ဂျာဂွာ၊ လင်ရိုဗာ၊ ရိန့်ခ်ျရိုဗာ ကားအရောင်းပြခန်း ဇွန်လ ၁၂ ရက်တွင် ဖွင့်လှစ်မည်

ပို့စ်တင်ချိန် - 6/11/2014 10:09:00 AM



နာမည်ကျော် မော်တော်ကားအမှတ်တံဆိပ် စာရင်းဝင်ဖြစ်သော Jaguar ၊ Land Rover ၊ Range Rover ကားအရောင်းပြခန်းကို ဇွန်လ ၁၂ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်ဟု Capital Automotive Ltd (CAL) ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် Jaguar Land Rover Motor Company (JLRC) ၏ တရားဝင်အသိအမှတ်ပြု First Authorized Dealership အစီအစဉ်ကို စတင်မည်ဖြစ်ပြီး Jaguar land Rover ASEAN မှ အကြီးတန်း အမှုဆောင်အဖွဲ့ဝင်များလည်း ရန်ကုန်မြို့၌ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲသို့ လာရောက်မည်ဖြစ်သည်။

ရန်ကုန်မြို့ အင်းစိန်လမ်းပေါ်တွင် ဖွင့်လှစ်မည့် Jaguar Land Rover စင်တာတွင် Jaguar ၊ Land Rover ၊ Range Rover ကားအမျိုးအစားများကို ရောင်းချသွားမည်ဖြစ်ပြီး ကားအပိုပစ္စည်းရောင်းချမှုနှင့် ကားပြင် ဆင်မှုအပိုင်းများလည်း ပါဝင်မည် ဖြစ်သည်။

CAL အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ထွန်းက “ ရောင်းချမယ့် ကားတွေကို စီးနိုင်မယ့်သူတွေ အများကြီး ရှိတယ်။ ဒီမှာ သူဌေးတွေ အများကြီးပါ။ ဈေးကတော့ ဒီမှာအခွန်တို့ မူဝါဒတို့အပြောင်းအလဲရှိတော့ ကြို မပြောချင် ဘူး။ နိုင်ငံတကာအဆင့် ၀န်ဆောင်မှု ပေးသွားမှာပါ ” ဟု ပြောသည်။

Jaguar ၊ Land Rover ကားများ မြန်မာနိုင်ငံအတွင်း ရောင်းချနိုင်ရန်အတွက် JLRC နှင့် ပြည်တွင်းအခြေ စိုက် Capital Automotive Ltd တို့ မတ်လဆန်းက သဘောတူညီမှုရရှိခဲ့ပြီး မေလအတွင်း စတင်ဖွင့်လှစ် ရန် မျှော်မှန်းခဲ့သော်လည်း ဇွန်လ ၁၂ရက်မှသာ ဖွင့်လှစ်မည် ဖြစ်သည်။

ဖွင့်လှစ်မည့် ကားအရောင်းပြခန်းသည် စတုရန်းမီတာ ၉၀၀ ကျယ်ဝန်းပြီး ကားစီးရေ ဆယ်ဂဏန်းခန့် ပြ သရောင်းချသွားမည်ဖြစ်ကာ မော်ဒယ်မြင့် ကားအသစ်များကိုသာ ရောင်းချမည် ဖြစ်သည်။ Jaguar Land Rover Motor Company ထုတ်ကားများ ဖြန့်ချိရောင်းချခွင့်ရရှိထားသော CAL သည် Ford ကုမ္ပဏီထုတ် မော်တော်ကားများကိုလည်း ဖြန့်ချိရောင်းချလျက် ရှိသည်။

ယခုဖွင့်လှစ်မည့် ကားအရောင်းပြခန်းတွင် Jaguar XJ ၊ Jaguar XK ၊ Land Rover Defender ၊ Land Rover Discovery ၊ Land Rover Freelander ၊ Range RoverEvoque ၊ Range Rover Sport စသည့် ကားအမျိုးအစားကို ရောင်းချသွားမည် ဖြစ်သည်။

Jaguar Land Rover သည် ဗြိတိန်အခြေစိုက်ကားကုမ္ပဏီဖြစ်ပြီး အိန္ဒိယအခြေစိုက် Tata Motor အုပ်စု က ၂၀၀၈ခုနှစ်တွင် Ford မော်တော်ကားကုမ္ပဏီထံမှ လွှဲပြောင်းဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Mizzima Burmese