ခံပါဦးကွယ် ခံဦးကွယ် ဆက်ပြီး ခံဦးကွယ်

ပို့စ်တင်ချိန် - 4/29/2014 07:04:00 PM


နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြီ။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာ အလုပ်သမား တို့အတွက် ပြဿနာ ဟောင်းတွေ မကုန်သေးသလို ပြဿနာ အသစ်များစွာ တို့က လည်း အဆင်သင့် စောင့်ကြိုလျက် ရှိသည်။

ပြည် ပရောက် မြန်မာ အလုပ်သမား များစွာ တို့ အနက် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား တို့လောက် ပြဿနာ များ ကြုံရသူ ရှားလိမ့်မည်။ ပြဿနာပေါင်း သောင်းခြောက်ထောင် ဟု ရှေးလူကြီး များ တင်စားချက်က ထိုင်းရောက် မြန်မာ အလုပ် သမားများနှင့် အလွန် ကိုက်ညီသည်။ ကြုံနေရသော ပြဿနာသောင်း ခြောက်ထောင် တို့တွင် အချို့သောပြဿနာ များက အလုပ်သမားများ ကိုယ်တိုင်နား မလည်မှု၊ အားနည်းမှု တို့ ကြောင့်ဖြစ်ရ သလို၊ အချို့သော ပြဿနာ များကတော့ အစိုးရ တို့၏ ဥပဒေများ၊ မူဝါဒအားနည်း မှုများ၊ အကျင့်ပျက် ခြစား မှုများကြောင့် ဖြစ်ရသည်ဟု ဆိုနိုင် ပါလိမ့်မည်။

ပြဿနာဟောင်းများ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အားလုံး နီးပါးသည် မူလ ကပင် ထိုင်းနိုင်ငံသို့ တရား မဝင်နယ် စပ်ဖြတ်ကျော် သွားရောက်ခဲ့ ကြခြင်း ဖြစ်သည်။ မိမိနိုင်ငံ တွင် အလုပ်အကိုင် ရှားပါးမှု၊ နိုင်ငံရေး မတည်ငြိမ်မှု၊ ပဋိ ပက္ခ ဖြစ်ပွားမှု များကြောင့် ဤသို့အလုံး အရင်း နှင့် သွားရောက်ခြင်း ဖြစ်သလို ထိုင်းနိုင်ငံ အနေနှင့် လည်း တိုးတက် လာသော စီးပွားရေးကြောင့် ကုန်ထုတ် လုပ်ငန်း များစွာတို့တွင် လုပ်သားလို အပ်မှု များစွာဖြစ်ပေါ် လာသဖြင့် လက်ခံ ထားခြင်းဖြစ်သည်။ နှစ်ဦးနှစ် ဖက် ဆိုင် ရာ ဆိုင်ရာ လိုအပ်ချက်များကြောင့် ဤကဲ့သို့ ရွှေ့ပြောင်း သွားလာ လုပ်ကိုင်ခဲ့ရ သော်လည်း မြန်မာ အလုပ်သမား တို့၏ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ကို အ ကြောင်းပြု ၍ ထိုင်းနိုင်ငံ ၏ နှိမ်ချဆက် ဆံမှုများကို အစဉ်အဆက် မြန်မာရွှေ့ ပြောင်း အလုပ်သမားတို့ ခံစားခဲ့ရသလို ယခုလက်ရှိတွင် လည်း ခံစား ကြုံတွေ့ နေ ရဆဲ ပင်။

ဥပမာ အနေဖြင့် ထိုင်းနိုင်ငံ နယ်စပ်ရှိ မဲဆောက်မြို့တွင် မြန်မာရွှေ့ ပြောင်း အလုပ်သမား ၂သိန်းမှ ၃ သိန်း ခန့်တို့သည် ဆောက်လုပ်ရေး လုပ်ငန်း၊ စက်ရုံ အလုပ်ရုံ လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ ဈေးဆိုင် အလုပ်သမား၊ အိမ် အကူစသော အလုပ်သမား များအဖြစ် နေရာစုံ ပုံစံ စုံအလုပ်လုပ်ကိုင် လျက်ရှိ သည်။ သို့သော် ထိုင်းနိုင်ငံ၏ အလုပ် သမား ကာကွ ယ်စောင့်ရှောက်ရေး ဥပဒေ ကပြဋ္ဌာန်း ထားသော အခွင့်အရေး များ၊ အနိမ့်ဆုံး လုပ်အားခစသော အခြေခံ အ ခွင့်အရေး များကို မရရှိခဲ့ကြပါ။ ထိုင်း နိုင်ငံ က အနိမ့်ဆုံး လုပ်အားခကို တစ် နေ့လျှင် ဘတ် ၃ဝဝ ဟု သတ်မှတ်ထား သော်လည်း မဲဆောက်မြို့ ရှိမြန်မာရွှေ့ ပြောင်း အလုပ်သမား များသည် တစ်နေ့ လျှင် ဘတ် ၁ဝဝ ခန့်သာ ရရှိကြသည်။

ဥပဒေက ပြဋ္ဌာန်းထားသော အလုပ် သမား အခွင့်အရေး အတိုင်းပေးသည့် စက်ရုံ အလုပ်ရုံမှာ လက်ချိုးရေလျှင်ပင် လက်ဆယ်ချောင်း မပြည့်တတ်၊ အကြောင်း အမျိုး မျိုးပြကာ မြန်မာအ လုပ်သမား များကို နှိမ်ချ ဆက်ဆံထားသည်။ ထိုင်း အလုပ်သမား ဝန်ကြီးဌာနသို့ တိုင်ကြား လျှင်လည်း အလုပ်သမားများ အပေါ် ကာကွယ် မှုပေးခြင်း အားနည်းသည့် အပြင် အလုပ်ရှင်က ထိုင်းရဲသို့ တိုင် ကြား၍ အလုပ်သမားများ ဖမ်းဆီးခိုင်း ခြင်းများ သာဖြစ်ပွားခဲ့သည်။ ထို့ကြောင့် မြန် မာရွှေ့ပြောင်း အ လုပ် သမား တို့မှာ မည်သို့မျှ မတတ်နိုင်ဘဲ အလုပ်ရှင်နှင့် အာဏာပိုင်တို့၏ လုပ်သမျှသာ ကြိတ်ခံ နေရသည်။

ထို့ထက် ပိုသည်မှာ မိမိနိုင်ငံ အစိုးရထံမှ မည်သည့် အထောက် အကူ မျှ မရရှိခြင်း ဖြစ်သည်။ ဤအခြေအနေ များဖြစ်ပေါ်နေသည် မှာ နှစ်ပေါင်း ၂ဝ ကျော်ပြီဖြစ်သည်။ အကယ်၍ မြန်မာ အစိုးရ အနေဖြင့် သော် လည်းကောင်း၊ နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေး ကော်မတီ ကသော် လည်းကောင်း မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး ကိုတောင်း ဆိုဆောင် ရွက်ပေး လျှင် အ နည်းနှင့် အများ မြန်မာ အလုပ်သမား တို့ သက်သာရာ ရရှိကြမည် ဖြစ်သည်။ ယခုတော့ ဒုံရင်းဒုံရင်း လူ့ဂုဏ်သိက္ခာ မဲ့စွာ ပြုမူဆက်ဆံ ခံနေကြရသည်။ ယုတ်စွ အ ဆုံး ဖမ်းဆီးခံ ရသော အလုပ်သမားများ ကိုသော် လည်းကောင်း၊ တရားဝင်ပြန်လာ သော အလုပ်သမားများ ကိုလည်းကောင်း နေ့စဉ်တိုင်း အမြတ်ထုတ် အနိုင်ကျင့်ခံ ရခြင်းများကို ပင်ကာကွယ် စောင့်ရှောက် မှုမပေးနိုင်အောင် တာဝန်မဲ့နေသည်။

ပမာဆိုရလျှင် မဲဆောက် မြဝတီ လမ်းမှနေ၍ နေ့စဉ်မြန်မာနိုင်ငံသား ရာ ထောင် ချီလျက် ဖြတ်သန်းနေကြသည်။ အထူးသဖြင့် နိုင်ငံသား စိစစ်ထားပြီး ယာယီ ပတ်စ်ပို့ ကိုင်ဆောင် ထားသော မြန်မာ အလုပ်သမား များစွာတို့သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ မွေးရပ်မြေ သို့ ကူးလူး သွားလာနေကြသည်။ ဘန်ကောက် မှ မဲဆောက် သို့သွားလာရာ တွင် တရားဝင် ပတ်စ်ပို့ ဗီဇာ ရှိပါလျက် စစ်ဆေးရေး ဂိတ်များ၌ ထိုင်းရဲတို့က မတရား ငွေညှစ်ခြင်းများ ပြုလုပ်နေကြ သည်။ ခရီးသွားချင်း တူပါ လျက် မြန်မာ အလုပ်သမား များကိုသာရွေးပြီး ကား ပေါ်မှဆင်း၊ တန်းစီစေလျက် စာရွက်စာတမ်း များစစ်ဆေးသည်။

ကားပေါ်ရှိ ထိုင်းနိုင်ငံသားနှင့် အခြားနိုင်ငံသား များ ကိုမူ ဤသို့မပြုမူ။ မြန်မာ အလုပ်သမား များသာ တရားခံ စစ် အစစ်ခံရသည်။ ပတ်စ်ပို့ဗီဇာ ရှိလျှင်ပင် ခရီးသွား လာ ခွင့်ရှိသော်လည်း အခြား အလုပ်လုပ် ခွင့် လက်မှတ်၊ အလုပ်ရှင် ထောက်ခံချက် စသော မလိုအပ်သည့် စာရွက်စာတမ်း များကို မေးမြန်းပြသခိုင်းသည်။ နောက် ဆုံးတွင် မည်မျှ စာရွက် စာတမ်းပြည့်စုံ သည်ဖြစ်စေ ငွေတောင်းခံ ရသည်သာ။ ယခုလို ဖြစ်နေ သည်မှာ ကာလကြာမြင့် ပြီ ဖြစ်သော်လည်း မြန်မာ အစိုးရအနေ ဖြင့် မိမိနိုင်ငံသား များကို ကာကွယ်ပေး သည့် လှုပ်ရှားတောင်းဆိုမှု များကိုမတွေ့ ရသေးပါ။

ထိုမှတစ်ဖန် နယ်စပ် ဖြတ်သန်းရာ ဂိတ်တံတား ရောက်လျှင်လည်း တံဆိပ် တုံး ထုခ အဖြစ်ပေးဆောင် ရပြန်သည်။ ပွဲစားဗြောက်သောက် တို့က ၄င်းတံတား ထိပ်၌ မာဖီးယား ဂိုဏ်းဆန်ဆန် အလုပ် သမားများ အပေါ်ငွေလဲသည့် ကိစ္စ၊ ကား စီးမည့် ကိစ္စတို့တွင် ဗြောင်ကျကျ ခေါင်း ပုံဖြတ်နေသည်။ မြဝတီ တံတားထိပ် တွင် ဗိုက်ဖောက် အဖွဲ့ဟု နာမည်ကြီး သောအဖွဲ့ တစ်ဖွဲ့က လှုပ်ရှားနေသည်။ အစိုးရတာဝန်ရှိ သူများရှေ့မှောက်တွင် ဤသို့ဗြောင်ကျကျ လှုပ်ရှားဆောင် ရွက် နေသော် လည်း မြန်မာ အလုပ်သမား တို့အဖို့ ကူရာကယ်ရာမဲ့နေသည်။

ထို့ထက်ပို၍ အခြေအနေ ဆိုးသူများမှာ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်မှု ကြောင့် ထိုင်းရဲ တို့ ဖမ်းဆီးခံရပြီး နယ်စပ်ပြန်ပို့ခံ ဒုက္ခသည်များ ဖြစ်သည်။ ၄င်းတို့ကို နယ်စပ် ပြန်ပို့ရာတွင် အစိုးရ ချင်း တရားဝင်ပြန် ပို့သည့် စနစ်မဟုတ် ဘဲ နယ်စပ်ရှိ တရားမဝင် ဖွင့် ထားသော လက်နက်ကိုင် အဖွဲ့ တစ်ခု၏ ဂိတ်သို့ပြန် ပို့ခြင်းဖြစ်သည်။

၎င်းဂိတ်သို့ရောက် လျှင် ထိုပြန်ပို့ခံ ဒုက္ခသည် များသည် ဘတ်ငွေ ၁၂ဝဝ ပေးဆောင်မှသာ သွား လိုရာ သွားခွင့်ရသည်။ မပေးပါက ခြိမ်း ခြောက် ငွေညှစ်ခြင်း နည်းမျိုးစုံနှင့် ကြုံ တွေ့ရမည် ဖြစ်သည်။ တစ်ဖက်နိုင်ငံမှ ဖမ်းဆီး၍ ပြန်ပို့ ခံနေရသော အချုပ် သား ဒုက္ခသည်များကို ထပ်ဆင့်ငွေညှစ် ခြင်းမှာ ရုပ်ဆိုးလွန်းလှပြီး ၄င်းအဖြစ်အ ပျက်သည်လည်း နှစ်ပေါင်း ကြာမြင့်စွာ ဖြစ်ပွားနေဆဲပင်။

ကြုံရဦးမည့် ပြဿနာအသစ်

ပြောမကုန်၊ စာဖွဲ့ မကုန်သော ပြဿနာဟောင်းများ ဖိစီးနေသည့် မြန် မာရွှေ့ပြောင်း အလုပ်သမား တို့အတွက် နောက်ထပ် လက်ဆောင် ပြဿနာသစ် များ ကို မြန်မာနှင့် ထိုင်းအစိုးရ တို့က ဖန် တီးပေး ဦးမည်ဖြစ်သည်။ ၂ဝဝ၉ ခုနှစ်မှ စတင်၍ နိုင်ငံသား စိစစ်ပြီး ယာယီ ပတ်စ်ပို့၊ ဗီဇာ တို့ကို မြန်မာနှင့်ထိုင်း အစိုးရ တို့ ထုတ်ပေးထား ခဲ့သည်။ အစိုးရ သတ်မှတ်ဈေးထက် အဆပေါင်း များစွာ ပိုမို ကုန်ကျခဲ့ပြီးမှ မြန်မာ အလုပ်သမား ၁ ဒသမ ၇ သန်းတို့ ၄င်းယာယီ ပတ်စ်ပို့ ကို ရရှိ ခဲ့ ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ သတ်မှတ်ချက် အရ ဗီဇာ လေးနှစ်ပြည့် လျှင် ထိုင်းနိုင်ငံမှ အထွက်ပြပြီး မိမိ နိုင်ငံတစ်ဆင့် နောက်ထပ် ထိုင်းနိုင်ငံ သို့ ပြန် ဝင်ရ မည်ဖြစ်သည်။

ယခုအခါ လေး နှစ်ဗီဇာသက် တမ်း ကုန်ခဲ့သည်မှာ ၁ဝ လနီးပါး ရှိခဲ့ပြီ။ သက်တမ်း ကုန်နေသူ ဦးရေမှာလည်း နှစ်သိန်း ဝန်းကျင်ရှိနေပြီ ဖြစ်သည်။ ထိုင်းနှင့် မြန်မာ အစိုးရတို့ ဤကိစ္စတွင် ကြိုတင်ပြင်ဆင်မှု မလုပ်ခဲ့ ၍ ယခုအချိန် အထိ ၄င်းနှစ်သိန်း ဝန်း ကျင်ရှိ မြန်မာ အလုပ်သမားတို့ ထိုင်း နိုင်ငံတွင် ဆက်လက် အလုပ် လုပ်ဖို့အရေး မသေမချာ မရေမရာဖြစ်နေဆဲပင်။ ရှုပ် ထွေးလှသော လုပ်ငန်းစဉ် များချမှတ်ပြီး မူလ ကိုင်ဆောင်ထားသော ယာယီ ပတ်စ်ပို့အစား ပုံမှန်ပတ်စ် ပို့ပြောင်းရန် မြန်မာ အစိုးရက မူဝါဒချလိုက်သည်။ ဘူးလေးရာ ဖရုံဆင့်စေသော ထိုလုပ်ရပ် ကအလုပ်သမား တို့အပေါ် သောကတိုး စေတော့သည်။

ငွေကုန် ကြေးကျ များစွာ ခံထားပြီး မှ ရရှိသော ယာယီပတ်စ်ပို့မှာ အသုံး မဝင်တော့ဘဲ ပုံမှန် ပတ်စ်ပို့ကို ပြောင်း လဲ လုပ်ဆောင်စေခြင်းကြောင့် အလုပ် သမားတို့ မှာ မြန်မာ အစိုးရအပေါ် နား မလည်နိုင် ဖြစ်ရသည်။ အထူးသဖြင့် ပုံမှန် ပတ်စ်ပို့ လုပ်ဆောင်ရန် အတွက် မရှိမဖြစ် လိုအပ်သော နိုင်ငံသားမှတ်ပုံ တင် နှင့် အိမ်ထောင်စု စာရင်း မရှိသော၊ မ ပြည့်စုံသော၊ ကျေးလက် ဒေသနေဖြစ် သော၊ တိုင်းရင်းသား အများစုဖြစ်သော ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ဤ သို့ ပြု လုပ်စေသည့် မြန်မာအစိုးရ၏ ရည်ရွယ်ချက်က မေး ခွန်းထုတ်စရာ။

လောလောဆယ်တွင် တော့ မိုးကျရွှေကိုယ် ထိုင်းမြန်မာပွဲစား တို့က လုပ်စားရန်ခွင် ကြီးကြီး အဖြစ် ပျော်မြူးနေ ကြပေပြီ။ ယခင်နိုင်ငံသား စိစစ်၍ ယာယီ ပတ်စ်ပို့လုပ်စဉ်ကလည်း မြိုးမြိုးမြက်မြက် စားခဲ့ဖူးသောကြောင့် ယခုအစိုးရက သတ်မှတ် လိုက်သော လုပ်ငန်းစဉ် ရှုပ်ထွေး လေလေ ပိုကြိုက် လေလေဖြစ်နေတော့သည်။ တကယ် အလုပ်သမား အကျိုးရှိဖို့ဆိုလျှင် အလုပ် သမားများ လွယ်ကူ လျင်မြန်စွာဖြင့် လုပ် ဆောင်နိုင်ရန် စီစဉ်ပေးသင့်သည်။

အထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား တို့သည် ကျေးလက်ဒေသနေ တိုင်းရင်းသားပြည် သူ အများစုဖြစ်သည်။ လိမ်လည်လှည့် ဖျားရန် လွယ်ကူ သူ၊ ရိုးသားသူ၊ စာရွက် စာတမ်းကိစ္စ များအတွက် အတွေ့အကြုံ နည်းသူ များဖြစ်ကြသော ဤအလုပ် သမားများသည် ထိုင်းနှင့် မြန်မာ ပွဲစား လူလည် များ အ တွက်တော့ အမဲကောင် များသာ ဖြစ်ကြသည်။ ယခု အစိုးရက သတ်မှတ်သော ပုံမှန် ပတ်စ်ပို့ကို ငွေ ကုန်ကြေးကျ များစွာအကုန် အကျခံပြီး မှသာ ရရှိနိုင်မည့် အနေအထား ရှိသည်။ ၄င်းပုံမှန် ပတ်စ်ပို့ကို ခက်ခက်ခဲခဲရရှိပြီး လျှင်လည်း စိတ်အေးရဦး မည်မဟုတ် သေး။ နောက်ထပ် ခေါင်းပုံဖြတ်ခံ ရဦး မည့် အနေ အထား၊ ပြဿနာ များစွာ ထပ်မံ တွေ့ကြုံကြပေဦးမည်။ မူလယာ ယီပတ်စ်ပို့ သည် ထိုင်းနိုင်ငံ အတွက် သာ သီးသန့် ထုတ်ထားပေးခြင်းဖြစ် ပြီး ယခု ပုံမှန် ပတ်စ်ပို့ ပြောင်းလိုက်လျှင် နိုင်ငံတကာကို သွားနိုင်မည်ဖြစ်သည်။

ထိုသို့ နိုင်ငံတကာကို သွားနိုင်သည် ဆို သောအချက်ကို အကြောင်းပြု၍ ထိုင်း မြန်မာ ပွဲစား လူလည် တို့က ဂျပန်ပို့ပေး မည်။ သြဇီ ပို့ပေးမည်။ ယူအက်စ်ပို့ပေး မည်။ ယူကေ ပို့ပေးမည် စသည်ဖြင့် လိမ် လည်လှည့်ဖျားရန် အလွန် လွယ်ကူသွား ပြီဖြစ်သည်။ ထို့ အတူ မြန်မာနိုင်ငံ သို့ အိမ်ဖော် အလုပ်သမားဈေးကွက် ဖော် ဆောင်ရန် ကြိုးစားနေသော ဟောင် ကောင်၊ စင်ကာပူမှအေးဂျင့် များနှင့် မြန်မာပြည်ပ အလုပ် အကိုင် အေဂျင်စီ တို့က ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား တို့ကို ပစ်မှတ်အဖြစ်ဦး တည်လာနိုင်သည်။ ထို့ထက် ပို၍ တရုတ် နိုင်ငံသို့ မယားပြုရန် သိမ်း သွင်း ခေါ် ဆောင်သည့် လူကုန်ကူး လုပ်ငန်းများ သည်လည်း ထိုင်းရောက် မြန်မာရွှေ့ ပြောင်း အလုပ်သမား များထံ ဦးတည် လာနိုင်သည်။

အသက် ၁၈ မှ ၃၅ နှစ် အရွယ်ရှိ မိန်းကလေး ၈ သိန်းခန့် ရှိသော ထိုင်း နိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအ လုပ်သမား တို့သည် ရည်ရွယ်ချက် အမျိုး မျိုးရှိသော ကိုယ်ကျိုးရှာ အေဂျင်စီ၊ ပွဲ စားများ အတွက် လုပ်စားစရာ ဈေးကွက် ဖြစ်လာပေတော့မည်။ နဂိုကတည်းက ထိုင်းနိုင်ငံတွင် အလုပ်လုပ် ရသည်မှာ လုပ်အားခ နည်းပါးခြင်း၊ ပြဿနာ များစွာ ကြုံရခြင်း တို့ကြောင့် ကြိတ် မှိတ်ကာ မဖြစ်မနေ အလုပ် လုပ်နေရရှာ သော မြန်မာရွှေ့ ပြောင်း အလုပ်သမား များကို အခြား အဆင့်မြင့်နိုင်ငံ များသို့ ပို့ပေးမည်ဟု စည်းရုံး လှည့် ဖျားခြင်းမှာ အလွန် လွယ်ကူသည့် အနေအထားရှိ နေသည်။

ဘယ်သူတာဝန်ယူမလဲ

ဖော်ပြသကဲ့သို့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတို့ သည် ပြဿနာ ဟောင်း ပေါင်းသောင်းခြောက်ထောင် နှင့်နေ့စဉ် လုံးထွေးနေ ရပြီဖြစ်သည်။ ထို့ အ တွက် မြန်မာ အစိုးရက သိသာထင် ရှားစွာ ကူညီဖြေရှင်းမှုများ မလုပ်နိုင် သေး။ ယခုတစ်ဖန် နောက်ထပ် ပြဿနာ အသစ် ဖြစ်ပွားစေသော မူဝါဒကို ထပ်မံ ချမှတ် လုပ်ဆောင်နေပေပြီ။

သို့ဆိုလျှင် ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့သော ပြဿ နာအဟောင်း၊ ပြဿနာ အသစ်များအ တွက် မြန်မာအစိုးရ အနေဖြင့် မည်သို့ တာဝန် ယူမည်၊ ဖြေရှင်းဆောင်ရွက် မည်၊ ပြင်ဆင် ထားသည်ကို မေးခွန်း ထုတ်ရပေတော့မည်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတို့ အဖို့ မြန်မာ အစိုးရထံ မှ မျှော်လင့်ချက်ကြီး ကြီးထား၍ မရကြောင်း ၄င်းတို့အတွေ့ အ ကြုံများက သက်သေပြနေပြီ ဖြစ်သည်။

အကယ်၍ မြန်မာ အစိုးရ အနေဖြင့် မိမိ၏ မူဝါဒနှင့် လုပ်ဆောင်မှု များကို အချိန်မီ ပြင်ဆင်ပြောင်းလဲမှု များ မလုပ်နိုင်ခဲ့ လျှင် ကျွန်ုပ်တို့ အနေဖြင့် သင်္ကြန်တေး သွားအလိုက် ”ခံပါဦးကွယ် … ခံဦးကွယ် … ဆက်ပြီးခံ ဦးကွယ်” ဟု ရေ ရွတ်နေရုံမှ တစ်ပါး ….။

မော်ဖိုးစိန်
Popular Myanmar News Journal