အသက် ၁၀ နှစ်အရွယ် ကလေးငယ် ကြိုးဆွဲချ သေဆုံး

ပို့စ်တင်ချိန် - 4/29/2014 03:49:00 PM


ရန်ကုန်၊ ဧပြီ ၂၈

ရွှေပြည်သာမြို့နယ် အမှတ် (၁၉) ရပ်ကွက်တွင် ဧပြီလ ၂၇ ရက် နံနက် ၁၁ နာရီခန့်က အသက် ၁၀ နှစ် အရွယ်ရှိ မိန်းကလေးငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက် နေသူများထံမှ သိရှိရသည်။

အဆိုပါ ကြိုးဆွဲချ သေဆုံးခဲ့သော ကလေးမှာ ယင်းနေ့က နေအိမ်၌ မိသားစုများ မရှိချိန် ဂါဝန်ဇာကြိုးစကို ထုပ်တန်းဝါးလုံးတွင် ချည်နှောင်၍ မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးခဲ့သည်ကို လမ်းအတွင်း ဆော့ကစားနေသော အသက်ခုနစ်နှစ် အရွယ်ရှိ ၎င်း၏ မောင်ဖြစ်သူက ဓမ္မစကူးတက်ရန် လာခေါ်ရာမှ သိရှိခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၁၉) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောထွန်းက ပြောကြားသည်။

“သူ့မောင်လေးက အစ်မ အိပ်ချင်ယောင် ဆောင်နေတယ် ထင်ပြီး ကလိထိုး နှိုးသေးတယ်။ နှိုးမရတာကြောင့် အိမ်နီးချင်းတွေကို ငိုပြီး အကူအညီတောင်းလို့ လူကြီးတွေ ရောက်လာပြီး ကြိုးဖြုတ်ပြီး အသက်ပြန်ရှူအောင် ပါးစပ်ထဲ လေမှုတ်ထည့်ပေမယ့် ကလေးမက အသက်မရှိတော့ဘူး” ဟု စံပယ်လမ်းတွင် နေထိုင်သူ အသက် ၃၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦးက ရှင်းပြသည်။

ကြိုးဆွဲချ သေဆုံးခဲ့သော ကလေးမှာ ခရီးသည်တင် ယာဉ်မောင်းတစ်ဦး၏ အကြီးဆုံး သမီးဖြစ်ကြောင်း၊ မိဘနှစ်ပါး အလုပ်သွားနေချိန် လေဖြတ်နေသော အဘိုးဖြစ်သူနှင့် မောင်နှမနှစ်ဦး နေအိမ်၌ ကျန်ရှိခဲ့ပြီး အဘိုးဖြစ်သူ အိမ်အပြင်သို့ ထွက်ထိုင်နေစဉ် နေအိမ်နောက်ဘက်ခန်းတွင် မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၁၉) ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းကြိုးဆွဲချ သေဆုံးသူကလေး၏ ရုပ်အလောင်းကို အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပီအာရ် ၁၃ ဖြင့် ပို့အပ်ထားပြီး သေမှုသေခင်း အမှတ်စဉ် ၁၈/ ၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မြို့နယ်ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly