SMI ပီနံအိတ်စက်ရုံလုပ်သားများက ဆန္ဒထုတ်ဖော်တောင်းဆိုမှု ၁၉ ချက်တွင် ပြေလည်မှုရရန် ၄ ချက်သာလို

ပို့စ်တင်ချိန် - 12/29/2013 02:30:00 AM



မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကနောင်လမ်းရှိ SMI ပီနံအိတ်စက်ရုံမှ စက်ရုံလုပ်သား တစ်ရာကျော်တို့သည် အလုပ်သမား အခွင့်အရေးအပြည့်အ၀ရရန်အတွက် အချက်(၁၉)ချက်ပါဝင်သော ဆန္ဒပြတောင်းဆိုမှုကို ညှိနှိုင်းရာ ပြေလည်မှုရရန် လေးချက်သာ ကျန်တော့ကြောင်းနှင့် လာမည့် တနလာင်္နေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ညှိနှိုင်းဆောင်ရွက်ပေးသူ ၈၈ မျိုးဆက်ကျောင်းသားဦးငယ်လေးထံမှ သိရသည်။

“၁၉ ချက်တောင်းဆိုတာ၊ လေးချက်ပဲ ကျန်တော့တယ်။ လာမယ့် တနလာင်္နေ့မှာ ဆက်ပြီးဆွေးနွေးကြလိမ့်မယ်” အခု ဟု ညှိုနှိုင်းဆောင်ရွက်သူဦးငယ်လေးက ပြောသည်။

ပီနံအိတ်စက်ရုံ တွင် နေ့စားအလုပ်သမား၊ ပုတ်ပြတ်အလုပ်သမားနှင့်ကျွမ်းကျင်ဝန်ထမ်းဟူ၍ ရှိရာ အချက်(၁၉)ချက်တောင်းဆိုရာတွင် ယင်းဝန်ထမ်းသုံးမျိုးစလုံးမှ စုပေါင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ယင်းအချက်များကို ဆန္ဒမပြမီ ဒီဇင်ဘာ ၂၀ ရက်မှစတင်၍ စက်ရုံလုပ်သားတို့က တောင်းဆိုခဲ့ကြသဖြင့် ဒီဇင်ဘာ(၂၄)ရက်နံနက်အလုပ်လာချိန်တွင် တောင်းဆိုခဲ့သည့် စက်ရုံလုပ်သားများကို ၀င်ခွင့်မပေးခဲ့ဘဲ အချို့စက်ရုံလုပ်သားများကိုသာ ၀င်ခွင့်ပေးခဲ့ခြင်းမှ အစပြု၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် အချက်(၁၉)ချက်ကို တောင်းဆိုခဲ့ကြရာ ယင်းနေ့မှာပင် ဖြန်ဖြေရေးရုံး၌ ညှိုနှိုင်းဆောင်ရွက်ရာတွင် အချက်လေးချက် ပြေလည်မှုရရှိခဲ့သည်။ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ထပ်မံဆွေးနွေး ညှိနှိုင်းခဲ့သည်ဟု သိရသည်။ ယခုအခါတွင် တောင်းဆိုထားသည့် အချက်(၁၉)ချက် ပြေလည်မှုရရန်မှာ လေးချက်သာ ကျန်ပြီးလာမည့် တနလာင်္နေ့တွင် ထပ်မံညှိုနှိုင်းသွားမည်ဖြစ်ကြောင်းသိရသည်။

“အလုပ်ချိန်က တစ်ခါတလေဆိုရင် မနက် ၃ နာရီလောက်ထသွားရတယ်။ ကောင်မလေးတွေဆိုရင်လည်း ညဘက် ၉ နာရီလောက်မှ ပြန်ရတယ်။ တစ်လလုံးနေလို့လည်း အလုပ်က တစ်ရက်မပိတ်ဘူး။ အလုပ်သမားက ဖျားလို့ မန်နေဂျာက တောက်လျှောက်လိုက်ခေါ်ခိုင်းတယ်။နေမကောင်းလို့ ဆေးကုပေးလားဆိုတော့လည်း ဆေးကုမပေးဘူး။ ရတဲ့နေရာခေါ်ခိုင်းတယ်။ ”ဟု စက်ရုံလုပ်သားတစ်ဦးက ပြောသည်။

စက်ရုံလုပ်သားများ တောင်းဆိုသော အချက်(၁၉)ချက်တွင် အလုပ်ချိန်ကို နိုင်ငံတကာ သတ်မှတ်ချိန်တိုင်း တစ်ရက်လျှင် ၈ နာရီသတ်မှတ်ပေးရေး၊ စက်ရုံအတွင်းရှိ နေ့စားပုတ်ပြတ် ယောကျာင်္းလေးဝန်ထမ်းကို တစ်နေ့လျှင် ၃၀၀၀နှုန်း၊ မိန်းခလေးကို တစ်နေ့လျှင် ၂၇၀၀နှုန်း တရားဝင်သတ်မှတ်ပေးရန် ၊ ၀န်ထမ်းအားလုံးကို နိုင့်ထက်စီနင်းခိုင်းစေမှုများကို အလုပ်ရှင်မှ ဖြေရှင်းပေး၇န်၊ နိုင်ငံတော် တရားဝင်ရုံးပိတ်ရက်အတိုင်း ပိတ်ပေးရန်နှင့် ပြက္ခဒိန်တစ်နှစ်လျှင် ရှောင်တခင်ခွင့် ၊ ဆေးခွင့်နှင့် လုပ်သက်ခွင့်များကို အလုပ်သမား ဥပဒေအတိုင်း ခံစားခွင့်ပေးရန်၊ မတရားဒဏ်ကြေးကောက်ခံမှုများကို အလုပ်ရှင်မှ တရားဝင်ပယ်ဖျက်ပေးရန်၊ စက်ရုံဝန်ထမ်းများ၏ လက်ဝယ်တွင် လူမှုဖူလုံရေးအာမခံကတ်ပြားများ တရားဝင်ထုတ်ပေးထားခြင်းမရှိခြင်းကြောင့် ၀န်ထမ်းများ ကျန်းမာရေးကြောင့် ခွင့်ခံစားခဲ့ပါက လုပ်ခလစာများကို အလုပ်ရှင်မှ လခအပြည့်ဖြင့် အလုပ်ရှင်မှ တရားဝင် တာဝန်ယူဆောင်ရွက်ပေးရန်၊ အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်သတ်မှတ်ထားသော ၁၉၅၁ ခုနှစ်အလုပ်ရုံ အက်ဥပဒေတွင် တနင်္ဂနွေ တစ်ရက်သာ အလုပ်ပိတ်ရက်အဖြစ် ပြဌာန်းထားပါသည်။ အချိန်ပိုခိုင်းပါက လုပ်ခနှစ်ဆပေးရမည်။ သန့်ရှင်းသော သောက်သုံးရေ အလုံအလောက်ထားရှိရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်ပြီးလတ်ဆတ်သော အစားအစာများနှင့် ၀န်ထမ်းများကို တစ်နေ့လျှင် ထမင်းသုံးနပ်လုံလောက်စွာ ကျွေးရန်အတွက် အလုပ်ရှင်မှ တာဝန်ယူဆောင်ရွက်ပေး၇န်၊ တစ်လလျှင် တစ်ကြိမ် ဆန္ဒဖော်ပြခွင့်ပေး၇န်၊ ဖယ်ရီကြိုပို့ အလုံအလောက်ထားရှိရန်၊ လုပ်ငန်းပမာဏ အခက်အခဲများနှင့် အငြင်းပွားမှုများကို စက်ရုံဘက်မှ နှစ်ဦးနှင့် အလုပ်သမားဘက်မှ နှစ်ဦး တရားဝင်ညှိနှိုင်းဆောင်ရွက်ရန်အတွက် တာဝန်ယူဆောင်ရွက်ပေး၇န်၊ ပြစ်မှုတစ်စုံတရာ ပေါ်ပေါက်ခဲ့ပါက ၄င်းဝန်ထမ်းအား နှုတ်ဖြင့်သတိပေးခြင်း၊ ဒုတိယအကြိမ်စာဖြင့်သတိပေးခြင်း၊ တတိယတစ်ကြိမ် ၀န်ခံကတိလက်မှတ်ေ၇းထိုးခြင်းနှင့် စတုတ္ထအကြိမ်မှသာ လုပ်ငန်းတာဝန်မှ တရားဝင်ရပ်စဲပိုင်ခွင့်ရှိစေေ၇း၊ ၀န်ထမ်းများ၏ သာရေး၊ နာရေး၊ သက်သာချောင်ချိရေးနှင့် ကိစ္စရပ်များကို ထိုက်သင့်သည့်အားလျော်စွာ အလုပ်ရှင်မှ ကူညီဆောင်ရွက်ပေးရေး၊ ၀န်ထမ်းများ တရားဝင်နားနေဆောင် ထားရှိပေးရေး၊ ရှားပါးစရိတ်မရရှိခြင်းကြောင့် လုပ်သက်များအလိုက် နှစ်တိုးခြင်းများကို တာဝန်ယူဆောင်ရွက်ပေးရေး၊ ၀န်ထမ်းအင်အား သုံးရာကျော်ရှိသည့်အတွက် အိမ်သာ ဆယ်လုံးထားရှိရေး၊ မြန်မာမန်နေဂျာများဖြင့်သာ တိုက်ရိုက်တရားဝင် ဆက်သွယ်ခွင့်ပြုရန်နှင့် အလုပ်သမား အခွင့်အရေးတောင်းဆိုသော ၀န်ထမ်းများကို အဆိုင်းပြောင်းခြင်း၊ ရာထူးချခြင်း၊ မိမိတာဝန်ကျရာ အဆိုင်းဌာနမှအပ အခြားဌာနများ၏ တာဝန်များကိုနှစ်ဆပေါင်း၍ ခိုင်းစေခြင်းမပြုရန်၊ အလုပ်မှ ထုတ်ပယ်ခြင်းများကို အလုပ်ရှင်မှ မပြုလုပ်ရန်ဆိုသော အချက်(၁၉)ချက်ကို တောင်းဆိုခဲ့ကြသည်။


မန္တလေးခေတ်