ရိုးရာအားကစားနည်းဖြစ်သော ခြင်းလုံးခတ်ကစားနည်းကို အာရှထိုးဖောက်နိုင်ရန် အာရှခြင်းလုံးအဖွဲ့ ဖွဲ့စည်း၊ မြန်မာနိုင်ငံမှ ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရ

ပို့စ်တင်ချိန် - 12/29/2013 12:30:00 AM


ရိုးရာ အားကစားနည်းဖြစ်သော ခြင်းလုံးအားကစားနည်းကို အရှေ့တောင်အာရှမှ အာရှနိုင်ငံများအထိ ထိုးဖောက်နိုင်ရန်အတွက် အာရှခြင်းလုံးအဖွဲ့ချုပ်ကို ဒီဇင်ဘာ ၂၀ ရက်နေ့က နေပြည်တော်သင်္ဂဟဟော်တယ်တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံမှာ ဥက္ကဌ ရာထူးကို ခန့်အပ်ခံရကြောင်း အာရှခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးစိုးနိုင်ထံမှ သိရသည်။

“ရိုးရာအားကစားနည်းကို နိုင်ငံတကာက ပါဝင်လာဖို့ရာအတွက် ဒီအာရှခြင်းလုံးအဖွဲ့ချုပ်ကို ဖွဲ့စည်းတာပါ။ အာဆီယံ ၁၁ နိုင်ငံအပြင် အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ပါဝင်တဲ့ ၁၃ နိုင်ငံက အဖွဲ့ဝင်တွေက ရွေးချယ်လိုက်လို့ အန်လ်ကယ်က ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံခဲ့ရတာပါ”ဟု ဥက္ကဌ ဦးစိုးနိုင်က ပြောသည်။

အာရှခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရသော ဦးစိုးနိုင်သည် ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အေးအေးခိုင်ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရသူမှာ အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်ဇင်မိုးဖြစ်သည်ဟုသိရသည်။

ယင်းအာရှခြင်းလုံးအဖွဲ့ချုပ်ဖွဲ့စည်းရာတွင် မြန်မာနိုင်ငံမှ အားကစားဝန်ကြီးကိုယ်တိုင်တက်ရောက်ခဲ့ပြီး အခြားနိုင်ငံများမှ အားကစားဥက္ကဌနှင့် ကိုယ်စားလှယ်များက တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ အာဆီယံ ၁၁ နိုင်ငံနှင့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့ ပါဝင်သော အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားသည့် အာရှခြင်းလုံးအဖွဲ့ချုပ်တွင် မြန်မာနိုင်ငံမှ ဥက္ကဌနှင့် အတွင်းရေးမှူး နေရာကို အဖွဲ့ဝင်များ၏ထောက်ခံချက်ဖြင့် ရွေးချယ်ခံခဲ့ရပြီး ဒုဥက္ကဌနေရာကိုမူ စင်္ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ တာဝန်ယူရကြောင်း သိရသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၂၇ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ခြင်းလုံးကိုလည်း အားကစားနည်းတစ်ရပ်အဖြစ် ထည့်သွင်းယှဉ်ပြိုင်ခဲ့ပြီး ၀င်ရောက်ယှဉ်ပြိုင်ခတ်ကစားမည့် နိုင်ငံများသို့လည်း မြန်မာနိုင်ငံမှ သွားရောက်ကာ သရုပ်ပြသင်ကြားပေးခဲ့ခြင်းဖြစ်သည်။

မန္တလေးခေတ်