ရေကစားမဏ္ဍပ် ၁၀၀ နီးပါး ရန်ကုန်မြို့မှာ ခွင့်ပြုထား

ပို့စ်တင်ချိန် - 4/15/2014 09:51:00 AM


ဒီနှစ် ရန်ကုန်မြို့သင်္ကြန်မှာ ရေကစားမဏ္ဍပ် ၁၀၀ နီးပါးလောက် ဆောက်လုပ်ခွင့်ပြုထားပြီး ကန်တော်ကြီးကန်ပတ်လမ်းမှာ မဏ္ဍပ်ကြီး ၁၈ ခု၊ ကမ္ဘာအေးဘုရားလမ်းမှာ ၁၂ခု နဲ့  ပြည်လမ်းမှာ မဏ္ဍပ်ကြီး ၄ ခု ဆောက်လုပ်ခွင့်ပြုထားကြောင်း သိရပါတယ်။

ရေကစားသူတွေနဲ့ မဏ္ဍပ်ကြီးတိုင်းရဲ့ လုံခြုံရေးအတွက် လုံခြုံရေးကင်မရာ CCTV တွေ တပ်ဆင်ခိုင်းထားပြီး  ရဲတပ်ဖွဲ့ဝင်တွေကိုလည်း မဏ္ဍပ်ကြီးတွေတိုင်းမှာ ချထားတယ်လို့ ရန်ကုန်မြို့တော် သင်္ကြန်ကာလအတွက် ပူးပေါင်းစီစဉ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးက RFA ကို ပြောပါတယ်။

"မဏ္ဍပ်တွေမှာ CCTV တွေ တပ်ဆင်ထားတယ်၊ ရန်ဖြစ်မယ်ဆိုလို့ရှိရင် ပထမဆုံး မဏ္ဍပ်လုံခြုံရေးကရှင်း ရှင်းလို့မရရင် ရဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့နဲ့ ရှင်းပေးမှာပေါ့နော်၊ မှုခင်းရဲ့ အတိမ်အနက်ပေါ်မူတည်ပြီးတော့ တရားဥပဒေအရလုပ်မှာပါ"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်အနောက်ပိုင်းခရိုင် မဏ္ဍပ်ကိုတော့ ပြည်လမ်းနဲ့ မင်းရဲကျော်စွာ လမ်းထောင့်မှာ ဆောက်လုပ်ထားပြီး ဒီကနေ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတွေစုပေါင်းဖွဲ့စည်းထားတဲ့ ‘ဒေါင်းတို့မျိုးဆက်’ သံချပ်အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဏ္ဍပ်မှာ ဖျော်ဖြေခဲ့ပါတယ်။


RFA Burmese