တရုတ်နိုင်ငံမှာ ရေနံယိုစိမ့်မှုကြောင့် ပြည်သူ ၂ သန်းကျော် သောက်သုံးရေ ညစ်ညမ်းမှု ခံစားနေရ

ပို့စ်တင်ချိန် - 4/13/2014 10:05:00 PM


တရုတ်နိုင်ငံရဲ့အကြီးဆုံး ရေနံနဲ့ ဓာတ်ငွေ့ထုတ်လုပ်ဖြန့်ဖြူးသူ CNPC ရဲ့ လက်ခွဲ စက်ရုံကနေ ရေနံ ယိုစိမ့်မှုကြောင့် တရုတ်အနောက်မြောက်ပိုင်း ဂန်စုပြည်နယ်ရဲ့ မြို့တော်လန်ကျိုးက ပြည်သူ ၂.၄ သန်းကျော် ပိုက်ရေညစ်ညမ်းမှုကို ခံစားခဲ့ရပါတယ်။

လန်ကျိုး ရေနံဓာတုစက်ရုံပိုင် ရေနံဖြန့်ဖြူးရေးပိုက်လိုင်းတွေထဲက တခုက ရေနံစိမ်းတွေ ယိုစိမ့်ခဲ့လို့ အနားက ရေအရင်းအမြစ်တွေ ညစ်ညမ်းခဲ့တာပါ။ ဒါကြောင့် မြို့တွင်း သောက်သုံးရေဖြန့်ဖြူးမှု စနစ်အတွင်း ဘင်ဇင်းဓာတ်တွေ အန္တရာယ်ရှိတဲ့ အဆင့်အထိ ညစ်ညမ်းခဲ့တယ်လို့ လန်ကျိုးမြို့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးခေါင်းဆောင် ယန်ကျိကျန်းက ဧပြီလ ၁၂ ရက်နေ့က မြို့အစိုးရက ကျင်းပတဲ့ ညီလာခံအတွင်းမှာ ပြောပါတယ်။

Chinaရေစက်ရုံက ပြတဲ့ စမ်းသပ်ချက်အရ အန်းနင်နဲ့ ကျီကို့ ခရိုင်တွေကို ဧပြီလ ၁၂ နေ့က ဖြန့်ဖြူးတဲ့ ပိုက်ရေတွေထဲမှာ ဘင်ဇင်းက ရေတလီတာကို ၃၅.၅ မိုက်ခရိုဂရမ်ထိ ပါနေပြီး ဧပြီလ ၁၁ နေ့ကထက်တော့ အများကြီး လျော့ကျသွားပြီလို့ ဆိုပါတယ်။ ရေပိုက်တွေကို ဆေးနေလို့ ညစ်ညမ်းနှုန်း အတက်အကျရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

လန်ကျိုးမြို့က ပိုက်ရေတွေမှာ ပါတဲ့ ဘင်ဇင်းပမာဏက ဘေးကင်းမှု အဆင့်ထက် ကျော်နေလို့ စနေမနက် ၁၁ နာရီအထိ အချိန်အတွင်း မသောက်ကြဖို့ မြို့အစိုးရက ဧပြီလ ၁၁ ရက်နေ့က သတိပေးထားပါတယ်။

ဧပြီလ ၁၁ ရက်နေ့ညကတော့ လန်ကျိုးရေဖြန့်ဖြူးရေး လုပ်ငန်းဌာနက ရေစစ်စနစ်တွေကို ထပ်ခါထပ်ခါ ဆေးကြောနေခဲ့ပြီး မြို့ပြ ဘုံဘိုင်ရေဖြန့်ဖြူးတဲ့ ရေပိုက်တွေကို သန့်စင်စေဖို့ ထပ်ခါထပ်ခါ ရေသန့်နေတယ်လို့ ဆိုပါတယ်။

ချန်ကွမ်းနဲ့ ချိလီဟွာ ခရိုင်တွေက မြို့တွင်း စောင့်ကြည့်ရေးနေရာတွေက ဧပြီလ ၁၂ ရက်နေ့ မနက်အစောပိုင်း ရေနမူနာ စမ်းသပ်ချက် ၄ ရပ်မှာတော့ ဘင်ဇင်းညစ်ညမ်းမှုတွေ မရှိတော့ဘူးလို့ မြို့အစိုးရက ဆိုပါတယ်။ ဒါပေမယ့် ကျီကို့နဲ့ အန်းနင် ခရိုင်တွေက ရေနမူနာတွေမှာတော့ ဘင်ဇင်းတွေ တွေ့ရဆဲပါ။

လူနေဒေသတွေနဲ့ ကျောင်းတွေအတွက် သောက်ရေသန့် ပုလင်းတွေကို အဆက်မပြတ် ပို့ပေးနေရပြီး ဧပြီလ ၁၂ ရက်နေ့က အနောက်မြောက် တက္ကသိုလ်က ကျောင်းသားတွေအတွက် ရေသန့်ဗူး ၇ သောင်းကျော် ပို့ပေးရတယ်လို့ ခန့်မှန်းထားပါတယ်။

ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှာ ညစ်ညမ်းရေတွေ အပြီးသတ် ဖယ်ရှားပြီးစီးမယ်လို့ ဒေသခံ ရေဖြန့်ဖြူးရေး ကုမ္ပဏီက ဧပြီလ ၁၁ ရက်နေ့က ပြောပါတယ်။ ဒါပေမယ့် ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းအထိ တုံ့ပြန်မှုတော့ မရှိသေးပါဘူး။

DVB Burmese