မဟာသင်္ကြန်ကာလအတွင်း အသံဆူညံသည့် အိတ်ဇောများ ပြောင်းလဲတပ် ဆင်မောင်းနှင်သော မော်တော် ဆိုင်ကယ်များအား ယာယီသိမ်းဆည်းမည်

ပို့စ်တင်ချိန် - 4/13/2014 10:48:00 AM



မိတ္ထီလာ ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတွင် မြန်မာ့ရိုးရာယဉ် ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလ အတွင်း အသံဆူညံသည့် အိတ်ဇောများ ပြောင်းလဲတပ်ဆင်မောင်းနှင် သော မော်တော်ဆိုင်ကယ်များကို ယာယီ သိမ်းဆည်း အရေးယူပြီးသင်္ကြန်ကာလပြီးမှ ပိုင်ရှင်များအား ဒဏ်ငွေပေးဆောင်စေကာ ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း အမှတ် (၅၉) ယာဉ်ထိန်းတပ်ဖွဲ့စု(မိတ္ထီလာ) ထံမှ သိရသည်။

မဟာသင်္ကြန် အကြို၊ အကျ၊ အကြတ်၊ အတက် လေးရက်တာ ကာလအတွင်းမှာ အသံဆူညံ အိတ်ဇော်များ ပြောင်းလဲတပ်ဆင်ပြီး မောင်းနှင်တဲ့ မော်တော်ဆိုင်ကယ် တွေကို ယာယီသိမ်းဆည်းအရေးယူ ဆောင်ရွက် သွားမှာပါ။ သင်္ကြန်ကာလပြီးမှသာ သတ်မှတ်ဒဏ်ကြေးပေးဆောင်စေပြီး မော်တော်ဆိုင်ကယ် မော်တော် ဆိုင်ကယ်တွေ ပြန်လည် ထုတ်ပေးသွားမှာပါ။ ဒဏ်ငွေပေးဆောင်းရုံတင် မဟုတ်ပါဘူး။ တပ်ဆင်ထားတဲ့ အသံဆူညံ အိတ်ဇောတွေကို အစားထိုးတပ်ဆင်မယ့် ပုံမှန်အိတ်ဇောနဲ့ ပြောင်းလဲတပ်ဆင် ပြီးမှသာ ဆိုင်ကယ် ထုတ်ယူခွင့်ပြုမှာပါ။ ဖမ်းဆီးရမိတဲ့ မော်တော်ဆိုင်ကယ် တွေကို မြို့နယ်ပေါက်ချောင်း အားကစားကွင်း (ကြက်တောင်ရုံ)မှာ ထိန်းသိမ်းထားမှာပါဟု အဆိုပါ ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိတ္ထီလာ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း အများပြည်သူ ပျော်ရွှင်အေးချမ်း စွာ စည်စည်ကားကားဖြင့် ပါဝင်ဆင်နွှဲနိုင်စေ ရေးအတွက် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန် အမှတ် (၅၉) ယာဉ်ထိန်း တပ်ဖွဲ့စုနှင့် ခရိုင်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သည့် အဖွဲ့မှ တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်သည်။

ယခုအခါ မိတ္ထီလာတွင် မဆင်မခြင်မောင်းနှင်သည့် မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များကို ပူးပေါင်း ယာဉ်ထိန်းတပ်ဖွဲ့က ဧပြီ ၃ ရက်မှ စတင်ပြီး နေ့ညစစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိရာ မော်တော် ဆိုင်ကယ် ၂၁ စီးကို ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

MOI Webportal Myanmar