ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် လူသတ်မှုနှင့် မီးရှို့မှု ဖြစ်ပွား

ပို့စ်တင်ချိန် - 4/15/2014 12:35:00 PM


ဆိပ်ကြီးခနောင်တို ဧပြီ ၁၄

၂၀၁၄ ခုနှစ် ဧပြီလ (၁၄)ရက်နေ့ ၁၆၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်၊ အင်ကြင်းမြိုင်လမ်း၌ ဓါးထိုးမှုတစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ ဇော်လင်းထွန်း (၂၀)နှစ် ဆိပ်ကြီးအရှေ့ရပ်ကွက်၊ အင်ကြင်းမြိုင်လမ်း၊ အမှတ်မရှိ နေသူသည် မလမင်းတွယ်တာ (၁၅)နှစ် (၁၀ တန်းကျောင်းသူ)အား ရေပက်ကစားရင်း ပါးဖက်နမ်းသဖြင့် လမင်းတွယ်တာ၏ အဒေါ်ဖြစ်သူ မဇင်မီမီထွန်း(ခ) ဇင်မီလေး၊ (၂၉)နှစ်မှ ဇော်လင်းထွန်းအား ပါးပြန်ရိုက်ခဲ့ကြောင်း၊ ၎င်းကိစ္စနှင့် ပတ်သက်၍ ဇော်လင်းထွန်း၏ မိခင် ဒေါ်တင်တင်မော် (၃၉)နှစ်၊ ဦးလေးဖြစ်သူ ဦးသုခ (၃၅)နှစ်၊ အစ်မဖြစ်သူ မအိဖြူတို့မှ မကျေနပ်၍ ပြန်လည်ပြောဆို စကားများကြစဉ် မဇင်မီမီထွန်း(ခ) ဇင်မီလေးမှ အရိုးအသွား (၄)လက်မခန့်ရှိ ခဲတံချွန်ခေါက်ဓါးနှင့် လှီးခဲ့သဖြင့် ဒေါ်တင်တင်မော်တွင် ၀ဲရင်ဘတ်၊ ၀ဲပါး၊ ၀ဲလက်မောင်း၊ ၀ဲလက်ကောက်ဝတ်နှင့် ၀ဲလည်ပင်းအောက်တို့၌ ပြတ်ရှဒဏ်ရာများဖြင့် လည်းကောင်း၊ ဦးသုခတွင် ယာလက်မ ပြတ်ရှဒဏ်ရာများဖြင့် လည်းကောင်း၊ မအိဖြူတွင် ၀ဲနဖူး၊ ယာနဖူး၊ ယာပါးပြတ် ဒဏ်ရာတို့ အသီးသီး ရရှိခဲ့ခြင်းကြောင့် ဆိပ်ကြီးခနောင်တို မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိပ်ကြီးခနောင်တို မြို့မရဲစခန်း ဒုရဲမှူး ဇော်မင်းနိုင်မှ (၁၇၀၀)နာရီတွင် (ပ)၈၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေစဉ် (၁၇၁၀)နာရီတွင် ဒေါ်တင်တင်မော်မှာ သေဆုံး သွားသဖြင့် ပြစ်မှုပုဒ်မ-၃၂၆ မှ ၃၀၂ သို့ပြောင်းလဲ၍ မဇင်မီမီထွန်းအား ခေါ်ယူ စစ်ဆေးလျက် ရှိပါသည်။

ထိုသို့ ရဲစခန်းမှ အမှုဖွင့် စစ်ဆေးနေစဉ် မဇင်မီမီထွန်း၏ တူဖြစ်သူ ရဲလင်းထက်မှ (၁၇၄၀) အချိန်တွင် မိမိအိမ်ကို မီးရှို့ခဲ့သဖြင့် ရပ်ကွက်မှ မီးငြှိမ်းသတ်ကြရာ (၁၇၅၀)တွင် မီးငြိမ်းခဲ့သဖြင့် တန်ဖိုး ၇ထောင်ဖိုးသာ ဆုံးရှုံးမှုဖြစ်ခဲ့ပြီး ဆိပ်ကြီးခနောင်တို မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၄၃၆/၁၁၄)ဖြင့် ရဲလင်းထက်အား အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar