ဟင်္သာတမြို့နယ်ရှိ ကျေးရွာရှစ်ရွာတွင် မိုးသီးကြွေပြီး လေဆင်နှာမောင်းတိုက်မှုကြောင့် အိမ်ခြေ ၉၀ ကျော်ပျက်စီး

ပို့စ်တင်ချိန် - 4/29/2014 11:10:00 AM

(ဟင်္သာတမြို့နယ်၊ ခြင်ဘို့ကျေးရွာအုပ်စုရှိ ဆိပ်သာကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီးနေသည်ကို တွေ့ရစဉ်)

29.4.2014

ဟင်္သာတမြို့နယ် ခြင်ဘို့ကျေးရွာအုပ်စုရှိ ကျေးရွာရှစ်ရွာတွင် မိုးသီးကြွေပီး လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် အိမ်ခြေ ၉၀ ကျော် ပြိုကျပျက်စီးခဲ့ကြောင်း ကနဦးရရှိသော သတင်းများအရ သိရသည်။

ဧပြီ ၂၇ ရက် ညနေ ၄ နာရီခွဲခန့်က စတင်ကာ နာရီဝက်ခန့်ကြာ မိုးသီးကြွေပီး မိုးရွာကာ လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် ခြင်ဘို့ကျေးရွာအုပ်စုအတွင်းရှိ ဆိပ်သာ၊ ကျွန်းဦး၊ ကျွန်းထိပ်၊ ဒါးက၊ ပေါက်တော၊ ပေါက်ကုန်း၊ သဲရိုးနှင့် ကြွက်ကျွန်း ကျေးရွာတို့တွင် ပြိုကျအိမ်ခြေ ၄၁ လုံးနှင့် အမိုးလန်အိမ်ခြေ ၅၀ ရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူအချို့သာရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ကြောင်း ပျက်စီးဆုံးရှုံးမှု စာရင်းပြုစုသည့် မြို့နယ်အဖွဲ့၏ ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းထိ ကောက်ခံရရှိထားမှုစာရင်းအရ သိရသည်။

"မနေ့က ညနေပိုင်း ၄ နာရီခွဲလောက်မှာ မိုးရွာပြီး မိုးသီးတွေကြွေတယ်။ နောက်ပိုင်းမှာ လေပြင်းပါတိုက်လာတော့ ထွက်ပြေးကြရတာပေါ့။ ကျွန်တော့်တူမလေးတောင် အိမ်ပိနေတာ။ အားလုံးက လွတ်ရာပြေးနေရတော့ နောက်မှအိမ်ပိနေတာ သိရတာ။ ကံကောင်းလို့ အရမ်းထိခိုက်မသွားဘူး။ သစ်တွေ အမြစ်ကကျွတ်ပြီးလဲတယ်။ အိမ်တွေကတော့ ပြိုတဲ့အိမ်ပြို၊ အမိုးလန်တဲ့အိမ် လန်ကုန်တယ်။ ကယ်ဆယ်ရေးစခန်းရယ်လို့တော့ မရှိပါဘူး။ မိုးရွာတုန်းမှာ မပျက်စီးတဲ့ နီးရာအိမ်မှာ စုနေရတယ်။ မိုးတိတ်တော့ ပျက်စီးသွားတဲ့ ကိုယ့်အိမ်မှာပဲ ဖြစ်သလိုပြန်ပြီး နေရတာပေါ့။ ဒီလို ဆိုးဆိုးရွားရွားလေပြင်းတိုက်တာ မကြုံဖူးဘူး" ဟု ဒေသခံတစ်ဦးကဆိုသည်။

"သီရိမင်္ဂလာဆိပ်သာဘုန်းကြီးကျောင်းလည်း တော်တော်ထိခိုက်သွားတယ်။ ကျောင်းမကြီးကို နောက်ဘက် ၁၀ လံ၊ ၁၅ လံလောက်အကွာက သစ်ပင်တွေလဲပြီးပိတယ်။ ရှေ့ဘက်ကို ကျောင်းစောင်းပြီး စိုက်သွားတယ်။ အောက်ခြေအုတ်ခုံတွေလည်း ထိခိုက်လို့မပြို ရုံတမယ်ပါပဲ။ ဘုရားထီးတော်လည်း ယိုင်သွားတယ်။ နဂါးရုံဘုရားတန်ဆောင်း အမိုးလွင့်သွားပြီး တန်ဆောင်းထဲက နဂါးတောင် ခေါင်းပြတ်သွားတယ်။ ကျွန်တော့်အိမ်ကတော့ အိမ်နောက်ဘက်ခြမ်း အမိုးလန်သွားတယ်" ဟု ဘုန်းတော်ကြီးကျောင်းနား နေထိုင်သူတစ်ဦးကဆိုသည်။

အုပ်ချုပ်ရေးပိုင်းနှင့် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများက ထိခိုက်ပျက်စီးသည့် အိမ်ခြေစာရင်း အတိအကျရရှိနိုင်ရန် ကောက်ခံနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားရန်ရှိကာ မြို့နယ်အုပ်ချုပ်ရေးမှူးကဦးစီးကာ သီးခြားလှူဒါန်းမှုများလည်းပြုလုပ်ရန် စီစဉ်နေကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်နှင့် ကြွက်ကျွန်းမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များကလည်း ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media