ယခုနှစ်ရန်ကုန် မဟာသင်္ကြန် အကျနေ့တွင် ပြည်လမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် ကမ္ဘာအးဘုရားလမ်း တို့တွင်စည်ကား

ပို့စ်တင်ချိန် - 4/15/2014 09:55:00 AM

သင်္ကြန်အကျနေ့ ညနေပိုင်းက ပြည်လမ်းရှိ မဏ္ဍပ်တစ်ခုတွင် အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေနေစဉ်


၂၀၁၄ ခုနှစ် သင်္ကြန်အကျနေ့ (ဧပြီ ၁၄ရက်) တွင် ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များ တည်ရှိသည့် ပြည်လမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် ကမ္ဘာအးဘုရားလမ်းတို့တွင် ရေကစားသူများဖြင့်စည်ကား ခဲ့သည်ကိုတွေ့ရသည်။

သင်္ကြန်အကျနေ့တွင် ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ မဏ္ဍပ်အများစုတွင် ရေကစားသူများ များပြားသော်လည်း ယခင်နှစ်လောက် ကားလမ်းပိတ်ဆို့မှု မဖြစ်ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင်ယခင်နှစ်များကဲ့သို့ ယာဉ်ထိန်းရဲ အများအပြားဖြင့် လမ်းရှင်းမှုများ မပြုလုပ်ခဲ့ဘဲ ကားပေါ်မှ လူငယ်အချို့ကမူ လမ်းလယ်ဘလောက်စ်တုံးများကို ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

“မနှစ်ကဆိုရင် ဒီနေရာမှာ လမ်းတွေ ပိတ်ဆို့နေပြီ။ အခုက တော်တော် ရှင်းတယ်။ ဘာကြောင့်လဲတော့ မသိဘူး” ဟု  စက်မှု (၁) လမ်းမပေါ်ရှိ အငှားယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ ပြည်လမ်းရှိ မဏ္ဍပ်အများစုတွင်မူ ညနေပိုင်းတွင် အလွန်စည်ကားမှုများ ရှိခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် Iron Cross အဖွဲ့ ဖျော်ဖြေသည့် Air Bagan မဏ္ဍပ်တွင် သင်္ကြန်လည်ပတ်သူများဖြင့် အလွန်စည်ကားခဲ့ပြီး ကြက်ဖ၊ ဂျောက်ဂျက်၊ ယုန်လေးစသည့် Hip Hop အဆိုတော် အများစု ဖျော်ဖြေသည့် Huawei မဏ္ဍပ်တွင်လည်း လည်ပတ်သူ ပရိသတ်များဖြင့် စည်ကားခဲ့သည်ကို တွေ့ရသည်။ သို့သော် မဏ္ဍပ်အများစုမှာ ကမ္ဘာအေး ဘုရားလမ်းဘက်သို့ ရောက်ရှိသွားသည့်အတွက် ယခင်နှစ်များကထက် သင်္ကြန်ရေကစားသူ ပရိသတ် ပိုမိုများပြားမှု မရှိခဲ့ကြောင်း အနီးအနားတွင် ဈေးရောင်းသူများ၏ ပြောကြားချက်အရ သိရသည်။

အလားတူ မဏ္ဍပ်အများစုတည်ရှိရာ ကန်တော်ကြီးကန်ပတ်လမ်း တစ်လျှောက်တွင်လည်း ရေပက်ခံကားများ၊ လမ်းလျှောက်ရေပက်ခံ ထွက်သူများနှင့် သင်္ကြန်အကျနေ့တွင် စည်ကားခဲ့သည်ကို တွေ့ရှိရသည်။ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဈေးရောင်းချနေသူ တစ်ဦးက “ကျွန်မကနှစ်တိုင်း ဒီကန်ပတ်လမ်းမှာပဲ ဈေးရောင်းပါတယ်။ ဒီနှစ်သင်္ကြန်လည်း မနှစ်ကလိုပဲ စည်ပါတယ်။ အရောင်းအ၀ယ်ကတော့ အကြိုနေ့က နည်းနည်းပါးတယ်။ ဒီနေ့ကတော့ ရောင်းကောင်းပါတယ်” ဟု ဆိုသည်။

ထို့ပြင်သင်္ကြန် အကျနေ့တွင် ရန်ကုန်မြို့တွင်း အနော်ရထာလမ်းမပေါ်တွင်လည်း ရေပက်ခံကားများဖြင့် စည်ကားနေသည်ကိုလည်း တွေ့ရှိရသည်။

သင်္ကြန်အကြိုနေ့က ကရ၀ိတ်ဥယျာဉ်ကမ္ဘာရှိ Grand Royal ရေကစားမဏ္ဍပ်တွင် နိုင်ငံခြားသူ အမျိုးသမီးများမှ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့် မသင့်တော်သည့် ၀တ်စားဆင်ယင်မှုများဖြင့် ကပြမှုများမှာ အင်တာနက်လူမှုကွန်ရက်များတွင်ပျံ့နှံ့ခဲ့ပြီး ပရိတ်သတ်များအကြား ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

News Eleven