ဝါဝင်တော့မည် ဖြစ်၍ အိမ်ငှားခများ ဈေးတက်

ပို့စ်တင်ချိန် - 6/04/2014 08:12:00 PM


ဝါဝင်ခါ နီးလာခြင်းကြောင့် အိမ်ငှားခဈေးနှုန်း များ ထက်ဝက် နီးပါး ဈေးနှုန်းမြင့် တက် သွားသည်ဟု အိမ်ငှားဈေးကွက် မှ သိရသည်။

”ဝါဝင် မိုးကျတော့မယ် ဆိုတော့ အိမ်ပြင်ဆင် သင့်တာတွေ ပြင်ဖို့ အတွက် ဈေး ပိုတောင်းတာပါ။ ဘယ်လောက်နှုန်းထား တက်လဲ ဆိုတာ ကတော့ လက် ရှိ ဈေးကွက် ငှားရမ်းမှု ကို တွက်ချက်ပြီးတော့ တက်ဖြစ်တာပါ”ဟု ပုဇွန်တောင် မြို့နယ်မှ အိမ်ငှား စားသူ ဒေါ်အုံးမြင့်က ပြောသည်။

အဆိုပါ ဈေးနှုန်းမြင့်တက် လာခြင်းသည် ယခု လဆန်းမှ စတင်ဖြစ်ပေါ် လာခြင်းဖြစ်ပြီး သစ်သား အိမ်၊ တိုက်ခန်း ငှားရမ်းမှု အားလုံး ဈေး တက် ခဲ့ခြင်း ဖြစ်သည်ဟု အိမ်ပွဲစား များထံမှ သိရသည်။

အိမ်ငှားရမ်းခ ဈေးနှုန်း မြင့်တက်မှုတွင် အိမ်ခြံ မြေ အကျိုးဆောင် ပွဲစား တချို့ကြောင့် ဈေးတက်မှု များလည်းရှိနေပြီး အမြင့်ဆုံး ကာလသည် ဝါဝင်၊ ဝါထွက် အချိန် များဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ်မှ အိမ်ငှားသူ ကိုဇော်မင်းက ပြောသည်။

”ဒီလို အချိန်ရောက်ပြီ ဆိုရင် နှစ်စဉ် ဒီအတိုင်း ပဲ ဖြစ်နေကျ။ ကိုယ်ပိုင် အိမ် မရှိလို့သာ ငှားနေရတာ ပါ။ ဈေးတက်ရင်လည်း မတရား တက်တယ်။ မငှား လို့မရမယ့် အနေ အထား ဖြစ်နေတော့ လုပ်နေကြ တာပါ”ဟု ၄င်းက ပြော သည်။

အိမ်ပွဲစား များမှာလည်း ပွဲစားခ ရရှိရေး အ တွက် လက်ရှိ အိမ်ငှားခထက် ပိုရမည်ဆိုသည့် မက် လုံးများအား အိမ်ရှင်အား ပြောဆိုမှုများ ပြု လုပ် ခြင်းကြောင့် အိမ် ငှားရမ်းခဈေးနှုန်း မြင့်တက်နေ ခြင်းဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

”ဝါဝင်ရင် ငှက်တောင် အသိုက် မပြောင်းဘူး ဆိုတဲ့ မြန်မာ လူမျိုးတွေရဲ့ ထုံး တမ်း အစဉ် အလာကို အသုံးချပြီးတော့ အခုလိုမျိုး အိမ်ဈေးတွေ အဆ မတန်မြင့်တက်နေ တာပါ” ဟု အိမ်ပွဲစား လုပ်ကိုင်ဖူး ခဲ့သူ ဗိုလ်တထောင် မြို့နယ်မှ ဒေါ်ခင်စန်းက ပြော သည်။

လက်တလော အိမ်ငှားရမ်းခ ဈေးနှုန်း မြင့် တက်နေသည့် မြို့နယ်များမှာ တာမွေ၊ ဒေါပုံ၊ မင်္ဂလာ တောင်ညွန့်၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင် မြို့ နယ်များ ဖြစ်ကြောင်း၊ အခြား မြို့နယ်များမှာလည်း တဖြည်းဖြည်း ဈေးမြင့် တက်မှု ရှိလာကြောင်း ပွဲစား ဈေးကွက်မှ သိရသည်။

ဈေးတက်မှုနှုန်းထား များမှာ တိုက်ခန်း ၄ လွှာ တစ်သိန်းမှ တစ်သိန်း ငါးသောင်း၊ မြေညီထပ် နှစ်သိန်းခွဲမှ လေးသိန်း၊ လမ်းသွယ်ဈေးနှုန်း ဖြစ်ပြီး လမ်းမတန်း ဖြစ်ပါက အခန်း အကျယ် အပေါ် မူတည်၍ ကျပ် ငါးသိန်းမှ ကျပ် ရှစ်သိန်း အထိ ရှိကြောင်း၊ သစ်သားအိမ်များ အနေဖြင့် ကျပ် ခုနစ်သောင်းမှ ကျပ် တစ်သိန်းနှစ်သောင်း အ ထိ ဈေးမြင့် တက်ခဲ့ ကြောင်း အထက်ဖော်ပြပါ မြို့နယ် များမှ စုံစမ်းသိရ သည်။

Popular Myanmar News Journal