှာ မတည်ငြိမ်တဲ့ကိစ္စတွေ မမျှော်လင့်တဲ့ကိစ္စတွေ ကြုံတွေ့လာပါက ပါတီအနေနဲ့ ပါတီနဲ့ လူတစ်စုအတွက်မဟုတ်ဘဲ တိုင်းပြည်အတွက် ကြည့်ရမယ်လို့ပြောခဲ့ကြောင်း သိရပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်သုံးသပ်ဖို့အတွက် အဓိကထားဆွေးနွေးတဲ့နေရာမှာ ဖွဲ့စည်းပုံမှာ ပြောင်းလဲသင့်တာတွေကို ပြောင်းလဲနိုင်အောင် ဆောင်ရွက်ဖို့လည်းလိုတယ်လို့ ပါတီဥက္ကဌ သူရဦးရွှေမန်းက ပြောခဲ့ကြောင်းလည်း သိရပါတယ်။

အစည်းအဝေးကို လာမယ့် ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
RFA Burmese

ပုဒ်မ ၁၈ ဖျက်သိမ်းရေး လွတ်လပ်ရေးနေ့ ဆန္ဒပြခွင့် အာဏာပိုင်တွေပယ်ချ


ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈) ကို ဖျက်သိမ်းပေးဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာ ရန်ကုန်နဲ့ မကွေးမြို့တွေမှာ ဆန္ဒပြခွင့် လျှောက်ထားတာကို ရန်ကုန် ကျောက် တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွေက ဒီကနေ့ ပယ်ချခဲ့ပါတယ်။

ပုဒ်မ ၁၈ ဖျက်သိမ်းပေးဖို့ ဆန္ဒပြခွင့်ကို မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပယ်ချခဲ့တာကြောင့် မကွေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှာ ဆန္ဒပြခွင့် ထပ်မံလျှောက်ထားကြောင်း မကွေးမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဌေးဝင်းက RFA ကို ပြောပါတယ်။

"ကျနော်တို့က ဒီပုဒ်မ ၁၈ ပယ်ဖျက်ရေးနဲ့ နိုင်/ကျဉ်း အကျဉ်းသားတွေကို ခြွင်းချက်မရှိလွှတ်ပေးဖို့ အဲဒါတွေကို ထုတ်ဖော်ဖို့တင်တာပါ၊ ဘာကြောင့်ပယ်ရသလဲဆိုတော့ ကျနော်တို့က ၄ ရက်နေ့တင်တာကိုး၊ ဗိုလ်ချုပ်ပန်းခြံက အများပြည်သူအပန်းဖြေရာ နေရာဖြစ်တဲ့အတွက် ဒီနေရာမှာလုပ်ခွင့်မပေးတာရယ်၊ အများပြည်သူတွေ သွားလာနေတဲ့အတွက် အနှောင့်အယှက်ဖြစ်မှာစိုးလို့ပဲဖြစ်ပါတယ်၊ ကျနော်တို့ကို အယူခံဝင်ခွင့်တော့ပေးထားတယ်၊ အဲဒါ တိုင်းကိုဆက်တင်မယ်"

အလားတူ ဇန်နဝါရီလ ၄ ရက်နေ့မှာပဲ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြဖို့အတွက် လျှောက်ထားမှုကိုလည်း ကျောက်တံတားမြို့နယ် ရဲစခန်းက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြခွင့်လျှောက်ထားတဲ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ဟာ နိုင်ငံတော်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် ဆန္ဒပြခွင့်ကို ငြင်းပယ်ရတာဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွေက ပြန်လည်ပေးပို့တဲ့ အကြောင်းကြားစာမှာ ဖေါ်ပြထားပါတယ်။

ဆန္ဒပြသူတွေဟာ ပုဒ်မ ၁၈ ဖျက်သိမ်းပေးဖို့အပြင် အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ကိုလည်း တောင်းဆိုသွားမယ်လို့ ဆန္ဒပြခွင့် လျှောက်ထားသူတွေက ပြောပါတယ်။
RFA Burmese

မွန်လူငယ်နေ့ ပြည်တွင်းပြည်ပ လူငယ် ၁ သောင်းခန့် တက်ရောက်


ပြည်တွင်း ပြည်ပမှာနေထိုင်ကြတဲ့ မွန်လူငယ် တစ်သောင်းဝန်းကျင် တက်ရောက်တဲ့ ဒုတိယအကြိမ်မြောက် မွန်လူငယ်နေ့ကို မွန်ပြည်နယ် ရေးမြိုနယ် မော့ကနင်ကျေးရွာမှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။

အဲဒီ မွန်လူငယ်ညီလာခံမှာ မွန်နိုင်ငံရေးပါတီ က ခေါင်းဆောင်တွေနဲ့ လူငယ်တွေအကြား မွန်အမျိုးသား နိုင်ငံရေးနဲ့ ပတ်သက် တဲ့ ရှေ့ရေးကံကြမ္မာကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ မွန်လူငယ်နေ့ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုဥာဏ်သိုက်ရာမန်က RFA ကို အခုလိုပြောပါတယ်။

"ကျနော်တို့ မွန်လူငယ်အားလုံးပေါ့နော် ပူးပေါင်းပြီးတော့မှ တစုတစည်းတည်း ညီညီညွှတ်ညွှတ်နဲ့ ဖြစ်လာအောင် ကျနော်တို့က အဓိကထားတယ်၊ မွန်လူငယ်နေ့ ဆိုပေမယ့်လည်း မွန်လူငယ်သပ်သပ်မဟုတ်ဘဲနဲ့ မွန်နိုင်ငံရေးပါတီတွေက မွန်ခေါင်းဆောင်တွေ စုံညီပြီးတော့မှ ကျနော်တို့က ရှေ့ဆက် မွန်အမျိုးသားတွေရဲ့ ကံကြမ္မာကို ဘယ်လိုဖန်တီးကျမလဲဆိုတာ ကျနော်တို့က စုဖွဲ့နိုင်လို့ရှိရင် ဒါကတော့ ပိုပြီးတော့ အောင်မြင်တာပေါ့"

ဒါ့အပြင် မွန်လူငယ်တွေအချင်းချင်း ညီညွတ်ရေးကနေ တခြား မြန်မာနိုင်ငံက တိုင်းရင်းသား ညီအကိုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးကိစ္စ၊ မွန်လူငယ်တွေကြား သုံးစွဲမှုများလာတဲ့ မူးယစ်ဆေးဝါးပြသနာကို ဘယ်လို စုပေါင်းတိုက်ဖျက်ကြမလဲဆိုတဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

မွန်လူငယ်တွေ စုစည်းပွဲကို ၁၉၄၆ခုနှစ်က စတင်ခဲ့တာလို့ သိရပြီး နှစ်စဉ် ဒီဇင်ဘာ ၂၈ ရက်ကို မွန်လူငယ်နေ့အဖြစ် သတ်မှတ်ထားပါတယ်။
RFA Burmese

မြန်မာ့အလင်း သတင်းစာ (၂၉-၁၂-၂၀၁၃)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





တူရကီနိုင်ငံတွင် အစိုးရဆန့်ကျင်သူများကို ရဲကဖြိုခွင်း


တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့မှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြနေသူတွေကို အဓိကရုဏ်း နှိမ်နင်းရေးရဲတပ်ဖွဲ့က ရာဘာကျည်ဆန်တွေ၊ မီးသတ်ရေပိုက်တွေနဲ့ သုံးပြီး ဒီဇင်ဘာ ၂၇ ရက်နေ့ညမှာ လူစုခွဲခဲ့ပါတယ်။

ဆန္ဒပြသမားတွေ ကလည်း ကျောက်ခဲတွေနဲ့ ပြန်ပစ် ခဲ့တဲ့အတွက် ရဲက ဆန္ဒပြသမား တော်တော်များများကို ထိန်းသိမ်းလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ နိုင်ငံပိုင် ဟော့ခ်ဘဏ်ရဲ့ အကြီးအကဲ အပါအ၀င် လူဒါဇင်ချီပြီး အဂတိလိုက်စားမှု စွဲချက်နဲ့ ဖမ်းဆီးခံရပြီး ကတည်းက နိုင်ငံရေး အကျပ်အတည်း ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် အာဒိုဂန်ကလည်း အဂတိလိုက်စားမှုကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားတဲ့ ရဲအရာရှိ တော်တော်များများကို ရာထူးကနေ ဖြုတ်တဲ့ နည်လမ်းနဲ့ လက်တုံ့ပြန်ခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့မှာလည်း ၀န်ကြီးချုပ်က ကက်ဘိနက်အဖွဲ့ကို ပြန်ပြင်ဖွဲ့ခဲ့ပါတယ်။

အဲဒီမတိုင်ခင်မှာ အဂတိလိုက်စားမှုစွဲချက်နဲ့ သားတွေ အဖမ်းခံထားရတဲ့ ၀န်ကြီး ၃ ဦး နုတ်ထွက်ခဲ့ပါတယ်။
DVB Burmese

မိုးထိမိုးမိ ရွှေလုပ်သားခေါင်းဆောင်ကို ဖမ်းဆီးတဲ့အတွက် ရွှေလုပ်သားများ ဆန္ဒပြ

ဒီဇင်ဘာလ ၁၈ ရက်နေ့က ဆန္ဒပြနေစဉ်

မိုးထိမိုးမိ ရွှေလုပ်သားများ ဒုက္ခသည်စခန်းရဲ့ ခေါင်းဆောင်တွေကို ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဆီး ၀ရမ်းထုတ်လိုက်တဲ့အတွက် ရွှေလုပ်သားတွေက ကန့်ကွက် ဆန္ဒပြကြပါတယ်။

ရမည်းသင်းမြို့နယ် ရွှေမြင်တင်တောင်ပေါ်မှာ ရှိတဲ့ မိုးထိမိုးမိရွှေလုပ်သားတွေရဲ့ သပိတ်စခန်းက ခေါင်းဆောင် ၅ ဦးကို ဒီဇင်ဘာ ၂၆ ရက်နေ့က နိုင်ငံတော်အား အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဝရမ်း ထုတ်လိုက်တာ ဖြစ်ပါတယ်။

အခုလို ဖမ်းဝရမ်း ထုတ်ရတာဟာ ဒီဇင်ဘာ ၁၈ ရက်နေ့က ရမည်းသင်းမြို့ အ၀င် သိမ်ကုန်ကျေးရွာအနားမှာ မိုးမိမိုးမိရွှေလုပ်သားတွေနဲ့ ရဲတွေ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် လို့ ဆိုတဲ့အတွက် ရွှေလုပ်သားတွေက ဆန့်ကျင် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
ဒါအပြင် မိုးထိမိုးမိ ရွှေလုပ်သားတွေကို ကျောင်းဝင်းထဲ လက်ခံခဲ့တဲ့အတွက် ရမည်းသင်းမြို့နယ် ရွှေရင်မျှော်တောင်ရှိ စိတ္တသုခကျောင်းဆရာတော် ဦးဝိမလကိုလည်း ကျောင်းဝင်းတွင်းကနေ နှင်ထုတ်ခံရပြီး အခုတော့ ကျောက်လက်မောင်းတောင်က ဂူမှာပဲ သီတင်းသုံးနေရတယ်လို့ ဆရာတော်က ပြောပါတယ်။

စိတ္တသုခကျောင်းဆရာတော် ဦးဝိမလ “အခုလို ဦးဇင်းကို နှင်ထုတ်တဲ့ ၇ ရက် ၁၂ လ ၂၀၁၃ မှာ နှင်ထုတ်တဲ့အပြင် အမြန်ဆုံး ၃ ရက်အတွင်း ထွက်ခွာပေးပါဆိုတော့ ဦးဇင်းက ထွက်ခွာပေးရမယ်ဆိုရင် ဦးဇင်းမထွက်ပါနဲ့ ဒကာ၊ ဒကာမတွေက သူတို့ ထွက်ပေးပါမယ်ဆိုပြီး ထွက်သွားကြတယ်။ အရှေ့ထွက်သွားလိုက်၊ အနောက် ထွက်သွားလိုက် ထွက်သွားပြီးတော့မှ ၈ ရက် ၉ ရက်နေ့မှာပဲ ဆန္ဒပြ ဖြစ်ပါတယ်။ အဲတော့ ဦးဇင်းလဲ ဘယ်လိုမှ ထိန်းမရပါဘူး မြို့လည်ကောင်မှ သွားဖြစ်ပါတယ်။”

အခု လက်ရှိမှာတော့ မိုးထိမိုးမိ သပိတ်စခန်းအတွက် အစားအသောက်တွေ လာရောက် လှူဒါန်းသူတွေကိုလည်း တားဆီး ပိတ်ပင်နေတဲ့အတွက် သပိတ်စခန်းမှာ ရှိနေတဲ့ ကိုယ်ဝန်ဆောင်သည်တွေနဲ့ ကလေးတွေအတွက် အစားအသောက်တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

နန်းအိဖြိုး “ဒီဒုက္ခသည်စခန်းမှာ ကလေးတွေ စုစုပေါင်း ၁၅ ယောက်လောက် ရှိပါတယ်။ ကျမတို့တွေ ဒီမှာ နေရထိုင်ရတာ စားဝတ်နေရေး လုံးဝ အဆင်မပြေပါဘူး။ လူကြီးတွေကတော့ ဒီဟာကို ပြီးစီးအောင်ထိ တိုက်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် စားဝတ်နေရေးအတွက် လူကြီးတွေက နေနိုင်ပါတယ်။ ကလေးတွေကတော့ မနေနိုင်ပါဘူး။ နေ့ရောညရောကို ဂျီတာ တစာစာပဲ ဖြစ်နေကြပါတယ်။”

မိုးထိမိုးမိ ရွှေတွင်းလုပ်ကွက်တွေမှာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက တနိုင်တပိုင် ရွှေတွင်းလုပ်သားတွေကို လုပ်ကွက်ငယ်တွေ လုပ်ကိုင်ခွင့်မပြုတော့ဘဲ ဖယ်ရှား ခိုင်းတာကြောင့် ရာချီတဲ့ ရွှေလုပ်သားတွေဟာ အောက်တိုဘာလကတည်းက ဆန္ဒပြခဲ့ကြ ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ဆန္ဒပြပွဲကို ရဲတွေက ဖြိုခွင်းခဲ့လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအ၀င် ဆန္ဒပြသမား ၉ ဦး ဒဏ်ရရှိသွားခဲ့သလို ရဲတပ်သား ၂ ဦးလည်း ဒဏ်ရာရ ရှိခဲ့ပါတယ်။
DVB Burmese

ပစ်ခတ်မှုကြောင့် ထိုင်းဆန္ဒပြသူ တစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ


ဘန်ကောက်မြို့၊ ဝန်ကြီးချုပ်ရုံးရှေ့မှာ တဲထိုးဆန္ဒပြသူတွေကို အမည်မသိ သေနတ်သမားပစ်ခတ်မှုကြောင့် တဦးသေဆုံးခဲ့သော နေရာမှာ ကျန်ရှိနေသေးတဲ့ ဆန္ဒပြသူတွေ။ (ဒီဇင်ဘာ ၂၈၊ ၂၀၁၃)

ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ လူအုပ် အတွင်းကို စနေနေ့က အမည်မသိ သေနတ်သမား အနည်းဆုံးတယောက် ဒါမှမဟုတ် တယောက်ထက် ပိုသူတွေက ပစ်ခတ်သွားတဲ့အတွက် လူတဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားတယ်လို့ ထိုင်းအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရရုံးအနီးတ၀ိုက် ညလုံးပေါက်ဆန္ဒပြနေကြတဲ့ လူအုပ်ကြီးထဲကို ဘေးကနေဖြတ်သွားတဲ့ ကားတစီးထဲကနေ ပစ်ခတ်သွားတာဖြစ်တယ်လို့ မျက်မြင်တွေ့သူတချို့ကပြောပါတယ်။

ခုချိန်အထိတော့ တိုက်ခိုက်သွားသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ရဲက ဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။ အစိုးရအပေါ် ထောက်ခံသူတွေကိုကော အတိုက်ခံတွေ နှစ်ဖက်စလုံး သည်းခံချုပ်တည်းကြဖို့ ထိုင်းကြည်းတပ်ရဲ့ ဦးစီးချုပ်က သောကြာနေ့မှာ တိုက်တွန်းခဲ့ပြီးတဲ့နောက်မှာ အခုလို တိုက်ခိုက်မှု ဖြစ်ပေါ်လာတာပါ။

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ကို အဂတိ လိုက်စားတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ရက်သတ္တပတ် အတန်ကြာ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ကတော့ နုတ်ထွက်ပေးဖို့ ငြင်းဆိုပြီး ပါလီမန်ကို ဖျက်သိမ်းပေးလိုက်ပြီး ရွေးကောက်ပွဲအသစ်ကို လာမယ့် ဖေဖေါ်ဝါရီလထဲမှာ ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။

ဒုတိယ ၀န်ကြီးချုပ် စူရာဖုန် ထ၀ိချတ်ကရာခူ ကတော့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေ မှတ်ပုံတင် စာရင်း ပေးသွင်းတာကို အဆင်ပြေအောင် လုံခြုံရေး အကူညီပေးဖို့ စနေနေ့မှာ စစ်တပ်ကို မေတ္တာရပ်ခံခဲ့ပါတယ်။
VOA Burmese News

တရုတ် အလုပ်ကြမ်းစခန်းနဲ့ တစ်အိမ်ထောင်ကလေးတစ်ဦးစနစ် တရားဝင် ဖျက်သိမ်း


တရုတ်နိုင်ငံမှာ အငြင်းပွားဖွယ် ပြန်လည်ပညာပေး ရဲဘက်စခန်းတွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ တအိမ်ထောင် ကလေးတစ်ယောက်စနစ် တို့ကို ဖျက်သိမ်းဖို့ အမျိုးသားလွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

အထက်အလိုကျ လိုက်နာဆောင်ရွက်နေရတဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီရဲ့ စနေနေ့က ဒီ ဆုံးဖြတ်ချက်ဟာ နိုဝင်ဘာလက တရုတ် ကွန်မြူနစ်ပါတီရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်တယ်လို့ ရှင်ဟွာသတင်းဌာနက ရေးသားပါတယ်။

အလုပ်ကြမ်းစခန်းကလူတွေအားလုံးဟာ စနေနေ့ကစပြီး လွတ်မြောက် လာကြတော့မှာ ဖြစ်ပေမယ့် ဒီစနစ်ကိုဖျက်သိမ်းလိုက်တာဟာ သူတို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ရုပ်သိမ်းလိုက်တာ မဟုတ်ဘူးလို့လည်း ဖော်ပြပါတယ်။ ဒါဟာ ထိန်းသိမ်းခံခဲ့ရသူတွေက နစ်နာမှုနဲ့ ပြန်လည် တရားစွဲလာမှာကို ကာကွယ်ထားတာဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။

နာမည်ဆိုးတဲ့ ဒီပညာပေးစခန်းတွေမှာ ပြစ်မှုကျူးလွန်တယ်လို့ ဆိုသူတွေကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ရဲက (၄) နှစ်အထိ ချုပ်ထားနိုင်ခဲ့ပါတယ်။ လူပေါင်း (၁) သိန်း၊ (၉) သောင်းလောက်ကို ထိန်းသိမ်းထားခဲ့တဲ့ ဒီ ရဲဘက်စခန်းတွေကို ဘာနဲ့အစားထိုးလာမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တခါ မိဘတစ်ပါးပါးဟာ သူကိုယ်တိုင် တစ်ဦးတည်းသောကလေး ဖြစ်ခဲ့တယ်ဆိုရင် သူ့အိမ်ထောင်မှာ ကလေး နှစ်ဦး ယူခွင့်ရှိတယ်လို့လည်း အမြဲတမ်းကော်မတီက ပြဌာန်းလိုက်ပါတယ်။
VOA Burmese News

၂၀၁၄ အာဆီယံလူထုဖိုရမ်အတွက် အရပ်ဖက်အဖွဲ့တွေပြင်ဆင်


လာမယ့် ၂၀၁၄ခုနှစ်မှာ မြန်မာနိုင်ငံမှာပြုလုပ်မယ့် အာဆီယံ အရပ်ဖက်အဖွဲ့အစည်းများ ညီလာခံနဲ့ အာဆီယံလူထုဖိုရမ်မှာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးစတဲ့ ခေါင်း စဉ်တွေ အောက်ကနေ မြန်မာနိုင်ငံက အရပ်ဖက် လူမှုဖွဲ့အစည်းတွေ ၀င်ရောက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အစိုးရအဖွဲ့က အကြီးအကဲတွေနဲ့ ပညာရှင်တွေတက်ရောက် ပြီး မြန်မာပြည်သူ့ဖိုရမ် ဆွေးနွေးပွဲ ကျင်းပနေတာပါ။

အဲဒီဖိုရမ်မှာ တက်ရောက်နေတဲ့ နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက် က မြန်မာနိုင်ငံက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ပြင်ဆင်မှုအကြောင်း အခုလို ပြောပါတယ်။

"အရေးကြီးတာက၂ဝ၁၄ ရဲ့ အဓိကကျတာက နိုင်ငံတော်သမ္မတကြီးဟာ ဗမာပြည်ဟာ အာဆီယံဥက္ကဌဖြစ်မယ်၊ ဥက္ကဌဖြစ်တဲ့အခါမှာ အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ နိုင်ငံအကြီးအကဲတွေ၊ မီဒီယာတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ ပညာရှင်နဲ့ လုပ်ငန်းရှင်တွေ အားလုံးပါဝင်မယ်၊ အခုလို ဖိုရမ်လုပ်ရတာ ပြည်သူ့အသံတွေကြားရတယ်၊ ဘာကြောင့်လဲဆိုတော့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက တကယ့်ကို ထဲထဲဝင်ဝင်လုပ်နေတဲ့လူတွေ ဖြစ်တယ်လေ၊ အဲဒါကို အခုလိုလာပြီးလုပ်တဲ့အတွက် အဆင်ပြေတာပေါ့၊ အရင်တုန်းက မကြားတဲ့အသံတွေ ကြားရမယ်၊ အရင်တုန်းက မဆွေးနွေးတာတွေ ဆွေးနွေးရမယ်"

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌအဖြစ် လာမယ့် ၂၀၁၄ ခုနှစ်ကစပြီး တာဝန်ယူတော့မှာ ဖြစ်ပါတယ်။ အာဆီယံဖွဲ့ဝင်နိုင်ငံတွေက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကလည်း အရပ်ဖက်အဖွဲ့အစည်းများ ညီလာခံနဲ့ အာဆီယံလူထုဖိုရမ်ကို လာမယ့်၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပကြမှာ ဖြစ်ပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မရတနာဦး စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
 

RFA Burmese

Facebook မှာ အစားအသောက်ပုံတွေ တွေ့တဲ့အခါ


  Facebook လိုမျိုး အွန်လိုင်းလူမှုကွန်ရက်မှာ ကိုယ်စားသောက်မယ့်ပုံတွေ တင်ကြတာကို ဘယ်လိုသဘောရပါသလဲ။

ဆွီဒင်မှာတော့ အဲသလို တင်တာကို အတော်လေး စိတ်ပျက်နေတယ်လို့ တွေ့ရှိရကြောင်း စကင်ဒီနေးဗီးယားတိုင်းပြည်တွေမှာ ကောက်ခဲ့တဲ့ Nokia ကုမ္ပဏီရဲ့ စစ်တမ်းတခုက ဆိုပါတယ် တဲ့။

ဆွီဒင်မှာ စိတ်ပျက်နှုန်းက သူ့ရဲ့အိမ်နီးချင်း နော်ဝေ၊ ဒိန်းမတ်တို့ထက် သာလွန်နေပါတယ် တဲ့။

သို့ကလို စိတ်ပျက်သော်ငြား သူတို့ဆီက Filippa Reinfeldt ဆိုတဲ့ နိုင်ငံရေးသမားကတော့ Instagram စာမျက်နှာမှာ အစားအသောက်ဓာတ်ပုံတွေ နေ့တိုင်းလိုလို တင်တဲ့သူပါလို့ ဆိုတယ်။
ဒီအမျိုးသမီးက ဝန်ကြီးချုပ်ကတော်ဟောင်းလည်း ဖြစ်ပါတယ်။ (ဝန်ကြီးချုပ်ဟောင်းကတော် မဟုတ်)

သူ့ကြောင့် အဲဒီလို စိတ်ပျက်နေကြတာလည်း ဖြစ်နိုင်တာပေါ့။

မြန်မာပြည်သား အွန်လိုင်းသုံးသူများကရော အစားအသောက်ပုံတွေ တင်တာကို ဘယ်လို သဘောရပါသလဲ။
ဂလုဂလု၊ ရှလွှတ်ရှလွှတ်ဖြစ်မလား၊ စိတ်ညစ်စိတ်ပျက်မလား။ မုဒိတာ ပွားမလား။

ဘယ်အကြောင်းအရာ ဘယ်ဓာတ်ပုံပဲဖြစ်ပါစေ သူ့ပရိသတ်နဲ့သူ ရှိပါလိမ့်မယ်။

အစားအသောက်ပုံတွေကို ဗိုက်ဆာချိန်မှာတွေ့လိုက်ရရင်တော့ စိတ်မသက်မသာဖြစ်မိကြမှာသေချာမှာပါပဲ။
ဗိုက်ဆာချိန်မဟုတ်ရင်တော့ အင်း.... အစားအသောက်ပုံတွေမှာ အရေးပါတဲ့အချက်အလက်တွေ ပါနိုင်ပါတယ်လို့ ဆင်ခြင်နိုင်ပါလိမ့်မယ်။ ဘယ်အချိန် ဘယ်မှာရနိုင်တယ်၊ ဘယ်ဈေးရှိတယ်၊ အရသာက ဘယ်လို၊ သန့်ရှင်းမှုက ဘယ်သို့ စသဖြင့်။

ကိုယ်တိုင်လုပ်နိုင်တဲ့အခြေအနေရှိသူတွေအဖို့တော့  ဒီလိုမျိုး လုပ်စား၊ ချက်ပြုတ်စားဦးမှ ဆိုတဲ့ စိတ်ကူး ရနိုင်မှာပါ။  Facebook  မှာ ကိုယ်စားသောက်မယ့်ပုံတွေ တင်ကြတာကို ဘယ်လိုသဘောရပါသလဲ ဆိုပြီး ကာတွန်းဆရာတယောက်ကို မေးကြည့်တော့ ...

စားသောက်တာတွေပဲတင်ပြီး ပြန်ထွက်တာကြတော့မတင်ကြတာ ညီမျှမှုမရှိဘူး လို့ သူက ကျနော့်ကို ဖြေပါတယ်။

သတင်းသမားတွေ မျှတရမယ် ဘက်မလိုက်ရဘူး စသဖြင့် ကျင့်ဝတ် ရှိတာကို တွေးမိတဲ့အတွက် သတင်းသမားရဲ့အမေးကို ကာတွန်းဆရာက အဲသလို ခပ်နောက်နောက် ပြန်ဖြေတာလည်း ဖြစ်နိုင်ပါတယ်။

အစားအသောက်ပုံတွေအကြောင်း အွန်လိုင်းမှာ   ရှာဖွေဖတ်ရှုကြည့်တော့
အစားအသောက်ဓာတ်ပုံက Facebook မှာ စိတ်အနှောက်အယှက်ဖြစ်စရာအကောင်းဆုံး ဆယ်ခုထဲမှာ ပါနေတယ်လို့ ရေးထားကြပါတယ်။
ပြီးတော့ သူငယ်ချင်းတွေကို ဒုက္ခပေးနည်း နိဿရည်းများထဲမှာလည်း အစားအသောက်ပုံတင်ခြင်း ဆိုတာ ပါဝင်နေပါတယ်။

စားပုံသောက်ပုံအကြောင်း ဓာတ်ပုံတွေတင်တယ် စာတွေ ရေးတယ် ဆိုတာကလည်း ရေးတင်သူရဲ့အာဘော်ကိုလိုက်ပြီးတော့ စိတ်ခံစားချက်တွေ မတူကွဲပြားစွာဖြစ်ပေါ်လာပါလိမ့်မယ်။

အမြင်ကပ်အောင် ရေးသား တင်ပြရင် အမြင်ကပ်ကြမှာပါ။
တခါတလေတော့ ခပ်ကြွားကြွား ပုံမှန်အားဖြင့်တော့ ရိုးရိုးသားသား တင်မယ် ဆိုရင်တော့ အမြင်ကပ်မှု နည်းကြဖွယ်ရှိပါတယ်။

အစားအသောက်ပုံပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် Facebook ကြည့်တဲ့အခါ စိတ်ကိုဘယ်လိုထားတာကောင်းသလဲ။
အကြောင်းအရာစုံ သတင်းပုလင်းစုံတဲ့ အွန်လိုင်းစာမျက်နှာတွေကြောင့် သောကရောက်၊ ဒုက္ခရောက်၊ ဒေါသထွက်ရတာ လွယ်ကူလွန်းတဲ့အတွက် စိတ်ကို လျှော့ပြီးမှ အွန်လိုင်းထဲဝင်ရင် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။
ဧရာဝတီ သတင်း

ဦးခင်ညွှန့်နိုင်ငံရေးမလုပ်ဖို့ အလိုတော်ပြည့်ဆရာတော် သတိပေး


စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကို နိုင်ငံရေးမလုပ်ဖို့ အလိုတော်ပြည့်ဆရာတော်က ပြင်းပြင်းထန်ထန်သတိပေးစကား မိန့်ကြားခဲ့တယ်လို့ သံတော်ဆင့် သတင်းတပုဒ်က ဆိုပါတယ်။

အလိုတော်ပြည့်ဆရာတော်က ဦးခင်ညွှန့်ကို  ဘာသာရေး လုပ်မယ်ဆို ဘာသာရေးကိုပဲ လုပ်ဖို့ အခု
နိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်ပတ်သက်မယ်ဆိုရင် အားမပေးဘူးလို့ မိန့်ကြားခဲ့တယ်လို့ မြန်မာ သံတော်ဆင့်က ဖော်ပြထားပါတယ်။

ဧရာဝတီနဲ့ ဦးခင်ညွှန့် မေးမြန်းခန်းမှာလည်း နိုင်ငံရေးမလုပ်ဘူးဆိုတဲ့အကြောင်း ၃ ကြိမ်တောင် ပြောခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည် ငြိမ်းချမ်းသာယာရေးအတွက် ဦးခင်ညွှန့်အမျိုးသား နိုင်ငံရေးလုပ်မှာဖြစ်တယ် လို့ ပြောခဲ့ဖူးပါတယ်။

အလိုတော်ပြည့်ဆရာတော်ဟာ စစ်အစိုးရလက်ထက်တွေတုန်းက ဦးခင်ညွှန့်နဲ့ ဆရာတပည့်ရယ်လို့ လူတွေ က ပြောခဲ့ကြတာပါ။ ဒီအပြင် အခြား စစ်အစိုးရ ခေါင်းဆောင်တွေကလည်း ဆရာတော်ကို မကြာခဏ ဖူးမျှော်ပူဇော်တာတွေ ရှိခဲ့တာပါ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မကြာခဏဆိုသလို အလိုတော်ပြည့် ဆရာတော်ဆီ သွားရောက် ဖူးမျော်တာတွေလည်း ရှိခဲ့ပါတယ်။

ဦးခင်ညွှန့်အနေနဲ့ နေအိမ်အကျယ်ချုပ်ကလွတ်လာပြီးနောက်ပိုင်း တကြော့ပြန် ရုပ်/သံ လူမြင်ကွင်းမှာတော့ သူရ ဦးရွှေမန်းနဲ့အတူ ပထမ ပြန်လည် ပေါ်ထွက်လာခဲ့ပြီးနောက်ပိုင်း မီဒီယာတွေနဲ့ ထိတွေ့မှုတွေကိုတော့ အတော်သတိထားခဲ့တာပါ။

လူပြောအများဆုံး ဖြစ်ခဲ့တာကတော့ ဦးမြတ်ခိုင် ရေးသားထုတ်ဝေတဲ့ ဦးခင်ညွန့်နဲ့ အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲတုန်းကတော့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်အကျဉ်းသားတွေ သာ ဖြစ်တယ်လို့ ပြောဆိုခဲ့မှုဟာ အတော်ပွဲဆူသွားစေခဲ့တာပါ။

အဲဒီလိုတွေ ပြောဆိုခဲ့ပြီးနောက်ပိုင်းမှ အခုလို အလိုတော်ပြည့်ဆရာတော်က ဦးခင်ညွှန့်ကို မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ မပါဖို့ သတိပေး ဟန့်တားတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

အခုလို အလိုတော်ပြည့်ဆရာတော်ရဲ့ သတိပေး ဟန့်တားမှုရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေ ရှိ နေတယ်ဆိုတာတော့ သိသူ အတော်နည်းမယ်လို့ ထင်ပါတယ်။

လင်းသန့် ~
ဧရာဝတီ သတင်း

ဘင်္ဂလားဒေ့ရှ်ကိုပို့မယ့် မူးယစ်ဆေးပြား ၂ သောင်း မောင်တောမှာဖမ်းမိ


ရခိုင်ပြည်နယ် စစ်တွေမြို့က မော်တော်ဆိပ်မှာ မောင်တောနယ်စပ်ဘက်ကို ထွက်ခွာမယ့် ရွှေနဒီ အမြန်ရေယဉ်ပေါ်မှာ WY နဲ့ R စာတန်းနှစ်မျိုးပါ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း နှစ်သောင်း၊ ကာလတန်ဖိုး သိန်း ၆၀၀ လောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ မနက်က ဖမ်းဆီးရမိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ ရဲအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ နေထိုင်တဲ့ ရခိုင်အမျိုးသားတစ်ဦး သယ်ယူလာတဲ့ ခရီးဆောင်ကျောပိုးအိတ်ကို ရှာဖွေခဲ့ရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း အဲဒီရဲအရာရှိက ဆိုပါတယ်။

ဒါ့အပြင် အဲဒီမူးယစ်ဆေးဝါးကိစ္စနဲ့ ဆက်စပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့ခံတစ်ဦးကိုလည်း စစ်တွေမြို့ ရွှေသဇင်ဟိုတယ်ကနေ ဖမ်းဆီးခဲ့ပြီး တရားခံတွေရဲ့ ထွက်ဆိုချက်တွေအရ အဲဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ် တောင်ကြီးမြို့ကနေတစ်ဆင့် သယ်ယူလာခဲ့တာဖြစ်ကြောင်း ဒေသခံရဲအရာရှိတွေ က ပြောကြပါတယ်။

မူးယစ်ဆေးဝါးတွေဟာ ရခိုင်ပြည်နယ်ကိုဖြတ်ပြီး မောင်တောနယ်စပ်ကနေတစ်ဆင့် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သယ်ယူရောင်းချမှုတွေရှိနေတာကြောင့် မြန်မာအစိုးရ အဆင့်ဆင့်အနေနဲ့ ထိထိရောက်ရောက်တားဆီးပေးဖို့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တာဝန်ရှိသူတွေက မြန်မာနယ်စပ်တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က မောင်တောမြို့မှာပြုလုပ်တဲ့ နှစ်နိုင်ငံအလံတင် အစည်းအဝေးမှာ ဆွေးနွေးတိုက်တွန်းထားတယ်လို့ သိရပါတယ်။
RFA Burmese

မလေးရှားမှာ မြန်မာတချို့ ပုန်းအောင်းနေရဆဲ

မလေးရှားနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းခွင်။

မလေးရှားနိုင်ငံ SABAH,SARAWAK (ဆာဘား ဆာရာဝပ်) ပြည်နယ်မှာ ရှိတဲ့ မြန်မာနိုင်ငံသား တွေဟာ အင်ဒိုနီးရှားလူမျိုးတွေနဲ့ စကားများ ရန်ဖြစ်ရာကနေ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် စက်ရုံမှာရှိတဲ့မြန်မာ ၉၇ ယောက်ဟာ ပုန်းရှောင်နေကြရပြီး အကူအညီမဲ့နေကြပါတယ်။ အခုချိန်ထိ မြန်မာလူမျိုးအေးဂျင့်တဦး သာ လာရောက်မေးမြန်းမှုတွေရှိပြိး အကူအညီပေးမယ့် အခြေအနေတွေကို သေချာ မသိရသေးဘူးလို့ ဆိုပါတယ် ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှား နဲ့ ဘရူနိုင်းနယ်စပ်မှာရှိတဲ့  SABAH,SARAWAK (ဆာဘား ဆာရာဝပ်) ပြည်နယ်က သင်္ဘောကျင်းမှာအလုပ်လုပ်နေကြတဲ့
မြန်မာနိုင်ငံသားတွေဟာ မြန်မာအလုပ်သမားတစ်ဦးနဲ့ အင်ဒိုနီးရှား အလုပ်သမားတွေနဲ့ စကားများရန်ဖြစ်ရာကနေ စခဲ့တဲ့ ပြသနာကြောင့် ရာနဲ့ချီရှိတဲ့ အင်ဒိုလူမျိုးတွေရဲ့ ရန်ပြုခြင်းကို ခံခဲ့ကြရပါတယ်။ ဒီ့အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ဂိုဒေါင်တစ်ခုမှာ ပုန်းအောင်းနေထိုင်နေကြ ရတာပါ။

ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံက သမ္မတရုံးညွန်ကြားရေးမှုး ဦးဇော်ဌေးက မြန်မာ သံရုံးက တာဝန်ယူမှုရှိသူတွေဟာ စက်ရုံရှိရာကို သွားရောက်နေကြပြီလို့ဆိုပါတယ်။ သူပြောသွားတဲ့ အထဲမှာတော့  မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ဦးဝင်းမောင်မောင်လွင်ရယ် မလေးရှားမှာရှိတဲ့ မြန်မာအလုပ်သမား သံအရာရှိရယ် မနက်ကမှ လေဆိပ်ရောက်လို့ သတင်းပို့တဲ့ အကြောင်းနဲ့ မလေးရှားက အလုပ်သမား အေဂျင်စီကတော့ သူတို့ကို မလေးရှားလေဆိပ်မှာ လာကြိုမှာဖြစ်ကြောင်း ပြီးရင် စက်ရုံကိုသွားမယ်ဆိုပြီးပြောတဲ့အကြောင်း ညနေ၆နာရီခန့်က ဗွီအိုအေက ဆက်သွယ်မေးမြန်းစဉ်မှာ ပြောပါတယ်။

အလုပ်သမားတွေကတော့ ဒီဇင်ဘာလ ၂၇ ရက် ညနေပိုင်းအထိတော့ မလေးရှားနိုင်ငံက အေးဂျင့်တစ်ဦးကလွဲရင် အကူအညီပေးမယ့် သူများ ရောက်ရှိ မလာသေးဘူးလို့ ဆိုပါတယ်။

"အေးဂျင့် တစ်ယောက်ပဲလာ တာရှိပါတယ်။ ကျန်တဲ့သူ ဘယ်သူမှ မလာသေးပါဘူး။ ကုမ္ပဏီကတော့ အခု သူတို့နဲ့မဆိုင်တော့ဘူးပေါ့။ အခု ကျနော်တို့ဖြစ်တဲ့ ပြဿနာကတော့ အေးဂျင့်တွေနဲ့ မြန်မာသံရုံးကလူတွေနဲ့ပဲ
ပြောဖို့ရှိတော့တယ်ခင်ဗျ။ ကုမ္ပဏီစက်ရုံထဲမှာတော့ အလုပ်သမားတွေ ချည်းနေတာ တာဝန်ယူမှုကတော့ ဒီလောက်ကြီးတော့ မရှိပါဘူး။ စက်ရုံထဲမှာတော့ လွတ်လွတ်လပ်လပ်သွားပိုင်ခွင့်ပြုတယ်ပေါ့။ အပြင်ကိုတော့ မထွက်ခိုင်းဘူး။ အခုဒီမှာရှိတဲ့ ၉၇ ယောက်လုံးကတော့ အယောက် ၆၀ ကျော်ကျော်လောက် က မြန်မာနိုင်ငံ အာပါဒီးက လွှတ်တာများပါတယ်။ အခု ဒီ ဂိုဒေါင်ထဲမှာနေဖို့ဆိုတာ ဒီကုမ္ပဏီစက်ရုံကပဲ တာဝန်ယူထားတာပါ။ အာပါဒီးက တာဝန်ယူထားတာ မဟုတ်ပါဘူး။ ကျနော်တို့စဖြစ်တဲ့နေ့ကတော့ ဒီမှာ ရုံးကလူတွေနဲ့ပြောတော့ ဒီနိုင်ငံက အေးဂျင့်က အာပါဒီးကို ဖုန်းခေါ်ပြီးတော့ပြောတော့ ကျနော်တို့ဖြစ်တဲ့ပြဿနာက ပြန်ချင်တယ် လို့ ပြောတယ်ပေါ့။ အဲဒီ ပြဿနာလောက် နဲ့တော့ ပြန်လို့ မရဘူးပေါ့။ သူတို့ ပြန်ဖို့တာဝန်မယူဘူးပေါ့။ အဲဒီလိုပြော ပါတယ်ခင်ဗျ။ အခုနောက်ပိုင်း ကျနော်တို့ အာပါဒီး ကုမ္ပဏီနဲ့ အဆက်အသွယ် မလုပ်တော့ပါဘူး။ အကာအကွယ်တော့မရှိပါဘူး။ ကျနော်တို့က စက်ရုံထဲမှာနေတယ်ဆိုတော့ ပြဿနာတော့မရှိပါဘူး။ စားတာကတော့ ဒီအတိုင်း ရှိတာလေးနဲ့စားတယ်။ မနက်ကတော့ မြို့ထဲက မြန်မာတွေကတော့ ဆန်ရယ် ခေါက်ဆွဲခြောက်ရယ် ကြက်သွန်လေးတွေရယ် လာပြီးတော့ လှူသွားပါတယ်ခင်ဗျ"

အကူညီမဲ့နေတဲ့ မြန်မာနိုင်ငံသားတွေဟာမလေးရှားနိုင်ငံကို
တရားဝင်နိုင်ငံကူး လက်မှတ်တွေနဲ့ လာရောက်ကြသူများဖြစ်ပြီး သူတိုကို အကူညီပေးဖို့အတွက် မြန်မာသံရုံး နဲ့ လူမူရေးအသင်းအဖွဲတွေဆီကို အကူအညီတောင်းခံမူတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ အလုပ်သမားတွေဟာမလေးရှားနိုင်ငံကိုရောက်လာဖို့အတွက် အနည်းဆုံး မြန်မာကျပ်ငွေ ၁၄ သိန်းလောက်အကုန်ခံပြီး လာခဲ့ကြကြောင်း သူတိုအနေနဲ့ လက်ရှိနေရာမှာတော့ အလုပ်လုပ်ဖို့အတွက် မဖြစ်နိုင်တော့ကြောင်းတွေကိုလည်းပြောပြပါတယ်။

"ဒီကျွန်းမှာတော့ တစ်ယောက်မှ မနေချင်ဘူး။ အဲလို ကွာလာလမ်ပူဘက် ကို ပြောင်းပေးမယ်ဆိုရင်တော့ လက်ခံမယ့်သူ ရှိပါတယ်ခင်ဗျ"

မလေးရှားနိုင်ငံရှိ ဆာဘား ၊ ဆာရာဝပ်ပြည်နယ်ဟာ  မလေးရှား ဘရူနိုင်းနိုင်ငံရဲ့ နယ်စပ်မှာရှိပြီး မလေးရှားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ကွာလာလမ်ပူမြို့တော်နဲ့ အတော်ခရီးကွာဝေးတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်အပြီးမှာတော့ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားများအတွက် အန္တရာယ်တွေပိုများလာတာပါ။ မကြာသေးခင်တုန်းကလည်း မလေးရှားနိုင်ငံမှာ မြန်မာလူမျိုးများ သတ်ဖြတ်ခံရမူတွေ ရှိခဲ့သလို နေရပ်ရင်းကိုပြန်ကြသူတွေလည်း အများအပြားရှိခဲ့တာပါ။

အခုအခြေအနေမှာလည်း အလုပ်သမားတွေဖက်က စိုးရိန်ပူပန်မှုတွေရှိနေတဲ့ အတွက် တစ်ချို့ကလည်း နေရပ်ရင်းကို ပြန်လိုနေကြတာ ဖြစ်ပါတယ်။
VOA Burmese News

မိုးစက်ဝိုင်နဲ့ Alpine ပြန်လည် လက်တွဲပြီ


ဓာတ်ပုံ- စိုင်းဇော်/ဧရာဝတီ

Miss Universe Myanmar မိုးစက်ဝိုင်ကို Alpine ၏ Brand Ambassador အဖြစ် ခန့်အပ်လိုက်ပါတယ်။

Alpine ရဲ့ Brand Ambassador အဖြစ် ခန့်အပ်လိုက်တဲ့ အတွက် Alpine ရဲ့ ထုတ်ကုန်တွေမှာ မိုးစက်ဝိုင် ရဲ့ ပုံရိပ်တွေကို အသုံးပြုသွားမယ့်အပြင် Alpine ရဲ့ အရောင်းမြှင့်တင်မှု အစီအစဉ်တချို့မှာလည်း မိုးစက်ဝိုင်က ပူးပေါင်းပါဝင်သွားမှာဖြစ်ပါတယ်။

မိုးစက်ဝိုင်ဟာ ယခင်က Alpine ကုမ္စဏီရဲ့ ၀န်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံသို့ ထွက်ခွာ ခဲ့ပြီးနောက် အခုအစီအစဉ်ဟာ Alpine ကုမ္ပဏီနဲ့ ပြန်လည် လက်တွဲ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။

ယခင်မိတ်ဆွေဟောင်းတွေနဲ့ ပြန်လည် လက်တွဲရတဲ့ အတွက် ၀မ်းသာကြည်နှုးမိတယ်လို့ မိုးစက်ဝိုင်က Brand Ambassador အဖြစ်ခန့်အပ်တဲ့ အခမ်းအနားမှာ ကျးဇူးတင်စကားပြောခဲ့ပါတယ်။

မိုးစက်ဝိုင်ကို Brand Ambassador စာချုပ် ချုပ်ဆိုမှုတန်ဘိုးကတော့ ငွေကျပ်သိန်း ၃ဝဝ တန်ဖိုးရှိတဲ့ စာချုပ်ချုပ်ဆိုမှုဖြစ်တယ်လို့  Alpine ကုမ္ပဏီရဲ့  CEO ဒေါက်တာ စိုင်းစံထွန်း ကပြောခဲ့ပါတယ်။
ဧရာဝတီ သတင်း

အခြေခံဥပဒေပြင်ဆင်ရေး၊ ရွေးကောက်ပွဲနဲ့ NLD


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်မယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောလိုက်တဲ့ တစ်နေ့ထဲမှာပဲ နောက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဒီကိစ္စကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဗဟို ကော်မတီ အစည်းအဝေးတွေမှာ ဆုံးဖြတ်ချက်မချရသေးဘူးလို့ ပြောပါတယ်။ ဒါပေမဲ့လည်း အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးကိစ္စကို ချိတ်ဆက်မထားတဲ့ သဘောမျိုးတော့ ပြောကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း လုပ်ခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထားရယူပွဲတွေမှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာတွေအပေါ် သတင်းဌာနတွေရဲ့ ရေးသား ဖော်ပြချက်တွေထဲမှာ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်မယ် ဆိုတာမျိုး ရေးသားကြတာနဲ့ပတ်သက်ပြီး NLD ဘက်က ပြန်လည်ရှင်းလင်းခဲ့ပါ တယ်။

“တကယ်တန်းပြောလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ မဝင်ဘူးလို့ ပြောတဲ့အဓိပ္ပာယ်မဟုတ်ဘူး။ ဒါပေမယ့်လို့ သဘောတရားအရ ဒီလိုအခြေအနေမျိုးကြီးဟာ ရွေးကောက်ပွဲဝင်စရာမရှိဘူး-ဒီလို အိုင်ဒီယာကို ပြောတာပါ။ မဝင်ဘူးလို့ ပြောတာမဟုတ်ဘူး။ ကျနော် ဒိထက်ပိုပြီးတိကျအောင် ပြောစေချင်ရင် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ကိုဝင်မယ်။”

ဒီဇင်ဘာလ ၂၈ ရက် စနေနေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီ သီရိခန်းမမှာလုပ်ခဲ့တဲ့ NLD ရဲ့ ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲအတွင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောသွားတာပါ။ ဒီသတင်းစာရှင်းလင်းပွဲ အသံဖိုင်အပြည့်အစုံကို NLD သတင်းပြန်ကြားရေးဌာနက အီးမေး ကနေတစ်ဆင့် ပေးပို့တာကို ဗွီအိုအေက ရခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို NLD အပါအ၀င် နိုင်ငံရေးပါတီ အသီးသီးက အားစိုက် လုပ်ဆောင်နေကြပြီး သူတို့ ကောက်ယူစုဆောင်းထားတဲ့ သဘောထားတွေကို ဒီနှစ်ကုန်မှာ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီဆီ ပေးပို့ ကြမှာဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး၊ ရွေးကောက်ပွဲ ၀င်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး NLD ပြောရေးဆိုခွင့်ရှိသူ နောက်တစ်ဦးဖြစ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ပုသိမ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

“ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ပေးရင် မဝင်ဘူး လို့ ပြောတာ မဟုတ်ပါဘူး။ မပြင်ပေးဘဲနဲ့ တဘက်က တဘက်စောင်းနင်းလုပ်ထားပြီးတော့မှ တန်းတူညီမျှ တဲ့အခွင့်အရေးမပေးဘဲနဲ့ ၀င်တဲ့ပုဂ္ဂိုလ်တွေကသာ သိက္ခာပိုင်းအရ ဒီလို မပြင်ပေး ရင် မ၀င်သင့်ဘူးလို့ ပြောတာပါ။”

မေး။ ။ ဟုတ်ကဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ ရွေးကောက်ပွဲဝင်မယ်လို့ ပြောပါသလားခင်ဗျာ။

“အဲဒီလိုတော့ ကျနော်တို့ ပြောခဲ့တာ မရှိပါဘူးဗျ။ အဲဒီလို ပြောခဲ့တာကတော့ အခုထိ ကျနော်တို့ဥက္ကဋ္ဌ ဘယ်မှာမှ ပြောတာ မရှိသေးပါဘူး။ ဒါပေမယ့် နိုင်ငံရေးတံခါးပိတ်ဝါဒ မကျင့်သုံးဘူးလို့ ပြောခဲ့တာတော့ ရှိပါတယ်။”

မေး။ ။ ဟုတ်ကဲ့၊ ဆရာတို့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် အခိုင်အမာ ချထားပြီးပါပြီလား ခင်ဗျာ။

“အဲဒီလိုလည်း ကျနော်တို့က CEC အစည်းအဝေးတို့ CC အစည်းအဝေးတို့မှာ အဲဒီလို ဆုံးဖြတ်ထားတာတော့ မရှိဘူး။”

မေး။ ။ ပြီးခဲ့တဲ့ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ဆရာဦးဉာဏ်ဝင်းက ၂၀၁၅ ရွေးကောက်ပွဲကို ဝင်မယ်လို့ ပြောသွားတာ ကျနော် ကြားလိုက်ရပါတယ်။ ဆရာကရော ဘယ်လို ပြောချင်ပါသလဲ။

“ဦးဉာဏ်ဝင်းက ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ပြောတာပါဗျ။ ကျနော်ပြောတာက တန့က CEC အစည်းအဝေးနဲ့ ဒီနေ့ CC အစည်းအဝေးမှာတော့ ဒီဆုံးဖြတ်ချက် မပါဘူးလို့ ပြောတာပါ။”

မေး။ ။ ဟုတ်ကဲ့၊ ဒါဆိုရင် ဆရာ့အနေနဲ့ အခု ကျနော်နဲ့ပြောနေတဲ့အချိန်မှာ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်မယ်၊ မဝင်ဘူးဆိုတာ ယတိပြတ် မပြောနိုင်သေးဘူးဆိုတဲ့ အဓိပ္ပါယ်လားခင်ဗျာ။

“ယတိပြတ်မပြောနိုင်သေးဘူးလို့ ကျနော် ပြောတာတော့မဟုတ်ပါဘူး။ ကျနော်ပြောတာက ကျနော်တို့ခေါင်းဆောင်က နိုင်ငံရေးတံခါးပိတ်ဝါဒ မကျင့်သုံးဘူးဘဲ ပြောထားတာ။ ဒီပြောတဲ့စကားတွေကိုပဲ ကျနော်ပြောထားတာပဲရှိတယ်။ နောက် အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့အားလုံး လိုက်နာကြမှာပါ။”

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ NLD ရဲ့ အကြံပြုစာတမ်းကို ပူးပေါင်းကော်မတီထံ တနင်္ဂနွေနေ့မှာ တင်သွင်းမှာဖြစ်ပြီး အခြေခံဥပဒေမှာပြင်ဆင်ရမယ့် အချက်ပေါင်း ၁၆၈ ချက်ကို NLD ကအကြံပြုထားတယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။

“အခြေခံမူမှာ (၉) ချက်။ နောက်တခါ အခန်း (၃) မှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ အခန်းမှာ (၂၃) ချက်၊ အခန်း (၄) ဥပဒေပြုရေးက (၁၈) ချက်၊ အခန်း (၅) ၊ အုပ်ချုပ်ရေးက (၅၄) ချက်၊ အခန်း (၆) တရားစီရင်ရေးက (၃၂) ချက်၊ အခန်း (၇) တပ်မတော်ကဏ္ဍက (၂) ချက်၊ အခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနဲ့ တာဝန်များမှာ (၃) ချက်၊ အခန်း (၉) ရွေးကောက် တင်မြှောက်ခြင်းက (၁၀) ချက်။ အခန်း (၁၀) နိုင်ငံရေးပါတီများအခန်းက (၃) ချက်၊ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များက (၄) ချက်၊ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက (၂) ချက်၊ အခန်း (၁၃) နိုင်ငံတော်အလံ အထိမ်းအမှတ် တံဆိပ်၊ သီချင်းနှင့် မြို့တော်က (၁) ချက်၊ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဌာန်းချက်များက (၆) ချက်၊ အခန်း (၁၅) အထွေထွေ ပြဌာန်းချက်က (၁) ချက် စုစုပေါင်း (၁၆၈) ချက်ပါဗျ။”

သူတို့အကြံပြုထားတဲ့ အချက်ပေါင်း ၁၆၈ ချက်ထဲက ရာခိုင်နှုန်း ဘယ်လောက်ထိ အောင်အောင်မြင်မြင် ပြင်ဆင်နိုင်မယ် ဆိုတာကို NLD အနေနဲ့ ခန့်မှန်း ထားတာမျိုး မရှိဘဲ တစ်ဘက်မှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို လိုချင်တဲ့လူ ရာခိုင်နှုန်း ဘယ်လောက် ရှိသလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးကိစ္စအတွက် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့ NLD ဘက်က ပန်ကြားထားတဲ့အပေါ်မှာတော့ အခုထိ တရားဝင် အကြောင်းပြန်ကြား တာမျိုး မရှိသေးပေမဲ့ သူတို့ ဘက်က ဆက်ကြိုးစားသွားမယ်လို့ ဦးဝင်းမြင့် က ပြောပါတယ်။ ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်မှု ရှိကောင်း ရှိမှာဖြစ်ပေမဲ့ တရားမျှတမှုအတွက်တော့ သံသယရှိတယ်လို့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။
VOA Burmese News

ဘက ကျာင်းအလှူ သွားကူမယ့် လှအဉ္စလီတင့်


သရုပ်ဆောင် လှအဉ္စလီတင့်က ပဲခူးမြို့ ရွှေဘုန်းပွင့် မင်္ဂလာပေါ်တော်မူကျောင်းတွင် ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ဘကကျောင်း)သို့  ဇန်န၀ါရီ ၄   လွတ်လပ်ရေးနေ့တွင်  သွားရောက်လှူဒါန်းမည့် ဖောင်ဒေးရှင်းတခု၏ အစီအစဉ်တွင်  ပါဝင်ရန် အသင့်ဖြစ်နေသည်။


အလှူက သူ၏ အစ်မဖြစ်သူ ဒေါ်ဘီမွန်မွန်ကျော်တင့် ပါဝင်သည့် ပဲ့ကိုင်ရှင် ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြစ်ကြောင်း သိရသည်။

“ချောက အစ်မရဲ့ ပရဟိတ အလုပ်မှာ ကူလုပ်ပေးတာပါ။ အဓိကကတော့ အစ်မတို့ ဦးဆောင်ပါတယ်” ဟု သရုပ်ဆောင် လှအဉ္စလီတင့် (ခ) ချောချောယုမွန်ကျော်တင့်က ဆိုသည်။

 အကူအညီ လိုအပ်နေသော ကလေးများအတွက် ပါဝင်ဆောင်ရွက်ခြင်းဖြစ်ပြီး  လွတ်လပ်ရေးနေ့ အစဉ်အလာအတိုင်း ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများလည်း စီစဉ်ထားသည်ဟု ဆိုသည်။

ပဲ့ကိုင်ရှင် ဖောင်ဒေးရှင်းကို ပရဟိတအလုပ်များ စုစုစည်းစည်း လုပ်ကိုင်နိုင်ရေး ရည်ရွယ်ချက်ဖြင့်  လွန်ခဲ့သော ၂ နှစ်ခန့်က ရန်ကုန်မြို့နေ စိတ်တူကိုယ်တူ အမျိုးသမီး ၁၀ ဦးဖြင့် စတင်ခဲ့ခြင်း ဖြစ်ကြောင်း ဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်ဘီမွန်မွန်ကျော်တင့်က ဧရာဝတီသို့ ပြောသည်။

“နှစ်စဉ်ကတော့ ပြည်ထောင်စုနေ့တိုင်းမှာ မတတ်နိုင်တဲ့ကလေးတွေကို စောင့်ရှောက်ပီး ပညာသင်ပေးတဲ့ စာသင်ကျောင်းတွေဆီ သွားလှူပါတယ်။
ဒီနှစ် ၃ နှစ်မြောက်အလှူမှာတော့ ပြည်ထောင်စုနေ့မှာ မအားတာကြောင့် လွတ်လပ်ရေးနေ့ကို ရွှေ့ပြီး လှူမှာပါ” ဟု ဒေါ်ဘီမွန်မွန်ကျော်တင့်က ဆိုသည်။

၃ နှစ်မြောက် အလှူတွင် ပဲခူးမြို့ ရွှေဘုန်းပွင့်ကျောင်းဆရာတော် ဦးစီးဖွင့်လှစ်သည့် ဘကကျောင်းသို့ သွားရောက်ရန် ရွေးချယ်ထားပြီး ဖြစ်ကြောင်း သူမက ပြောသည်။
ကျောင်းသူ ကျောင်းသား သုံးရာကျော် ပညာသင်နေသော ထို ဘက ကျောင်းသို့   စာရေးကိရိယာ၊ မုန့် နှင့် ဆန်အိတ်အပြင် ငွေကြေးလည်း ကူညီသွားဖို့ ရှိကြောင်း သိရသည်။

ဘကကျောင်း၊ သီလရှင်သင် ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်းရာတွင် ခင်မင်ရင်းနှီးသူများက တဆင့်စကားဖြင့် ပါဝင်ဒါနပြုမှုများ ပြုလုပ်ကြသည်ဟု ဆိုသည်။

တနေ့ ကျပ် ၁၀၀ နှုန်းဖြင့် တနှစ်စာ ၃၆,၀၀၀ နှုန်း လှူဒါန်းနိုင်သကဲ့သို့ ထိုထက် များပြားသော ပမာဏကိုလည်း လှူဒါန်းနိုင်ကြောင်း ဒေါ်ဘီမွန်မွန်ကျော်တင့်က ပြောသည်။

ဖောင်ဒေးရှင်းသို့ ဆက်သွယ် လှူဒါန်းလိုပါက  .... ဖုန်းနံပါတ် ၀၉  ၅၁၆ ၂၂၂၄ နှင့် ၀၉  ၄၂၁၇ ၁၇၂၁၄

 ငြိမ်းငြိမ်း  ~
ဧရာဝတီ သတင်း

ဘယ်သူတွေ အကယ်ဒမီ ဆုတွေ ရကြမလဲ


၂ဝ၁၂ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် အကယ်ဒမီဆုပေးပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီ က စတင်ပြီး ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ဒီနှစ်အတွက် အကယ်ဒမီကို ဘယ်သူတွေ ဘာတွေ ပြောဆိုထားကြလဲ ဆိုတာ ဧရာဝတီက အပိုင်း ၃ ပိုင်း နဲ့ ဖော်ပြခဲ့ပါတယ်။

အပိုင်း ၁ မှာတော့ ဆုရွှေးချယ်ရေးအဖွဲ့ဝင် တဦးဖြစ်တဲ့ အကယ်ဒမီ ဒေါ်ခင်လေးသိမ့်နဲ့ ရုပ်ရှင်အစည်းအရုံး ဒု ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်တို့က ဘာတွေ ပြောဆိုထားတယ်ဆိုတာ ဖော်ပြပေးခဲ့ပါတယ်။

တခါ အကယ်ဒမီနဲ့ပတ်သက်တဲ့ ဧရာဝတီရဲ့ ဒုတိယပိုင်း ဖော်ပြမှုမှာတော့ ထပ်ဆင့်အကယ်ဒမီ ရန်အောင်နဲ့ လက်ပံ ဇာတ်ကားနဲ့ အကယ်ဒမီ တစ်ပြေးနေသူ ဒါရိုက်တာ ဝိုင်းတို့ရဲ့ အသံတွေကို ဖော်ပြပေးခဲ့ပါတယ်။

အကယ်ဒမီနဲ့ပတ်သက်တဲ့ ဧရာဝတီရဲ့ တတိယပိုင်း ဖော်ပြမှုမှာလည်း ကယန်းအလှ ဇာတ်ကားနဲ့ အကယ်ဒမီ တစ်ပြေးနေသူ ဒါရိုက်တာ အောင်ကိုလတ်ရဲ့ အသံကို ဖော်ပြလိုက်ပါတယ်။

ဒီနှစ်အကယ်ဒမီ ဆုပေးပွဲနဲ့ပတ်သက်ပြီး တချို့သတင်းတွေမှာတော့ မြန်မာပြည်သူတွေက သိပ်ပြီး  စိတ်မဝင် စားကြောင်း ဖော်ပြတာတွေ ရှိသလို မီဒီယာတွေက  သပိတ်မှောက်မှာကို စိုးရိမ်နေတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေလည်း တွေ့ရပါတယ်။

ဒီကနေ့ ညနေမှာ ကျင်းပမယ့် အကယ်ဒမီ ဆုပေးပွဲမှာ ဘယ်သူတွေ  အကယ်ဒမီ ဆုတွေ ဆွတ်ခူး ရမလဲ ဆိုတာ အချိန်ပိုင်သာ လိုအပ်ပါတော့တယ်။

အကယ်ဒမီ ဆုပေးပွဲကိုတော့ နေပြည်တော်မှာ ကျင်းပခဲ့ရာက အခု ရန်ကုန်မှာ ပြန်ကျင်းပတာ ဖြစ်ပါတယ်။
အိမ့်သံစဉ် ~
ဧရာဝတီ သတင်း

ဝန်ကြီးဆင်းရဲမှု ပပျောက်ရေး (ဟာသ)



ကရင်နီဒုက္ခသည်စခန်း မီးလောင်မှု လူ ၁ ဦးသေဆုံး


ထိုင်းမြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ မယ်ဟောင်ဆောင်မြို့အနီးက ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ မှာ ဒီကနေ့ နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ အဖွားအိုတစ်ဦး သေဆုံးပြီး အိမ်ခြေ ၂၀ နီးပါး မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှု စတင်ဖြစ်ပွားခဲ့တဲ့နေရာကတော့ အမှတ် ၁ ဒုက္ခသည်စခန်းက ရပ်ကွက် ၂ ထဲမှာရှိတဲ့ နေအိမ်တစ်လုံးကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဒုဥက္ကဌ ခူးဦးရယ်က ပြောဆိုပါတယ်။

"အိမ်တစ်အိမ်ကနေ စလောင်တယ်လို့ ပြောတယ်၊ အဲ့ဒီလူက သူဘထ္ထရီကို မီးနဲ့ချက်တယ်ဆိုလား ဘယ်လိုဆိုလဲမသိဘူး၊ အဲ့ကနေ စလောင်တာလားတော့ မပြောတတ်ဘူး၊ ဘေးအိမ်ကလူတွေ့လိုက်တာကတော့ ခေါင်းမိုးပေါ်ကနေ မီးကူးဆက်တာတော့ တွေ့ရာကနေပြီးတော့ မီးကနေ စလောင်တယ်လို့ ပြောတာပါပဲ၊ ၁၈ လုံး လောင်သွားတယ်၊ ၁၃ လုံးကတော့ ဖျက်ချလိုက်တယ် နောက် အဖွားအိုတစ်ယောက် ဆုံးသွားတာပေါ့နော်၊ အသက် ၇၀ ၀န်းကျင်လောက်တော့ရှိပြီး ကျန်တာတော့ ဘာမှမဖြစ်ဘူးလို့ ပြောတာပဲ"

မီးလောင်မှု ဖြစ်ပွားခဲ့တဲ့နေရာကို ထိုင်းအာဏာပိုင်တွေအပါအ၀င် ဒုက္ခသည် အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ သွားရောက်ကူညီပေးနေတယ်လို့ သိရပေမယ့် အသေးစိတ်အခြေအနေ မသိရသေးဘူးလို့လည်း ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး KNRC ကရင်နီဒုက္ခသည် ကော်မတီရုံးကို ဆက်သွယ်မေးမြန်းရာ မီးလောင်မှုဖြစ်ပွားတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုပြီး တာဝန်ရှိသူတွေ ဒုက္ခသည်စခန်းထဲ အကူအညီသွားပေးနေတဲ့အတွက် အသေးစိတ်မသိရသေးကြောင်းသာ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကလည်း ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၂ မှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ အိမ်ခြေ ၄၀၀ လောက် မီးဘေးသင့်ခဲ့ပြီး ဒုက္ခသည် ၄၀ ကျော် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါသေးတယ်။
RFA Burmese

အီဂျစ်ရဲနဲ့ မူဆလင်ညီအကို ထောက်ခံသူအကြား ရုန်းရင်းဆန်ခတ်ဖြစ်

မျက်နှာဖုံးတပ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ သမ္မတဟောင်းမော်စီကို ထောက်ခံသူတွေ Al-Azhar တက္ကသိုလ်အတွင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြစဉ်။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၃)


အီဂျစ်နိုင်ငံမှာ တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ Muslim Brotherhood အဖွဲ့ကို ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား
ကိုင်ရိုမြို့တော်မှာ စနေနေ့က အထိကရုဏ်းဖြစ်ခဲ့ပါတယ်။ Al-Azhar တက္ကသိုလ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း ကျောင်းသားတယောက် ပစ်သတ်ခံခဲ့ရတယ်လို့ အစိုးရသတင်းမီဒီယာက ထုတ်ပြန်ပါတယ်။

ဆန္ဒပြသူတော်တော်များများလည်း အဖမ်းခံခဲ့ရပါတယ်။ တက္ကသိုလ် အဆောက်အဦးတခုကို ဆန္ဒပြသူတွေက မီးရှို့ခဲ့ပြီး လုံခြုံရေးတွေကို ခဲတွေနဲ့ ပေါက်ခဲ့တဲ့အတွက် လုံခြုံရေးတွေဘက်က မျက်ရည်ယိုဗုံးတွေနဲ့ ပြန်ပစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တက္ကသိုလ်စာမေးပွဲတွေစတင်တဲ့နေ့မှာ ခုလို အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာပါ။

ကိုင်ရိုမြို့တော်ထဲမှာ ရှိတဲ့ Al Azhar တက္ကသိုလ်ဟာ အစ္စလာမ်ဘာသာနဲ့ပတ်သက်လို့သင်ကြားတဲ့ ဆူနီမွတ်ဆလင်တို့ရဲ့ နာမည်ကျော်တက္ကသိုလ် ဖြစ်ပါတယ်။ သောကြာနေ့တုန်းကလည်း အီဂျစ်နိုင်ငံတဝန်း ဆန္ဒပြမှုတွေအတွင်း ၅ ယောက်သေဆုံးပြီး ရာနဲ့ချီ အဖမ်းခံခဲ့ရပါတယ်။

Muslim Brotherhood အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ဆန္ဒပြကြဖို့ Muslim Brotherhood
အဖွဲ့က ဆော်သြခဲ့ပြီးနောက်မှာ ဆန္ဒပြသူအများအပြား လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

VOA Burmese News

ဘင်္ဂလားဒေ့ရှ်ကိုပို့မယ့် မူးယစ်ဆေးပြား ၂ သောင်း စစ်တွေမှာဖမ်းမိ


ရခိုင်ပြည်နယ် စစ်တွေမြို့က မော်တော်ဆိပ်မှာ မောင်တောနယ်စပ်ဘက်ကို ထွက်ခွာမယ့် ရွှေနဒီ အမြန်ရေယဉ်ပေါ်မှာ WY နဲ့ R စာတန်းနှစ်မျိုးပါ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း နှစ်သောင်း၊ ကာလတန်ဖိုး သိန်း ၆၀၀ လောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ မနက်က ဖမ်းဆီးရမိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ ရဲအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ နေထိုင်တဲ့ ရခိုင်အမျိုးသားတစ်ဦး သယ်ယူလာတဲ့ ခရီးဆောင်ကျောပိုးအိတ်ကို ရှာဖွေခဲ့ရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း အဲဒီရဲအရာရှိက ဆိုပါတယ်။

ဒါ့အပြင် အဲဒီမူးယစ်ဆေးဝါးကိစ္စနဲ့ ဆက်စပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့ခံတစ်ဦးကိုလည်း စစ်တွေမြို့ ရွှေသဇင်ဟိုတယ်ကနေ ဖမ်းဆီးခဲ့ပြီး တရားခံတွေရဲ့ ထွက်ဆိုချက်တွေအရ အဲဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ် တောင်ကြီးမြို့ကနေတစ်ဆင့် သယ်ယူလာခဲ့တာဖြစ်ကြောင်း ဒေသခံရဲအရာရှိတွေ က ပြောကြပါတယ်။

မူးယစ်ဆေးဝါးတွေဟာ ရခိုင်ပြည်နယ်ကိုဖြတ်ပြီး မောင်တောနယ်စပ်ကနေတစ်ဆင့် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သယ်ယူရောင်းချမှုတွေရှိနေတာကြောင့် မြန်မာအစိုးရ အဆင့်ဆင့်အနေနဲ့ ထိထိရောက်ရောက်တားဆီးပေးဖို့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တာဝန်ရှိသူတွေက မြန်မာနယ်စပ်တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က မောင်တောမြို့မှာပြုလုပ်တဲ့ နှစ်နိုင်ငံအလံတင် အစည်းအဝေးမှာ ဆွေးနွေးတိုက်တွန်းထားတယ်လို့ သိရပါတယ်။

RFA Burmese

NLD ဆိုင်းဘုတ်ဖြုတ်ရန်ကြံစည်ခြင်း


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် လွှတ်တော် ကိုယ်စား လှယ်  ဒေါ်တင်တင်ရီနှင့်  မြိတ်ခရိုင် (NLD) ဥက္ကဌ ဦးသန်းနွယ် ဦးဆောင်၍ အတွင်းရေးမှူး ဦးစိုးလွင်၊ ခရိုင်ပြန်ကြားရေး သိန်းဇော်မင်း နှင့် အခြားရပ်/ကျေးမှ ပါတီဝင်များအပါဝင် လူဦးရေ(၃၀) ခန့်သည်၊ မြိတ်မြို့နယ် ရေပုန်းရေပုန်းနယ်မြေ၊ (NLD)ရပ်/ကျေး ရုံးသို့ ညနေ (၃) နာရီ (၁၅) မိနစ် အချိန်တွင် ဆိုင်ရာ ရပ်/ကျေး ဥက္ကဌနှင့် အဖွဲ့ဝင်များကို အသိပေးခြင်း မရှိပဲ အတင်းအဓမ္မ ၀င်ရောက်လာပြီး ရပ်/ကျေး (NLD) ဆိုင်းဘုတ်ကို ဖြုတ်ယူရန် ကြိုးစားကြပုံကို မှတ်တမ်း ဓါတ်ပုံနှင့် တကွ ပြည်သူအများနှင့် အထက်(NLD)လူကြီးများ သိရှိစေရန် တင်ပြအပ် ပါသည်။

 မြိတ်ခရိုင် NLD လူကြီးများနှင့် မြိတ်မြို့နယ် NLD လူကြီးများ .ပြောတာတမျိုး လုပ်တာတလွဲ ကို ပြင်ဆင်စေခြင် ပါသည်။

မျိုးဝင်း(NLD)
ရပ်/ကျေး အလုပ်အမှုဆောင်အဖွဲ့ဝင်
 ရေပုန်းနယ်မြေ မြိတ်မြို့၊
တနင်္သာရီတိုင်းဒေသကြီး။
ဖုန်း-၀၉ ၄၉၈၆ ၇၆၄၁
မြိတ်ပုလဲမြေ

ညအခါ လသာသာ၊ ကစားမလား၊ နားမလား (ဟာသ)



မြိတ်မြို့၌ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


မြိတ်ခရိုင်၏ ကုန်သွယ်မှု လုပ်ငန်းများ လွယ်ကူ ချောမွေ့ မြန်ဆန်ရေး၊ ကဏ္ဍအလိုက် ပြည်ပပို့ကုန် ပိုမို ထုတ်လုပ် တိုးတက် တင်ပို့နိုင်ရေး၊ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်မှ ဆောင်ရွက်နိုင်ရေးနှင့် ကုန်သွယ်မှု လုပ်ငန်း အခက်အခဲများ ဖြေရှင်း ဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်မှု မြင့်တင်ရေးနှင့် အတွက် ကုန်သွယ်မှု မြင့်တင် ရေးနှင့် လျာထားချက် ပြည့်မီ ကျော်လွန်ရေး အစည်းအဝေးကို ဒီဇင်ဘာလ(၂၇)ရက် နံနက်(၁၀း၃၀)နာရီတွင် မြိတ်ခရိုင် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နယ်စပ် ကုန်သွယ်ရေး စခန်း(မြိတ်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ကုန်သွယ်မှု မြင့်တင်ရေးနှင့် လျာထားချက် ပြည့်မီကျော်လွန်ရေး အတွက် ကုန်သွယ်မှုများ ပြုလုပ်ရာတွင် တရားဝင် လမ်းကြောင်း အတိုင်း ဆောင်ရွက်ကြရန်နှင့် ကုန်သွယ်မှု ပို့ကုန်၊ သွင်းကုန်လုပ်ငန်း လျာထားချက် နှင့် ဆောင် ရွက်နိုင်သည့်  အခြေအနေများ  ရှင်းလင်း ပြောကြားသည်။ ယင်းနောက် မြိတ်ခရိုင် ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိသူများနှင့် မြိတ်ခရိုင် ကုန်သည်လုပ်ငန်းရှင်များ ကုန်သွယ်မှု လုပ်ငန်း ဆောင်ရွက်နေမှုကို ဆွေးနွေးတင်ပြသည်။

ဆက်လက် ၍ ဌာနဆိုင်ရာများက ကုန်သွယ်မှု မြှင့်တင်ရေး အတွက် ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက် လာကြသော ကုန်သည် လုပ်ငန်းရှင်များနှင့် ကုပ္မဏီများက သိလိုသည် များကို မေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများ က ပြန်လည် ရှင်းလင်းဖြေကြားကြပြီး နယ်စပ် ကုန်သွယ်ရေး စခန်း (မြိတ်) မှ လက်ထောက် ညွှန်ကြားရေးမှူးက ဆွေးနွေးချက်များအပေါ် ကုန်သွယ်မှုမြင့်တင်ရေး အတွက် သုံးသပ် ဆွေးနွေးခဲ့ပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။
မြိတ်ပုလဲမြေ

အရက်သမားနဲ့ taxi (ဟာသ)



ပြည်တော်ပြန် ၁ဝ ဦး မြန်မာနိုင်ငံသား ပြန်ဖြစ်ပြီ


ပြည်ပမှာ နေထိုင်းပြီး နိုင်ငံခြားသား အဖြစ်ခံယူထားသူ သို့မဟုတ် သက်ဆိုင်ရာနိုင်ငံရဲ့ ခိုလှုံခွင့်နဲ့ Travel Document ကိုင်ဆောင်ထားသူ ပြည်တော်ပြန် ၄၃ ဦးထဲက ၁ဝ ဦးကတော့ မြန်မာနိုင်ငံသား ပြန်ဖြစ် ပါ
တော့မယ်တဲ့။

ဒီ ၁ဝ ဦးဟာ ဘယ်သူတွေဆိုတာ လဝက အရာရှိတဦးက ထုတ်ဖော်ပြောဆိုမှု မရှိပေမယ့် ကျန်တဲ့ ၃၃ ဦး ကို လည်း နိုင်ငံသား ပြန်ပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေက စိစစ်ဆဲဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

လဝက ဝန်ကြီး ဦးခင်ရီက ပြောထားတာက မည်သို့ပင်ဆိုစေ နိုင်ငံခြားတိုင်းပြည်တခုခုရဲ့ နိုင်ငံသားအဖြစ်နဲ့ ခံယူထားသူ ဒါမှ မဟုတ် အထောက်အထား စာရွက်စာတမ်းကိုင်ဆောင်ထားသူတွေဟာ အလိုအလျှောက်
မြန်မာနိုင်ငံသား အဖြစ်က ပျက်ပြယ်သွားပြီးဖြစ်တယ်လို့ ဆိုထားတာပါ။

အကယ်လို့ နိုင်ငံတော်ရဲ့ အကျိုးငှာ မြန်မာနိုင်ငံသား ပြန်လည်လျှောက်ထားသူတွေကို ပြည်ထဲရေး ဝန်ကြီး ဋ္ဌာန၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဋ္ဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၊ သမ္မတရုံး တို့ကနေ
ပြန်လည်စိစစ်ပြီး သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့သာ မြန်မာနိုင်ငံသားအဖြစ် ပြန်လည် အသိအမှတ်ပြုကာ သက် ဆိုင်ရာ အထောက်အထားတွေကို ပြန်လည် ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အခု မြန်မာနိုင်ငံသား ပြန်လည် လျှောက်ထားကြသူတွေဟာ အခု သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာကာ အားလုံးပါဝင်ရေးဆိုတဲ့ ပြောဆိုချက်နဲ့အတူ ပြည်ပရောက်
မြန်မာနိုင်ငံသားဟောင်းတွေကို ပြည်တော်ပြန်လာဖို့ ဖိတ်ခေါ်ပြီးနောက် မြန်မာနိုင်ငံကို ပြန်သွားသူတွေပါ။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံအသီးသီးကို ထွက်ခွာသွားကြရတဲ့ မြန်မာနိုင်ငံသား
ထောင်နဲ့ ချီရှိပြီး အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အတော်များများ ပါဝင်ကြတာပါ။

ဒီအထဲက တချို့ဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ မြန်မာပြည်ပြန် သွားကြသူတွေထဲက နိုင်ငံသား ပြန်လည် လျှောက်ထားခဲ့ကြတာဖြစ်ပါတယ်။ အခု နိုင်ငံသား ပြန်လည် အသိအမှတ်ပြုခံရတဲ့ ပြည်တော်ပြန်တွေဟာ နိုင်ငံသား စိစစ်ရေးကတ်ပြား ( မှတ်ပုံတင် ကတ်ပြား) တွေ လည်း အဆင့်ဆင့်လုပ်ဆောင်ပြီး ပြန်ရမှာ ဖြစ်သလို မြန်မာနိုင်ငံကူး လက်မှတ်စာအုပ်တွေလည်း ပြန်ရကြ မှာဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံသား ပြန်လည်လျှောက်ထားသူတွေဟာ တချိန်က မြန်မာနိုင်ငံသား ဖြစ်ခဲ့ဖူးတဲ့ အထောက် အထားတွေကို သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေကို တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံခြားသား အဖြစ် ခံယူထားပြီး မြန်မာနိုင်ငံသား ပြန်လည်မလျှောက်ထားပဲ မြန်မာနိုင်ငံမှာ အမြဲတမ်း နေ ထိုင်ခွင့် (PR) စနစ်ကိုလည်း လဝက ဝန်ကြီး ဦးဆောင်ပြီး ရေးဆွဲနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသေးစိပ် ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေတော့ မပေါ်ထွက်လာသေးပါဘူး။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ မြန်မာနိုင်ငံ ပြန်လာနိုင်ရေး အစိုးရက မကြာခဏ ဖိတ်ခေါ် ခဲ့ပေမယ့် မကြာသေးခင်ကပဲ ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ လက်ရှိ နော်ဝေနိုင်ငံသား ခံယူထားသူ ကိုသူရိန်ရဲ့ ပြည်တော်ပြန်ဖို့ ကိစ္စ စင်ကာပူရှိ မြန်မာသံရုံးက ဗီဇာ မပေးလို့ အခက်အခဲဖြစ်နေပါတယ်။

တချို့လည်း ပြည်တော်ပြန်ရေး အဆင်ပြေပေမယ့် တချို့လည်း အဆင်မပြေဘူး ဆိုတဲ့ အသံတွေလည်း ကြားနေရပါတယ်။

အိမ့်သံစဉ် ~
ဧရာဝတီ သတင်း

မလေးရှားမှာပုန်းခိုနေသူ အလုပ်သမားတွေထံ မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့သွားပြီးအားပေး (အသံဖိုင်ပါသည်)

မလေးရှားရောက် မြန်မာအလုပ်သမားများရဲ့ လုပ်ငန်းခွင်။


မလေးရှားနိုင်ငံ ဘရူးနိုင်းနယ်စပ်အနီး ဆာရာဝပ်ပြည်နယ်က မြန်မာအလုပ်သမား ၉၇ ယောက် ပိတ်မိနေတဲ့ စက်ရုံဆီကို မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးက မြန်မာအလုပ်သမားဆိုင်ရာ သံအရာရှိနဲ့ အလုပ်သမားကိုယ်စားလှယ်အဖွဲ့ ရောက်ရှိသွားပြီဖြစ်ပါတယ်။ တရားဝင်ရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေးအပါအဝင် အလုပ်သမားတွေ မလေးရှားနိုင်ငံတွင်း ဆက်လက် အလုပ်လုပ်ကိုင်နိုင်ခွင့်နဲ့ နေရပ်ပြန်ခွင့်တွေကိုပါ ဆွေးနွေးနေကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာအလုပ်သမားတွေနဲ့ အင်ဒိုနီးရှား အလုပ်သမားတွေ အချင်းများရာကနေ အုပ်စုဖွဲ့တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့အတွက် မြန်မာအလုပ်သမားတွေ ပုန်းအောင်းနေရတာလည်း ဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

မလေးရှား-ဘရူနိုင်းနယ်စပ် ဆာဘား ဆာရာဝပ်ကို ရောက်ရှိလာပြီဖြစ်တဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက အလုပ်သမားသံအရာရှိ ဦးစိုးဝင်းဦးဆောင်တဲ့ မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ မြန်မာအလုပ်သမား ၉၇ ယောက်တို့ဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့ မလေးရှားစံတော်ချိန် ညနေလေးနာရီမှာ စက်ရုံဝင်းအတွင်းမှာ တွေ့ဆုံပြီး မြန်မာအလုပ်သမားတွေ အသက်အန္တရာယ်လုံခြုံဘေးကင်းမှု၊ အလုပ်လုပ်ကိုင်နိုင်ခွင့် ရေရှည်အာမခံချက် စတာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။ အလုပ်သမားတွေနဲ့တွေ့ဆုံတဲ့အချိန် အလုပ်သမားတွေရဲ့ လက်ရှိတွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ဆန္ဒသဘောထားတွေကို မေးမြန်းဆွေးနွေးခဲ့တာမှာတော့ အလုပ်သမားအများစုက မြန်မာပြည် ပြန်လိုကြတဲ့ဆန္ဒရှိတယ်လို့ မြန်မာအလုပ်သမားဆိုင်ရာ သံအရာရှိဦးစိုးဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သူတို့လည်း ရောက်တော့ ဝမ်းသာကြပါတယ်။ အခက်အခဲရှိတာ ပြောဆိုတော့ သူတို့ ပြောကြတယ်။ ပြန်ချင်တယ်ပေါ့နော်။ သူတို့အားလုံးပြန်ချင်တယ်ဆိုတော့ ပြန်ချင်တယ်ဆိုတာက မလေးရှားမှာက သူ့မလေးရှားဥပဒေနဲ့သူ ရှိသေးတယ်။ ပြီးတော့ သူတို့ စာချုပ်ပြည့်လား၊ မပြည့်လား အလုပ်ရှင်နဲ့ပြန်ပြီးတော့ တိုင်ပင်ဖို့ရှိသေးတယ်။ အလုပ်သမားတွေကြည့်ရတာ အေးအေးဆေးဆေးပါပဲ၊ သူတို့လည်း ဘာမှအခက်အခဲတော့ မရှိဘူး။ အဲဒီ ဂိုဒေါင်ထဲမှာပဲ နေကြရတာ။ လုံလုံခြုံခြုံပါပဲ။ လုံခြုံရေးကတော့ အားလုံးပါ၊ အခု ဒီဆိုဒ်ထဲမှာ ခြံစည်းရိုးနဲ့ကာထားတယ်။ လုံခြုံရေးတွေ ဘာတွေလည်း အကုန်ရှိပြီးသား။ စက်ရုံဘက်ကတော့ ဒီဟာအတွက် ညှိနှိုင်းပေးဖို့ သူတို့အခက်အခဲတွေလည်း ရှိတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့က ဒီက မေတ္တာရပ်ခံထားတော့ သူတို့ဘက်ကလည်း လိုက်လျောဖို့ အခြေအနေတော့ ရှိပါတယ်။”

အခုလက်ရှိအခြေအနေမှာတော့ မြန်မာအလုပ်သမား ၉၇ ယောက်ဟာ သူတို့ပုန်းအောင်းနေတဲ့ ဂိုဒေါင်ထဲမှာပဲ ဆက်လက်နေထိုင်လျှက်ရှိပြီး မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိနဲ့အဖွဲ့ကလည်း အလုပ်သမားတွေနေထိုင်ရာ နေရာနဲ့မလှမ်းမကမ်းမှာပဲ တည်းခိုနေပြီး နေရပ်ရင်းပြန်လိုတဲ့ အလုပ်သမားတွေအတွက် မလေးရှားနိုင်ငံဆိုင်ရာ အလုပ်သမားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ မြန်မာသံရုံးအနေနဲ့ မြန်မာအလုပ်သမားအေဂျင်စီ၊ မလေးအလုပ်သမားအေဂျင်စီ၊ စက်ရုံတာဝန်ရှိသူတွေနဲ့ မလေးရှားအစိုးရဘက်က အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့  လက်ရှိအခြေအနေကို အလုပ်သမားဆိုင်ရာ သံအရာရှိဦးစိုးဝင်းကပြောပြပါတယ်။

“လောလောဆယ်တော့ တနင်္လာနေ့မှာ ကျနော်တို့ ဆွေးနွေးဖို့ လုပ်ထားပါတယ်။ အခု အကူအညီပေးဖို့ လုပ်နေပါတယ်။ သူတို့နဲ့တွေ့ပြီး အေးအေးဆေးဆေး၊ သူတို့ရဲ့တောင်းဆိုမှုကလည်း ဘာမှ မရှိပါဘူး၊ ပြန်ဖို့လေးပဲ သူတို့ တောင်းဆိုတာပါ။ ပြန်ဖို့ဆိုတာ အလုပ်ရှင်နဲ့ အလုပ်သမားပေါ်မှာ မူတည်တယ်လေ။ အလုပ်ရှင်၊ အလုပ်သမား တွေ့ဆုံညှိနှိုင်းပြီးတော့ ဒီအဖြေကို ရှာမှ ရမယ်။ စားဝတ်နေရေးလည်း ကျနော်တို့ အလုပ်ရှင်ကို တခါတည်းပြောပြီးပါပြီ။ မနက်ဖြန်ကစပြီး သူတို့အတွက် သီးခြားစီစဉ်ပေးပါမယ်။ စက်ရုံဝန်းထဲမှာ၊ စက်ရုံဝန်းကြီးက အကျယ်ကြီးပဲ၊ ခလယ်ခေါင်လောက်မှာ ဂိုဒေါင်ကရှိတယ်။”

စက်ရုံမှာ မြန်မာအလုပ်သမားအချို့နဲ့ အင်ဒိုနီးရှား အလုပ်သမားအချို့ အချင်းများရာကနေ စခဲ့တဲ့ ပြဿနာကြောင့် အင်ဒို အလုပ်သမားတွေက မြန်မာအလုပ်သမားတွေနေထိုင်ရာ အလုပ်သမားတန်းလျားတွေကို ဖျက်ဆီးတိုက်ခိုက်ခဲ့ကြပါတယ်။ ဒီ့အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး စက်ရုံဝင်းအတွင်းက ဂိုဒေါင်တစ်ခုမှာ မြန်မာအလုပ်သမား ၉၇ယောက် ပုန်းအောင်းနေထိုင်နေကြ ရတာဖြစ်ပါတယ်။ အခင်းဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး မလေးရှားမှာ အမှုဖွင့်ထားပြီး အလုပ်သမားတွေနဲ့ မြန်မာသံရုံးအလုပ်သမား  တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးနေကြဆဲအခြေအနေကို ဦးစိုးဝင်းကရှင်းပြပါတယ်။

“အင်ဒိုနီးရှားတွေကတော့ အလုပ်သမား ၂ ယောက်လောက် ရဲက ခေါ်ပြီးတော့ ရဲနဲ့ အမှုတော့ ဖွင့်ထားတယ်။ လိုအပ်တာတွေ မေးတယ်။ လိုအပ်တာတွေ အကုန်ဖြည့်ဆည်းပေးတယ်။ စားဝတ်နေရေးအတွက်လည်း အဆင်ပြေအောင် အကုန်လုံးဖြည့်ဆည်းပေးတယ်။ ဆေးဝါးကစပြီးတော့ လိုအပ်တာပြော၊ ကျန်းမာရေးအခြေအနေတွေနဲ့ အကုန်လုံး အမြဲတမ်းဆက်သွယ်ဖို့- ကျနော်တို့လည်း သူတို့နဲ့ မလှမ်းမကမ်းမှာပဲ တည်းပါတယ်။ အေဂျင်စီတွေက လာနေတုန်းပဲ။ ကွာလာလမ်ပူကနေ ကွစ်ချင်းကိုတော့ လေယာဉ်စီးနေပါတယ်။ ၇ နာရီလောက် ကွစ်ချင်းရောက်မယ်။ အခု လေယာဉ်က အရမ်းကို အခက်အခဲဖြစ်နေပါတယ်။ လာတော့ လာနေတုန်းပဲ။”

အခုလောလောဆယ်အခြေအနေမှာတော့ ပုန်းအောင်းနေရတဲ့ မြန်မာအလုပ်သမားတွေ အရေးတကြီးလိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ လိုအပ်တဲ့ဆေးဝါးအသုံးအဆောင်ပစ္စည်းတွေအတွက် မြန်မာသံရုံးတာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်နေပါတယ်။ မလေးရှားရှိ မြန်မာသံရုံးက မလေးရှားတာဝန်ရှိသူတွေကို အခုဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားတွေ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှုပေးဖို့ တောင်းဆိုထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက အခု ဂိုဒေါင်တဝိုက်လုံခြုံရေးဆောင်ရွက်ပေးထားလို့ မြန်မာအလုပ်သမားတွေရဲ့ လက်ရှိအခြေအနေမှာ စိုးရိမ်စရာ အနေအထားမရှိတော့ဘဲ အခြေအနေဟာ လက်ရှိအချိန်မှာတော့ အေးဆေးတည်ငြိမ်နေပြီ ဖြစ်တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိက ဗွီအိုအေကို ပြောပါတယ်။
VOA Burmese News

မြိတ်မြို့ ကက်သလစ် ဘုရားကျောင်းမှ ခရစ်စ္စမတ်လရာသီ ဂုဏ်ပြု အမှိုက်ကောက်ယူ သိမ်းဆည်း သန့်ရှင်းရေး ဆောင်ရွက်


မြိတ်မြို့ ကက်သလစ် ဘုရားကျောင်းမှ ခရစ္စမတ်လ ရာသီ ဂုဏ်ပြု အမှိုက်ကောက်ယူ သိမ်းဆည်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ (၂၈)ရက် နံနက်(၉)နာရီတွင် ရိုမန်ကက်သလစ် ပရဟိတ ကျောင်း မှ ကျောင်းထိုင် ဘုန်းတော်ကြီး ဖာသာ ဖဒိုနိုဖိလစ်နှင့် ဂိုဏ်းအုပ်ဆရာတော် ဂရင်မွန်ပိုးရေတို့ ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အမှိုက်ကောက်ယူ သိမ်းဆည်း သန့်ရှင်းရေး ဆောင်ရွက်ခြင်း ကို ကျောင်းထိုင် ဘုန်းတော်ကြီး နှင့် ဂိုဏ်းအုပ် ဆရာတော်တို့ ဦးဆောင် ၍ ကျောင်းသား/သူ (၁၅၀)ဦးခန့်က မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ မြိတ်မြို့ ပုလဲရတနာ ခန်းမရှေ့မှ ကမ်းနားလမ်း တလျောက် မြိတ် Shopping Center အရှေ့အထိ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ခြင်းကို မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး နှင့် တာဝန်ရှိ သူများမှ ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ

ကျပ် ၅၂ သိန်းတန် ကားနံပတ် 5G 9999

 ဘိန်းဘုရင်ဟောင်းလော်စစ်ဟန်ရဲ့ ဈာပန အခမ်းအနားတခုမှာတွေ့ရတဲ့ ၉ လေးလုံးပူးကားနံပတ်နဲ့ ကား

မြန်မာနိုင်ငံ က ကားနံပတ်တွေထဲ တချို့ အပူး ဂဏန်း နံပတ်တွေက ယုံကြည်သူတွေအတွက် တန်ဘိုး ကြီး ပေးဝယ်ကြရပါတယ်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဋ္ဌာနက နိုင်ငံတော် ဝင်ငွေ ပိုရစေဖို့ အခုလို အပူးဂဏန်း၊ အရွေး ဂဏန်း စတဲ့ နံပတ်ကောင်း ချစ်သူ ကားပိုင်ရှင်တွေကို ရောင်းချပေးနေတာဖြစ်တယ်လို့ ဒီကနေ့ထုတ် နိုင်ငံ ပိုင် မြန်မာ့ အလင်းသတင်းစာက ဖော်ပြပြီး အခုနောက်ဆုံး ပေါ်ထွက်တဲ့ ကညန (ရန်ကုန်) ရုံးချုပ်က ကား နံပတ် 5D 9999 ကို ကျပ်ငွေ ၅၂ သိန်းနဲ့ ယာဉ်ပိုင်ရှင် တဦးက ဝယ်သွားတယ်လို့ ဆိုပါတယ်။

 မြန်မာ့အလင်း သတင်းစာ ဖြတ်ပိုင်း

ဒီဇင်ဘာလအတွင်းမှာပဲ ဂဏန်း ၄ လုံး အပူးနံပတ်တွေဖြစ်တဲ့ 3G 1111 ကားနံပတ်ကို ကျပ်ငွေ ၁၄ သိန်း နဲ့ ရောင်းချပေးခဲ့ပြီးဖြစ်သလို 3G 2222 ကို ကျပ်ငွေ ၁၈ သိန်း၊ 3G 4444 ကို ကျပ်ငွေ ၁ဝ သိန်း၊  3G 5555 ကို ကျပ်ငွေ ၁၈ သိန်း၊ 3G 6666 ကို ကျပ်ငွေ ၃၂ သိန်း၊ 3G 8888 ကို ကျပ်ငွေ ၃၈ သိန်း၊ 3G 9999 ကို ကျပ်ငွေ သိန်း ၃ဝ၊ 4G 9999 ကို ကျပ်ငွေ သိန်း ၄ဝ တို့နဲ့ မော်တော်ယာဉ်ပိုင်ရှင်တွေက ဝယ် ယူခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ကားပိုင်ရှင်တွေဟာ မိမိတို့ရဲ့ ကားနံပတ်တွေကို အခုလို အပူးဂဏန်းတွေအပေါ် ယုံကြည် ပြီး ဈေးကြီးပေးဝယ်ကြသလို တချို့နိုင်ငံတွေမှာလည်း အလားတူ ဈေးကြီးပေးဝယ်ကြတယ်လို့ စုံစမ်း သိရပါတယ်။

ဒါပေမယ့် နိုင်ငံတော်တော်များများကတော့ ကံကြမ္မာအတိုင်း မိမိတို့ရဲ့ ကားနံပတ်တွေကို ရရှိကြတာ ဖြစ် တယ်လို့ လည်း နိုင်ငံတကာ ကားသတင်းတွေမှာ တွေ့ရပါတယ်။

မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ ကိန်းဂဏန်းအပေါ် ယုံကြည်မှုတွေ အတော် ရှိကြပြီး မြန်မာ့ သမိုင်းတလျှောက် နာမည်ကြီး ၈ လေးလုံး၊ ၉ လေးလုံး နိုင်ငံရေးလှုပ်ရှားမှုတွေက နာမည်ကြီးပါတယ်။

အပူးနံပတ် ချစ်ကြသူတွေဟာ ကားနံပတ်ကိုသာမက တယ်လီဖုန်း နံပတ်၊ အိမ်နံပတ်၊ စတဲ့ နံပတ်တွေကို လည်း ဈေးကြီးပေးပြီး ဝယ်ယူလေ့ ရှိကြပါတယ်။


အိမ့်သံစဉ် ~
ဧရာဝတီ သတင်း

မြိတ်မြို့တွင် ဒီဇင်ဘာ အားကစားလ စတုတ္ထအပတ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ


မြိတ်ခရိုင် မြိတ်မြို့၏ ၂၀၁၃ခုနှစ် ဒီဇင်ဘာ အားကစားလ စတုတ္ထအပတ် လူထုစုပေါင်း လမ်းလျှောက် ပွဲကို ဒီဇင်ဘာလ (၂၈)ရက် နံနက်(၅း၁၅)နာရီတွင် မြိတ်မြို့ မြို့မအားကစားကွင်းရှေ့မှစတင်၍ မြစ်ငယ်ရပ် ဗဟိုလမ်း၊ ဗိုလ်ချုပ်လမ်း၊ ထားဝယ်စုရပ် ဗိုလ်ချုပ်လမ်း၊ ဆိပ်ငယ်ရပ် ဗိုလ်ချုပ်လမ်း၊ ဗောတံတားလမ်း၊ ကမ်းနား လမ်း၊ နာရီစင်လမ်း မှ ဗိုလ်ချုပ်လမ်း အတိုင်း ပြန်လည်လျှောက်လှမ်းခဲ့ကြပြီး မြို့မအားကစားကွင်း အတွင်းတွင် အကြောလျှော့ လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ ၀န်ထမ်းများ ၊ ပြည်သူများ ၊ ကျောင်းသား/သူများ၊ အားကစား ၀ါသနာရှင်များ စုစုပေါင်း (၂၅၃၀) ဦးခန့် တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

လမ်းလျှောက်ပွဲအပြီးတွင် မြို့မအားကစားကွင်းအတွင်း၌ ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပရာ ကျောင်းသား /သူများနှင့် အားကစား ၀ါသနာပါသူများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား မြိတ်ခရိုင် အားကစားနှင့် ကာယပညာ ကော်မတီမှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ

လှိုင်သာယာ၊ ရွှေလင်ဗန်းကျေးရွာ၌ တဲထိုးနေရန် လာရောက်ပြင်ဆင်သူ ၁၀၀ ခန့်နှင့် ဒေသခံရွာသား ၃၀၀ ကျော်တို့ တုတ်၊ ခဲများ ကိုင်ဆောင်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ရွှေလင်ဗန်းကျေးရွာအတွင်း ရုန်းရင်းဆန်ခတ်မှု အခြေအနေကို တွေ့ရစဉ်

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းကျေးရွာအတွင်း တဲထိုးနေထိုင်ရန်လာရောက် ပြင်ဆင်သူ ၁၀၀ ခန့်နှင့် ဒေသခံရွာသား  ၃၀၀ ကျော်တို့ အငြင်းပွားရာမှတစ်ဆင့် တုတ်၊ ခဲများကိုင်ဆောင်၍ ရုန်းရင်းဆန်ခတ် အခြေအနေတစ်ခု ဒီဇင်ဘာ ၂၈ ရက် နံနက် ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ခြင်းမှာ ဒီဇင်ဘာ ၂၇ ရက် ည  ၈ နာရီခွဲ ခန့်မှစ၍ လှိုင်သာယာ၊ ယောအတွင်းဝန် ဦးဖိုးထောင် လမ်းနှင့် ကနောင်မင်းသားကြီး လမ်းထောင့်တွင် ရှိသော မြေနေရာများပေါ်တွင် အိမ်ရာမဲ့ဟုဆိုသော လူအယောက် ၁၀၀ ခန့်မှ တဲထိုးနေထိုင် ရန် ပြင်ဆင်မှုများရှိနေ သည်ကို ရပ်ကွက်နှင့်မြို့နယ်မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးသည့်အချိန်မှစတင်ကာ တင်းမာမှုဖြစ်ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။
လှိုင်သာယာ၊ ယောအတွင်းဝန် ဦးဖိုးထောင် လမ်းနှင့် ကနောင်မင်းသားကြီး လမ်းထောင့်တွင် ရှိသော မြေနေရာများပေါ်တွင် အိမ်ရာမဲ့ဟုဆိုသော လူအယောက် ၁၀၀ ခန့်မှ တဲထိုးနေထိုင်ရန် ပြင်ဆင် မှုများရှိနေသည်ကို ရပ်ကွက်နှင့်မြို့နယ်မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးသည့်အချိန်မှစတင်ကာ တင်းမာမှုဖြစ်ပေါ်လာခဲ့ခြင်းဖြစ် . . .


ယင်းအပြင် အဆိုပါလမ်းပေါ်သို့ ဖြတ်သန်းသွားသော ယာဉ်များ၊ လူများကို နေထိုင်ရန်ပြင်ဆင်နေသူတို့မှ စစ်ဆေးမေြး မန်းမှုများ၊ ခြိမ်းခြောက်လုပ်ဆောင်မှုများ ပြုလုပ်မှုကြောင့် ဖြစ်စဉ်မှာ ပိုမိုကြီးထွားခဲ့ခြင်းဖြစ်ကြောင်း ရွှေလင် ဗန်းကျေးရွာ အတွင်း နေထိုင်သူဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ရုန်းရင်းဆန်ခတ်မှု မတိုင်မီဖြစ်ပွားခဲ့သောဖြစ်စဉ်များနှင့် စပ်လျဉ်းပြီးရွှေလင်ဗန်းကျေးရွာတွင်နေထိုင်သူတစ်ဦးက "ကျွန်တော်တို့ အဲဒီလမ်းကဆိုင်ကယ်နဲ့ ဖြတ်သွားတော့ ယာဉ်ကိုတားတယ်။ ပြီးတော့ လေးခွတွေနဲ့ပစ်တယ်။ အဲဒီအပြင် ရပ်ကွက်ကိုပါ မီးရှို့ပစ်မယ်"ဟု စကားသံများပင် ထွက်ပေါ်လာကြောင်း ဆိုသည်။
သို့သော် မိမိတို့မှာ ပြည်သူအချင်းချင်း တိုက်ခိုက်ချင်း လုပ်ဆောင်မှုများ မပြုလုပ်ကြောင်း၊ အာဏာရှင်ခရိုနီများ ရရှိ ထားသောမြေနေရာများတွင်သာ ကျူးကျော်မှုကို ပြုလုပ်ထားကြောင်း၊ ယင်းအပြင် လက်ရှိနေထိုင်ရန် ပြင်ဆင်နေသူများ မှာ ဧရာဝတီတိုင်းဒေသကြီးတွင် နာဂစ်ဖြစ်စဉ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ အများဆုံးဖြစ်ကြောင်း တဲထိုးနေထိုင် ရန် ပြင်ဆင်သူအဖွဲ့မှ ဦးဘကျော်က ရုန်းရင်းဆန်ခတ်မှု မဖြစ်ပွားမီ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
မီးရှို့မည်ဟု ထွက်ပေါ်လာသည့်အတွက်ကြောင့် ရွှေလင်ဗန်းရွာသားများမှာ စုရုံးမှုပြုလုပ်ကာ တုတ်၊ အုတ်ခဲအစရှိသည့် ပစ္စည်းများ ကိုင်ဆောင်ထားသည့်အပြင် တဲထိုးနေထိုင်ရန် ပြင်ဆင်နေသူ ၁၀၀ ခန့်မှလည်း တုတ်၊ ဓား အစရှိလက်နက် များ ကိုင်ဆောင်ထားပြီးနောက် နှစ်ဖက်အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် လူသုံးရာကျော်ရှိသော ရွာသားများက ကျူးကျော်နေထိုင်ရန် ပြင်ဆင်နေသူများကို ဖယ်ရှားမှုများနှင့် ရိုက်နှက်ပစ်ခတ်၊ ထိန်းသိမ်းမှုအချို့ပင်ရှိခဲ့သော်လည်း မည်သည့်အာဏာပိုင်အဖွဲ့အစည်းမှ လာရောက်တားဆီးမှုများပင် မရှိခဲ့သည့်အပြင် ဖြစ်စဉ်မတိုင်မီကပင် ရွှေလင်ဗန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုမြင့်လှိုင်က "ကျွန်တော်တို့ ရဲစခန်းကိုတော့ အကြောင်းကြားထားပါတယ်" ဟု ဖြေကြားခဲ့သည်။
eleven media group

ထိုင်းဆန္ဒပြပွဲ ပစ်ခတ်မှု တဦးသေဆုံး


 အမည်မသိ သေနတ်သမားလက်ချက်နဲ့ သေဆုံးသွားခဲ့သူ Yuthana Ong။ (ဒီဇင်ဘာ ၂၈၊ ၂၀၁၃)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ စနေနေ့က အစိုးရဆန့်ကျင်သူတွေ စုဝေးနေရာကို သေနတ်သမားတယောက်က ပစ်ခတ်ခဲ့လို့ ၁ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရသွားပါတယ်။ ဝန်ကြီးချုပ်ရုံးနားမှာ ညလုံးပေါက် စခန်းချ ဆန္ဒပြနေကြတဲ့သူတွေနား ဖြတ်သွားတဲ့ကားပေါ်ကနေ ပစ်ခတ်သွားတာလို့
မျက်မြင်တချို့ ကပြောပါတယ်။
တချိန်တည်းမှာပဲ အတိုက်အခံတွေအပေါ်ထောက်ခံသူများတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ရတဲ့ နေရာတွေမှာ အစိုးရဆန့်ကျင်သူတွေက ဝိုင်းပြီး ဆန္ဒပြခဲ့ကြတဲ့အတွက် တချို့ခရိုင်တွေမှာ ရွေးကောက်ပွဲ မှတ်ပုံတင်တဲ့ လုပ်ငန်းတွေကို ဆိုင်းထားရပါတယ်။
ရွေးကောက်ပွဲကိုရွှေ့ဆိုင်းဖို့ ရွေးကောက်ပွဲကော်မရှင်က တောင်းဆိုခဲ့ပေမဲ့ February လ ၂ ရက်နေ့မှာ ကျင်းပသွားမှာပဲလို့ အစိုးရက ပြောထားပါတယ်။ အဓိက အတိုက်အခံ Democrat ပါတီကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်လို့ ကြေညာခဲ့ပါတယ်။
ရွေးကောက်ပွဲ မလုပ်ခင် ဝန်ကြီးချုပ် Yinluck Shinawatra ရာထူးကဆင်းပေးပြီး ပြုပြင်ပြောင်းလဲရေးတွေ စလုပ်ဖို့ အစိုးရဆန့်ကျင်သူတွေဖက်က တောင်းဆိုနေကြတာပါ။ အကြမ်းဖက် ဆန္ဒပြမှုတွေရှိနေတဲ့အတွက် အခြေအနေကို ထိမ်းထိမ်းသိမ်းသိမ်းလုပ်ကြဖို့ ထိုင်းစစ်တပ်က သောကြာနေ့ကပဲ ပြောခဲ့ပြီး စစ်တပ်က အာဏာသိမ်းနိုင်သလားဆိုတဲ့ အမေးကိုလည်း မငြင်းခဲ့ပါဘူး။
VOA Burmese News

ဒီကနေ့ချီးမြှင့်မယ့် မြန်မာ ရုပ်ရှင် အကယ်ဒမီဆု ဘယ်သူတွေရကြမလဲ


ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ရုပ်ရှင် ပရိသတ်တွေ အထူး မျှော်လင့်စောင့်စားနေကြတဲ့ မြန်မာ့ ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲကို ရန်ကုန် ကျင်းပမှာ ဖြစ်ပါတယ်။ ဒီနှစ်မြန်မာနိုင်ငံမှာ ရုပ်ရှင်ကာကြီး (၁၇) ကားပြသခဲ့ပြီး အဲဒီအထဲက ကား (၇) ကားကို မြန်မာ့ ရုပ်ရှင်လုပ်ငန်း အကယ်ဒမီဆု စီစစ်ရွေးချယ်ရေးအဖွဲ့ကနေ ဆန်ခါတင် ရွှေးချယ်ထားတယ်လို့ သိရပါတယ်။

အဲဒီ ၇ ကား အထဲတွင် လက်ပံ၊ ဦး၊ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ၊ ကယန်းအလှ၊ အမွေခံထိုက်သူဖြစ်ပါစေ၊ မော်ကင်းဥဒါန်း၊ အမုန်းမီးတောက်ဆိုတဲ့ ဇာတ်ကားတွေ ပါဝင်ကြပါတယ်။ ဒီနှစ်မှာ အကယ်ဒမီ ရွှေစင်ရုပ်ဆု ၁၁ ခုနှင့် အထူးဆုအဖြစ် ကလေး သရုပ်ဆောင် ဆုတခု ထပ်တိုးထားတယ်လို့ သိရပါတယ်။

ဒီနှစ်အကယ်ဒမီဆုကို ပြန်ကြားရေးလက်အောက်ခံ ရုပ်ရှင်လုပ်ငန်းက ရုပ်ရှင်လုပ်ငန်း ညွန်ကြားရေး မှူးတစ်ယောက်နဲ့ အနုပညာရှင် ၁၆ ခြောက်ယောက်က ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ် အကယ်ဒမီဆု အတွက် လူပြောများပြီး ရှေ့ ပြေးနေတဲ့ မင်းသားတွေကတာ့ မောင်ကင်းဥဒါန်းမှာ သရုပ်ဆောင်တဲ့ လူမင်းနဲ့ လက်ပံမှာ သရုပ်ဆောင်တဲ့ ပြေတီဦး၊  မင်းသမီးထဲမှာတော့ လက်ပံမှာ သရုပ် ဆောင်တဲ့ ဖူးပွင့်နဲ့ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီမှာ သရုပ်ဆောင်တဲ့ န၀ရတ်၊ နောက်အမျိုးသား ဇာတ်ပို့ ဆုဆိုရင် မော်ကင်းဥဒါန်းမှာ သရုပ်ဆောင်တဲ့ ဦးကျော်ဟိန်း၊ အမျိုးသမီး ဇာတ်ပို့ဆုမှာ လက်ပံမှာသရုပ်ဆောင်တဲ့ စိုးမြတ်သူဇာ တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။
Burmesenews narinjara

ဝန်ကြီး ဦးအောင်မင်းတို့ အဖွဲ့ ထိုင်းဘုရင်မင်းမြတ်ရဲ့ စံပြကျေးရွာ သွားလေ့လာ

 မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းဘုရင်ရဲ့ စံပြကျေးရွာ ကိုသွားရောက်လေ့လာစဉ်၊ ဓာတ်ပုံ- ဦးညိုအုန်းမြင့် ဖေ့စ်ဘုတ်

မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ရဲ့ ကျေးလက်ဖွံ့ဖြိုးရေး စံပြဒေသကို သွားရောက်လေ့လာခဲ့ပါတယ်။

လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲ
ရေး လက်မှတ်ထိုးနိုင်ရေး မူကြမ်းတွေ တိုင်ပင်ရွေးဆွဲနိုင်ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်နေတဲ့ သမ္မတ ရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ လဝက ဝန်ကြီး ဦးခင်ရီတို့ ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်း ဘုရင် မင်းမြတ်ရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျေးရွာဖြစ်တဲ့ Waihoung Khaung ကို မနေ့က သွားရောက်လေ့ လာခဲ့ပါတယ်။


ဦးအောင်မင်း၊ ဦးခင်ရီနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ချင်းမိုင်မြို့ မဲတန် က ဆင်စခန်းကိုလည်း သွားရောက် လေ့လာခဲ့တာကို ဦးညိုအုန်းမြင့် ဖေ့စ်ဘုတ်ကတဆင့် သိရပါတယ်။



အိမ့်သံစဉ် ~
ဧရာဝတီ သတင်း

အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး


၁။ အမူအကျင့်
တချို့ တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူ အကျင့် လေးတွေ ရှိတတ် ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်း တွေ ပေါ်စေပါတယ်။
၂။ နေရောင်ခြည်
နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေ ကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်ကို မထိတွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ် ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။
၃။ အိပ်ရေး မဝခြင်း
အိပ်ရေး မဝတာကလည်း သင့်အရေပြား အတွက် ဆိုးကျိုး တစ်ခုပါပဲ။ အိပ်ရေး မဝတာကြောင့် အရေပြား အတွက် ကော်လာဂျင် ထုတ်လုပ်မှုကို နှောင့်နှေး စေပြီး အရေးကြောင်း ဖြစ်ပေါ် စေပါတယ်။ ပုံမှန် အိပ်ချိန်ရအောင် အိပ်စက်ပါ။
၎။ အချိုနှင့် အငန်ဓာတ်
အသားအရေ တင်းရင်းနေစေဖို့ အဓိက ထောက်ပံ့ ပေးနေတဲ့ အရာက ကော်လာဂျင် တွေပါ။ အချို၊ အငန်တွေ အစားများတာကြောင့် အရေပြားမှာ ရှိတဲ့ ကော်လာဂျင်တွေကို ပျက်စီး စေပါတယ်။ အချိုစာ၊ အငန်စာတွေက သင့် အရေပြား တင်းရင်းမှုကို ဖျက်ဆီးနေတဲ့ အဓိက တရားခံပါ။
၅။ လှုပ်ရှားမှု မရှိခြင်း
လှုပ်ရှားမှု မရှိတာကြောင့် သင့်ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှု မကောင်းနိုင် ပါဘူး။ သွေးလှည့် ပတ်မှု မကောင်းတဲ့အခါ အရေပြားမှာရှိတဲ့ ဆံခြည်မျှင် သွေးကြောလေးတွေဆီကို သွေးသွား လာမှု နည်းသွားစေပါတယ်။ ဒီလို သွေးလှည့်ပတ်မှု နည်းတာက အရေပြားဆီကို အစာ အာဟာရ ထောက်ပံ့မှု နည်းစေပြီး အရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရေပြား နုပျိုစေဖို့၊ ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက သင့်အရေပြားအတွက် အကျိုး ရှိစေပါတယ်။

Good Health

ဆေးစွမ်းထက်သော သလည်းသီး


==================

မြန်မာနိုင်ငံမှာဆိုရင် ရှမ်းပြည်နဲ့ မြန်မာပြည် အောက်ပိုင်း ဒေသအချို့မှာ စိုက်ပျိုး အောင်မြင်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

သလည်းသီးလို့ ခေါ်ပြီး ဥရောပ၊ အာဖရိ၊ အမေရိကန်၊ အာရှ အစရှိသဖြင့် နေရာစုံမှာ ဒေသစုံ မှာ ပေါက်တတ်တဲ့ အပင် ဖြစ်ပါတယ်။

သလည်းသီးဟာ သဘာဝအလျောက်ကို ဆေးဖက်ဝင်နေတဲ့ အသီး ဖြစ် ပါတယ်။ vitamins C,K, folate, thiamin, dietary fiber, antioxidants အစရှိတဲ့ ဆေးဖက်ဝင် အာဟာရဓာတ် များစွာ ပါဝင်ပြီ အဓိက တိုက် ဖျက်ပေးတဲ့ ရောဂါ ကတော့ ကင်ဆာ ဖြစ်ပါတယ်။ အူမကြီး ကင်ဆာ၊ ရင်သား ကင်ဆာ၊ အမျိုးသား ဆီးလမ်းကြောင်းပိတ် အကြိတ်ကင်ဆာ တို့ကို တိုက်ဖျက် ပေးတာ ဖြစ်ပါတယ်။

ပြီးတော့ အယ်လ်ဇိုင်းမား တို့လို ဦးနှောက်တဲ့ သက်ဆိုင်တဲ့ ရောဂါများကိုလည်း မဖြစ်အောင် ကာကွယ် ပေးပါတယ်။ အရိုးအဆစ်ရောင်နာ ရောဂါ ရှိသူများအတွက်လည်း ဝေဒနာ သက်သာ စေပါတယ်။ ဒါကြောင့် သလည်းသီးဟာ မှီဝဲ စားသုံးသင့်တဲ့ အသီးတစ်မျိုး ဖြစ်တယ် လို့ ဆေးပညာရှင် များက ထောက်ခံ ထားကြောင်း သိရပါတယ်။

Ref: medic-facts
Myawady Health


လူမင်းရင်ခုန်တဲ့ အကယ်ဒမီ (သန့်ဇင်ဦး)


လာမည့် ဒီဇင်ဘာလ ၂၉ ရက်တွင် ကျင်းပတော့မည့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲတွင် မော်ကင်းဥဒါန်း ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု အတွက် ထင်ကြေးပေး ခန့်မှန်းထားကြသော မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံ၍ ၎င်း၏ အကယ်ဒမီ ရင်ခုန်သံ၊ မော်ကင်းဥဒါန်း ဇာတ်ကား ရိုက်ကူးစဉ် ကြုံတွေ့ခဲ့ရသော အမှတ်တရများနှင့် အကယ်ဒမီပွဲတက် ဖက်ရှင်များ အကြောင်းတို့ကို The Voice က မေးမြန်းထားပါသည်။

Voice : မော်ကင်းဥဒါန်း ဇာတ်ကားနဲ့ အမျိုးသား ဇာတ်ဆောင်ဆုအတွက် ထင်ကြေးပေး ခန့်မှန်း ထားကြတဲ့အပေါ် ကိုလူမင်းရဲ့ အကယ်ဒမီ ရင်ခုန်သံလေး ပြောပြပေးပါဦး။

LM : အကယ်ဒမီအတွက် ရမယ်လို့ အသံထွက်တဲ့ နှစ်တွေကတော့ ကိုယ့်ဘဝမှာ ကြုံရတာ များခဲ့ပါပြီ။ ဒီနှစ်မှာလည်း မော်ကင်းဥဒါန်း ဇာတ်ကားနဲ့ အသံ ကျယ်ကျယ်လောင်လောင်တော့ ထွက်နေတာပဲ။ ကိုယ့်အနေနဲ့ကတော့ ဒီနှစ်မှာ အကယ်ဒမီ ပွဲကြီးကို ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ ဘယ်လို ထူးထူးခြားခြား လုပ်ပြရမလဲ ဆိုတာကို ပိုပြီး စိတ်ပူနေမိပါတယ်။
ဒီနှစ်မှာ ဆုရခဲ့ရင်တော့ ကိုယ့်အတွက် အင်မတန် ထူးခြားတဲ့နှစ် ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ တစ်ပြည်လုံးမှာရှိတဲ့ ပရိသတ်တွေကို စကားပြောခွင့်ရမယ်။ တစ်ဆက်တည်း ဆုပါရမယ်ဆိုရင် ဒီနှစ်က ကိုယ့်အတွက် အမှတ်တရ နှစ်တစ်နှစ် ဖြစ်မှာပါ။

Voice : မော်ကင်းဥဒါန်း ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်စရိုက်နဲ့ ပတ်သက်ပြီး ရုံတင် ပြသပြီးတဲ့ အချိန်မှာ ပရိသတ်တွေဆီက ဘယ်လို တုံ့ပြန်မှုတွေ ရခဲ့လဲ။ ကြုံခဲ့ရတဲ့ အမှတ်တရတွေ ရှိရင် ပြောပြပေးပါဦး။

LM : ဒီကားကတော့ ကိုယ့်အတွက် အမှတ်တရတွေ အများကြီးပါပဲ။ တစ်ဖွဲ့သားလုံး ပင်ပန်း ဆင်းရဲခံပြီးတော့ ရိုက်ခဲ့ကြရတဲ့ကား၊ သဘာဝလွန် ဖြစ်ရပ်တွေနဲ့ အားလုံး ကြုံတွေ့ခဲ့ရတဲ့ကား၊ ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ကား တစ်ကားပါ။ ဒီလို ဝါရင့် သရုပ်ဆောင်ကြီးတွေ၊ သရုပ်ဆောင် အင်အားတွေနဲ့ အဲဒီလို နေရာမျိုးမှာ နောက်တစ်ခါ သွားရိုက်ဖို့ မဖြစ်နိုင်တော့တဲ့ ကားတစ်ကားပါ။ ကိုယ့်ရဲ့ သရုပ်ဆောင်မှုကို ပြန်သုံးသပ်ရင်လည်း အဲဒီ အချိန်တုန်းကတော့ အစ်ကိုတို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ လုပ်ခဲ့တာပဲ။ ဦးကျော်ဟိန်းတို့၊ ဦးညွန့်ဝင်းတို့လို ဝါရင့် သရုပ်ဆောင်ကြီး တွေနဲ့ အပြိုင် သရုပ်ဆောင်ရမယ်ဆိုတော့ ကိုယ့်ဘက်က လျော့လို့မရဘူး၊ အဆမတန် ကြိုးစားရမယ်ဆိုတာ အဲဒီကတည်းက သိတဲ့အတွက် ကိုယ်ကြိုးစားခဲ့တယ်။ ဇာတ်ကား ရုံတင်တဲ့အချိန်မှာ ကိုယ့်ရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အကယ်ဒမီ ရနိုင်တယ်လို့ ပြောလာကြတဲ့ အချိန်မှာလည်း ကိုယ်ကြိုးစား ခဲ့တာတွေအတွက် ပီတိဖြစ်မိတယ်။

Voice : ဒီဇာတ်ကားမှာ ကိုလူမင်း အကြိုက်ဆုံး ဇာတ်ဝင်ခန်းတွေကို ပြောပြပေးပါဦး။ တခြား ဘယ်သူတွေရော ဒီကားမှာ အကယ်ဒမီ ရနိုင်တယ်လို့ မြင်မိလဲ။

LM : ဒီဇာတ်ကားမှာ ဦးကျော်တို့၊ ဦးညွန့်ဝင်းတို့လည်း ကောင်းတယ်။ သူထူးစံလည်း ကာရိုက်တာ ပေါ်လွင်တာပါပဲ။ ကိုယ်အကြိုက်ဆုံး ဇာတ်ဝင်ခန်းတွေ ကတော့ ဦးကျော်နဲ့အပြိုင် သရုပ်ဆောင်ရတဲ့ အခန်းတွေရယ်၊ ကိုယ့် အဖေ ပင်လယ်ပြင်မှာ ဆုံးသွားလို့ ပေါက်ကွဲပြီးတော့ ပင်လယ်ပြင်ကြီးကို ဆီလောင်းပြီး မီးရှို့တဲ့ အခန်းတွေကို ကြိုက်ပါတယ်။

Voice : ဒီကားနဲ့သာ အကယ်ဒမီ ရခဲ့ရင် ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက် ဖြစ်လို့ဆိုတဲ့ ဝေဖန်မှုတွေ ရှိလာနိုင်တယ်လေ။ ဒီအတွက်ရော ကိုလူမင်းရဲ့ စိတ်ကို ဘယ်လိုပြင်ဆင်ထားလဲ။

LM : ဒီကားမှာ အကယ်ဒမီဆုရခဲ့ရင် ကိုယ်နဲ့ တကယ်ထိုက်တန်မှုရှိ မရှိဆိုတာ ကြည့်လိုက်ပေါ့။ ကိုယ်က အစကတည်းက ကိုယ့်စိတ်လေးကို နှစ်ပိုင်း ပိုင်းထားတယ်။ ဒီဥက္ကဋ္ဌ လုပ်တာက တစ်ပိုင်း သတ်သတ်၊ သရုပ်ဆောင်အလုပ်က တစ်ပိုင်း သတ်သတ်ထားထားတယ်။ နဂိုကတည်းကလည်း ကိုယ်က သရုပ်ဆောင် လုပ်လာတာလေ။ ဒီဥက္ကဋ္ဌ လုပ်လိုက်တဲ့အတွက် အဲဒီအရိပ် အာဝါသကြီးက ကိုယ့်ရဲ့ သရုပ်ဆောင် အလုပ်ကိုတော့ အလွှမ်းမိုး မခံဘူး။ ကိုယ့် အနုပညာအလုပ်ကို ဒီဥက္ကဋ္ဌ အရိပ်က လွှမ်းမိုးနိုင်စွမ်း မရှိဘူး။ ကိုယ်ကိုယ်တိုင်လည်း လွှမ်းမိုးမခံဘူး။ ဥက္ကဋ္ဌမို့လို့ အကယ်ဒမီ ရတာပါလို့ ပြောလာခဲ့သူတွေ ရှိရင်လည်း ဇာတ်ကားကို ကြည့်လိုက်ပေါ့။ ကိုယ့်သရုပ်ဆောင်မှုက ဒီဆုနဲ့ မထိုက်တန်ဘူး ဆိုရင် ကြိုက်သလို ဝေဖန်လို့ ရပါတယ်။ ကိုယ့်ကို တိုက်ခိုက်ချင်ရုံ သက်သက်နဲ့ ပြောတာမျိုး ဆိုရင်တော့ ဂရုမစိုက်ပါဘူး။

Voice : အကယ်ဒမီပွဲ အတွက် ကိုလူမင်းတို့ ဇနီးမောင်နှံရဲ့ ဝတ်စားဆင်ယင်မှု ပိုင်းကို ဘယ်လို စီစဉ်ထားလဲ ဆိုတာ ပြောပါဦး။

LM : အကယ်ဒမီပွဲ အတွက် အဝတ်အစား ကတော့ ကိုယ်မဝတ်ဖူးတဲ့ အရောင်ဖြစ်တဲ့ မရမ်းစေ့ရောင်လေး ဝတ်မယ်လို့ ရွေးထားတယ်။ ပိုးထည်ကတော့ မန္တလေး ဒေါ်စောရှင်၊ ဖိနပ်က ဆင်ကိုးကောင်၊ အဝတ်အစား ဒီဇိုင်းကတော့ Vivid ဖက်ရှင်က ချုပ်ပေးလိမ့်မယ်။

The Voice Weekly Myanmar