ဗြိတိန်တွင် ၆ လထက် ကျော်လွန်နေထိုင်မည့် မြန်မာနိုင်ငံသားများ တီဘီရောဂါ မရှိရန် လိုအပ်

ပို့စ်တင်ချိန် - 4/13/2014 10:34:00 AM


ဗြိတိန်နိုင်ငံတွင် ၆လနှင့် အထက် နေထိုင်ရန် ပြည်ဝင်ခွင့် လျှောက်မည့် မြန်မာနိုင်ငံသားများ အနေဖြင့် အဆုတ်နာတီဘီရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက်ရှိမှသာ ပြည်ဝင်ခွင့် ရနိုင်မည်ဟု ဗြိတိန်အစိုးရ အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ တစ်ဆင့် ဧပြီလ ၁၀ရက်က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှ ပြည်ဝင်ခွင့် လျှောက်ထားသူများအနေဖြင့် ဧပြီလ ၂၀ ရက်တွင် စတင်၍ အကျုံးဝင်မည်ဖြစ်သည်ဟု ဆိုသည်။

တီဘီဆေးစစ်ချက် ကင်းရှင်းကြောင်း လျှောက်ထားရမည့် သူများနှင့် ပတ်သတ်၍ “လာပြီး အခြေချ အလုပ်လုပ်ကိုင်မယ့် သူတွေ၊ ကျောင်းလာတတ်မယ့် သူတွေ ၆လကျော် အလုပ်ကိစ္စ လာမယ့်သူတွေပဲ လိုအပ်တာပါ၊ ကျန်တဲ့သူ မလိုအပ်ပါဘူး" ဟု ဗြိတိန်အစိုးရ အဖွဲ့က ပြောသည်။

ပြည်ပ ဧည့်သည်တစ်ဦးအနေဖြင့် ဗြိတိန်နိုင်ငံတွင် အကြာဆုံးနေထိုင်နိုင်သည့် ကာလမှာ တစ်ကြိမ်လျှင် ၆ လတာ သတ်မှတ်ထားသည်။ သို့သော် ရေရှည်နေထိုင်မည့် ဗီဇာမှာ ၁နှစ်မှ စတင်၍ ၂နှစ်၊ ၅နှစ်၊ ၁၀နှစ် စသဖြင့်ရှိသည်။

တီဘီကင်းရှင်းသည့် ဆေးစစ်ချက်နှင့် လျှောက်ရမည့် ပြည်ဝင်ခွင့် ဗီဇာမှာ မြန်မာနိုင်ငံအပြင် အခြား ၆၇ နိုင်ငံကိုလည်း ဗြိတိန်နိုင်ငံအနေဖြင့် ထုတ်ပြန်ထားပြီး မိမိနိုင်ငံအတွင်းသို့ ပြည်ဝင်ခွင့်တွင် အခြား လိုအပ်ချက်များ ရှိလာပါက ထပ်မံတိုးချဲ့သတ်မှတ်သွားမည်ဟု ဗြိတိန်အစိုးရ အဖွဲ့မှ ၂၀၁၂ ခုနှစ်၊ မေလတွင် ကြေငြာထားပြီး ဖြစ်သည်။

ဗြိတိန်အစိုးရ အဖွဲ့အနေဖြင့် ထိုကဲ့သို့ ဆုံးဖြတ်ရခြင်းမှာ WHO ( ကမ္ဘာ့ကျန်းမာရေးအဖွဲ့)၏ စာရင်းများအရ ကမ္ဘာတစ်ဝှမ်းတွင်တီဘီရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်မားလာခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။

တီဘီရောဂါနှင့် ပတ်သတ်သည့် ပြည်ဝင်ခွင့် သတ်မှတ်ချက်မှာ ဗြိတိန်နိုင်ငံနည်းတူ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတေးလျ၊ နယူးဇီလန်နိုင်ငံတို့တွင် သတ်မှတ်ထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံသားများအနေဖြင့် ဗြိတိန်နိုင်ငံသို့ တာရှည် (၆လကျော်) ပြည်ဝင်ခွင့် လျှောက်ထားသူများ တီဘီကင်းရှင်းကြောင်း ဆေးစစ်ရန် ဗြိတိန်အစိုးရ အဖွဲ့မှ အသိအမှတ်ပြုထားသည့် ရန်ကုန်မြို့  လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်ဂေါက်ကွင်းရိပ်သာ၊ ပန်းလှိုင်းဆေးရုံ၊ အလွှာ (၁)၊ “ IOM Health Assessment Clinic"တွင် ဆေးစစ်ရမည်ဖြစ်သည်။

 "ဆေးစစ်ရမယ့် သူတွေက ပြည်ဝင်ခွင့်မလျှောက်ခင် လူတွေ့မှာ တီဘီကင်းရှင်းမှု ဆေးစစ်ချက်ကို ပြရမယ်၊ ကျသင့်ငွေကိုလည်း ဆေးရုံကို တိုက်ရိုက်ပေးရမယ်၊ ဆေးစစ်ခ,က အရွယ်ရောက်သူတွေအတွက်ဆို တစ်သိန်းနှစ်သောင်းနဲ့ ကလေးတွေအတွက် ကျပ်ငါးသောင်း လောက်ရှိပါမယ်၊ ဒီဈေးကလည်း အပြောင်းအလဲ ရှိနိုင်ပါတယ်" ဗြိတိန်အစိုးရအဖွဲ့က ဆိုသည်။

နန်းလွင်နှင်းပွင့်
mizzimaburmese