အင်ဒိုနီးရှားနိုင်ငံတွင် မိန်းမတစ်ယောက်မှ အိမ်မြှောင် မွေးခဲ့သည် ဟု နာမည်ကြီးနေ

ပို့စ်တင်ချိန် - 6/11/2014 06:04:00 PM




အင်ဒိုနီးရှားနိုင်ငံ Kupang မြို့အနီးက  ဆေးဘက်ဆိုင်ရာခေါင်းဆောင်အရာရှိ တစ်ဦးရဲ့ တောင်းဆိုမှုကြောင့်  အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဟာ မေလအကုန်မှာ Oenunto ရွာ ကိုရောက်လာခဲ့ပါတယ်။

 အိမ်မြှောင်တစ်ကောင် မွေးဖွားခဲ့တယ်လို့ နာမည်ကြီးနေတဲ့ မိန်းမတစ်ယောက်ကို စစ်ဆေးဖို့ဖြစ်ပါတယ်။
မေလ ၃၁ ရက်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆေးဘက်ဆိုင်ရာခေါင်းဆောင်အရာရှိ Messe Ataupa က “အခြေခံ အားဖြင့်ကြည့်ရင်တော့ တစ်ခုခုတော့ မဟုတ်ဘူးပေါ့။ ဒါဟာ တမင်တကာ ကြံရွယ်ထားတာလား ဆိုတာကို ကျွန်တော်တို့က စစ်ဆေးမှာပါ။ သားအိမ်ထဲမှာတော့ ရှိတော့မှာ မဟုတ်ဘူး။ pseudocyesis လို့ ခေါ်တဲ့အရာဖြစ်ပါတယ်။ ဒါကြောင့် အိမ်မြှောင်မွေးတယ်ဆိုတာ အလိမ်အညာလည်း ဖြစ်နိုင်ပါတယ်။ အခြားသတ္တဝါမျိုးစိတ်ကို မွေးတယ်ဆိုတာ သိပ္ပံပညာနယ်ပယ်မှာ မှတ်တမ်းမရှိသေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဒေါက်တာ Messe Ataupa ပြောတဲ့ pseudocyesis ဆိုတာဟာ လူတစ်ယောက်က ဗိုက်ကြီးနေပြီလို့ ကိုယ့်ကိုကိုယ်ယုံကြည်နေပြီး ဗိုက်ကြီးတဲ့ လက္ခဏာတွေလည်း ပြသလာပေမဲ့ အထဲမှာ သန္ဓေသားမရှိတာဖြစ်ပါတယ်။

သတင်းများရဲ့ ဖော်ပြချက်အရ  Debi Nubatonis လို့ခေါ်တဲ့ ဒီမိန်းမဟာ ကိုယ်ဝန်ရှစ်လထိ လွယ်ခဲ့တာကို ဒေသခံတွေက တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
မေ ၃၀ ရက်နေ့မှာ  Debi ဟာ ဗိုက်နာလာခဲ့ပြီး ဆေးရုံနဲ့ဝေးလွန်းတာကြောင့် အရပ်လက်သည်နဲ့ မွေးခဲ့တယ် လို့ဆိုပါတယ်။ အရပ်လက်သည်တစ်ဦးဖြစ်တဲ့ Josephine Lydia Hellen Wadu က အင်ဒိုနီးရှားသတင်းဆိုက်ဒ် Kompas ကိုပြောကြားရာမှာ သူဟာ မွေးခါနီးမှ ရောက်သွားခဲ့တယ် လို့ဆိုပါတယ်။

မျှော်လင့်ထားတဲ့ ကလေးအစား ချွဲတွေ သွေးတွေနဲ့ရောပြီး ခြေထောက်နှစ်ချောင်းကြားက အိမ်မြှောင် တစ်ကောင် ထွက်လာတယ်လို့ Josephine က ပြောကြားခဲ့ပါတယ်။
တစ်ခုခုတော့ဖြစ်ပြီလို့ တွေးမိသွားတဲ့ Josephine ဟာ မိခင်ကော မွေးခင်းစ အိမ်မြှောင်ကိုပါ Oenunto ကျန်းမာရေးစင်တာ ကို သယ်သွားခဲ့တယ် လို့ဆိုပါတယ်။

ဂျပန်သတင်းဆိုက်ဒ် Byokan Sunday ရဲ့ဖော်ပြချက်အရ Debi ရဲ့ အိမ်နီးနားချင်းတွေက သူမနဲ့သူမရဲ့ မိသားစုဝင်တွေဟာ စုန်းအတတ်ကို လိုက်စားကြတယ် လို့ပြောကြားခဲ့ပါတယ်။
လက်ရှိဒီသတင်းဟာ အတည်မပြုနိုင်သေးပေမဲ့ ဒေါက်တာ Messe Ataupa တို့အဖွဲ့ရဲ့ စစ်ဆေးမှုကို ဆက်လက်  စောင့်ကြည့်သွားမယ် လို့ ဆိုပါတယ်။

အင်ဒိုနီးရှား သတင်းဆိုက်ဒ် TOPIK ANTV က ဖော်ပြခဲ့တဲ့ ဒီသတင်းကို အောက်ကလင့်ခ်မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။



ဖိုးသူတော် Team မှ ဘာသာပြန်သည်။