ရှာမှ ရှားတဲ့ တက္ကစီမယ်

ပို့စ်တင်ချိန် - 12/29/2013 09:15:00 AM

၂၁ ရာစုနောက်ပိုင်းမှာ အမျိုးသမီးတွေဟာ “နွားခြေရာခွက်အတွင်းမှ ဖားသူငယ်” လိုမျိုး အပြင်ကိုမထွက် ဘဲအတွင်းမှာသာ ရောင့်ရဲတင်းတိမ်နေမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်လာ နိုင်မယ်လို့ သိမြင်လာကြတဲ့နောက် အမျိုးသားများနဲ့ရင်ပေါင်တန်းကာ အသက်မွေးဝမ်းကျောင်းမှုကို ကိုယ်တိုင်ရှာဖွေလာကြပါတယ်။

ကိုယ်တိုင်ရှာဖွေလာကြတဲ့နေရာမှာ အမျိုးသမီးတွေ သမားရိုးကျပြုလုပ်နိုင်တဲ့ ဈေးရောင်းမယ်၊ စက်ချုပ် မယ်၊ အရောင်းစာရေးမလုပ်မယ် စတာ တွေအပြင်ကို သမားရိုးကျမဟုတ်တဲ့ အမျိုးသမီးထုနဲ့ မအပ်စပ် ဘူးလို့ မြန်မာလူမှုအသိုင်းအ၀န်းက လက်ခံထားကြတဲ့ လုပ်ငန်းတွေကို အသက်မွေးဝမ်းကျောင်း ပြုလာ ကြပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံ၊ မြန်မာ့ယဉ်ကျေးမှုမှာတော့ အမျိုးသမီး Taxi ယာဉ်မောင်းခြင်းနဲ့ အဓိကအသက် မွေးဝမ်းကျောင်းပြုနေပြီး သမားရိုးကျမဟုတ်တဲ့ လုပ်ငန်းကို လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတစ် ယောက်ကို ယခုတစ်ပတ်တင်ပြသွားမယ့် အမျိုးသမီးနဲ့ အသက်မွေးဝမ်းကျောင်းမှုကဏ္ဍမှာ တင်ပြပေးချင် ပါတယ်။

သူမရဲ့နာမည်က ဒေါ်ဌေးဌေး ၀င်းလို့ခေါ်ပါတယ်။ အသက်အရွယ် အားဖြင့် ၄၆ နှစ်ရှိနေပါပြီ။ ကလေးနှစ် ယောက်မိခင်ဖြစ်ကာ ခင်ပွန်းသည်နဲ့ အိမ်ထောင်ကွဲပြီးနောက် သားနှစ်ယောက်ရဲ့ပညာရေးနဲ့ မိသားစုရပ် တည်ချက်အတွက် အိမ်မှာအငှားချထားတဲ့ Taxi ကားလေးကို Driver ကားပြန်လာအပ်ပြီးတဲ့ ညနေပိုင်း အချိန်လေးတွေမှာ စမောင်းရင်းနဲ့ အဓိကအသက်မွေးဝမ်းကျောင်းမှုတစ်ခုလို လုပ်ကိုင်လာခဲ့တာ သုံးနှစ် ပြည့်တော့မှာဖြစ်ပါတယ်။

သူမဟာ ၁၉၉၁ ခုနှစ်က အိမ်ထောင်ကျခဲ့ပြီး ကာကွယ်ရေးငွေစာရင်းရုံးမှာ ၁၉၈၆ ခုနှစ်မှာ ၀န်ထမ်းဘ၀ ကိုစတင်ဖြတ်သန်းခဲ့ပြီး အထက်တန်းစာရေး (တစ်နည်းပြောရရင်) အထက်တန်းစာရေးဘ၀နဲ့ နာမကျန်း ပင်စင်ကို ၂၀၀၆ ခုနှစ်လောက်ကယူခဲ့ပါတယ်လို့ ပြောပြပါတယ်။ ပင်စင်ယူပြီးတဲ့နောက် ၂၀၀၉ လောက် မှာ သူမအိမ်ထောင်နဲ့ကွဲခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်ဖေဖော်ဝါရီလပိုင်းလောက်ကTaxi စမောင်းဖြစ်ခဲ့တာ လို့သိရပါတယ်။ ညပိုင်းရှစ်နာရီမထိုးခင် အချိန်တွေလောက်အထိသာ မောင်းဖြစ်ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ ဇွန်လလောက်မှာတော့ အငှား Driver မပေးတော့ပဲ သူမကိုယ်တိုင် တစ်နေကုန်မောင်းခဲ့ပါတယ်။

သူမဟာ ၁၉၈၈ မတိုင်ခင်မှာ Botany နဲ့ဘွဲ့ရရှိထားတဲ့ ပညာတတ်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါ တယ်။ ဒါပေမဲ့ သူမကားမောင်းသွားရာ တစ်လျှောက်မှာတော့ ဘန်တိုလင်အင်ဟေလာ ရင်ကျပ်ရှူဆေး ဘူး ဆောင်ထားရတယ်လို့ သိရပါတယ်။ ဒီရောဂါကလည်း အသက်ငယ်ရွယ်စဉ် ခုနစ်တန်းနှစ်ကတည်း က ရင်ကျပ်ရောဂါကြောင့် ရှူဆေးဘူးစသုံးနေရတာဖြစ်ပါတယ်။

“ကျွန်မရဲ့ကားလေးက ဒီဇယ် ကက/၈၈၉၉ ကားပါ။ သူများကို ပေးမောင်းရင် တစ်ရက်မှငွေတစ်သောင်း ပဲရပါတယ်။ အစ်မကိုယ်တိုင် နံနက်ရှစ်နာရီကနေ ၁၂ နာရီထိတစ်ကြောင်း ညနေလေးနာရီက ညရှစ်နာ ရီလောက် ထိတစ်ကြောင်း ကားဆွဲပါတယ်။ တကယ်လို့ ပိုက်ဆံသိပ်မကျန်တဲ့အခါ ရှစ်နာရီကျော်ရင် လည်းကျော်ပါတယ်။ တစ်နေကုန်ဆိုရင်တော့ သုံးသောင်းကျော်လောက်ရတော့ ကိုယ်တိုင်မောင်းတာ ကအစ်မမိသားစုအတွက် ပိုအဆင်တယ်” လို့ သူမ Taxi မောင်းရတဲ့အကြောင်းရင်းကို ရှင်းပြပါတယ်။

ဒေါ်ဌေးဌေးဝင်းဟာ Taxi မောင်းလာတဲ့ သက်တမ်းတစ်လျှောက်မှာတော့ ခရီးသည်တွေနဲ့ ဘာမှအခက် အခဲဘာပြဿနာမှ မရှိခဲ့ဘူးလို့ဆိုပါတယ်။ ညဘက်မောင်းတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ် တဲ့အနေနဲ့ လမ်းသွယ်တွေထဲကိုတော့ မ၀င်တော့ပါဘူး။ ခရီးသည်တင်တဲ့အခါမှာလည်း လူပေါင်းစုံတင် ပါတယ်တဲ့။ သူမဟာ Taxi ထွက်မမောင်းခင် ၀န်ထမ်းဘ၀ကတည်းက စက်ချုပ်တဲ့လုပ်ငန်းကို လုပ်ကိုင်ခဲ့ တယ်လို့ ပြောပါတယ်။ အင်္ကျီလည်းကောင်းကောင်း ချုပ်တတ်နေပေမယ့် အချိန်အများကြီးပေးရတာရယ် ၀င်ငွေနည်းတဲ့အတွက် အခုလိုကားမောင်းတဲ့အလုပ်ကို လုပ်ကိုင်ဖြစ်တာပါလို့ ဆိုပါတယ်။

“အမျိုးသမီး Taxi  မောင်းတာကိုစီးရတဲ့အတွက် ပိုပြီးလုံခြုံမှုရှိသလို ခံစားရတယ်။ ဒီအစ်မလို အမျိုးသမီး မောင်းတဲ့ Taxi တွေ အများကြီးရှိလာရင်ကောင်းမှာပဲ။ မိန်းမလေးတွေက စိတ်ရှည်တယ်၊ ဒေါသမထွက် ဘူး။ Taxi အများစုဟာ ကားတစ်စီးနဲ့တစ်စီးဖိုက်ရင် ခရီးသည်တွေက ကြောက်ကြောက်လန့်လန့်နဲ့ စီးခဲ့ ရတာတွေရှိပါတယ်။ အမျိုးသမီးတွေကျတော့ အဲလိုမျိုးတွေမရှိဘူး။ ခရီးသည်တွေအတွက် အမျိုးသမီး မောင်းတဲ့ Taxi  စီးရတာပိုပြီးလုံခြုံမှုရှိပါတယ်” လို့ သူမ Taxi စီးဖူးတဲ့ အမျိုးသမီးထုကဆိုပါတယ်။

ယောက်ျားတွေနဲ့ယှဉ်ပြိုင်ပြီး အလုပ်လုပ်ရတဲ့အခါ ယောက်ျားမဆန်တဲ့ ယောက်ျားသားတချို့ရဲ့ စိန်ခေါ် တာမျိုးတွေလည်း ကြုံဖူးတယ်လို့ ဆိုပါတယ်။ သူမရဲ့ အသက်မွေးဝမ်းကျောင်း မှုခံယူချက်ကတော့ ၀င် ငွေရမယ်ဆိုရင် သမ္မာအာဇီဝကျတဲ့ ဘယ်လိုအလုပ်ကို မဆိုလုပ်ချင်စိတ် အမြဲရှိသူဖြစ်ပါတယ်။ အန္တရာယ်များတဲ့ အလုပ်ဖြစ်တဲ့ ကားမောင်းတဲ့အလုပ်ကို ရွေးချယ်ထားပေမယ့် သံမ္ဗုဒ္ဓေဂါထာတော်နဲ့ ဂုဏ်တော် ကွန်ချာတွေကို ကားမောင်းရင်းနဲ့ အမြဲ ရွတ်ဖတ်နေတဲ့အတွက် ဘယ်လိုပြဿနာမျိုးမှ မကြုံခဲ့ ဖူးဘူးလို့ ဆိုပါတယ်။

ကလေးတွေရဲ့ပညာရေးကိုလည်း စီးပွားရှာနေတဲ့အချိန်၊ မိသားစုရပ်တည်ချက်အတွက် ဆောင်ရွက်နေ တဲ့အချိန် မှာ အာရုံစိုက်ပေးခဲ့တဲ့အတွက် ပညာရေးဘက်မှာထူးချွန်တဲ့ ကလေးတွေဖြစ်ခဲ့ပါတယ်။ သူမ ပင်စင်လခက နောက်ဆုံးတိုးထားပြီးတဲ့အထိ နှစ်သောင်းသာရတဲ့အတွက် အခုလို Taxi မောင်းခဲ့ရတာ ဖြစ်ပါတယ်။ အခုဆိုရင် ကျောင်းဆင်းပြီးတဲ့ သားတစ်ယောက် သင်္ဘောတက်နိုင်ဖို့အရေးကို ရုန်းကန် နေရသလို သားအငယ်အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့လည်း ရုန်းကန်ရဦးမှာပါ။

“အမေအခုလို မိသားစုနဲ့ သားနှစ်ယောက်အတွက် ပင်ပင်ပန်းပန်း Taxi မောင်းနေရတာကို မကြည့်ရက်ပါ ဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အခုချိန်မှာ ဘာမှလုပ်မပေးနိုင်သေးတဲ့အတွက် စိတ်မကောင်းဖြစ်မိ တယ်။ အမေ့အတွက် သားတစ်ယောက်အနေနဲ့ ကျွန်တော်အရမ်းကိုဂုဏ်ယူပါတယ်။ အမေ့ကိုလည်း ဒီ ကျေးဇူးတွေ ပြန်ဆပ်နိုင်အောင် ကျွန်တော်ကြိုးစားနေပါတယ်” လို့ ရေကြောင်းကောလိပ်ကျောင်းဆင်း သားအကြီးပြည့်စုံကဆိုပါတယ်။

ဒေါ်ဌေးဌေးဝင်းက သားနှစ်ယောက်အတွက် သူမအလုပ်ဆက်လုပ်နေနိုင်သမျှ အခု Taxi မောင်းတဲ့အ လုပ်ကိုဆက်လုပ်သွားမှာဖြစ်ပြီး သူ့သားအကြီး သင်္ဘောတက်ဖြစ်ခဲ့ပြီး အလုပ်ရရင်တောင်မှ အနားယူမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျွန်မက မိဘတစ်ယောက်ဖြစ် တဲ့အတွက် သားတစ်ယောက်ရှာတဲ့ ပိုက်ဆံကို အခန့်သားထိုင်သုံးတဲ့ အမေတစ်ယောက် မဖြစ်ချင်ဘူး။ သားသင်္ဘောတက်သွားရင်တောင် သားရှာတဲ့ပိုက်ဆံကို မိဘ၀တ္တရား အတိုင်း စုထားပေးမယ်။ သားသမီးတစ်ယောက် အတွက် သူ့ဘ၀အတွက် လိုအပ်တာတွေ ဖြည့်ဆည်း ပေးသွားမှာပါ။ ကျွန်မအတွက်ကတော့ ကျွန်မကျန်းမာရေးကောင်းနေသမျှ Taxi လေးပဲဆက် မောင်းနေ ဦးမှာပါ။ အိမ်ထဲမှာနေတာ ထက်စာရင် ဒီလိုမျိုးလေးလုပ်နေရတဲ့အတွက် ပျော်လည်းပျော်ပါတယ်” လို့ သူမရဲ့ ခံယူချက်ကိုပြောပြပါတယ်။

အခုတင်ပြပေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ သမားရိုးကျမဟုတ်တဲ့ အသက်မွေးဝမ်းကျောင်းမှုဟာ အခက် အခဲအနည်းနဲ့အများတော့ ရှိပေမယ့် ကြိုးစားမှုနဲ့ ခံယူချက်ကသာ အဓိကဖြစ်တယ်ဆိုတာကို ဒေါ်ဌေးဌေးဝင်းက သက်သေထူလိုက်တာပါပဲ။ အမျိုးသမီးတစ်ယောက်ဟာ ဘယ်လိုအသက်မွေးဝမ်း ကျောင်းပဲဖြစ်ဖြစ် သမ္မာအာဇီဝကျတဲ့ အသက်မွေးဝမ်းကျောင်းမှုကို ပြုလုပ်ဖို့လိုပါတယ်။ အမျိုးသမီးထု ဟာ အပင်ပန်းမခံဘဲငွေရလွယ်တဲ့အလုပ်တွေကို အခုနောက်ပိုင်း ရွေးချယ်လာကြတာတွေ့လာရတယ်။

ဒါတွေကြောင့် ကျွန်မတို့ အမျိုးသမီးတွေဟာ အလုပ်အကိုင်အခွင့် အလမ်းနည်းတယ်လို့ပြောနေကြမယ့် အစား ကျွန်မတို့လုပ်နိုင်မယ့်အလုပ်တစ်ခုခုကို ရွေးချယ်လုပ်ကိုင်တတ်ဖို့လိုပါတယ်။ အလုပ်တစ်ခုလုပ် မယ့်သူဟာ အဆင်မပြေမှု၊ ပင်ပန်းမှုရှိကြမှာ မှန်ပေမယ့်၊ ဒါတွေကို ခံနိုင်ရည်ရှိပြီး လက်လျောညီထွေဖြစ် အောင် နေတတ်၊ ပြောတတ်၊ လုပ်တတ်ကိုင်တတ်ဖို့သာ အဓိကဆိုတဲ့အကြောင်းကို မြန်မာအမျိုးသမီးထု အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရွေးချယ်မှုအတွက်အားပေးရင်းဖြင့် နိဂုံးချုပ်လိုက်ပါတယ်။

Mizzima Burmese