ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး စိတ်မချရသော်လည်း နိုင်ငံခြားသား ခရီးသွားများ ပုံမှန်သွားရောက်

ပို့စ်တင်ချိန် - 4/05/2014 05:30:00 PM




ရန်ကုန်၊ ဧပြီ ၎

ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂနှင့် INGO များ၏ ရုံးခန်းများကို အကြမ်းဖက် လူအုပ်စုများက တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး စိတ်မချရသော်လည်း နိုင်ငံခြားသား ခရီးသွားများ သွားရောက်မှု ပုံမှန်အခြေအနေသာ ရှိကြောင်း ရခိုင်ပြည်နယ် အတွင်းရှိ ဟိုတယ်များထံမှ သိရှိရသည်။

မြန်မာနိုင်ငံ၏ နှစ်သစ်ကူး သင်္ကြန်ပွဲတော် ကျင်းပမည့် အချိန်ကာလ နီးကပ်လာသည့်အတွက် ပြည်တွင်း ခရီးသွားများ ကြိုတင် အခန်းငှားရမ်းမှု များပြားပြီး ခရီးသွားရာသီ အဆုံးပိုင်းအချိန် ဖြစ်သည့် ဧပြီလတွင် နိုင်ငံခြားသား ခရီးသွား လျော့နည်းလေ့ ရှိကြောင်း၊ လုံခြုံရေး အခြေအနေကြောင့် ခရီးသွားလာမှု လျော့နည်းခြင်း မရှိကြောင်း သံတွဲမြို့နယ် အတွင်းရှိ Silver Beach ဟိုတယ်ထံမှ စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ် အတွင်းတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းမှ ဝန်ထမ်းများနှင့် အကြမ်းဖက် အုပ်စုများကြား ဖြစ်ပွားသည့် ပဋိပက္ခများ ရှိသော်လည်း နိုင်ငံခြားသား ခရီးသွားများ သွားလာခြင်းနှင့် ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေနှင့် တားမြစ်ထားခြင်း၊ စည်းကမ်း ထုတ်ထားခြင်း မရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ခရီးသွားတွေ အနေနဲ့တော့ သက်ဆိုင်ရာဒေသက အာဏာပိုင်တွေ ဥပဒေ ထုတ်ထားတယ်ဆိုရင် အဲ့ဒီဥပဒေကိုတော့ လိုက်နာဖို့ လိုတာပေါ့” ဟု ၎င်းကဆိုသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ ၁၃-၉-၂၀၁၃ ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၈၀၃၊ ၂၀၁၃) အရ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ ကျောက်တော်၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တို့ကို သွားလာခွင့်ပြု နယ်မြေအဖြစ် သတ်မှတ်ထားပြီး မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်တို့ကို မြို့ပေါ်ခွင့်ပြု၊ မြို့ပြင်ခွင့်ပြုချက် တောင်းခံရမည့် နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။



The Voice Weekly