ဒေါပုန်မီး ခုနှစ်နှစ်သားလေး တစ်ကိုယ်လုံး မီးလောင်သေဆုံး

ပို့စ်တင်ချိန် - 6/04/2014 02:05:00 PM


ရန်ကုန် ဇွန် ၃

ဇွန် ၂ ရက်ည ၁၂ နာရီခန့်ကဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်ရွှေနှင်းဆီလမ်း အမှတ် ၂၂ ရှိ ဓနိမိုးထရံကာ၊ ပျဉ်ခင်းအိမ်ခန်း ငါးခန်းတွဲမီးလောင်မှုဖြစ်ပွားခဲ့သည်။
လောင်စာအားကောင်းမှုကြောင့်မီးလောင်ချိန်မိနစ် ၂၀ အတွင်းအိပ်ခန်း ငါးခန်း စလုံး မီးလောင်ဆုံးရှုံးခဲ့ရသည်။ မီးလောင်ရခြင်း အကြောင်းမှာ လျှပ်စစ်မီး ပျက်စဉ် ဝါးထရံအနီးဖယောင်းတိုင်မီးထွန်းထားရာမှ ထရံသို့ မီးကူးစက် လောင်ခြင်းဖြစ်ကြောင်းမီးသတ် တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ သိရသည်။

မီးလောင်ရာသို့ မီးငြှိမ်းသတ်ယာဉ် ၁၁ စီးနှင့် ကွပ်ကဲမှုယာဉ်၊ အထောက်အကူပြုယာဉ်များနှင့် အတူက.မ.ခ (၂) မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့် ဦးဆောင်၍သန္ဓေ၊ အရန်မီးသတ်အင်အား ၁၀၇ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၅၅ ဦးတို့က ရပ်ကွက်ပြည်သူများနှင့် အတူမီးငြှိမ်းသတ်ရေးကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ သည်။

လောင်နေသော မီးအားကိုနောက်တစ်နေ့နံနက် အကူး ၀၀ နာရီမိနစ် ၂၀ တွင် ငြှိမ်းသတ်ပေးနိုင်ခဲ့သည်။ မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော အိမ်ထောင်စုများမှ အမျိုးသား အမျိုးသမီး ၃၁ ဦးအားနွယ်အေး ရပ်ကွက် ရွှေဖူးမျှော်လမ်းအမှတ် (၁၄၉) ရှိ လူမနေသေးသောတိုက်ခန်းသစ်တွင် ယာယီနေရာချထားပေး ခဲ့သည်။

မီးလောင်မှုကြောင့် ဦးစလင်း(ခ)ဦးအောင်မြင့်ဦး အသက်(၃၁ နှစ်) တွင် ညာဘက် လက်နှင့် နောက်ကျော မီးဟပ်ခံရ၊ ဒေါ်ဘိုဘိုစိုးမြင့် (၃၄ နှစ်)တွင် ညာဘက်လက်၊ နောက်ကျော၊ခြေသလုံး မီးဟပ်ခံရ၊ မလင်းလက်သူ (၄ နှစ်) ခြေနှင့် လက်မီးဟပ်ခံရ၊ဒေါ်ထွေးစိန် (၇၆ နှစ်) သတိလစ်နေခြင်း တို့ကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူခဲ့ရသည်။

အသက် ခုနစ်နှစ်ရှိ မောင်နန္ဒအောင်သည် တစ်ကိုယ်လုံး မီးလောင်ခံရပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ကုသမှုခံယူနေစဉ် ဇွန် ၃ ရက် မွန်းလွဲ၁၂ နာရီကျော် တွင် သေဆုံးသွားခဲ့ကြောင်း ထပ်မံသိရှိရသည်။

မီးပေါ့ဆမှုကြောင့် ဦးစလင်း(ခ)ဦးအောင်မြင့်ဦးအား ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်ဝင်းလေး(ကြည့်မြင်တိုင်)
MOI Webportal Myanmar