ဒါးပိန်ဘူတာအနီး ပန်းပုထုသူ အမျိုးသားတစ်ဦး ရထားကြိတ်သေဆုံး

ပို့စ်တင်ချိန် - 6/04/2014 08:42:00 PM


ရန်ကုန်-ပဲခူး မီးရထားလမ်းပိုင်းပေါ်ရှိ ဒါးပိန်ဘူတာအနီးတွင် ပန်းပုရုပ်များ ထုလုပ်သည့် အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦး ရထားကြိတ်၍ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၂ ရက်၊ည ၁၀ နာရီကျော်အချိန်က လှည်းကူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်ဘက်မှ ပဲခူးဘက်သို့ မောင်းနှင်လာသည့် စက်ခေါင်းအမှတ်(DF-1246) ရန်ကုန်-ပဲခူးအမှတ်(၁၃) အဆန်ရထားသည် ဒါးပိန်ဘူတာအထွက် မိုင်တိုင် (၂၂ /၁၇)နှင့်(၂၂/၁၈) အကြားတွင် ရထားလမ်းဖြတ် ကူးသူ ကိုသန်းဇော်(၃၅)နှစ်ကို တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တိုက်မိမှုကြောင့် ကိုသန်းဇော်၏ ယာပခုံးမှ ဓားလွယ်ခုတ် အနေအထားဖြင့် ဦးခေါင်းပိုင်းနှင့် ပခုံး အထက်ပိုင်းပြတ်၊ ယာဘက်တံတောင် ပြတ်ရှဒဏ်ရာများ ရရှိပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွား ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဒု-ရဲအုပ် ဇော်ဝင်းနိုင်က တရားလိုပြုလုပ်၍ ဒါးပိန်နယ်မြေရဲစခန်းက သေမှု သေခင်း အမှတ် စဉ်(၂/၁၄) ဖြင့် အမှုဖွင့်ထားပြီး သေဆုံးသူအလောင်းကို လှည်းကူးမြို့နယ် ဆေးရုံသို့ ပို့အပ်စစ်ဆေးလျက် ရှိသည်။

ဇွန်လ ၁ ရက်၊ နံနက် ၁၁ နာရီခွဲ ၀န်းကျင်က ရထားလာ၍ ဂိတ်ပိတ်ထားစဉ် အသက်(၄၂)နှစ်အရွယ် အမျိုး သားတစ်ဦး ရထားရှေ့မှဆိုင်ကယ်ဖြင့်ဖြတ်မောင်းရာ ရထားစက်ခေါင်းဖြင့် ချိတ်မိပြီးဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု အင်းစိန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်။

Mizzima Burmese