စက်မှုဇုန်အတွင်း ကျုးကျော်နေသူများ ပိုင်ရှင်နှင့် ညှိနှိုင်းပြီး လှိုင်သာယာကို ပြောင်းရွှေ့မည်

ပို့စ်တင်ချိန် - 1/15/2014 06:59:00 PM


ရွှေပြည်သာ စက်မှုဇုန် ၄မှာရှိတဲ့ M.R ကုမ္ပဏီပိုင်မြေပေါ်မှာ ကျုးကျော်နေထိုင်ကြတဲ့ အိမ်ခြေ ၃၁၄လုံးဟာ ကုမ္ပဏီက မြေအစားထိုး ဝယ်ပေးခဲ့တာကြောင့် ပြောင်းရွှေ့ပေးဖို့ ဇန်နဝါရီ ၁၅ရက်နေ့မှာ သဘောတူလိုက်ပါတယ်။

ကျုးကျော် နေထိုင်ခဲ့တာ ၁ဝနှစ်ကျော်လာပြီမို့ ကုမ္ပဏီနဲ့ ကျုးကျော်တွေကြား လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ပဋိပက္ခဟာ တရားစွဲပြီးဖြေရှင်းလို့ရပေမယ့် ပဋိပက္ခတွေလျော့အောင် လှိုင်သာယာ ရွှေလင်ပန်းကျေးရွာမှာ မြေ ၃ဧကခွဲဝယ်ယူပြီး ပြောင်းရွှေ့စေခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဧကကို သိန်း ၁၅ဝနဲ့  ပြောင်းရွှေ့စားရိတ်အဖြစ် တစ်အိမ်ထောင်ကို ကျပ် ၅သောင်းပေးမယ်လို့ ပြောဆိုတာကြောင့် ကျုးကျော်တွေကလည်း ပြောင်းရွှေ့ပေးဖို့ နောက်ဆုံးမှာ သဘောတူညီခဲ့ပါတယ်။

M.R ကုမ္ပဏီဟာ ရွှေပြည်သာ စက်မှုဇုန် ၄က ဧက ၆.၇၇၅ အကျယ်ရှိတဲ့ မြေကွက်ကို မြို့ရွာနဲ့အိုးအိမ်ဦးစီးဌာနမှာ တရားဝင် အမည်ပေါက် ဝယ်ယူထားတဲ့ပိုင်ရှင်ဖြစ်တယ်လို့ သက်သေခံ စာရွက်စာတမ်းက ဆိုပါတယ်။

လူဦးရေ ၂ထောင်နီးပါးရှိတဲ့ ကျုးကျော်အိမ်ခြေ ၃ဝဝကျော်ဟာ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းကျေးရွာက ၈၆ရပ်ကွက်မှာ ပြောင်းရွှေ့နေထိုင်ရမှာဖြစ်ပါတယ်။
Kamayut Media