တိုးချဲ့ရပ်ကွက် အိမ် ၁၄၀၀ ကျော် ရက်ပိုင်းအတွင်း ဖျက်ဖို့  အမိန့်ထုတ်


တိုးချဲ့ရပ်ကွက် အိမ် ၁၄၀၀ ကျော် ရက်ပိုင်းအတွင်း ဖျက်ဖို့  အမိန့်ထုတ် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အနီးက ၉၃ တိုးချဲ့ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၁၄၀၀ ကျော်ကို လာမယ့် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး နေအိမ်တွေကို ဖျက်ပေးဖို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက စာပေးပို့လိုက်ပါတယ်။

အဲဒီမှာ နေထိုင်သူတွေက ၉၃ တိုးချဲ့ရပ်ကွက်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြီး မပြောင်းရွှေ့လိုကြောင်း ပြောပြပါတယ်။ အဲဒီတိုးချဲ့ရပ်ကွက်မှာ နေထိုင်သူတွေက နေရာအစားထိုးမပေးနိုင်ရင်၊ အစိုးရထံမှာ ငွေပေးဆောင်ရမယ်ဆိုရင်လည်း ပေးဆောင်လိုကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပသူတွေထဲမှာ ပါဝင်တဲ့ ဦးသိန်းအောင်က ပြောပါတယ်။

အဲဒီတိုးချဲ့ရပ်ကွက်မှာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး ဧရာဝတီတိုင်းကနေ ပြောင်းရွှေ့နေထိုင်ခဲ့ကြသူတွေ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် တိမ်းရှောင်လာကြသူတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး ခရမ်းသုံးခွမြို့နယ်မှာ ကမ်းပါးပြိုလို့ နေစရာမရှိတာကြောင့် ပြောင်းလာသူတွေ နေထိုင်ကြတဲ့ တိုးချဲ့ရပ်ကွက် ဖြစ်ပါတယ်။

လက်ရှိနေတဲ့မြေနေရာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတိုင်ခင်က ခြုံထူထပ်တဲ့ မြေနေရာတွေဖြစ်ပြီး အဲဒီမြေနေရာတွေကို စီးပွားရေးသမားတစ်ချို့က ပေ၂၀× ၃၀ မြေကွက်တွေရိုက်ပြီး တစ်ကွက်ကို ကျပ်သုံးသောင်းကျော်နဲ့ လက်ရှိနေထိုင်နေသူတွေကို ရောင်းချပေးခဲ့တာလို့ ဆိုပါတယ်။

နေထိုင်နေသူတွေမှာ စာရွက်စာတမ်း အထောက်အထားမရှိဘဲ ရောင်းချသူတွေ ဘယ်သူတွေလည်းဆိုတာ မသိဘူးလို့ ပြောပါတယ်။

RFA Burmese

ပြည်မြို့တွင်ဇနီးဟောင်းကို ခင်ပွန်းဟောင်းက အိမ်ပေါ်တက်ဓါးဖြင့်ခုတ်


  ပြည်၊ မဇ္ဈိမ။ ။ တစ်ခြံတည်းတွင် တစ်အိမ်စီခွဲနေသူ ခင်ပွန်းဟောင်းကို နေအိမ်ခြံဝန်းအတွင်းက ထွက်သွားရန် နှင်ထုတ်သည့်အတွက် ခင်ပွန်းဟောင်းက ဇနီးဟောင်းကို အိမ်ပေါ်တက်ကာ ဓါးဖြင့်ခုတ်မှု ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ အမှတ်(၃)ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားသည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီလ ၇ရက် နံနက် ၇နာရီက ပြည်မြို့ မုဌောကျေးရွာအုပ်စု လူကြီးကုန်းကျေးရွာနေ အမျိုးသမီးသည် ငါးနှစ်ခန့်ကင်းကွာနေပြီး တစ်ခြံတည်း တစ်အိမ်စီနေ ခင်ပွန်းဟောင်းဖြစ်သူကို နေအိမ်ခြံဝန်းအတွင်းမှ ထွက်သွားရန် နှင်ထုတ်ခဲ့သည်။

ထိုသို့နှင်ထုတ်သဖြင့် ခင်ပွန်းဟောင်းဖြစ်သူက ဇနီးဟောင်းအမျိုးသမီး၏ နေအိမ်ပေါ်သို့တက်ကာ ဓါးဖြင့်ခုတ်ခဲ့သည်ဟု အမှတ်(၃) ရဲစခန်း၊ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ခင်ပွန်းဟောင်း၏ ဓါးဖြင့်ခုတ်မှုကြောင့် ဇနီးဟောင်းဖြစ်သူ အမျိုးသမီးတွင် ဝဲပါးပြတ်ရှဒဏ်ရာ၊ ဝဲလည်ပင်းပြတ်ရှဒဏ်ရာ၊ ယာဂျိုစောင်းပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီးပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသခံယူနေရသည်။

အဆိုပါဓါးခုတ်မှုကို ပြည်မြို့အမှတ်(၃) ရဲစခန်းတွင် (ပ)၂၀/၂၀၁၄ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၅၂/၃၂၆ အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။

ရေခဲ (ပြည်)
Mizzima - News in Burmese

အနည်းဆုံးလုပ်ခ တစ်နေ့ ၇၀၀၀ သတ်မှတ်ဖို့ သမဂ္ဂတင်ပြ


မြန်မာနိုင်ငံမှာ အနည်းဆုံးလုပ်ခလစာကို တစ်ရက် ကျပ် ၇၀၀၀ ခုနှစ်ထောင်နှုန်း သတ်မှတ်သင့်ကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ယာယီ)က ဒီနေ့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ယာယီ) ရန်ကုန်မြို့ ကျောက်မြောင်း ရပ်ကွက်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက သူတို့တွက်ချက်မှုတွေမှာ အလုပ်သမားတစ်ဦးချင်းစီရဲ့ ၀င်တွေ ထွက်ငွေ အခြေအနေအရပ်ရပ်ကိုပါ ထည့်သွင်းစဉ်းစားတာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလို အနိမ့်ဆုံးလုပ်ခလစာ တွက်ချက်နိုင်ဖို့ အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုက မြို့နယ်ပေါင်း ၄၉ မြို့နယ်မှာ ကွင်းဆင်းလေ့လာပြီး တွက်ချက်ခဲ့တာလို့ သိရပါတယ်။

အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း နေပြည်တော်မှာ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ILO က တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးရာမှာ သူတို့ယူဆချက်ကို တင်ပြခဲ့ပါတယ်။

အစိုးရကလည်း အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းကစပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ဥပဒေပညာရှင်တွေ ပူးပေါင်းပြီး ရန်ကုန်နဲ့ မန္တလေး စက်မှုဇုန်တွေမှာရှိတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတွေဆီ စစ်တမ်းကောက်ယူတာတွေ ရှိခဲ့ပါတယ်။

RFA Burmese

White Card ကိုင်သူတွေကို မဲပေးခွင့်မပြုဖို့ ဆန္ဒပြ


လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ White Card လို့ခေါ်တဲ့ အဖြူရောင်ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုဖို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေက ဒီနေ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

အဲဒီလို မဲပေးခွင့်မပြုဖို့အပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့၊ UN အပါအဝင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေ ဒေသတွင်းကနေ ထွက်ခွာသွားပေးဖို့ စတဲ့အချက်တွေကိုလည်း တောင်းဆိုကြတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မြောက်ဦးမြို့ ရခိုင်လူမှုကွန်ရက်က ကိုထွန်းထွန်းက RFA ကို ပြောပါတယ်။

“၁၉၈၂ ဥပဒေကို ကျနော်တို့ တောင်းဆိုတာကကြာပြီ ဘာမှအကောင်အထည် မဖော်ပေးသေးဘူး၊ ၁၉၈၂  ခုနှစ် နိုင်ငံသားဥပဒေကို လွှတ်တော်ကနေ အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့၊ နောက် white card နဲ့ အရွေးခံတာတွေရှိတယ်၊ နိုင်ငံသားမှ မဲပေးခွင့်ရရမှာ အခုဟာက နိုင်ငံသားမဟုတ်တဲ့သူက မဲပေးခွင့်ရနေတယ်၊ ပြီးတော့ လွှတ်တော်ထဲကို ရောက်နေတယ်၊ အဲဒါဆို မြန်မာနိုင်ငံဟာ ဘယ်လိုဖြစ်သွားမလဲ၊ နောက်ဆိုရင် နိုင်ငံသားမဟုတ်တဲ့သူတွေ သမ္မတတို့ လွှတ်တော်ဥက္ကဌတို့ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ”

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်ပေးဖို့၊ ရခိုင်တိုင်းရင်းသားတွေရဲ့ လုံခြုံရေးကို တာဝန်ယူပေးဖို့နဲ့ သီတင်းတစ်ပတ်အတွင်း  ရခိုင်ပြည်နယ်ကနေ MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ထွက်ခွာပေးဖို့ စတဲ့အချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

အလားတူ တောင်းဆိုမှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေနဲ့ ဘူးသီးတောင်မြို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

RFA Burmese

မောင်တောနယ်စပ်တွင် ပုဒ်မ ၁၄၄ကို ၁၂ ကြိမ်မြောက် ထုတ်ပြန်

မောင်တောမြို့တွင် ဒုချီးရားတန်းအနောက်ရွာတွင် ဇန်န၀ါရီ ၂၈ ရက်က မီးလောင်မှုဖြစ်ပွားအပြီးတွေ့ရစဉ်။ အဆိုပါမီးမှာ ရှို့မီးဖြစ်ပြီး၊ အဆိုပါကျေးရွာမှာ ရဲတစ်ကြပ်တစ်ဦး ပျောက်ဆုံးခဲ့သော ဒုချီးရားတန်းရွာနှင့် ကပ်လျက်ရှိသောရွာဖြစ်သည်။ ဓာတ်ပုံ - မောင်ကံ

  မောင်တောမြို့နယ်တွင် ၂၀၁၂ ဇွန်လ ၈ရက်က စတင်ထုတ်ပြန်ခဲ့သော ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ကို ဖေ ဖော်ဝါရီ ၈ရက်တွင် (၁၂)ကြိမ် မြောက်အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ဖေဖော်ဝါရီ ၈ရက် ညနေ ၅နာရီက မြို့ပေါ်တွင် လှည့်လည်ကြေညာခဲ့သည်။

ညမထွက်ရအမိန့်ကို ည ၁၁နာရီ မှ နံနက် ၄နာရီအထိ သတ်မှတ်လိုက်သည်။ (၉)ကြိမ်မြောက် ထုတ်ပြန်ခဲ့သည့် ၂၀၁၃ အောက်တိုဘာ ၈ ရက်က ညမထွက်ရအမိန့်မှာည ၁၀ နာရီမှ နံနက် ၄ နာရီ အထိဖြစ်ပြီး (၁၀)ကြိမ်မြောက်ထုတ်ပြန်သည့်အချိန်မှ အချိန်တစ်နာရီ လျှော့ချလိုက်ခြင်း ဖြစ်သည်။

၂၀၁၂ ဇွန်လ ၈ ရက် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားသည့်နေ့မှ ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄ မှာ နှစ်လလျှင်တစ်ကြိမ်ကျ ဆက်လက်ထုတ်ပြန်နေဆဲဖြစ်ပြီး ညမထွက်ရအချိန်များကို တဖြည်းဖြည်းလျှော့ချလာခဲ့ခြင်းဖြစ်သည်။

လက်ရှိ မောင်တောနယ်စပ်ဒေသ၏ အခြေအနေမှာ မြို့ပေါ်တွင် တည်ငြိမ်နေသော်လည်း နယ်ဘက်တွင် မတည်ငြိမ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်ကြားမှ ဇန်န၀ါရီ ၁၃ရက် ညအချိန်တွင် လှည့်ကင်းလှည့်သည့်ရဲတပ်ကြပ်တစ်ဦး ဘင်္ဂါလီများ၏ ၀ိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အလားတူ မောင်တောနယ်စပ်နှင့် ပြိုင်တူထုတ်ပြန်ခဲ့သော ဘူးသီးတောင်မြို့တွင်လည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

Author:  မောင်ကံ
7day Daily

ဒလမြို့ ကမာကသွယ်တွင် အိမ်လေးလုံးနီးပါး မီးလောင်


ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ် ကမာကသွယ် ရပ်ကွက် ဗိုလ်ဥတ္တမ ၄လမ်းရှိ အိမ်အမှတ် ၈၅၁ (က) တွင် ဖေဖော်ဝါရီလ ၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်လေးလုံးနီးပါး မီးလောင် ဆုံးရှုံးခဲ့ကြောင်း အဆိုပါလမ်းတွင် နေထိုင်သူများထံမှ သိရှိရသည်။

အဆိုပါ အိမ်မီးဖိုချောင်တွင် လူမရှိဘဲ လျှပ်စစ်ရေနွေးအိုး တည်ထားခဲ့ရာမှ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်ချိန် မိနစ် ၃၀ နီးပါးအတွင်း အလျား ၁၉ပေ၊ အနံ ၂၄ပေရှိသော သွပ်မိုးပျဉ်ကာ ပျဉ်ခင်းအိမ် တစ်လုံး၊ အလျားရှစ်ပေ အနံ ၂၅ပေ ရှိသော သွပ်မိုး ပျဉ်ခင်းပျဉ်ကာ နေအိမ်နှစ်လုံး အပါအဝင် စုစုပေါင်းသုံးလုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
“ကျွန်တော်က ရပ်ကွက်ဘောလုံးပွဲ ရောက်နေတာ။ မီးတောက်က တော်တော်ပါနေပြီ။ ကျွန်တော့် အိမ်တစ်ခြမ်းလည်း ပါသွားတယ်။ မီးစလောင်တဲ့အိမ်ရဲ့ မီးလောင်နေတဲ့ တိုင်ပြုတ်ကျလို့ လက်အတော် နာသွားတယ်။ အိမ်က သုံးလုံးတစ်ခြမ်း လောင်သွားတယ်” ဟု အိမ်တစ်ခြမ်း မီးလောင် ဆုံးရှုံးခဲ့သည့် အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်မှုကို ဝိုင်းဝန်း ငြှိမ်းသတ်သူ လေးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မီးစတင် လောင်ကျွမ်းသော နေအိမ်တွင် မီးစလောင်စဉ်က တစ်ဦးတစ်ယောက်မျှ မရှိကြောင်း အဆိုပါ မီးလောင်မှု ဖြစ်ပွားသော နေအိမ်များအနီး နေထိုင်သူများထံမှ သိရှိရသည်။

မီးလောင်မှုကြောင့် အိမ်ပိုင်ရှင် ဦးဖိုးလူဝကို (ပ) ၅၉/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ဒလမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

အလားတူ ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ဖို့မြေရပ်ကွက် ၁၀၁ လမ်းရှိ အမှတ် ၄၄ အာရ်စီနှစ်ခန်းတွဲ ခုနစ်ထပ်တိုက် ညာဘက် ခြောက်လွှာတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မွေ့ရာပေါ်ကျ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

The Voice Weekly

ဖုန်းကတ်များလာပြီ မကြာမီမျှော်


ရေးသားသူ- ဆွေမွန်၊ နိုင်လင်းအောင်

မိုဘိုင်းဖုန်းဆင်းမ်ကတ်တစ်ကတ် ပိုင်ဆိုင်နိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နံရံကပ်ကြော်ငြာသင်ပုန်းတွင် ထီပေါက်စဉ်တိုက်သလို ရင်ခုန်စွာဖြင့် မျှော်လင့်စောင့်စားနေရဆဲဖြစ်သည်။

ထို့အတူ မိုဘိုင်းအင်တာနက်လိုင်းသုံးစွဲသူများမှာလည်း အ၀ိုင်းလေးလည်နေသည်ကို တစ်မိနစ်လျှင်နှစ်ကျပ် (သို့မဟုတ်) တစ်မိနစ်လျှင်လေးကျပ်ပေး၍ ထိုင်ကြည့်နေရဆဲဖြစ်သည်။

ညံ့ဖျင်းလှသည့် ဆက်သွယ်ရေးစနစ်နှင့် မိုဘိုင်းဆင်းမ်ကတ် အခက်အခဲပြဿနာကို ဇန်န၀ါရီ ၃၀ ရက်က အော်ပရေတာလုပ်ငန်းများအတွက် တရားဝင်လုပ်ကိုင်ခွင့် ဆက်သွယ်ရေးလိုင်စင်ရရှိခဲ့သည့် ပြည်ပကုမ္ပဏီနှစ်ခုက ဖြေရှင်းပေးနိုင်လိမ့်မည်ဟုလည်း ယုံကြည်မျှော်လင့်နေကြသည်။

“အားကိုးပါတယ် တယ်လီနောရယ်။ ကျွန်တော်တို့ဒေသ စစ်ကိုင်းတိုင်း ကလေးမြို့နယ် တင်းသားရွာမှာ အခုချိန်ထိ ဖုန်းပြောလို့မရသေးပါ။ အဓိကလိုအပ်နေတာကတော့ တာဝါတိုင်ပေါ့။ အမြန်လေးလုပ်ပေးပါ”ဟု ရွာခံတစ်ဦးက တယ်လီနော၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဆက်သွယ်ရေးလိုင်စင် တရားဝင်ရရှိပြီးဖြစ်သည့် တယ်လီနောမြန်မာနှင့် အော်ရီဒူးမြန်မာကုမ္ပဏီများက ဆက်သွယ်ရေးဝန်ဆောင်မှုများကို ခြောက်လမှ ရှစ်လအတွင်း လုပ်ကိုင်ပေးသွားမည်ဟု ကတိပြုပြောဆိုထားကြသည်။

ထို့အပြင် ဆင်းမ်ကတ်ဝယ်ယူသည်နှင့် အင်တာနက်စနစ်ပါ တစ်ပါတည်းပါနိုင်ဖွယ်ရှိပြီး ကျပ် ၁၅၀၀ ၀န်းကျင်ရှိသည့် ဆင်းမ်ကတ်များကို နေရာတိုင်း၊ ဒေသတိုင်းလိုလိုတွင် လိုသလောက် အလွယ်တကူဝယ်ယူရရှိနိုင်ရန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိုင်စင်ရရှိပြီးဖြစ်သည့် ပြည်ပကုမ္ပဏီနှစ်ခုဖြစ်သည့် တယ်လီနောနှင့် အော်ရီဒူးကုမ္ပဏီများကပြောသည်။

“ဖုန်းတွေစချပေးကတည်းက လတိုင်းလျှောက်လည်း မပေါက်ဘူး။ ထပ်ပြီးမလျှောက်ချင်တော့ဘူး။ ကုမ္ပဏီတွေရောင်းမယ့် ဖုန်းစောင့်တာမှ ဟုတ်ဦးမယ်။ မဲနှိုက်စရာလည်း မလိုဘူးဆိုတော့ ပိုတောင်ကောင်းသေးတယ်”ဟု အသက်(၄၀)အရွယ် အိမ်ရှင်မတစ်ဦးကပြောသည်။

အသက်အရွယ်အလိုက်၊ နေရာဒေသအလိုက် လူတိုင်းလိုအပ်နေသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများမှာ ကွဲပြားမှုများရှိသော်လည်း ၀န်ဆောင်မှုကောင်းကောင်းလိုချင်သည့် ဆန္ဒကတော့ တစ်ထပ်တည်းကျသည်။ မိုဘိုင်းဖုန်းမရရှိသည့် မြို့နှင့်အလှမ်းဝေးသော ကျေးရွာများရှိ ပြည်သူများက မိုဘိုင်းဖုန်းအသုံးပြုလိုကြသည်။ မိုဘိုင်းဖုန်းရရှိသော်လည်း ဆက်သွယ်ရေးတာဝါတိုင် အလုံအလောက်မရှိသည့် နေရာများရှိ ပြည်သူများက ကြည်လင်ပြတ်သားစွာပြောဆိုနိုင်မည့် မိုဘိုင်းကွန်ရက်ကို မျှော်ကြသည်။ မိုဘိုင်းဖုန်းလိုင်း အနည်းငယ်အဆင်ပြေသည့် မြို့နေလူထုမှာလျင်မြန်ပြီး နိုင်ငံတကာအဆင့်မီသုံးနိုင်မည့် အင်တာနက်လိုင်းကို တောင့်တကြသည်။

“နောက်ပိုင်းကုမ္ပဏီတွေ ၀င်လာလို့ လိုင်းမြန်မြန်လေးသုံးလို့ရပါစေလို့ပဲ ဆုတောင်းရမယ်”ဟု အသက်(၂၃)နှစ်အရွယ် ကိုဝေလင်းကပြောသည်။

ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီနှစ်ခုမှာ မြို့ကြီးများတွင် လက်ရှိအသုံးပြုနေသည့် 2G စနစ်အစား 3G စနစ်ကို အကောင်အထည်ဖော်မည်ဖြစ်ပြီး အချို့သော မိုဘိုင်းဖုန်းလိုင်းပင် အဆင်မပြေနိုင်သေးသည့် ရပ်ကွက်/ကျေးရွာများတွင် 2G စနစ်ကိုသာ စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberg က ပြောကြားသည်။

“3G ကို နေရာတိုင်းမှာ ကာဗာဖြစ်အောင် လုပ်ပေးထားမှာပါ။ Social မီဒီယာ အသုံးပြုလို့ရမယ်။ အကုန်လုံး သေသေချာချာ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းဆက်သွယ်နိုင်အောင် ၀န်ဆောင်မှုလုပ်ပေးသွားမှာ ဖြစ်ပါတယ်”ဟု အော်ရီဒူးမြန်မာကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် မစ္စတာ Rock Cormack က ပြောသည်။

ဆက်သွယ်ရေးဆင်းမ်ကတ်များ အလွယ်တကူဝယ်ယူရရှိနိုင်ရန်သာမက အခြားသော မိုဘိုင်းဝန်ဆောင်မှုများပါ ပေးသွားမည်ဖြစ်ပြီး အင်တာနက်ဝန်ဆောင်မှုစနစ်များ၊ Value Added ၀န်ဆောင်မှုများကိုပါ တစ်ပါတည်းသုံးစွဲနိုင်ရန် အဆိုပါကုမ္ပဏီနှစ်ခုက လုပ်ဆောင်သွားမည်ဟုဆိုသည်။

“ဆင်းမ်ကတ်တွေမှာ အင်တာနက်ထည့်သွင်းပေးသွားမှာဖြစ်ပြီး အင်တာနက်အတွက် သတ်သတ်လျှောက်ထားစရာမလိုအပ်ပါဘူး။ တကယ်တမ်း အင်တာနက်သုံးတဲ့အခါမှာသာ သုံးစွဲတဲ့ကျသင့်နှုန်းထားပေးရမှာပါ။ နှုန်းထားကိုလည်း အတတ်နိုင်ဆုံးသက်သာအောင် ဆောင်ရွက်သွားမယ်”ဟု မစ္စတာ Petter Furberg က ပြောကြားသည်။

နိုင်ငံတကာကုမ္ပဏီနှစ်ခုအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကိုလည်း ကျပ် ၁၅၀၀ ၀န်းကျင်ဖြင့် ရောင်းချပေးမည်ဖြစ်ရာ ခေါ်ဆိုခနှုန်းထားများကို တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်ဖြင့် ၀န်ဆောင်မှုပေးသွားရန် အော်ပရေတာလုပ်ငန်းလုပ်ကိုင်ခွင့် ရရှိစဉ်ကတည်းက ထုတ်ပြန်ထားသည်။ သို့သော်လည်း ၎င်းတို့သတ်မှတ်သည့် နှုန်းထားများကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသို့ တင်ပြပြီးမှသာ ယှဉ်ပြိုင်လုပ်ဆောင်ရမည့် အော်ပရေတာများအားလုံး လက်ခံနိုင်မည့်နှုန်းထားတစ်ခုကို လုပ်ကိုင်စေမည်ဖြစ်ကြောင်း လွတ်လပ်စွာတရားဝင်ထိန်းသိမ်းမည့်အဖွဲ့အစည်း (Independent Regulator)အဖြစ် ပြောင်းလဲလုပ်ကိုင်မည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သက်ကပြောသည်။

ထို့အပြင် ဆက်သွယ်ရေးဝန်ဆောင်မှုများဖြစ်သည့် အင်တာနက်စနစ်အတွက် 3G ၀န်ဆောင်မှုပေးနိုင်ရန် စီစဉ်ထားသော်လည်း ပြည်တွင်းအနေအထားအရ သုံးစွဲသူများအနေဖြင့်လည်း 4G စနစ် ဆောင်ရွက်ရန်မှာ မလွယ်ကူသေးကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အတွင်းရေးမှူးဦးဇော်မင်းဦးကပြောသည်။

“3G ကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကတော့ ချက်ချင်းဖြစ်လာမှာပါ။ သုံးမယ်၊ မသုံးဘူးဆိုတာ အဆင်ပြေ၊ မပြေဘဲ ကြည့်ရမယ်။ ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ကတော့ တစ်ခါတည်း 4G ပေးလိုက်တော့လည်း ဟန်းဆက်ကလည်း ဈေးကြီးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က လိုက်နိုင်ပါ့မလားဆိုတာ ကြည့်ရဦးမယ်”ဟု ဦးဇော်မင်းဦးကပြောသည်။

လက်ရှိတွင် အစိုးရအော်ပရေတာတစ်ခုအဖြစ် လုပ်ကိုင်ခွင့်ရရှိထားပြီး ပြည်တွင်းမိုဘိုင်းဝန်ဆောင်မှုများကို ပေးနေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း မြို့ကြီးများတွင် 3G စနစ် ဆောင်ရွက်ပေးနေသော်လည်း သုံးစွဲရခက်ခဲမှုရှိနေဆဲဖြစ်သည်။

လက်ရှိတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ ပြည်တွင်းသို့ မိုဘိုင်းဖုန်းယူဆောင်အသုံးပြုနိုင်ပြီဖြစ်သော်လည်း ပြည်တွင်းမှ မိုဘိုင်းဖုန်းများကို ပြည်ပသို့ သယ်ယူအသုံးပြုနိုင်ရန် စမ်းသပ်နေဆဲသာဖြစ်သည်။ သို့သော် ပြည်ပဆက်သွယ်ရေးအော်ပရေတာနှစ်ခုတွင် အဆိုပါစနစ်ကို မိုဘိုင်းဖုန်းရောင်းချသည်နှင့် တစ်ပြိုင်တည်း အသုံးပြုနိုင်မည်ဖြစ်သည်။

“International Call လည်း ခေါ်လို့ရပါတယ်။ အခြားနိုင်ငံကယူလာရင်လည်း အော်ရီဒူးနက်ဝါ့ခ်ကို သုံးပြီးတော့ Roming အနေနဲ့ သုံးလို့ရမယ့်အပြင် အော်ရီဒူးမြန်မာပြည်ဆင်းမ်ကတ်ကို နိုင်ငံတကာမှာသုံးလို့ရမယ့် Roming Service ကို ကြိုးစားနေပါတယ်။ ထည့်ပေးမှာပါ”ဟု အော်ရီဒူးမြန်မာကုမ္ပဏီ အမှုဆောင်အရာရှိချုပ် မစ္စတာ Rock Cormack က ပြောသည်။

ဆက်သွယ်ရေးလိုင်စင်ရရှိပြီးဖြစ်သည့် ပြည်ပကုမ္ပဏီနှစ်ခုနှင့် မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံတယ်လီပို့ကုမ္ပဏီတို့အနေဖြင့်
ဝန်ဆောင်မှုယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်လည်း အရည်အသွေးကောင်းမွန်သော ၀န်ဆောင်မှုပေးနိုင်မည့် ကုမ္ပဏီကိုသာ ရွေးချယ်မှုလုပ်လာနိုင်မည်ဖြစ်ကြောင်း ဦးဇော်မင်းဦးကပြောသည်။

“သေချာတာကတော့ အော်ပရေတာက လေးဦးဖြစ်သွားမယ်။ အသုံးပြုသူတွေအနေနဲ့ ရွေးချယ်ခွင့်ရှိလာမယ်။ အရင်တုန်းက တစ်ယောက်ကိုတစ်ခုပေးနိုင်တယ်ဆိုရင် အခုဆိုရင် လေးဦးဆိုတော့ လေးခုပေးလာနိုင်မှာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ပစ္စည်းလည်းပေါလာမယ်။ ဈေးကျလာနိုင်တယ်။ ၀န်ဆောင်မှုပိုကောင်းလာမယ်။ တစ်ဦးတည်းမဟုတ်တော့ဘဲ အပြိုင်အဆိုင်ဖြစ်လာမယ်”ဟု ဦးဇော်မင်းဦးကပြောသည်။

မိုဘိုင်းအတွက် အဓိကလိုအပ်သည့်အသံစနစ်၊ အချက်အလက်ဝန်ဆောင်မှုစနစ်များအပြင် 3G စနစ်မှ 4G စနစ်အထိ ဆောင်ရွက်ပါက ရေဒီယိုစနစ်များပါ ပါဝင်လာမည်ဖြစ်ပြီး ပြည်တွင်းတွင် မသိရှိခဲ့သည့် ဆက်သွယ်ရေးဝန်ဆောင်မှုစနစ်အသစ်များ၊ တီထွင်ဆန်းသစ်မှုများပါ ထွက်ရှိလာနိုင်ကြောင်း ဦးဇော်မင်းဦးက သုံးသပ်ပြောကြားသည်။

အဆိုပါကုမ္ပဏီနှစ်ခုက လိုအပ်နေသည့် ဆက်သွယ်ရေးတာဝါတိုင်များအတွက် ကနဦးအနေဖြင့် ကုန်ကျစရိတ်သက်သာမှုရှိစေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ဖွယ်ရှိရာ အဆိုပါကုမ္ပဏီများ၏ မိုဘိုင်းကွန်ရက် ခက်ခဲလာမည်ကို စိုးရိမ်စရာရှိသည်။

“ပြည်ပအော်ပရေတာတွေအနေနဲ့ ဖုန်းတွေကို မြန်မြန်ချမယ်ဆိုရင် မြန်မာ့ဆက်သွယ်ရေးမှာ တာဝါတိုင်တွေဆောက်ပြီးသားရှိတဲ့အတွက် ကနဦးအနေနဲ့ အဲဒီတာဝါတိုင်တွေမှာ အငှားအနေနဲ့ တွဲပြီးတော့ လုပ်သွားမှာဖြစ်ပေမယ့် သီးခြားအနေနဲ့လည်း အပြိုင်အဆိုင်လုပ်သွားမှာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ဖုန်းလိုင်းတွေ ကောင်းလာမှာဖြစ်သလို အင်တာနက်မြန်နှုန်းတွေလည်း ကောင်းလာမယ်။ ၀န်ဆောင်မှုတွေကိုလည်း အပြိုင်လုပ်ဆောင်ပေးသွားပါမယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာမှူး ဦးငွေသောင်းကပြောသည်။

လူဦးရေ သန်း ၆၀ ကျော်ရှိသည့် မြန်မာနိုင်ငံတွင် လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်းလိုင်းခုနစ်သန်းကျော်သာ ရောင်းချပေးပြီး မိုဘိုင်းဈေးကွက်
နေရာတစ်ခုကို ရယူထားသော်လည်း လာမည့်ရှစ်လအတွင်းတွင် ပြည်ပကုမ္ပဏီနှစ်ခုက အပြိုင်အဆိုင်ဈေးကွက်ရယူတော့မည်ဖြစ်ရာ အရည်အသွေးကောင်းမွန်သည့် ၀န်ဆောင်မှုများကိုသာ ရွေးချယ်အသုံးပြုနိုင်တော့မည်ဟု မျှော်လင့်ရသည်။

လုပ်ငန်းစတင်ချိန်မှစ၍ ၂ နှစ်အတွင်း ပြည်သူများ နိုင်ငံတကာအဆင့်မီ ဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်ဟုယုံကြည်ကြောင်း လူကြီးမင်းဖုန်းဆိုင် မန်နေးဂျင်းဒါရိုက်တာ ဦးပြည်စိုးထွန်းကပြောသည်။

“လောလောဆယ် မြန်မာပြည်အတွက် လိုအပ်တာတော့ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ဖုန်းခေါ်လို့ရဖို့ အလိုအပ်ဆုံးပါပဲ”ဟု အော်ရီဒူးမြန်မာ၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြည်သူတစ်ဦးက ပြောကြားထားသည်။ ။

ဓာတ်ပုံ- လင်းဘိုဘို/အီးပီအေ
7Day News Journal

အိမ်တံခါးပေါက် မပိတ်တဲ့ နိုင်ငံ


ဥရောပတိုက် အလယ်ပိုင်းမှာ တည်ရှိတဲ့ လစ်သမ်စတိန်းလို့ အမည်ရ တဲ့ နိုင်ငံ ငယ်လေး ဖြစ်ပါတယ်။
သြစတေးရီးရ နဲ့ ဆွစ်ဇာလန် နှစ်နိုင်ငံ ကြားမှာ ရှိနေတဲ့ နိုင်ငံသေးသေးလေး တစ်ခု ဖြစ်ပါတယ်။ လူဦးရေက ၄ သောင်းဝန်းကျင်ပဲ ရှိပါတယ်။

ယင်းနိုင်ငံမှာ ထူးခြားချက်က အိမ်တံခါးပေါက် ခတ်စရာ မလိုခြင်း ဖြစ်ပါ တယ်။ သော့ခတ်တဲ့ အလေ့အထကို မကျင့်သုံးကြ ပါဘူး။ အကြောင်းက လစ်သန်စတိန်းမှာ ရာဇဝတ်မရှိလို့ ဖြစ်ပါတယ်။ ၁၅ နှစ်လုံး နေမှ လူသတ်မှု တစ်ခု ဖြစ်ခဲ ပါတယ်။ ၁၉၉၇ ခုနှစ်ဝန်းကျင်လောက် ကပဲ လူသတ်မှု တစ်ခု ဖြစ်ခဲ့ပြီး အရင်ကလည်း ဖြစ်ခဲ သလို၊ ယနေ့အထိလည်း မဖြစ် တဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဒါကြေင့် လစ်သီစတန်းဟာ ကမ္ဘာ့ပေါ်မှာ သော့ခတ်စရာမလိုသော တစ်ခု တည်းသော နိုင်ငံအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
.
Ref: wiki
အောင်ခမ်း
International news for Myanmar

ဗြိတိန်က ငွေထုတ်စက်မှာ ဓါးပြတိုက်ခံရ


ဗြိတိန်နိုင်ငံ အနောက်မြောက်ပိုင်း Devon က ငွေထုတ်စက် တစ်ခုမှာ ဓားပြ တိုက်မှု တစ်ခု ဖြစ်ခဲ့ ပါတယ်။ ငွေထုတ်နေတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ကို ဓားနဲ့ ထောက်ပြီး ငွေတောင်းခံခြင်း ဖြစ် ပါတယ်။

ဒါနဲ့ပဲ လတ်လတ်လောလော ထုတ်ထားတဲ့ ဗြိတိန်ပေါင် ၁၀၀ ကို ကြောက် အား လန့်အားနဲ့ ပေးလိုက် ရပါတယ်။ ယင်း ဓားပြတိုက်မှု ကိုမှတ်တမ်း တင်ထားတဲ့ စီစီတီဗီ ကင်မရာမှ ဗီဒီယိုကို Dailymail မှ အွန်လိုင်းပေါ် တင်ခဲ့ပြီး ဗြိတိန်နိုင်ငံက လူထု တစ်ရပ် လုံးကို တုန်လှုပ်ခြောက်ခြားစေ ခဲ့ပါတယ်။ ငွေထုတ်တဲ့ အချိန်က ည ၉ နာရီ အချိန် ဖြစ်ပါတယ်။ ဒါကြောင့် မို့ ငွေထုတ်စက်မှာ ထားရှိတဲ့ လုံခြုံရေး စနစ်၊ ပတ်ဝန်းကျင်က လုံခြုံရေး မရှိမှုကို မီးမောင်းထိုး ထင်သာမြင်သာ ရှိစေခဲ့ ပါတယ်။

ဒါကြောင့်မို့ ငွေထုတ်စက်မှ ငွေထုတ်များအနေနဲ့ နေရာနဲ့ အချိန်ခါ ကို လေ့လာ လို့ ငွေထုတ်သင့်ကြောင်း ရဲများမှ အကြံပေး ပြောဆိုခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း
International news for Myanmar

ကယ်လီဖိုးနီးယား ပင်လယ်ကွေ့မှ မျက်တစ်လုံးငါး


ကယ်လီဖိုးနိးယား ပင်လယ်ကွေ့မှာ တံငါသည် တစ်ဦး ဖမ်းဆီးရမိခဲ့တဲ့ ငါး ဖြစ်ပြီး ငါးမန်းအမျိုးအစား ဖြစ် ပါတယ်။

၂၂ လက်မ အရှည်ရှိပြီး သက်ရှိတွေမှာ ဖြစ်တတ်တဲ့ Cysclops အမည်ရ ချို့ ယွင်းချက် ဖြစ်နေခြင်း ဖြစ်ပါတယ်။ ယင်းချို့ ယွင်းချက်က မွေးကတည်းက မျက်လုံး တစ်လုံးတည်းပဲ ပါရှိစေပြီး သက်ရှိတွေကိုမွေးဖွား လာခြင်း ဖြစ်ပါ တယ်။ ယင်းထဲမျာ ငါးမန်းတစ်ကောင် အနေနဲ့ ယခုလို မွေးဖွားတယ်ဆိုတာ အင်မတန်ရှားပါး ပါတယ်။ သက်ရှိထင်ရှား ရှိပြီး မျက်လုံး တစ်လုံးတည်း ပါဝင်တဲ့ ငါးမန်း အထီး ဖြစ်ပါတယ်။ အရည်ခွံဟာလည်း ဖြူနေပြီး အမြင်မှာ တင် ထူးခြားနေပါတယ်။

ယင်းကဲ့သို့ မျက်လုံး တစ်လုံးတည်း ပါဝင်တဲ့ ငါးများကို ယခင်ကလည်း များစွာ ဖမ်းဆီး ရမိဖူးပြီး သုတသန ပြုလုပ်လျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း
International news for Myanmar

လှည်းကူးမြို့နယ် မြေဧက ၁ သောင်းနီးပါး တရားမ၀င် ရောင်းဝယ်မှုများ ပြုလုပ်နေ (ပြောပြချက်)


ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲရှိ တိုက်ကြီး၊ ဖူးကြီး၊ ဖောင်ကြီး၊ ဘုရားကြီး၊ ကြီးလေးကြီးလမ်း တလျှောက် ၂၀၁၃ ခုနှစ် တနှစ်အတွင်း မြေဧက ၁သောင်းလောက် တရားမ၀င် ရောင်းဝယ်မှုတွေ လုပ်ခဲ့ကြပြီး သမီးလေးကျေးရွာကို တည်ခဲ့ကြသူတွေအကြောင်း လှည်ကူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းရဲ့ ပြောပြချက် ဖြစ်ပါတယ်။ နားဆင်နိုင်ပါတယ်။




DVB Burmese

စစ်ကွင်းမြို့ တွင် ပထမဆုံး e-library ဖွင့်လှစ်


စစ်ကွင်း၊ ဖေဖော်ဝါရီ ၈။

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် စစ်ကွင်းမြို့၏  ပထမဆုံး နေကြယ်စင်း  e-library  ကို အလှူရှင် ဦးဇော်လွင်ဦး နှင့် ဒေါ်ခင်ခင်ချိုမိသာစု ကောင်းမှုဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံအနှံအပြားတွင် စာကြည့်တိုက်များ တည်ဆောက်လျက်ရှိနေသော်လည်း e-library  အားဖွင့်လှစ်ရခြင်း မှာ စာဖက်သူများသည် စာဖက်မှုများသည့်အခါတွင် စာအားရိုးမသွားရန် အတွက်နှင့် တိုးတက်လာသော ခေတ်စနစ်နဲ့အညီ လူငယ်များ IT နည်းပညာအား အသုံးပြုရန်အတွက် ဖြစ်ကြောင်းအဆိုပါပွဲတွင် သိရသည်။

အဆိုပါ နေကြယ်စင်း  e-library  ကိုအား လှူဒါန်းသည့် ဦးဇော်လွင်ဦးက “ကျွန်တော်ဟာ ဒီရပ်မှာမွေးတဲ့သူ တစ်ဦးပါ ကျွန်တော်ငယ်ငယ်တုန်းက အရမ်းကို ဆင်းရဲပါတယ် ဒါကြောင့်မို့လို့ တိုးတက်မှု နောက်ကျနေတဲ့ ကျွန်တော်ရွှာလေးကို တိုးတက်စေချင်လို့ လှူဒါန်းတာဖြစ်ပါတယ်”ဟု အလှူရှင် ဦးဇော်လွင်ဦးက ပြောသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် စစ်ကွင်းမြို့၏  ပထမဆုံး နေကြယ်စင်း  e-library  ဖွင့်ပွဲကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ  ၈ ရက်နေ့ နေလည် ၂ နာရီတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

နှင်းနွယ်
The Myanma Age

တမူးတွင် ဓားဖြင့်ခုတ်သတ်၍ အလောင်းဖျောက်ထားမှု ဖမ်းမိပြီ


ကိုတိုးကြီး | တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၉ရက်၊၂၀၁၄ခုနှစ်။

တမူး၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မန်မော်ကျေးရွာ၊ ဆလိုင်းဘက်ကွင်းတွင် လွန်ခဲ့သည့် နှစ်လနီးပါးခန့်က မယားပါသားဖြစ်သူက ပထွေးဖြစ်သူကို ဓားဖြင့်ခုတ်သတ်၍ အလောင်းဖျောက်ထားသည့် ပြစ်မှုဆိုင်ရာ ကိစ္စကို ဖေဖော်ဝါရီလ ၈ ရက် နံနက် ၃ နာရီအချိန်က စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့်အရေးယူလိုက်ပြီဖြစ်သည်။

လွန်ခဲ့သည့် နှစ်လနီးပါးခန့်က တမူးမြို့နယ်တွင် မိသားစုရေး ပြဿနာနှင့်ပတ်သက်၍ မယားပါသားဖြစ်သူက ပထွေးဖြစ်သူကို ညအချိန်တွင် ဓားဖြင့်ခုတ်သတ်၍ သေဆုံးသူ၏ အလောင်းကို ဖျောက်ဖျက်ထားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ထိုသတင်းနှင့် ပတ်သက်၍ တမူးဒေသခံ ရဲတပ်ဖွဲ့ဝင်များက ဖြစ်နိုင် ချေရှိသော နေရာအရပ်များတွင် ဒေသခံ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ စောင့်ကြပ်သတင်းရယူခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့ သတင်းရယူနေစဉ်တွင် ဖေဖော်ဝါရီ ၇ရက် ညနေ ၆ နာရီအချိန်တွင် ဆရာစံကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင် ဆိုသူထံ ၎င်း မိတ်ဆွေတစ်ဦးက အဆိုပါ သတင်းနှင့်ပတ်သက်၍ ဆက်သွယ် ပြောကြား လာသည့် အတွက် ရဲဌာနက မှတ်တမ်းများရယူခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ရာတွင် သေဆုံးသူကို ဖျောက်ဖျက်ထားသည့် အလောင်းကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု နယ်စပ်ဒေသ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဖျောက်ဖျက်ခြင်း ခံထားရသော သေဆုံးသူသည် တမူးမြို့နယ် မန်မော်ကျေးရွာနေ ဦးတင်ထွန်းနိုင် အသက်(၅၃)နှစ် ဆိုသူ ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက် ည ၉ နာရီ အချိန်က ဆလိုင်းဘက်ကွင်းရှိ နွားတဲအနီးတွင် မယားပါသားဖြစ်သူ ကိုဖိုးချင်း(ခ) အောင်ဇော်ဦး အသက်(၂၃)နှစ်ဆိုသူမှ ဓားဖြင့်ခုတ်သတ်ခံခဲ့ရပြီး နောင်ကွန်းလယ်ကွင်းရှိ ခုတ်လှဲထားသည့် ထာက်ကြံ့ပင်အောက်တွင် မြေမြုပ်ထားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပထွေးဖြစ်သူကို ခုတ်သတ်၍ အလောင်းအား ဖျောက်ဖျက်ပစ်ခဲ့သူအပေါ် ဥပဒေအရ အရေးယူဆောင် ရွက်နိုင်ရန် တမူးမြို့မရဲစခန်း၏ ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၁/ ၂၀၁၄ (ပ) ၁၄/၂၀၁၄
ပြစ်မှုပုဒ်မ ၃၀၂/ ၂၀၁ အရ အမှုဖွင့် ဆောင်ရွက်လျှက်ရှိသည်။

Mizzima - News in Burmese

အာဆီယံ စီးပွားရေး ပေါင်းစည်းမှုကြောင့် ဒေသတွင်း အသေးစား၊ အလတ်စားလုပ်ငန်းများ ပျောက်ကွယ်နိုင်ဟုဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၈

အာဆီယံနိုင်ငံ အချင်းချင်း စီးပွားရေး ပေါင်းစည်းမှုကြောင့် ဒေသတွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်း (SMEs) များ ပျောက်ကွယ် သွားနိုင်ကြောင်း Altsean-Burma အဖွဲ့မှ ညှိနှိုင်းရေးမှူး Ms. Debbie Stothardက ပြောကြားသည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်အရ ၂၀၁၅ ခုနှစ် နှစ်ကုန်တွင် စီးပွားရေး ပေါင်းစည်းမှု ပြုလုပ်မည် ဖြစ်သည့် အတွက် ဒေသတွင်းရှိ အကြီးစားကုမ္ပဏီ၊ လုပ်ငန်းများက အသေးစား လုပ်ငန်းများကို ဝါးမျိုသွားနိုင်ကြောင်း ၎င်းကသတိပေးသည်။

“SMEs တွေကသာ နိုင်ငံ့ဝင်ငွေကို အများဆုံး ရှာပေးသူတွေ ဖြစ်တယ်။ ဒါ့အပြင် အလုပ်အကိုင် အခွင့်အလမ်း များစွာကိုလည်း ဖန်တီးပေးနိုင်တာကြောင့် SMEs တွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်” ဟု ၎င်းကဆိုသည်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံများသည် ၂၀၁၅ ခုနှစ်တွင် ဒေသတွင်း နိုင်ငံ အချင်းချင်း ကုန်သွယ်မှု လျင်မြန် ချောမွေ့စေရေးအတွက် အကောက်ခွန် အပါအဝင် အကောက်ခွန် မဟုတ်သော ကုန်သွယ်မှု အတားအဆီးများကို ဖယ်ရှားသွားရန် သဘောတူညီထားပြီး ဖြစ်သည်။

လွတ်လပ်စွာ ကုန်သွယ်မှု ဖြစ်ပေါ်လာပါက နိုင်ငံစုံ ကော်ပိုရေးရှင်း ကြီးများနှင့် ပြည်တွင်းလုပ်ငန်းများ ဖက်စပ်လုပ်ကိုင်ကာ နည်းပညာနဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲမှုများကို သင်ယူနိုင်မည့်အပြင် အလုပ်အကိုင် အခွင့်အလမ်း များကိုလည်း ဖန်တီးနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ပါဝင်သူ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
“ကျွန်တော်တို့ နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေလို ကားစက်ရုံကြီးတွေ၊ အဆင့်မြင့် နည်းပညာသုံး လုပ်ငန်းတွေ လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလို ကော်ပိုရေးရှင်းကြီးတွေ ရောက်လာရင် လျှံကျ အကျိုးအမြတ်ကို ရယူနိုင်မယ်ဆိုရင် SMEs တွေ ဖွံ့ဖြိုးလာနိုင်ပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ လူမှုစီးပွား အကြံပေးပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

မြန်မာနိုင်ငံ စီးပွားရေး၏ ၉၀ ရာခိုင်နှုန်းကျော်သည် အသေးစားနှင့် အလတ်စား လုပ်ငန်းများဖြစ်ပြီး မကြာမီ ဥပဒေအဖြစ် ထွက်ပေါ်လာမည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ အဓိပ္ပာယ် သတ်မှတ်ချက်အရ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း ၉၉ ရာခိုင်နှုန်းသည် SMEs စာရင်း ဝင်သွားမည် ဖြစ်ကြောင်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေး ဗဟိုဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ဆိုသည်။
“မြန်မာနိုင်ငံက စီးပွားရေးဖွင့်တာ၊ ပွင့်တာ နောက်ကျတဲ့အတွက် ပြင်ဆင် ထားတာ အရမ်းအားနည်းတယ်။ လုပ်ငန်းကြီးတွေရဲ့ ဝါးမျိုမခံရအောင် လုပ်ငန်းတူ၊ အမျိုးအစားတူတွေ အစုအဖွဲ့လိုက်၊ အသင်းအဖွဲ့လိုက် လုပ်ဆောင်ဖို့လိုတယ်” ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။

ပြုပြင်ပြောင်းလဲမှုများ မလုပ်ခင် ယခင်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် အစိုးရနှင့် နီးစပ်သူများ၊ ပါမစ် လုပ်ကိုင်ခွင့်များနှင့်သာ စီးပွားရေး လုပ်ခဲ့သည့်အတွက် ယှဉ်ပြိုင်နိုင်စွမ်း မရှိသလောက် နည်းပါးခဲ့ပြီး အမြန်ဆုံး အမြတ်ရနိုင်မည့် ဖြတ်လမ်းကိုသာ ရှာဖွေခဲ့ကြကြောင်း ၎င်းကဆိုသည်။
“လုပ်ငန်းရှင်တွေရဲ့ သဘောထား၊ စိတ်ဓာတ်၊ Mind Set တွေကို အရင်ပြင်ဖို့ လိုတယ်။ စွမ်းဆောင်ရည် မြှင့်တင်ပေးတဲ့ သင်တန်းတွေ ဖွင့်ပေမယ့် စိတ်ဝင်စားတဲ့သူ၊ တက်တဲ့သူ အရမ်းနည်းနေတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံရေး၊ စီးပွားရေး ပထဝီဝင်အနေ အထားအရ မဟာဗျူဟာ ကျသည့်နေရာတွင် ရှိနေသော မြန်မာနိုင်ငံသည် ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်ခုနှင့် အာဆီယံနိုင်ငံများ အကြားတွင် ပေါင်းကူးသဖွယ် တည်ရှိနေသည့်အတွက် အာဆီယံ စီးပွားရေး ပေါင်းစည်းမှု စတင်ချိန်တွင် မြန်မာနိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍကို တိုးမြှင့်ဆောင်ရွက် သင့်ကြောင်း ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က အကြံပြုသည်။

The Voice Weekly

မြန်မာ – ဂျာမနီ အကြွေးလျော်ပေးမည့် သဘောတူ လက်မှတ်စာချုပ် ရေးထိုးမည်


သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ ဂျာမနီ သမ္မတ ဂျိုဝါချင် ဂေါက်ခ်ဟာ ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ရောက်ရှိ လာပါတယ်။

ဂျာမနီသမ္မတ ဦးဆောင်ပြီး အစိုးရ၀န်ကြီး အဖွဲ့ဝင်တွေ၊ လွှတ်တော် အမတ်တွေနဲ့ စီးပွားရေးခေါင်းဆောင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ပါဝင်တယ်။ ဒီကနေ့ မနက်မှာ ရွှေတိဂုံ ဘုရားကို သွားရောက်မှာ ဖြစ်ပြီး မနက်ဖြန် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာတော့ နေပြည်တော်ကို သွားရောက်မှာပါ။

ခရီးစဉ်အတွင်း ဂျာမနီသမ္မတဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမယ့်အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အန်အယ်လ်ဒီပါတီရဲ့ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေး အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့က ဂျာမဏီသံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရန်ကုန်တက္ကသိုလ်မှာ ဂျာမနီသမ္မတ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံက ဂျာမနီကို ပေးဖို့ရှိတဲ့ အကြွေးတွေရဲ့ ၅၀ ရာခိုင်နှုန်းကို လျော်ပေးမယ့် သဘောတူ လက်မှတ်စာချုပ်တခု ရေးထိုးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်မယ့် အစီအစဉ် ရှိပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။ မြန်မာအပေါ် အီးယူ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ပေါ့ပေး ခဲ့ချိန်က စလို့၊ ဂျာမနီ နိုင်ငံဟာ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီတွေ အများအပြား ပေးလာခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းကတော့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ဖူးသလို၊ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ အရာရှိတွေအပြင်၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံသွားခဲ့ပါတယ်။ ဂျာမဏီသမ္မတဟာ မြန်မာနိုင်ငံကို မလာရောက်ခင် အိန္ဒိယ နိုင်ငံကိုလည်း သွားရောက်ခဲ့ပါတယ်။

DVB Burmese

ပြင်သစ်ရထားတစီးပေါ် ကျောက်တုံးပြုတ်ကျမှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး


ပြင်သစ်နိုင်ငံက အဲ့လ်ပ်စ် တောင်တန်းဒေသမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရထားတစီး ဖြတ်မောင်းနေစဉ် တောင်ပေါ်က ကျောက်တုံးကြီး တတုံးပြုတ်ကြလာတာကြောင့် ရထားကို ထိမှန်ခဲ့လို့ လူ ၂ ယောက်သေဆုံးခဲ့ပါတယ်။

မတော်တဆမှုကြောင့် တခြား လူ ၉ ယောက်ဒဏ်ရာရပြီး တယောက်ကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ ရထားတွဲ တတွဲကတော့ တောင်စောင်းအစွန်းကနေ ပြုတ်ကျခဲ့တယ်လို့ ဒေသခံ အရာရှိတွေကပြောပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကြား ကျော်ကြားတဲ့ ပြင်သစ်အရှေ့တောင်ဘက်က ရွာတွေကြား ပြေးဆွဲတဲ့ ရထားဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်က ခုလိုဖြစ်တာလို့ အရာရှိတွေက ပြောပါတယ်။

တောင်ပေါ်ကကျလာတဲ့ ကျောက်တုံးကြီးဟာ တန်ချိန် ၂၀ လောက် လေးပြီး ရထားရဲ့ဘေးကို ထိမှန်ခဲ့တာလို့ ဒေသခံ အရာရှိက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သေဆုံးသူ ၂ ယောက်ဟာ ဒေသခံပြင်သစ် အမျိုးသမီးတယောက်နဲ့ ရုရှ ခရီးသည် အမျိုးသမီးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်တုံးကြီး ဘာကြောင့် ပြုတ်ကျလာတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒေသတွင်းမှာတော့ တောင်ပေါ်ကနေ ကျောက်တုံးတွေ ကျတာကို ကာကွယ်ဖို့ ပိုက်ကွန်တွေကို ဆင်ထားပြီးသားပါ။ တောင်ထူဒေသမှာ နှင်းတွေ ဖုံးနေလို့ ကနဦး ကယ်ဆယ်ရေး အားထုတ်ချက်တွေ နှောင့်နှေးနေပါတယ်။

DVB Burmese

ဘာကြောင့် တစ်နေကုန် ဗိုက်ဆာသလိုဖြစ်နေရတာလဲ


          တစ်ခါတစ်ရံ ကျွန်ုပ်တို့မှာ ခါတိုင်းစားနေကျထက် ပိုစားပြီးတာတောင်မှ ဗိုက်ဆာသလို ဖြစ်နေတတ်ပါတယ်။ ဗိုက်ထဲကမြည်သံဟာ ဘေးအိမ်က အိမ်နီးချင်းတောင် ကြားမယ်ဆို ကြားနိုင်လောက်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ အစားအစာမှာပါဝင်တဲ့ တချို့သောပစ္စည်းတွေဟာ ဗိုက်ပြည့်နေတာတောင်မှ အစာအိမ်ကို ကျေနပ်မှုမပေးစွမ်းနိုင်ပါဘူး။

ဒီလိုခံစားနေရခြင်းရဲ့ ဖြစ်နိုင်တဲ့အကြောင်းအရင်းလေးတွေကတော့ -

(၁)     မနက်စာကို လုံလောက်စွာ မစားဖြစ်ခြင်း

          ထပ်ပြောရပါဦးမယ်။ မနက်စာဆိုတာ တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးအစားအစာ ဖြစ်ပါတယ်။ နေ့တစ်နေ့ကို အစပြုတဲ့နေရာမှာ မှန်ကန်တဲ့ ကယ်လိုရီအရေအတွက်နဲ့ အဟာရဓါတ်တွေနဲ့ စတင်ဖို့လိုပါတယ်။ မနက်စာ လုံလောက်စွာ မစားဖြစ်တဲ့အခါ ခန္ဓာကိုယ်တွင်းသကြားဓါတ်နှုန်းဟာ မတည်ငြိမ်ဘဲ မြင့်တက်နေတာကြောင့် သင့်ရဲ့အစာအိမ်ဟာ တစ်နေ့တာလုံး ဗိုက်မပြည့်သလို ခံစားရတတ်ပါတယ်။

(၂)     လဖက်ရည် မသောက်တတ်ခြင်း

          သင်ဟာ လဖက်ရည်မသောက်တတ်သူ တယောက်ဆိုရင်တော့ အလွန်ဆိုးတာပဲ။ အစားစားပြီး အနည်းငယ်အကြာမှာ လဖက်ရည်တစ်ခွက်သောက်ပေးခြင်းက သင့်ရဲ့ သွေးတွင်းသကြားဓါတ်နှုန်းကို ၁၀-၁၅ ရာခိုင်နှုန်းလောက် လျော့ချပေးပါတယ်။ လက်ဖက်ရည်သောက်ပေးခြင်းက သင့်ရဲ့ အစာအိမ်ကိုပြည့်နေစေပြီး မလိုအပ်ဘဲ တစ်နေကုန် တစ်ခုပြီးတစ်ခု လျှောက်စားနေခြင်းကနေ ကင်းဝေးစေပါတယ်။

(၃)     အိမ်တွင်းလုပ် အစားအစာများ မစားရခြင်း

          တစ်ခါတလေတော့လည်း အပြင်စာတွေပဲ အစားများပြီး ကိုယ့်အိမ်မှာလုပ်တဲ့ အိမ်တွင်းဖြစ် အစားအစာတွေ မစားရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အပြင်မှာအလွယ်ရနိုင်တဲ့ ဘာဂါတွေ ၊ ဆင်းဒ၀ှစ်ခ်ျ တွေက ကြိုတင်ပြုလုပ်ထားတာဖြစ်တာကြောင့် လတ်ဆတ်တဲ့ အဟာရကို မရနိုင်ပါဘူး။

(၄)     ဆိုဒါအသောက်များခြင်း

          ဆိုဒါနဲ့ ဆိုဒါကဲ့သို့သော သကြားဓါတ်ပါဝင်မှုများတဲ့ ဖျော်ရည်တွေ အလွန်သောက်သုံးခြင်းက သွေးလှည့်ပတ်မှုနှုန်းကို ကျဆင်းစေပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ အခြားလုပ်ဆောင်မှုတွေဖြစ်တဲ့ အစာ စားခြင်စိတ်ပိုမိုဖြစ်ပေါ်ခြင်းနဲ့ ကျွန်ုပ်တို့စိတ်ကို လှည့်စားခြင်းတွေ ဖြစ်ပေါ်စေတတ်ပါတယ်။

(၅)     ရေကို လုံလောက်တဲ့ပမာဏရောက်အောင် မသောက်မိခြင်း

          ဆာလောင်မှုကို အကောင်းဆုံးဖြေဖျောက်နည်းကတော့ ရေပါပဲ။ တစ်ခါတစ်ရံ ရေသောက်ဖို့ မေ့လျော့နေတတ်ပြီး ခန္ဓာကိုယ်က လိုအပ်တဲ့ရေဓါတ် မရရှိတဲ့အခါ အစားအသောက်တွေကိုပဲ စဉ်းစားနေမိတတ်ပါတယ်။ တစ်နေကုန် ရေသောက်နေခြင်းက သင့်ကိုဗိုက်ပြည့်နေတယ်လို့ ခံစားရစေနိုင်ပြီး ၀ိတ်လျော့ဖို့ကိုလည်း အထောက်အကူပေးပါတယ်။

Ref:mensxp.com
Trend Myanmar

သတင်းကျင့်ဝတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ


အောင်လံ၊ ဖေဖော်ဝါရီ ၉။

မကွေးတိုင်းဒေသကြီး မကွေးမြို့ မကွေးဟိုတယ် ခန်းမတွင် ဖေဖော်ဝါရီလ(၈)ရက်နေ့က မကွေးတိုင်းအတွင်းရှိ ဒေသခံသတင်းထောက်များနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ယာယီတို့ တွေ့ဆုံပြီး မြန်မာသတင်းစာဆရာများ သတင်းကျင့်ဝတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ကြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စာနယ်ကောင်စီယာယီမှ ဆရာဦးကိုကို(ကိုကို စက်မှုတက္ကသိုလ်)၊ The Voice ဂျာနယ်အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆရာဦးမြင့်ကျော် တို့တက်ရောက် ဆွေးနွေးခဲ့ကြပြီး၊ အစီအစဉ် အစပိုင်းတွင် ဆရာဦးကိုကိုက ယခုကဲ့သို့ သတင်းကျင့်ဝတ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရခြင်း အကြောင်းကို ဦးစွာ ပြောကြားခဲ့သည်။

စာနယ်ဇင်းကောင်စီ(ယယီ)၏ အတွင်းရေးမှုးဦးကျော်မင်းဆွေက သတင်းစာဆရာများနှင့် ကျင့်ဝတ် အခန်းကဏ္ဍ ဆိုင်ရာ ဆွေးနွေးဟောပြောခဲပြီး ဆရာဦးမြင့်ကျော်က သတင်းကျင့်ဝတ်ဆိုင်ရာ အချက်အလက် (မူကြမ်း) အကြောင်း တင်ပြဆွေးနွေးခြင်း၊ အနှစ်သာရနှင့် ချဉ်းကပ်ခြင်း အကြောင်း ဆွေးနွေးတင်ပြခဲ့ကြောင်းလည်း တွေ့ရပါသည်။

ယင်းနောက် တက်ရောက်လာကြသော သတင်းသမားများက သတင်းကျင့်ဝတ်မူကြမ်းအား  အုပ်စုငယ်များ ခွဲကာ လေ့လာဆွေးနွေးခဲ့ကြပြီး၊ သုံးသပ်ရရှိမှု အခြေအနေများကို အသီးသီး တင်ပြ ဆွေးနွေးခဲ့ကြကြောင်းလည်း တွေ့ရပါသည်။

သုံးသပ်ရရှိမှုများနှင့် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များကို စာနယ်ဇင်းကောင်စီယာယီနှင့် ရင်း၇င်းနှီးနှီးတွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ညနေု(၃(နာရ်ီခွဲခန့်အချိန်တွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။

အထက်ပါအခမ်းအနားသို့ မကွေးတိုင်းအတွင်းမှ သတင်းသမားများအပြင် မကွးတိုင်းအတွင်းရှိပြန်ဆက်ဦးစီးဌာ နမှ တာဝန်ရှိသူများလည်း တက်ရောက်လာခဲ့ကြောင်းလည်းတွေ့ရပါသည်။

လင်းသက်
The Myanma Age

လ္ဘက်ရည်ဆိုင်အတွင်း မူးယစ်ဆေးဖြန့်ဖြူးရောင်းချသူတစ်ဦး ဖမ်းဆီးရမိ


ဇော်ဇော်ထွေး | တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၉ရက်၊၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ မူးယစ်ဆေးဖြန့်ဖြူးရောင်းချသူ တစ်ဦးကို ဗဟန်းမြို့နယ် ဗိုလ်ချို (၂)ရပ်ကွက်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိလိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မူးယစ်ဆေး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ညနေ ၃နာရီခွဲအချိန်တွင် တာမွေလမ်းမကြီးပေါ်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်သို့ ဝင်ရောက် ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် လက်ဖက်ရည်ဆိုင်အတွင်း စားပွဲခုံတွင် ထိုင်နေသူ ဖုန်းပြင်သည့် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်/အရှေ့ရပ်ကွက်၊ (၉၄)လမ်းတွင် နေသူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်စစ်ဆေးခဲ့သည်။

ထို့ကြောင့် ၎င်းဝတ်ဆင်သည့် အင်္ကျီလက်ရှည် ဝဲဘက်အိတ်ကပ်အတွင်းမှ အပြာရောင်တိပ်အပိုင်းဖြင့် ပတ်လျက် ငွေကျပ် ငါးသောင်းတန်ဖိုးရှိ WY စာတမ်းပါ ပန်းရောင်စိတ် ကြွရူးသွပ်ဆေးပြား (၅)ပြားစီပါသည့် အအေးစုပ်ပိုက် (၂)ချောင်းကို တွေ့ရှိခဲ့သည်။

ယင်းအပြင် ငွေကျပ် ငါးသောင်းကိုးထောင့်ရှစ်ရာ တန်ဖိုးရှိ ICE ဟုယူဆရသည့် မူးယစ်ဆေးဝါး (၂ဒဿမ ၉၉)ဂရမ်ကို မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် အသုံးပြုသည့် ဖုန်း(၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် မူးယစ်ဆေးဝါး လက်ဝယ်မိသူကို အရေးယူပေးရန် ရဲအုပ်ဝင်းနိုင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဗဟန်းရဲစခန်းက မယ(ပ)၃/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

Mizzima - News in Burmese

ရခိုင်ခေါင်းဆောင်များကို လုပ်ကြံရန်ကြိုးပမ်းမူ ရခိုင်အမျိုးသမီးများအစည်းအရုံးရှုတ်ချ


( နိရဉ္စရာ- ၉ ဖေဖေါ်ဝါရီလ ၂၀၁၄) / မောင်အေး

လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ညနေက မလေးရှားနိုင်ငံ ကွာလာလာမ်ပူရ်မြို့တွင် ရခိုင်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်တို့ကို သေနတ်သမားတစုမှ လုပ်ကြံရန် ကြိုးစားပမ်းခဲ့မူ အပေါ် ရခိုင်အမျိုးသမီးများ အစည်းရုံး (RWU) မှ ရှုတ်ချ ကန့်ကွက်လိုက်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ရွှေရသာ စားသောက်ဆိုင်တွင် ယနေ့ နံနက် ၉ နာရီမှ ၁၀ နာရီခွဲအထိ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်အမျိုးသမီးများအစည်းအရုံးမှ ထိုသို့ ကန့်ကွက် ရှုတ်ချခဲ့ခြင်း ဖြစ်သည်။

“အခုလို ကျမတို့ရခိုင်ခေါင်းဆောင်တွေကို လုပ်ကြံတာကို ပြန်းထန်စွာ ရှုတ်ချပါတယ်။ ဒီလို ယုတ်မာမှုတွေကို ကျမတို့ အနေနဲ့ ရှုတ်ချတယ်ဆိုတဲ့အကြောင်းနဲ့ ရခိုင်ခေါင်းဆောင်တွေနဲ့ ရခိုင်ပြည်သူတွေ အားလုံး တစ်ညီတညွတ်တည်းရှိနေတယ်ဆိုတာကို ပြလိုတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှုတ်ချရတာ ဖြစ်ပါတယ်”  တက်ရောက်လာသူ သတင်းသမားများအား အဖွဲ့၏ ဥက္ကဌ ဖြစ်သူ ဒေါ် စောမြရာဇာလင်းမှ ပြောဆိုသည်။

ယင်းပြင် ယခု သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းမှာ ရခိုင်ခေါင်းဆောင်များ အပါအ၀င် ရခိုင်ပြည်သူ တစ်ရပ်လုံးအနေဖြင့် လုံခြုံရေးမူ မရှိဘဲ ဖြစ်နေသည်ကို မြန်မာပြည်သူများ သတိထားမိအောင် မီးမောင်းထိုးပြလိုသည့် ရည်ရွယ်ချက်လည်း ပါဝင်သည်ဟု သူမက ဆိုသည်။

“ ကျွန်မတို့ဟာ မိမိတို့ပြည်နယ်မှာ အေးဆေးဆေးဆေး နေထိုင်ပါလျှက် လုံခြုံမူမဲ့နေပါတယ်။ အခု ပြည်ပမှာ ကျွန်မတို့ ခေါင်းဆောင်တွေကို  လုပ်ကြံဖို့ ကြိုးပမ်းတာကို ကြည့်ခြင်းအားဖြင့် ပြည်တွင်းမှာ ကျွန်မတို့ကို တိုက်ခိုက်နေတာကို အားမရသေးတဲ့ အတွက်  ပြည်ပမှာပါ ကျွန်မတို့ကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ပြောလိုပါတယ်။ ဒါကို မြန်မာပြည်သူ တစ်ရပ်လုံး သတိထားမိစေလိုပါတယ်” ဟု ဆိုသည်။

ယခုလက်ရှိအချိန်တွင်လည်း ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊အေးချမ်းရေးနှင့် တိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေ သည့် ရခိုင်ခေါင်းဆောင်များအတွက် လုံခြုံရေး စိုးရိမ်စရာ ရှိနေကြောင်းကိုလည်း သူမက ပြောဆိုသည်။

ယင်းပြင်သူမက  “ ကျမတို့ ရခိုင်ခေါင်းဆောင်တွေကို ပြည်ပမှာ လုပ်ကြံဖို့ကြိုးစားသလို ပြည်တွင်းမှာလည်း ရခိုင်အမျိုးသား၊ အမျိုးသမီးတွေ မကြာခဏ သတ်ဖြတ်ခံနေရတာတွေ ရှိတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကျမတို့ရခိုင်ပြည်မှာ အကြမ်းဖက်သမားတွေ ခိုးဝင်နေတယ်။ အကြမ်းဖက်လုပ်ရပ်တွေ တနေ့ထက်တနေ့များ လာတယ်ဆို တာကိုလည်း ကျမတို့ သတိထားလာမိတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းမှုကို မလုပ်နိုင်ဆိုရင် ရခိုင်ပြည်သာမက မြန်မာတစ်နိုင်ငံလုံးအတွက် တည်ငြိမ်ရေးကိုလည်း ထိခိုက်နိုင်တယ်လို့ကျမတို့ သုံးသပ် ထားပါတယ်” ဟု ဆိုသည်။

မလေးရှားနိုင်ငံတွင် ရခိုင်ခေါင်းဆောင်များကို လုပ်ကြံရန်ကြိုး စားမှုနှင့်ပတ်သတ်ပြီး ရခိုင်အမျိုးသမီးများအစည်းအရုံး RWU မှ ကြေငြာချက်တစ်စောင် ယနေ့ ထုတ်ပြန်သည်။

ကြေငြာချက်ထဲတွင် အချက် ၇ ချက်ဖော်ပြထားပြီး ရခိုင်ပါတီခေါင်းဆောင်များ မလေးရှားတွင် ပစ်ခတ် လုပ်ကြံခံရမှုဖြစ်စဉ်သည်လည်း ရခိုင်ပြည်ပဋိပက္ခများနှင့် ဆက်နွယ်မှုရှိနိုင်ကြောင်းနှင့် ပြည်တွင်း ပြည်ပ အစွန်းရောက် အကြမ်းဖက်သမားများနှင့်ချိတ်ဆက် ကြံစည်မှုရှိနိုင်ကြောင်း သုံးသပ်ဖော်ပြထားသည်။

ယခုကဲ့သို့ ရခိုင်လူမျိုးများ အပေါ် အကြမ်းဖက်မူများ ကျူးလွန်နေသော်လည်း နိုင်ငံတကာမှ ပြောင်းပြန်မြင်နေကြသဖြင့် လက်တွေ့ဖြစ်စဉ်များကို အမှန်အတိုင်းသိမြင်ရန် လိုအပ်ကြောင်း၊  မြန်မာအစိုးရအပါအ၀င် မြန်မာပြည်သူများနှင့် နိုင်ငံတကာမှလည်း ရခိုင်ပြည်နယ်တွင် ကျူးလွန်နေသော အကြမ်းဖက်လုပ်ရပ်များ အမြန်ဆုံး လုံးဝရှုတ်ငြိမ်းသွားအောင် ပူးပေါင်း လုပ်ဆောင်သင့်ကြောင့် ဒေါ်စောမြရာဇာလင်းက တိုက်တွန်း ပြောဆိုသွားသည်။

Narinjara နိရဉ္စရာ

မန္တလေးတွင် ဖွဲ့စည်းပုံပြင်ဖို့ ပထမဆုံး စုရုံးဆန္ဒပြ


ဓာတ်ပုံ- မွန်မွန်

မန္တလေးမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တရားဝင် ခွင့်ပြုမိန့်နဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက ပထမဆုံးအကြိမ် လူထောင်နဲ့ချီ စုရုံးဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစီအစဉ်နဲ့ စုရုံးဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြခဲ့ကြပုံကို မြို့ခံ သတင်းအယ်ဒီတာ ကိုမင်းထက်ငြိမ်းချမ်း ပြောပါတယ်။

“အောင်မြေသာဇံမြို့နယ် မြေကွက်လပ်တခုပေါ်မှာ ၅၉ (စ) ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဆန္ဒပြတာပါ။ အဓိကတော့ ပုဒ်မ ၁၈ ဖျက်သိမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဒီအတွက် ဆန္ဒဖော်ထုတ်တာ တွေ့ရပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကပဲ ဦးဆောင်လုပ်တာပါ။ လမ်းလျှောက်စီတန်းလှည့်လည်ခွင့် မကျဘူးလို့ သိရပါတယ်။ စုရုံးခွင့်ပဲ ကျပါတယ်။ အဲဒီအတွက် ဆန္ဒဖော်ထုတ်လိုတဲ့ ပြည်သူလူထုရော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် အများဆုံး လာစုရုံးတာတွေ့ရတယ်။ အဲဒီမှာ ကလေးအရွယ်ကနေ လူကြီးအထိ အကုန်လုံး တွေ့ရတယ်။ ဆိုင်းဘုတ်တွေ ကြွေးကြော်သံတွေကို ချိတ်ဆွဲထားတာတွေရှိတယ်။ လက်ထဲမှာလည်း ကိုင်ထားကြတယ်။ အားပါးတရ ကြွေးကြော်သံတွေ တိုင်ပေးကြတာတွေ့ ရတယ်။ အဓိကတော့ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး အမြန်ဆောင်ရွက်ပေးဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အခြားကြွေးကြော်သံတွေ ကြွေးကြော်ပြီး စုရုံးဆန္ဒ ထုတ်ဖော်နေတာ တွေ့ရပါတယ်။”

ခွင့်ပြုချိန် အပြောင်းအလဲ လုပ်ခဲ့တာကြောင့် တခြားမြို့နယ်တွေက ပါတီဝင်တွေ အင်အားစုတွေ လာရောက်ပူးပေါင်း စုရုံးဆန္ဒပြခွင့် မရခဲ့ကြဘူးလို့လည်း ပြောပါတယ်။

ရန်ကုန်မြို့မှာ ဖွဲ့စည်းပုံပြင်ဖို့ စုရုံးဆန္ဒပြပွဲတွေ မကြာခဏ ပြုလုပ်ခဲ့ကြပေမယ့် မန္တလေးမြို့မှာတော့ အခုမှ ပထမဆုံး ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မကြာခင် ရက်ပိုင်းအတွင်း ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(စ) မပြင်ဖို့ စုရုံးဆန္ဒပြပွဲတရပ် မန္တလေးမြို့မှာ ပြုလုပ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

DVB Burmese

သမီးကလေးရွာ သတင်းစာရှင်းလင်းပွဲသွားသည့် မီဒီယာများအား နယ်မြေခံစစ်တပ်ကတားဆီး၍ ကင်မရာနှင့် ဖုန်းများလုယူစစ်ဆေး


အောင်မြင်ရဲဇော်၊ ရန်ကုန်၊ ဖေဖော်ဝါရီ-၈

ဖေဖော်ဝါရီ ၄ ရက်မှစ၍ ရွာလုံးကျွတ်ဖျက်ဆီးခံခဲ့ရသည့် ရန်ကုန်တိုင်း
ဒေသကြီး လှည်းကူးမြို့နယ် သမီးကလေးကျေးရွာမှရွာသူ၊ ရွာသားများက
ဖေဖော်ဝါရီ ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး
ကျောင်း၌သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ရာ ယင်းသတင်းစာရှင်းလင်း ပွဲသို့ သွားရောက်သည့် ရန်ကုန်အခြေစိုက် သတင်းမီဒီယာများမှ သတင်း
ထောက်များအား သမီးကလေးရွာမရောက်မီ ရကသလမ်းဆုံ၌ ရကသ (၂) တပ်မှ အရာရှိနှင့် တာဝန်ကျစစ်သား ၁၀ ဦးခန့်က ရင့်သီးစွာပြောဆို တားဆီးကာ ကင်မရာနှင့်လက်ကိုင်ဖုန်းများကို လုယူ စစ်ဆေးခြင်းများ
ပြုလုပ်ခဲ့ကြသည်။

သမီးကလေးကျေးရွာသို့ သွားရောက်ရာကြီးလေးကြီး လမ်းမကြီးသည်
ရွာဖျက်နေစဉ်ကာလ အတွင်း ယာယီပိတ်ထားခဲ့သည်ဟုသိရပြီး နောက် ပိုင်းတွင် စစ်ဆေးရေးဂိတ်၌ စစ်ဆေးပြီးမှ ဖြတ်သန်းသွားလာ ခွင့်ပြုနေ
သော်လည်း မီဒီယာသမားများ လိုက်ပါလာသော ကားနှစ်စီးကိုသာ တားဆီးပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

' ဒါဟာ မီဒီယာသမားတွေမှန်းသိလို့ ရည်ရွယ်ချက်ရှိရှိနဲ့တားတာ။ အဖြစ်မှန်ကို မသိစေချင်လို့ သတင်းအမှောင်ချတယ်လို့ ယူဆလို့ရတယ်။ တာဝန်အရတားတယ်ဆိုတောင်မှ ပွင့်ပွင့်လင်းလင်းရှင်းပြပြီး တားလို့ရတာ ကိုရင့်ရင့်သီးသီးပြောဆိုခြိမ်းခြောက်ပြီး နောက်ပြန်လှည့်ခိုင်းတာကအာဏာ ကိုတလွဲအသုံးပြုတာပဲ ' ဟု သတင်းယူရန်လိုက်ပါလာသည့် နေ့စဉ်ထုတ်
သတင်းစာတစ်စောင်မှ သတင်းထောက်တစ်ဦးက ပြောသည်။

စစ်တပ်က ယင်းသို့ တားဆီးရာတွင် တားဆီးရသည့်အကြောင်းအရင်းအား သိလို၍ မီဒီယာသမားများက မေးမြန်းရာ ' ဒီနေရာက သွားလို့မရဘူး။ ဘယ်သူမသွားခိုင်းလည်း ဆိုတာလည်း ပြောစရာအကြောင်းမရှိဘူး။ မင်းတို့က မီဒီယာကဆိုတိုင်း ငါက ထိုင်ကန်တော့ရမှာလား။ ကားကို တပ်ထဲမောင်း၊ ဒီကောင်တွေ အကုန်လုံးကို ဆွဲချ၊ ဓာတ်ပုံရိုက်ထားတဲ့ ကင်မရာတွေ၊ ဖုန်းတွေအကုန်ယူ၊ ပုံတွေအကုန်ဖျက် ' ဟု အရာရှိဟု
ယူဆရသူက ရင့်သီးစွာပြောဆို၍ အမိန့်ပေးသည်။

ထို့နောက် လုံခြုံရေးစစ်သားများက ကားပေါ်လိုက်ပါလာသော မီဒီယာ သမားများနှင့် အလှူရှင်တချို့၏ ကင်မရာနှင့် လက်ကိုင်ဖုန်းများကိုလုယူကာ ၎င်းတို့ရင့်သီးစွာ ပြောဆိုထားသည့် ဓာတ်ပုံများနှင့် ရုပ်သံဖိုင်များကို ဖျက်ဆီးကြသည်။

'ကျွန်မတို့က အဖျက်ခံလိုက်ရတဲ့ ရွာတွေကို ရိက္ခာသွားပို့တာ။ လူလူချင်း ဆက်ဆံတာက နိုင်ထက်စီးနင်းဆန်လွန်းတယ်။ ကျွန်မတို့ကို တိရစ္ဆာန်တွေလို ဆက်ဆံတာ လုံးဝလက်မခံနိုင်ဘူး ' ဟု ကားပေါ်တွင် မီဒီယာသမားများနှင့်အတူ လိုက်ပါလာသော အမျိုးသမီးဆရာဝန်တစ်ဦးက ၎င်း၏ ခံစားချက်ကို ပြောပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန် မီဒီယာဂရု(ပ်)မှ သတင်းထောက် တစ်ဦးက ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းထံ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံရာ အလုပ်များနေကြောင်းနှင့် ယခု ဖုန်းဖြင့်ဆက်သွယ်သူမှာ မီဒီယာသမားဟု အတည်ပြု၍ မရနိုင်သောကြောင့် ဖြေရှင်းပေးရန် ငြင်းဆန်ပြီး ဖုန်းချသွားခဲ့သည်။

တပ်ပိုင်မြေအပေါ် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၄ ရက်မှ စ၍ ဖယ်ရှားခံရသည့် သမီးကလေးကျေးရွာမှ ရွာသူရွာသားများသည် လက်ရှိတွင် အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေရပြီး ယင်းသို့ ဒုက္ခသည်များကို လက်ခံပေးထားသော ဘုန်းတော်ကြီးကျောင်းကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံခြင်းမပြုရန် ဖိအားပေးထားကြောင်း သိရသည်။

လတ်တလောတွင် သမီးကလေးကျေးရွာ အရှေ့စုနှင့် အနောက်စုမှ
အိမ်ခြေ ၄၀၀အပါအ၀င် အုတ်ဖို၊ အင်းပတီး၊ ဒေါ်ကာလီနှင့် အနီးဝန်းကျင်ရွာ
တချို့မှ အိမ်ခြေ ၁၅၀ ခန့်ကိုလည်း တပ်ပိုင်မြေအပေါ် ကျူးကျော်
ဆောက်လုပ်ထား သည်ဟုဆိုကာ တာဝန်ရှိသူများက ဖြိုဖျက်ခဲ့ကြောင်း သိရသည်။

စံတော်ချိန် သတင်းစာ

ဦးအုန်းမြင့်ပြောစကား စေတနာအမှားဆိုပါက ခွင့်လွှတ်စေချင်ကြောင်း ဦးအောင်မင်းပြော


ရန်နိုင်၊ ရန်ကုန်၊ ဖေဖော်ဝါရီ-၈

မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောစကားများနှင့်ပတ်သက်ပြီး
စေတနာအမှားလား၊ စိတ်ဆန္ဒအရအမှားလားဆိုသည်ကို သုံးသပ်ပြီး
စေတနာအမှားဆိုပါက ခွင့်လွှတ်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီ ၈ ရက်က မြန်မာငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည့် ပင်လုံမှသည် ငြိမ်းချမ်းသော ပြည်ထောင်စုဆီသို့ ပန်းချီပြပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ထို့အပြင် ဦးအုန်းမြင့်ပြောစကားနှင့် ပတ်သက်ပြီး လက်ရှိအစိုးရအဖွဲ့ကို ရိုက်ခတ်ခြင်းမရှိကြောင်းလည်း ဆက်လက် ပြောကြားခဲ့သည်။ 'လူဆိုတာ အမှားလုပ်မိတဲ့အခါမျိုးလည်းရှိတာကြောင့် စေတနာအမှားလား၊ စိတ်ဆန္ဒသက်သက် အမှားလားဆိုတာသုံးသပ်ပြီး စေတနာအမှားဆိုရင် ခွင့်လွှတ်ပေးစေချင်တယ်။ ဦးအုန်းမြင့်ဟာ တိုင်းပြည်နဲ့ ပြည်သူအတွက် တာဝန်မရှောင်ဘဲ လုပ်ပေးခဲ့တဲ့သူဖြစ်တယ်။ ထားဝယ်နဲ့ မကွေးမှာ
ပြောမှားဆိုမှားဖြစ်တာဟာ သူ့လုပ်ဆောင်ချက်တွေအားလုံး ရဲ့ ရာခိုင်နှုန်း ၁၀ လောက်သာ မကောင်းတာပါ 'ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် မကွေးမြို့နယ်သစ်ရာကောက်
ကျေးရွာတွင် ဇန်န၀ါရီ ၂၈ ရက်က ရွာသားများနှင့် တွေ့ဆုံစဉ်နှင့် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ကော့သောင်းမြို့နယ် ပုလုံးတုံးတုံး
ကျေးရွာတွင် ရင့်သီးသော စကားလုံးများဖြင့် ပြောကြားခဲ့သည့် စကားများကြောင့် ပြည်သူများ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းကြား မကျေနပ် မှုများ၊ ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဦးအုန်းမြင့်အပေါ်မည်သို့ အရေးယူဆောင် ရွက်မည်ဆိုသည်ကို ပြည်သူ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်စိုးက အရေးကြီး အဆိုတင်သွင်းခဲ့ပြီး ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က အမြန်ဆုံး ဖြေရှင်ပေးမည်ဖြစ်ကြောင်း
ပြန်လည်ဖြေကြားခဲ့ပြီး ပြည်ထောင်စု အစိုးရ၏ ဆောင်ရွက်ချက်များကို
စောင့်ကြည့် သွားမည်ဖြစ်ကြောင်း လွှတ်တော်၌ မှတ်တမ်းတင်ထား ရှိခဲ့သည်။

စံတော်ချိန် သတင်းစာ

ဒေသခံမဟုတ်သည့် INGOများ ထွက်သွားရန် မြောက်ဦးတွင် ဆန္ဒပြ



(နိရဉ္စရာ- ၉ ဖေဖေါ်ဝါရီလ ၂၀၁၄) / မောင်အေး

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဒေသခံမဟုတ်သည့် INGO များဒေသအတွင်းမှ ၇ ရက်အတွင်း ထွက်ခွာ သွားရန်နှင့် White card ကိုင်ဆိုင်သူများကို မဲပေးခွင့် ရွေးကောက်ခံပိုင်ခွင့်မပြုရန် ဒေသခံတစ်ထောင်ကျော်မှ ဆန္ဒပြတောင်းဆိုခဲ့သည်။

အဆိုပါ ဆန္ဒပြတောင်းဆိုမှုကို ယနေ့နေ့လည် ၁ နာတွင် မြောက်ဦးမြို့အထင်ကရ သျှစ်သောင်း ပုထိုးတော်မှ စတင်ပြီး မြို့တစ်ပတ်လှည့်လည်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုရသည့် အကြောင်းကို ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုတိုးတိုးက ယခုကဲ့သို့ ပြောသည်။

“ INGOကို နှင်ထုတ်ရတာကတော့ နိုင်ငံတကာက သံအဖွဲ့တွေလာရင် သူတို့က လူ့အခွင့်အရေးတွေကိုဘဲ ရှေ့တန်းတင် ပြီးပြောနေတယ်။ ကျွန်တော်တို့ ဒေသခံရခိုင်တွေရဲ့ အခွင့်အရေးကျတော့ ဘယ်သူမှမပြောဘူး။ INGO တွေက တစ်ဘက်မှာလည်း ခွဲခြားဆက်ဆံတယ်။ ဒေသခံရခိုင်တွေကို ဘယ်တော့မှကူညီတာ မရှိဘူး။ ဒါကြောင့်သူတို့ကို ကျွန်တော်တို့ဒေသမှာ လက်မခံနိုင်တော့ဘူး။ ကမ္ဘာ့တစ်ခုလုံးမှာ မည်သည့်နိုင်ငံမှာ လည်း မရှိတဲ့ White card ကိုင်ဆောင်သူတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မဲပေး ခွင့်ပေးထားတယ်။ တိုင်း ရင်းသားလည်း မဟုတ်။ ဒေသခံလည်းမဟုတ်ဘဲ တခြားနေရာက လာတဲ့ သူတွေကို မဲပေးခွင့်ပြု ထားတဲ့အတွက် ကျွန်တော်တို့ ရခိုင်ဒေသခံတွေအတွက် အများကြီးနစ်နာရပါတယ်” ဟု ဆိုသည်။

INGO အဖွဲ့များမှာ ဘင်္ဂလီများကိုသာ တစ်ဘက်သတ် ကူညီထောက်ပံ့မှုများပေးနေပြီး တစ်ဘက်တွင်လည်း ဒေသအတွင်း ပဋိပက္ခများဖြစ်ပေါ်စေရန် နောက်ကွယ်မှ လုံဆော်နေကြောင်း ကိုတိုးတိုးကပြောသည်။

၇ ရက်တွင်း နိုင်ငံတကာ INGO အဖွဲ့များထွက်ခွာသွားမှုမရှိပါက ဆက်တိုက် လူထုအင်အားဖြင့် ဥပဒေကြောင်းအရ ကန့်ကွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုတိုးတိုးက ယခုကဲ့သို့ ဆက်ပြောသည်။

“ တကယ်လို့ ဒေသခံတွေမဟုတ်တဲ့ NGO-INGO အဖွဲ့တွေ ကျွန်တော်တို့ တောင်းဆိုတာကို လိုက်နာမှုမရှိရင် ကျွန်တော်တို့က ဆက်ပြီးတော့ ဥပဒေဘောင်အတွင်းက လူထုအားနဲ့ ဆက်ပြီးကန့်ကွက်သွားမယ်။ ဆန္ဒထုတ်ဖော်ပွဲတွေလုပ်ပြီး သူတို့ထွက်သွားတဲ့အထိ လုပ်သွားမှာဖြစ်ပါတယ်။”

ဆန္ဒပြသူများက ခိုးဝင်ဘင်္ဂလီများကို ထောက်ပံ့သည့် ဒေသခံမဟုတ်သည့် NGO-INGOများကို အလိုမရှိ။၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံးအကောင်အထည် ဖော်ပေးရေ။ ၂၀၁၅ ခုနှစ် White card ကိုင်ဆောင် သူများကို ရွေးချယ်ပိုင်ခွင့်နှင့် မဲပေးပိုင်ခွင့်မပြုရေး။ ရခိုင်ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ခေတ်မီလက် နက် အစားထိုး တပ်ဆင်ပေးရေးစသည့် ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

မြောက်ဦးမြို့တွင် (AZG) MSF- နှင့် ICRC အဖွဲ့တို့ အခြေစိုက်လှုပ်ရှားနေကြပြီး မကြာသေးမီကလည်း မြောက်မြို့ခံများက ဒေသအတွင်းရှိ နိုင်ငံတကာ INGO အဖွဲ့များ ဒေသအတွင်းမှ ထွက်ခွာသွားရန် နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ကြသည်။

အလားတူး ယခုရက်ပိုင်းအတွင်းက စစ်တွေနှင့် ဘူးသီးတောင်မြို့များတွင်လည်း White card ကိုင်ဆောင်သူများကို ရွေးချယ်ခံပိုင်ခွင့်နှင့် မဲပေးခွင့်မပြုရန်၊ နိုင်ငံတကာ INGOအဖွဲ့များ ဒေသအတွင်းမှ ထွက်ခွာသွားရန်အချက်များပါဝင်သည့် တောင်းဆိုချက်များဖြင့် ဒေသခံ ရခိုင်တိုင်းရင်းသားများက ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

Narinjara နိရဉ္စရာ

ဆော်ဒီအာရေဗျနိုင်ငံ ဟော်တယ်တလုံး မီးလောင်မှုကြောင့် လူ ၁၅ ဦး သေဆုံး


ဓာတ်ပုံ - ရိုက်တာ

ဆော်ဒီအာရေဗျနိုင်ငံက မေဒီနာမြို့မှာ မွတ်စလင် ဘုရားဖူးတွေ ပြည့်နေတဲ့ဟိုတယ်တလုံး ဖေဖော်ဝါရီ ၈ ရက်နေ့က မီးလောင်ခဲ့လို့ အနည်းဆုံး လူ ၁၅ ယောက် သေဆုံးပြီး အယောက် ၁၃၀ လောက် ဒဏ်ရာရတယ်လို့ ဆော်ဒီအာရေဗျ အစိုးရ သတင်းဌာနက ဆိုပါတယ်။

သေဆုံးသူ ၁၅ ယောက်လုံးက အီဂျစ်နိုင်ငံသားတွေ ဖြစ်ပြီး မီးက လျှပ်စစ် ရှော့ခ်ဖြစ်ရာက စတင် လောင်ကျွမ်းတာလို့ အီဂျစ်အစိုးရ ရုပ်သံက သီးခြား အစီရင်ခံပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက ၂ နာရီကြာအောင် မီးငြှိမ်းသတ်ခဲ့ရပြီး ကြိုတင် ကာကွယ်ရေးအနေနဲ့ အနားက ဟိုတယ်တလုံးက လူတွေကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရတယ်လို့ ဆော်ဒီ အာရေဗျ အစိုးရ သတင်းဌာနက အစီရင်ခံပါတယ်။

မီးလောင်မှုဖြစ်ပွားစဉ်က ဟိုတယ်မှာ မွတ်စလင် ဘုရားဖူး အယောက် ၇၀၀ လောက် နေထိုင်တယ်လို့ ဆိုပါတယ်။

DVB Burmese

နှလုံးခုန်နှုန်းကို စောင့်ကြည့်ပေးမယ့် ဝတ်စုံ


ဂျပန်နိုင်ငံရှိ မိုဘိုင်းလုပ်ငန်းလုပ်ကိုင်သော NTT Docomo နှင့် materials developer ဖြစ်သူ Toray တို့မှ ပူးပေါင်း၍ နာနိုဖိုက်ဘာနှင့်ပြုလုပ်ထားသောအဝတ်ကို မိတ်ဆက်ပြသလိုက်ပါတယ်။

ဒီဝတ်စုံမှာ လှိုင်းထုတ်လွှင့်ပေးနိုင်သော အလွှာပါရှိမှာဖြစ်ပါတယ်။ အင်္ကျီမှာပါရှိတဲ့ အီလက်ထရွန်နစ် နည်းပညာသုံးပစ္စည်းများမှတစ်ဆင့် ဝတ်ဆင်ထားသူရဲ့နှလုံးခုန်နှုန်းတိုင်းတာတွက်ချက်မှာဖြစ်ပြီးတော့ ဒီလို တိုင်းတာသိရှိမှုတွေကို NTT Docomo ရဲ့စမတ်ဖုန်းမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ App ကိုဆက်သွယ်ပေးပို့ပေးမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေက အားကစားသမားများအတွက်သာ ရည်ရွယ်တာမဟုတ်ဘဲ သာမန်ဝတ်ဆင်သွားလာနေတဲ့ အဝတ်တွေလို ဝတ်ဆင်သွားလာနိုင်အောင်ပါ ကြိုးစားနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဝတ်စုံမှာပါတဲ့ အာရုံခံကိရိယာ (sensor) တွေက အဝတ်လျှော်စက်မှာ အလျှော်ခံနိုင်မယ်
လို့ မျှော်လင့်ထားကြောင်းနှင့် ယခင်ကထုတ်ဖော်ပြသခဲ့သော ရှေ့ပြေးပုံစံမှာတုန်းကတော့ ဒီလိုမျိုးအလျှော်ခံကြောင်း ပြသခဲ့ပါတယ်လို့ ထုတ်လုပ်သူများဘက်က ပြောဆိုပါတယ်။ လက်ရှိ အချိန်မှာတော့ ပိုမို
ကောင်းမွန်စေရန် ပြင်ဆင်နေကြောင်းနဲ့ မကြာခင်ဈေးကွက်မှာ တင်သွင်းရောင်းချတော့မယ်လို့ သိရပါတယ်။

Internet Journal

လက်အိတ်တွေအတွက် Touchscreen ပေါ်မှာ အဆင်ပြေစေမဲ့ nonotips အရည်


လက်အိတ်အထူကြီးဝတ်ပြီး Touchscreen ကို အသုံးပြုရတာ အဆင်ပြေပါရဲ့လား ?
နည်းနည်းတော့ ခက်ပါလိမ့်မယ်။
အထူးသဖြင့် အမြဲတမ်း လက်အိတ်နဲ့ ထိတွေ့ပြီး လုပ်ငန်းခွင် ၀င်နေတဲ့ သူတွေ၊ လက်အိတ်မရှိမဖြစ်လိုတဲ့ အအေးပိုင်းဒေသကသူတွေ၊ ဆိုင်ကယ်စီး
ရင် လက်အိတ်အသုံးပြုတဲ့ လူတွေအတွက် ဖြစ်ပါတယ်။ ထိုကဲ့သို့သောသူတွေဟာ ဖုန်းတွေ၊ Touchscreen ပါဝင်သုံးပြုရတဲ့ ပစ္စည်းတွေမှာ အခက်အခဲ ရှိတတ်ကြပါတယ်။

ထို့ကဲ့သို့ အခြေအနေမျိုးတွေကို ထို nanotips လို့ခေါ်တဲ့ အရည်လေးက လွယ်ကူ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ရိုးရှင်းစွာနဲ့ tuchscreen တွေမှာ လက်အိတ်ဝတ်ထားပေမဲ့လည်း တကယ်လက်နဲ့ ထိတွေ့နေရသလို ဖြစ်စေပါလိမ့်မယ်။ ဒီလိုဆိုတော့ စတိုင်မပျက်ပဲ လက်အိတ် ချွတ်စရာလည်းမလိုတော့ဘူးပေါ့။

မော်တော်ဆိုင်ကယ်စီးရင်နဲ့လည်း ဖုန်းထဲက အီးမေးလ်တွေကို ကြည့်လို့ရပါတယ်။ တကယ်လို့ စိတ်ဝင်စားရင်တော့ အမည်းရောင် nanotips တစ်ဘူးအတွက် ဒေါ်လာ (၂၀)လောက် ပေးဖို့ရှိပါတယ်။ သူက ရာဘာလက်အိတ်နဲ့ အခြားပါးလွှာတဲ့
လက်အိတ်တွေက်ု ၀တ်ဆင်တဲ့သူတွေအတွက် ဖြစ်ပြီး ပလတ်စတစ်အသားတွေအတွက် ရည်ရွယ်တဲ့ အပြာရောင် nanotips ကတော့ ဒေါ်လာ (၂၇) ဖြစ်ပါတယ်။

နှစ်မျိုးစလုံးကို ဖော်ဝါရီလနဲ့ မတ်လကြားထဲမှာ ၀ယ်ယူရရှိမှာ ဖြစ်ပါတယ်။

Aung Heine
Smart Pro Journal

သွားတိုက်ဆေးလေး အသုံးဝင်ပုံ


(အလှအပ အတွက်)
သွားတိုက်ဆေးထဲရှိ ပါဝင်တွေပစ္စည်းတွေက အသားအရေကိုသိပ်သည်းကျစ်လစ်စေပြီး၊
ရောင်ရမ်းမှုတွေကိုပါ သက်သာစေလို့  အောက်ပါအတိုင်းသုံးပေးနိုင်ပါတယ်။
(၁) နီရဲရောင်ကိုင်းနေတဲ့ ၀က်ခြံဖုပေါ်ကို အိပ်ယာဝင်ခါနီးမှာ သွားတိုက်ဆေးလေး အသာတို့ ပြီး အိပ်လိုက်ပါ။
တညလုံး အိပ် စက်ပြီးနောက်နံက်အိပ်ယာထ ရေအေးဖြင့်မျက်နှာသစ်လိုက်တဲ့အခါ မျက်နှာပေါ်က၀က်ခြံဖု သိသိသာသာသေးကျုံ့ သွားတာကို ဒိဌမြင်တွေ့ ရပါလိမ့်မယ်။

(၂) လက်သည်းခွံတွေကလည်း သွားတွေလိုပါဘဲ ကြွေသားအလွှာနဲ့ ဖုံးအုပ်ဖွဲ
့စည်းထားတာကြောင့်၊ လက်သည်းခွံတွေ အရောင် တောက်ပလာစေဖို
့သွားတိုက်ဆေးကိုသုံးနိုင်ပါတယ်။ လက်သည်းခွံအရောင်လှပလိုသူများ၊
လက်သည်းခွံမာလိုသူများနဲ့  လက်သည်းချေးညှော်ကင်းစင်လိုသူများ
သွားတိုက်ဆေးလေးနဲ့ အယာအယာပွတ်တိုက်ပေးလိုက်ပါ။

(၃) အထူးသဖြင့် ဂျယ်လီသွားတိုက်ဆေး(gel toothpaste)တွေမှာ ထည့်သုံးထားတဲ့
ဂျယ်လီအမျိုးအစားဟာ ဆံပင်ဂျယ်ထဲမှာ သုံးလေ့ရှိတဲ့ပစ္စည်းတွေနဲ့ အတူတူပါဘဲ။
ဒါကြောင့် ဆံပင်ဂျယ်ကုန်နေတဲ့အခါ၊ အစားထိုးအနေနဲ
့ဂျယ်လီသွားတိုက်ဆေးအနည်း ငယ်ဖြင့် အရေးပေါ်သုံးပေးနိုင်ပါတယ်။

(ဆေးမြီးတို အတွက်)
သွားတိုက်ဆေးက ဆေးမြီးတိုအနေနဲ့ အသုံးဝင်တာမို့ ၊
အရေးပေါ်ဆေးသေတ္တာဗူးထဲမှာ သွားတိုက်ဆေးလေး တစ်ဗူးလောက်
ဆောင်ထားပေးလိုက်ပါ။

(၄) အရေပြားကွဲရှနာအမျိုးမျိုး၊
ပုရွက်ဆိတ်-ခြင်ကိုက်ခံရခြင်း/ပျားတုပ်ခံရခြင်းတို့ ကြောင့်
အရေပြားများယားယံရောင်ရမ်းခြင်း တို့ အတွက်
သွားတိုက်ဆေးအုံထားနိုင်ပါတယ်။ သွားတိုက်ဆေးခြောက်သွားတာနဲ့ တပြိုင်နက်၊
ထိခိုက်ဒဏ်ရာတွေလဲ ယူပစ် သလိုသက်သာလာစေပါတယ်။

(၅) မတော်တဆ မီးပူကပ်မိခြင်း၊ ဟင်းအိုးအပူလောင်ခြင်း..စသည့်
ကြီးကြီးမားမားဟုတ်သော အပူလောင်ခြင်းတို့ အတွက် သွား
တိုက်ဆေးပွတ်လိမ်းထားခြင်းဖြင့် အပူချက်ချင်းငြိမ်းသွားသလို၊
နာကျင်မှုလည်း မဖြစ်စေတော့ပါဘူး။ အပူလောင်အရည်ကြည်ဖု ထွက်လာတဲ့အခါ
သွားတိုက်ဆေးလိမ်းပေးခြင်းဖြင့် အနာမဖြစ်လာတော့ဘဲ
မန်းရည်တွေတစိမ့်စိမ်ထွက်ပြီး ချပ်ရပ်သွားစေနိုင် ပါတယ်။

(၆) အရှိန်ပြင်းပြင်းကြောင့်ထိခိုက်မိ၍ သွေးစုခဲသွားတာကြောင့်
အရေပြားညိုမည်းသွားခြင်းအတွက် သွားတိုက်ဆေးသုံး၍ အရေ ပြားပေါ်
စက်ဝိုင်းပုံသဏ္ဍာန် အသားအယာပွတ်ချေလိမ်းပေးခြင်းဖြင့်
သွေးခဲများကိုချေပေးနိုင်ပါတယ်။

(ဖက်ရှင် အတွက်)
လက်ဝတ်ရတနာများ၊ အ၀တ်အစားများနဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ
သစ်လွင်တောက်ပလာစေဖို့ အတွက် သွားတိုက် ဆေးက မရှိမဖြစ်ပါဘဲ။

(၇) ငွေထည်ပစ္စည်းများ ၀င်းလက်တောက်ပြောင်စေရန်၊
သွားတိုက်ဆေးဖြင့်ပွတ်တိုက်၍ တညသိပ်ပြီး၊ နောက်နေ့ မှာ အ၀တ်ပါး
ဖြင့်ပွတ်ပေးလိုက်ပါ။ စိန်ရတာတွေ အရောင်ဖြာထွက်လာစေဖို
့သွားတိုက်ဆေးဖြင့် အသာအယာပွတ်ပေးပြီးနောက် ရေဆေးပေး လိုက်ပါ။
(ပုလဲရတနာကိုတော့ သွားတိုက်ဆေး လုံးဝ မသုံးမိပါစေနဲ့ )

(၈) ရှုးဖိနပ်အစင်းကြောင်းပျောက်ပြီး၊ အရောင်ပြန်လည်သစ်လွင်လာစေဖို့ 
ဖိနပ်တိုက်တဲ့ ဘရက်ရှ်ပေါ် သွားတိုက်ဆေးတင်၍ ပွတ်တိုက်ပေးနိုင်ပါတယ်။

(၉) သွားတိုက်ဆေးထဲမှာပါတဲ့ ချွတ်ဆေး(bleaching)တွေက
သွားများကိုဖြူစင်စေသလို၊ အ၀တ်ထည် အစွန်းအထင်းများအ တွက်လည်း
အင်မတန်မှအသုံးဝင်လှပါတယ်။ စွန်းထင်းသွားသောအ၀တ်ကို သွားတိုက်ဆေးသုံး၍
အစွန်းများပျောက်သွားသည် အထိ ပွတ်ပေးပြီးနောက်၊
ပုံမှန်အတိုင်းပြန်လည်လျှော်ဖွတ်ပေးရုံပါဘဲ။

(လူသုံးကုန်းပစ္စည်း အတွက်)
ငွေကုန်ကြေးကျသက်သာအောင် သွားတိုက်ဆေးသုံး၍ အိမ်တွင်းပစ္စည်းများကို သန်
့စင်ပေးနိုင်ပါတယ်။
(၁၀) ဆော်ဒါကိုထဲ့သွင်းဖော်စပ်ထားတဲ့ သွားတိုက်ဆေးတွေကလည်း
ကွန်ပြူတာပေါ်ရှိအစွန်းအထင်းတွေကို သန့် စင်ဖယ်ရှား ပေးနိုင်တာကြောင့်၊
သန့် ရှင်းနူးညံ့တဲ့အ၀တ်စအပေါ် သွားတိုက်ဆေးတို့ ၍
ကွန်ပြူတာလက်ကွက်ခလုတ်များကို ဂျီးချွတ်ပေး လိုက်ပါ။

(၁၁) အ၀တ်အထည်တွေ မီးပူတိုက်ရင်း မီးပူလောင်ကပ်မိတယ် ဆိုကြပါစို့ ။
ချက်ချင်းသွားတိုက်ဆေးနဲ့  အ၀တ်ကိုပွတ်ပေးပြီး နောက်
ရေလျှော်ချလိုက်ပါ(နောက်ထပ်တစ်ကြိမ် မီးပူမတိုက်ခင်မှာ
အ၀တ်မှာသုတ်လိမ်းထားတဲ့ သွားတိုက်ဆေးတွေ လုံးဝ ပြောင်စင်ဖို့ တော့
လိုတယ်နော်)

(၁၂) ကလေးနို့ ဗူးကို ဘယ်လောက်ပဲသန့်စင်အောင်ဆေးဆေး အထဲကနို့ ချဉ်နံ
့စွဲနေသေးတယ်ဆိုရင်တော့ နို့ ဗူးထဲကို သွား တိုက်ဆေးနဲ့ ရေနဲနဲထဲ့၊
အဖုံးပိတ်၍ ခပ်ပြင်းပြင်းခလောက်ပေးပြီး ရေစင်စင်ပြန်ဆေးပေးလိုက်ပါ။

(၁၃) ကွန်ပြူတာလက်ကွက်ခလုတ်မှာလိုဘဲ
စန္ဒရားလက်ကွက်ခလုတ်တွေပေါ်မှာရှိနေတဲ့ လက်ဗွေရာတွေ/အဆီတွေ/ချေး
ညှော်တွေကို သွားတိုက်ဆေးသုံးပြီး သန်စင်လို့ ရပါတယ်။ သန်
့ရှင်းရေးလုပ်ပြီးတဲ့အခါ အ၀တ်ခြောက်တစ်ခုနဲ့ ပြန်ပွတ်တိုက်
ပေးလိုက်ရုံပါဘဲ။

(၁၄) အိမ်နံရံတွေမှာ ကလေးငယ်တွေရောင်စုံခဲတံနဲ့ လက်ဆော့ထားတဲ့
အစွန်းအထင်းတွေအတွက် စိတ်မညစ်ပါနဲ့ ။ အ၀တ်ပေါ် သွားတိုက်ဆေးသုတ်ပြီး
အဲဒီအစွန်းအထင်းတွေကို ဘေးသို့ မပြန့် အောင် စက်ဝိုင်းသဏ္ဍာန်
နာနာဖိပွတ်သန့် စင်ပေးနိုင်ပါတယ်။

(၁၅) ကြက်သွန်ဖြူ-နီ၊ ပြည်ကြီးငါး(ကင်းပွန်)၊ ငါး၊ ပုစွန် စတဲ့ ညှီနံ
့များကိုင်တွယ်ချက်ပြုတ်ပြီးနောက် လက်ကရနံ့ ဆိုးတွေ အလွယ်တကူ
ပျောက်ချင်ပါသလား။ သွားတိုက်ဆေးဖြင့်သာ လက်ကို နာနာပွတ်တိုက်ပြီး
ရေလောင်းချပေးလိုက်ပါ။

(ပေါက်ပေါက်….မျှဝေသည်)

အားနာပါသည် M.P.T


ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ လာတော့မည်။ သူတို့ကလည်း လိုင်စင် ချပေးလိုက်သည့် အစိုးရကိုမှ မျက်နှာမထောက်။ စစချင်း ဆောက်နှင့်ထွင်းသလို ရှစ်လအတွင်း ဖုန်းကတ်သန်း ၃၀ ထုတ်လုပ် ရောင်းချမည်ဟု ကြေညာသည်။

ယခု မဲဖောက်ကာ ရောင်းနေသည့် ၁၅၀၀ ကျပ်ထက် နည်းသော ဈေးနှုန်းဖြင့် ရောင်းမည်ဟုလည်း ကြေညာလိုက်သည်။ ပြောခလည်း လျှော့ပေးဦးမည်တဲ့။

လက်ရှိ ဆင်းမ်ကတ် ရောင်းနေသည့် အစိုးရနှင့် ပါတနာကြီးတို့ မျက်လုံး ပြူးသွားသည်။ ငါတို့ ခွင်ပျောက်တော့မှာပဲ ဟုလည်း တွေးကြသည်။ ခွင်ပျောက်လျှင် နောက်ခွင် အသစ်တစ်ခုလည်း စဉ်းစားကြသည်။ ပြည်သူတွေကလည်း လက်ရှိ လူတွေကို စိတ်ပျက်နေတာ ကြာပြီ။ ဒါကို လက်ရှိ ဆင်းမ်ကတ် ရောင်းနေသူတွေလည်း သိကြသည်။

ဒါကြောင့် သူတို့ကလည်း ပြည်ပ ကုမ္ပဏီတွေလို ကြေညာလိုက်သည်။ လာမည့် သြဂုတ်လအတွင်း ဆင်းမ်ကတ်တွေ အလကား ဝေမည်ဟု ဖြစ်သည်။ သို့သော် ပြည်သူတွေက မရတော့။ ပြည်ပမှ ပြည်ပ ဖြစ်ကုန်ပြီ။

တို့ပြည်သူတွေက အငြိုးအတေး ကြီးသည်။ ပြည်ပတွေ လာလို့ကတော့ ငါတို့ကို ကုပ်သွေး စုပ်ထားတဲ့ ပြည်တွင်းက ကောင်တွေကို လှည့်တောင် မကြည့်ဘူးဟု ဆုံးဖြတ်ထားသည်။ အခုလို ပြည်ပတွေ မလာခင်တုန်းတော့ ဒီကောင်တွေကို သည်းခံပြီး ပေါင်းလိုက်ဦးမည်ဟု တွေးထားကြသည်။

လက်ရှိ အဖြစ်အပျက်ကြောင့် ရွာက ကိုမြကြီး အရက်ဆိုင်ကို သတိရမိသည်။ စိုပြေတို့ ရွာကား ရန်ကုန် ရွှေမြို့တော်ကြီးနှင့် ဝေးကွာလွန်းလှသော တနင်္သာရီတိုင်း ဒေသကြီးအတွင်း တည်ရှိသည်။ အချိန်ကာလက လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ဖြစ်သည်။

ရွာတွင် ကိုမြကြီး၏ အရက်ဆိုင်က နာမည်ကြီးသည်။ နာမည်ကြီးသလောက် ဆိုင်ကလည်း ကြီးသည်။ အဘယ်ကြောင့် နာမည်ကြီးသနည်း။ ရွာတွင် တစ်ဆိုင်တည်းသော အရက်ဆိုင်မို့ ဖြစ်သည်။ ဒီလို တစ်ဆိုင်ထဲသော အရက်ဆိုင် ဖြစ်ဖို့ကလည်း မလွယ်လှ။

သူကြီးခေါ် ဥက္ကဋ္ဌကိုလည်း ပေးရသည်။ ရဲလည်း ပေးရသည်။ ပြည်သူ့စစ်လည်း ပေးရသည်။ မီးသတ်လည်း ပေးရသည်။ စွမ်းအားရှင်ကိုလည်း ခွံ့ရသည်။
အို... ရွာတွင် အာဏာရှိသူ မှန်သမျှအကုန် ပေးရသည်။
ပေးရုံနှင့် အားမရ။ အရက်လည်း အလကား တိုက်ရသည်။ အမြည်းလည်း အလကား ကျွေးရသည်။ သူ့တင်ပဲလားဆိုတော့ မဟုတ်။ ရွာဦးကျောင်းကိုလည်း လှူရသေးသည်။ ဒီလိုလှူမှ ရွာသားတွေ ကြည်ဖြူကြမည်လို့ တွက်ထားပုံ ရသည်။

ဒီလိုပေးဖို့၊ ဒီလို လှူဖို့အတွက် အရက် ရောင်းရသည်။ အရက်ဆိုင်ကလည်း တစ်ဆိုင်တည်းမို့ တော်သေးသည်။ တစ်ရွာလုံး တစ်ဆိုင်တည်းမို့ စိတ်ကြိုက်ဈေး တင်ရောင်းသည်။ အရက်ဖြူ တစ်ပုလင်း မြို့မှာ တစ်ရာ ရောင်းသည်။ ကိုမြကြီးတို့ကတော့ ရွာမှာ ငါးရာနှင့် ပြန်ရောင်းသည်။ ဓနိရည်ကို အခြားရွာများထက် ဈေးသုံးဆလောက် တင်ရောင်းသည်။ ဘီယာလည်း ထိုနည်း၎င်း။ ဝီစကီဆိုလျှင် လေးငါးဆ တင်ရောင်းသည်။ ကိုမြကြီး ဟန်ကျသည်။

ဘေးရွာတွေကလည်း အလှမ်းဝေး။ မြို့ကိုလည်း သွားမသောက်နိုင်။ ဒီလိုဆိုတော့ တစ်ရွာလုံးမှာလည်း တစ်ဆိုင်၊ ရှိသမျှ ရွာသားတွေက ကိုမြကြီးတို့ ဆိုင်မှာပင် အံကလေး ကြိတ်ကာ အားပေးကြသည်။

ကိုမြကြီး မြတ်သည်။ တော်တော်လေး မြတ်သည်။ ရွာသားတွေ အားပေးလွန်းသဖြင့် တခါတစ်ရံ ဆိုင်မှာ အရက်ပင် ပြတ်သွားတတ်သည်။ ဒူးရင်းသီးပေါ်ချိန်၊ တညင်းသီး သီးချိန်များ ဆိုလျှင်တော့ ကိုမြကြီးဆိုင်က အရက်ကို လိုသလောက် မရောင်းနိုင်။ ဒါကြောင့် တစ်ယောက်လျှင် လစ်ပိုတစ်ပုလင်းစာသာ ရောင်းနိုင်တော့သည်။ ထိုမျှ ရောင်းကောင်းသည်။ အဲဒီ အချိန်တုန်းကတော့ ကိုမြကြီးတို့ ရွှေခေတ်ပင်။

အစတုန်းကတော့ ရွာသားတွေက ကိုမြကြီးဆိုင် ဈေးကြီးသည်ကို သိပ်မသိ။ နောက်တော့ ရွာသားတွေ မြို့ကို ဒူးရင်းသီး အရောင်းအဝယ် ကိစ္စတွေဖြင့် အရောက်များတော့ မြို့က အရက်ဈေးနှုန်းတွေ သိလာသည်။ ကိုမြကြီးဆိုင်က အရက်ဈေး တအား ကြီးလွန်းမှန်း သိလာကြသည်။

တစ်ဆင့်စကား တစ်ဆင့်နားဖြင့် မြို့ကို မရောက်ဖူးသူများကလည်း ကိုမြကြီးဆိုင် ဈေးကြီးလွန်းမှန်း သိကုန်ကြသည်။ ကိုမြကြီးကို ဈေးကြီးသဖြင့် ဈေးလျှော့ပေးပါဟု ဝိုင်းပြောသည်။ ဈေးကြီးလျှင် မသောက်နဲ့ဟု ကိုမြကြီးက ပြန်ပြောသည်။ ရွာသားတွေ ငြိမ်ကုန်သည်။ ကိုမြကြီးဆိုင်မှာမှ မသောက်လျှင် သောက်စရာ အရက်ဆိုင်မရှိ။ ကိုယ်တိုင် ချက်သောက်တော့လည်း သူကြီးက ဖမ်းသည်။ ဒါကြောင့် ကိုမြကြီး ကလန်ကဆန်လုပ်၍ မဖြစ်ဟု သဘောထားလိုက်ကြသည်။ ကိုမြကြီးမှာ အာဏာရှိသည်။

နောက်သုံးလေးနှစ် အကြာတွင် ရွာက ဒူးရင်းသီး ပိုင်ရှင်တစ်ဦးက အရက်ဆိုင် ဖွင့်ဖို့ ကြေညာလိုက်သည်။ ဈေးသက်သက် သာသာဖြင့် ဖွင့်မည်ဟုလည်း သတင်းလွှင့်လိုက်သည်။ ရွာက အရက်သမားတွေ ပျော်ကြသည်။

ကိုမြကြီးတို့ မိသားစု ပျာယာ ခတ်သွားသည်။ ပြိုင်ဘက်ပေါ်လာလျှင် သူတို့ ရောင်းအား ကျလိမ့်မည်။ ရွာသားတွေက ဈေးသက်သာသည့် ဆိုင်တွင်သာ သောက်ကြလိမ့်မည်။ ဒါဆို ကိုမြကြီးတို့ စီးပွားပျက် နိုင်သည်။ မဖြစ်။ ကန့်ကွက်သည်။ ဒူးရင်းခြံ ပိုင်ရှင် အရက်ဆိုင် မဖွင့်ဖြစ်အောင် လုပ်ရမည်။ သူကြီးကို သွားပြောသည်။ သူကြီးကို ငွေပေးထားကြောင်း၊ အရက်လည်း တိုက်ကြောင်း၊ ပြီးတော့ ဒူးရင်းခြံ ပိုင်ရှင်သည် ဒီရွာ ဇာတိ မဟုတ်ကြောင်း၊ ဒါကြောင့် ဒူးရင်း ခြံပိုင်ရှင် အရက်ဆိုင် မဖွင့်ရန် တားဆီးပေး သင့်ကြောင်း ပြောသည်။ ဒူးရင်းခြံ ပိုင်ရှင်နှင့်လည်း ရန်သွားဖြစ် လိုက်သေးသည်။ ကိုမြကြီးက ရွာမှာ ငါတို့ အလှူဆုံးဟု ကြွားသည်။ ရွာဦးကျောင်း ဆရာတော်ကိုလည်း သွားပြောသည်။ အခြား အရက်ဆိုင်များကို ဖွင့်ခွင့်ပေးလိုက်မည် ဆိုပါက ယခုလောက် လှူနိုင်တော့မည် မဟုတ်သဖြင့် ဆရာတော် အနေဖြင့် တားဆီးပေးရန် ဖြစ်သည်။

သို့နှင့် ဆရာတော်ကလည်း ဒူးရင်းခြံ ပိုင်ရှင်ကို အရက်ဆိုင် မဖွင့်ရန် တားဆီးသည်။ သူကြီးကလည်း တားဆီးသည်။ ရွာသားများကတော့ ဒူးရင်းခြံပိုင်ရှင် ဖွင့်မည့် အရက်ဆိုင်ကို အားထားကြသည်။ သို့သော်လည်း ဆရာတော်နှင့် သူကြီးက တားဆီးသဖြင့် မဖွင့်ဖြစ်လိုက်။

ဒူးရင်းခြံပိုင်ရှင်က မဖွင့်ဖြစ်လိုက်သဖြင့် ကိုမြကြီးက ရွာ၏ အရက်လောကကြီးကို ဆက်လက် ထိန်းချုပ်ထားနိုင်လိုက်သည်။ ရွာသားများကတော့ မကျေနပ်ကြ။ ဆန္ဒပြမည် တကဲကဲ ဖြစ်ကုန်သည်။

ကိုမြကြီး လက်ဝါးကြီး အုပ်မှုကိုလည်း သိရှိသွားကြပြီ။ အရက်သမားများတင် မကျေနပ်ကြသည် မဟုတ်။ အရက်သမားများ၏ မိသားစုများကလည်း ကိုမြကြီးကို မကျေနပ်။ ကိုမြကြီးကတော့ ဆက်လက် ပန်းပန်လျက်ပါပဲ။

အရက်ဈေးကို စိတ်ကြိုက် တင်ရောင်းသည်။ ကိုမြကြီးနှင့် မတည့်သူကို မရောင်း။
သွား... မင်း အရက်ပျံ ရေရောသောက်။ ပြီးရင်သေ။ ဒါပဲ။

သိပ်မကြာပါ။
ရွာက သူကြီး သေသွားသည်။ နောက်ထပ် သူကြီး (ဥက္ကဋ္ဌ) အသစ် တက်လာသည်။

သူကြီးအသစ်ကလည်း အရက်သမား ဖြစ်သည်။ ကိုမြကြီး အရက်ဆိုင်ကို သိပ်မကျေနပ်။ သူကြီးအသစ်က ကျေးရွာအတွင်း သတ်မှတ်ထားသော အခွန်အခများ ပေးနိုင်လျှင် အရက်ဆိုင်များ ဖွင့်နိုင်ကြောင်း ကြေညာလိုက်သည်။ အရင် ဒူးရင်းခြံပိုင်ရှင်ကတော့ အရက်ဆိုင် မဖွင့်ဖြစ်။ အခြားရွာများက သူဌေးများက အရက်ဆိုင် လာဖွင့်ကြသည်။

ထိုအခါတွင်တော့ ကျေးရွာအတွင်း ကိုမြကြီး အရက်ဆိုင် အပါအဝင် အရက်ဆိုင် လေးဆိုင်အထိ ရှိလာသည်။ နောက်ထပ် ဖွင့်သည့် အရက်ဆိုင်များက အခြားရွာများက အရက် ဈေးနှုန်းအတိုင်း ရောင်းသည်။ စားပွဲထိုး ကောင်းကောင်း ထားသည်။ အမြည်း ကောင်းကောင်းရသည်။ သန့်ရှင်း သပ်ရပ်သည်။ ရွာရှိ အရက်သမားများသည် အရက်ဆိုင် အသစ်များဆီသို့သာ သွားတော့သည်။

ကိုမြကြီးဆိုင်ကို အပေါ့ပင် ဝင်မသွားတော့။ ကိုမြကြီးလည်း ပျာပျာသလဲ ဖြစ်သွားသည်။ နေ့စဉ် သူ့ဆိုင်ကို လာသောက်သူ မရှိတော့။ အရက်ဈေးများကို အခြားဆိုင်များထက် လျှော့ရောင်းသည်။ အမြည်းကောင်းကောင်း ထားလာသည်။ သို့သော်လည်း ရွာသားများက ကိုမြကြီးကို စိတ်နာနေဆဲ။ ဘယ်သူမှ သွားမသောက်။ သပိတ်မှောက်သည်။

သို့နှင့် ကိုမြကြီးလည်း ရောင်းမကောင်းတော့။ ယခင်က ငါးပေါင်းထုပ်များကို ဖောက်သည် ယူရောင်းခဲ့သော်လည်း ယခုတော့ ငါးပေါင်းထုပ်ကိုပင် ကိုယ်တိုင်ထုပ်ပြီး ရောင်းနေရပြီ။

ယခု အစိုးရ၏ ဖုန်းကတ် ရောင်းသူများလည်း ကိုမြကြီး အတိုင်းပင် ဖြစ်ဖို့ ရှိတော့သည်။ ပြည်သူများက စိတ်ပျက်နေသည်မှာ ကြာပြီ။ ဘယ်လိုပင် လျှော့ရောင်းရောင်း။ လှည့်ကြည့်ကြမည် မဟုတ်တော့။ အခွင့်သာတုန်း အချိန်က ပြည်သူများကို ကုပ်သွေး စုပ်ခဲ့ပြီးပြီ။ ပြည်သူများလည်း ခံခဲ့ရပြီးပြီ။ ပြည်သူများအနေနှင့် ကိုမြကြီး အရက်ဆိုင်ကို ရှောင်သကဲ့သို့ အစိုးရ ဖုန်းကိုလည်း ရှောင်တော့မည် ဖြစ်သည်။ ဟန်ကျပေစွ။ အာဏာရှိပေစွဆိုသည့် ကိုမြကြီးခမျာ သနားစရာ ကောင်းပေစွ။

တစ်ခုပြောဖို့ ကျန်သွားသည်။
ယခု ကိုမြကြီး အရက်မရောင်းတော့ချေ။

စိုပြေ (သံချောင်းပါတီ)
The Voice Weekly

အာဆီယံ လူငယ်ဖိုရမ်အတွက် ကုန်ကျမည့်ငွေ ဆယ်ပုံတစ်ပုံသာ ရ၍ အခက်ကြုံနေဟုဆို


အာဆီယံ ၁ဝနိုင်ငံက လူငယ်တွေပါဝင်မယ့် အာဆီယံလူငယ်ဖိုရမ် ကျင်းပနိုင်ရေး ကုန်ကျစားရိတ်ရဲ့ ဆယ်ပုံတစ်ပုံပဲ ထောက်ပံကြေးရသေးတာကြောင့် အခက်အခဲတွေ့နေရတယ်လို့ ဖေဖော်ဝါရီ ၈ရက်နေ့မှာ အမျိုးသားလူငယ်ကွန်ဂရက်က ဆိုပါတယ်။

ဖိုရမ်တက်ရောက်မယ့် ဧည့်သည်တွေ တည်းခိုနေထိုင်ဖို့နဲ့ ဖိုရမ်ကျင်းပမယ့်နေရာတွေကို မြန်မာအစိုးရက တာဝန်ယူမှာဖြစ်ပေမယ့် ကျန်တဲ့ကုန်ကျငွေတွေ ရဖို့ လိုအပ်နေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဆီယံလူငယ်ဖိုရမ်ကို ကျင်းပနိုင်ဖို့ မြန်မာလူငယ်ဖိုရမ်ကို မြန်မာနိုင်ငံထဲက လူငယ်အဖွဲ့အစည်း ၃၅ဖွဲ့နဲ့ စုစည်းထားတာဖြစ်ပြီး အာဆီယံဥက္ကဌအဖြစ် တာဝန်ယူရရမယ့်အချိန်မှာ မြန်မာလူငယ်တွေရဲ့ လှုပ်ရှားမှုတွေ အားကောင်းထိရောက်ဖို့ လိုတယ်လို့ ကိုသက်ဆွေဝင်းက ဆိုပါတယ်။

အာဆီယံ လူငယ်တွေ့ဆုံပွဲကို လာမယ့် မတ်လ ၁၇ရက်နေ့ကစပြီး ရန်ကုန်မှာ ကျင်းပမှာဖြစ်ပြီး ဒေသတွင်း လူငယ်တွေ ရင်ဆိုင်နေ၇တဲ့ ပြဿနာတွေကို ဆွေးနွေးအဖြေရှာကြမှာဖြစ်သလို သက်ဆိုင်ရာ အစိုးရတွေကို တိုက်တွန်းကြမယ်လို့ ဆိုပါတယ်။

Kamayut Media

ဦးသန့်အကြောင်း မြန်မာလူငယ်တွေ နားလည်ဖို့ ပါမောက္ခ ဝေါ်လ်တာ ဟောပြော


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အကြောင်း မြန်မာလူငယ်တွေ အတုယူနိုင်စေဖို့ ရည်ရွယ်ပြီး ဖေဖော်ဝါရီ ၈ရက်နေ့က ဦးသန့်ပြတိုက်မှာ ကနေဒါစစ်တက္ကသိုလ်ကျောင်းက ပါမောက္ခက ဟောပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဗိသုကာအဖြစ် ဦးသန့်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၉၆ဝ၊ ၁၉၇ဝပြည့်နှစ်တွေအတွင်း စွမ်းဆောင်ရည်နဲ့ ကမ္ဘာ့ပြဿနာတွေကို မြန်မာလူငယ်တွေ ပိုမိုနားလည်စေဖို့ ဟောပြောခဲ့တယ်လို့ ပါမောက္ခ ဝေါ်လ်တာ ဒွန်းက ဆိုပါတယ်။

ဦးသန့်ရဲ့ အတွေးအခေါ်၊ယုံကြည်ချက်နဲ့ အောင်မြင်မှုတွေအကြောင်း ဒီကနေ့ မြန်မာခေတ်လူငယ်တွေကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဦးသန့်အကြောင်း ဆောင်းပါးတွေ၊ စာအုပ်တွေ ရေးသားခဲ့တဲ့ ပါမောက္ခကို ရန်ကုန်မှာ ဟောပြောစေလိုတာဖြစ်တယ်လို့ ဒေါ်အေးအေးသန့်က ဆိုပါတယ်။

ဦးသန့်ပြတိုက်ကို ၂ဝ၁၃မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဦးသန့် အသုံးအဆောင်ပစ္စည်းတွေဟာ အမေရိကန်ပြည်ထောင်စုမှာပဲ ရှိနေသေးတာကြောင့် ပြတိုက်ကို အသေးစိတ် ပြင်ဆင်ပြီးမှသာ ဒီနှစ် နှစ်ကုန်ပိုင်းမှာ Grand Opening လုပ်ဖို့ မှန်းထားတယ်လို့ ဆိုပါတယ်။

Kamayut Media

မုံရွာမူးယစ်တပ်ဖွဲ့ဝင်များ T - Power ကေတီဗွီနှင့် အနှိပ်ခန်းတွင် ပြသနာရှာ


ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ သာစည်လမ်းရှိ ဗိုလ်ကြီးဟောင်း တစ်ဦးပိုင်ဆိုင်သည့် တီပါဝါ အနှိပ်ခန်းနှင့်ကေတီဗွီဆိုင်ကြီးတွင် ယခုလ ၈ ရက်နေ့ည ၁၁ နာရီကျော်အချိန်ခန့်က မုံရွာ အထူးမူးယစ်တပ်ဖွဲ့ဝင်များသည် မလျော်သြဇာသုံး၍ အတင်းအကြပ် ဆိုင်ဖွင့်ခိုင်းကာ ပြသနာရှာခဲ့ကြောင်း သိရသည်။
ထိုသူတို့သည် တပ်ဖွဲ့ပိုင် အပြာရောင် ဟိုင်းလတ်အမျိုးအစား ယာဉ်အမှတ် ထ/ ၇၂၅၅ မော်တော်ယာဉ်ဖြင့် အုပ်စုအဖွဲ့လိုက်ရောက်ရှိကာ ဆိုင်ပိတ်ချိန်တွင် ဆိုင်ဖွင့်ပေးရန် အတင်းအကြပ်ခိုင်းစေခဲ့ခြင်းဖြစ်သည်ဟု ထိုဆိုင်ရှိဝန်ထမ်းတစ်ဦးက ဆိုသည်။
ဆိုင်းအတွင်း ယင်းကဲသို့ပြနာဖြစ်နေချိန်တွင် မုံရွာနယ်မြေရဲစခန်းရှိ နယ်ထိန်းတပ်ဖွဲ့ဝင်များမှ အချိန်မီသွားရောက်ဖြေရှင်းပေးခဲ့ရကြောင်း ရဲသတင်းရပ်ကွက်မှ သိရသည်။
မုံရွာမြို့ပေါ်ရှိ ကေတီဗွီနှင့် အနှိပ်ခန်းကြီးများတွင် ဌာနဆိုင်ရာ လူကြီးများ မကြာခဏ လာရောက်အပန်းဖြေ အနားယူလေ့ရှိပြီး ထိုသူမျာား၏ မလျော်သြဇာများကြောင့် အချိန်ပိုဆိုင်ဖွင့်ပေးထားရသည်ဟု သိရသည်။
ထိုနေ့ညက မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်ရှိ 81 ဆိုင်တွင်လည်း ပြသနာတက်ခဲ့သေးကြောင်း သိရသည်။
ယခုကာလသည် တရားဥပဒေစိုမိုးရန် ပြည်သူအား၏ တာဝန်တစ်ရပ်ဖြစ်နေချိန်တွင် ဌာနဆိုင်ရာမျာားက မလျော်သြဇာသုံး၍ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တချို့ကို ကိုယ်တိုင်ကိုယ်ကျ ဖောက်ဖျက်နေခြင်းဖြစ်ကြောင်း အင်အားကြီး ပါတီတစ်ခု၏ လွတ်တော်အမတ်တစ်ဦးက ဝေဖန်ပြောကြားခဲ့ကြောင်း သိရှိရသည်။
Monywa Times

ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာ လူနေအိမ်သုံးလုံးမီးလောင်းခဲ့ရာ လူတစ်ဦးသေဆုံး


သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
ချောင်ဦး၊ ဖေဖော်ဝါရီ ၉
မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မကျည်းခွကျေးရွာအုပ်စု၊ မင်းခေါင်ကျေးရွာတွင် ယခုလ ၉ ရက်နေ့ မနက် ၄ နာရီ ၅၅ မိနစ်အချိန်က လူနေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်နိုင်ထံ မှသိရသည်။
သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနမှ အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်အား စစ်ဆေးဖော်ထုတ်ရာတွင် ဦးစိန်သောင်း ဆိုသူ၏ နေအိမ်မှ ထမင်းချက်ရန် မီးမွေးထားစဉ် မီးဖိုမီးမှတဆင့် အနီးရှိ အကာနံရံများကို ကူးဆက်၍ မီးလောင်ကျွမ်းခဲ့ရသည်ဟု သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အရပ်သို့ ချောင်းဦးသန္ဒေမီသတ်ယာဉ် ၂ စီး၊ သန္ဒေမီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ အရံမီးသတ် (၅၀)ဦး၊ ပြည်သူလူထု အင်အား ၂၀၀ ကျော်မှ ၀ိုင်းဝန်ငြိမ်းသတ်ခဲ့ရာ မနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။ မီးလောင်ကျွမ်းချိန် မိနစ်ပိုင်းခန့်ဖြစ်သော်လည်း ၎င်း မီးလောင်မှုဖြစ်စဉ်တွင် လူနေအိမ်သုံးလုံး၊ နွားစာစင်စက် တစ်လုံး၊မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုမျှမက မီးစတင်လောင်ကျွမ်းခဲ့သည့် ဦးစိန်သောင်း၊ ဒေါ်မြင့်နေအိမ်မှ အိမ်ရှင် ဦးစိန် သောင်း၏ ခယ်မတော်စပ်သူ မလွင်(ခ) မယ်ပုံကြီး အသက်(၃၈)ဆိုသူသည် မီးလောင်ကျွမ်း ပြီးသေဆုံးခဲ့ရသည်။ ထို့ကြောင့် မီးလောင်ဆုံးရှုံးမှုတန် ဘိုးအား သက်ဆိုင်ရာမှ နှစ်သိန်းကျပ်ဖြစ်ကြောင်း သတ်မှတ်ထုတ်ပြန် ထားသည်ဟု သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်အား ချောင်းဦးမြို့မရဲစခန်းက(ပ)၉/၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၅/ ၃၀၄(က)အရ အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

၂ဝ၁၅ မတိုင်မီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဘယ်လိုဖြစ်မလဲ ( ရုပ်/သံ)


လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ လူအများစုက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ တွန်းအားပေးမှုတွေ ရှိနေတာကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ၂၀၁၄ ခုနှစ် အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဘယ်လိုဖြစ်နေလဲ ဆိုတာ ဒီတပတ် ဒိတ်လိုင်းဧရာဝတီမှာ ဆွေးနွေးတင်ပြထား ပါ တယ်။


ဒီတပတ် ဒိတ်လိုင်းဧရာဝတီမှာတော့ သင့်ဘဝ မဂ္ဂဇင်းက အယ်ဒီတာဟောင်း တဦးဖြစ်တဲ့ စာရေးဆရာ တင်မောင်သန်း၊  မြန်မာ့နိုင်ငံရေး ပုံမှန်လေ့လာသုံးသပ်နေတဲ့ ဒေါက်တာ ရန်မျိုးသိန်းတို့နဲ့ အတူ ဧရာဝတီ မဂ္ဂဇင်း အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုးတို့က ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

Irrawaddy

SEX ကိစ္စ၊ ပွင့်ပွင့်လင်းလင်းက ကောင်းပါတယ်



ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ

ညီမင်းဟန်
၂၃ နှစ်
မြန်မာစာ အဝေးသင် ပထမနှစ်
ပြည်တက္ကသိုလ်၊ ပြည်မြို့

ဝါသနာကတော့ ကဗျာရေးရတာ ဝါသနာပါတယ်။ “ဇက်ကကြိုး” ဆိုတဲ့ ကလောင်နာမည်နဲ့ ကဗျာတွေရေး တယ်။ ကဗျာရေးရတဲ့ ရည်ရွယ်ချက်တော့ ထွေထွေထူးထူး မရှိပါဘူး။
စိတ်ကို ထိထိခိုက်ခိုက်ဖြစ်ပြီးမှ အနာ နည်းနည်းသက်သာမှပဲ ရေးဖြစ်တယ်။
အရမ်းနာကျင်နေချိန်မှာတော့ ဘာမှမရေးဖြစ်၊ မတွေးဖြစ်ပါဘူး။

ကဗျာကို ဘယ်ချိန်ကတည်းကစရေးလဲဆိုတော့ ဘယ်သူမဆို ငယ်ချိန်မှာတော့စာအုပ်တွေမှာ ကဗျာရေး ကြတာပါပဲ။ ကျနော်က အဲဒီအချိန်တည်းက ရေးခဲ့တာ၊ အခုထိ ဆက်တိုက်ရေးဖြစ်နေဆဲပါပဲ။ စာအုပ်ကျောဖုံး ကနေမှ မဂ္ဂဇင်းစာမျက်နှာတွေအထိ ရေးဖြစ်တယ်။

အားတဲ့အချိန် ဘာတွေလုပ်လဲဆိုတော့ စာတွေဖတ်ပါတယ်။ ဖတ်ဖြစ်တဲ့စာအုပ်တွေကတော့ ဆရာသစ္စာနီတို့၊ ဆရာဇော်ဇော်အောင်တို့၊ ဆရာမ ဂျူးတို့ရဲ့ စာအုပ်တွေဖတ်ဖြစ်တယ်။ ကဗျာတွေ၊ ဆောင်းပါးတွေ၊ ဝတ္ထု တွေ ပေါ့။
ရသစာပေတွေလည်း ဖတ်ဖြစ်ပါတယ်။ အပျော်ဖတ်ကလွဲရင် ကျနော်အကုန်ဖတ်ပါတယ်။

အနာဂတ် အိပ်မက်စိတ်ကူးကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက် ဖြစ်ချင်ပါတယ်။ ကျနော် က ငယ်ငယ်က ဆယ်တန်းအောင်စ အရွယ်လောက်ကဆိုရင် စာရေးဆရာဖေမြင့်ရဲ့ တက်ကျမ်းတို့၊ ချုံကြားက ဘုံဖျားတို့၊ တမိနစ်အတွင်း ချမ်းသာနည်းတို့ အဲဒီလိုစာအုပ်တွေဖတ်ဖြစ်တယ်။ ဒါတွေက တကယ့် လက်တွေ့နဲ့ တော့ တကယ်ကွာခြားပါတယ်။ လက်တွေ့မှာတော့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တယောက် ဖြစ်ဖို့ ဆိုတာ အများကြီး ကြိုးစားရဦးမှာပါ။

ဂီတအမျိုးအစားကတော့ အကုန်လုံးနီးပါး ကြိုက်တယ်။ ရှေးခေတ်မြန်မာသံစဉ်သီချင်းတွေက အစပေါ့။ စန္ဒရား ချစ်ဆွေတို့လောက်အထိ ကြိုက်တယ်။

အခု အဓိကနားထောင်ဖြစ်တာတော့ Punk Rock ပေါ့။ လတ်တလော နားထောင်ဖြစ်တာတော့အင်တာနေရှင်နယ် သီချင်းတွေထဲက Green Days အဖွဲ့ဆိုထားတဲ့ 21 Guns ဆိုတဲ့ သီချင်းကို နားထောင်နေဖြစ်တယ်။ အဆိုတော်တွေထဲမှာတော့ ပြည်ပက မိုက်ကယ်ဂျက်ဆင်နဲ့ Green Days အဖွဲ့ကို ကြိုက်တယ်။ ပြည်တွင်းမှာတော့ ထူးအိမ်သင်ကို ကြိုက်တယ်။

ရုပ်ရှင်အမျိုးအစားကတော့ ဒရာမာဇာတ်ကား ကြည့်ရတာကြိုက်တယ်။
နောက်ဆုံးကြည့်ထားတဲ့ ဇာတ်ကား ကတော့ Sea of Monsters ကြည့်ထားတယ်။
သရုပ်ဆောင်ထဲမှာတော့ ဘယ်သူ့ကိုကြိုက်တယ်ဆိုပြီးတော့ အစွဲမရှိပါဘူး။

အင်တာနက်သုံးတဲ့အခါ Facebook သုံးတယ်။ ပြီးတော့ ဖုန်းနဲ့သက်ဆိုင်တဲ့ နည်းပညာဝဘ်ဆိုက်တွေ ကြည့်ဖြစ် တယ်။ Facebook  သုံးတဲ့အခါ ကျနော်ရေးထားတဲ့ ကဗျာတွေ Note  အနေနဲ့တင်တယ်။ သူများတွေ ရေးထား တဲ့ ကဗျာတွေလည်း ဖတ်ဖြစ်တယ်။

ဒီနှစ် Valentine’s Day  အစီအစဉ်တော့ ဘာမှမရှိပါဘူး။ တယောက်တည်းပဲ ဖြတ်သန်းမယ်။ ချစ်သူနဲ့က ပြတ်သွားပြီလေ။ နောက်တယောက်ထပ်ထားဖို့ လောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး။ တယောက် တည်းပါပဲ။
အသည်းကွဲဗလင်တိုင်းတော့မဟုတ်ဘူး။ တကိုယ်တော် တယောက်တည်း ဗလင်တိုင်းပေါ့။
 -

-
လူငယ်ဘဝကို ပြောရမယ်ဆိုရင် လူငယ်မှ မဟုတ်ဘူး။ လူကြီးပဲဖြစ်ဖြစ်၊ လူငယ်ပဲဖြစ်ဖြစ် ဘယ်ကိစ္စမဆို လေးလေးနက်နက် လုပ်သင့်တယ်။
ပေါ့ပျက်ပျက်မလုပ်သင့်ဘူး။ ပေါ့ပျက်ပျက်ဖြစ်သွားရင် အဆင်မပြေဘူး။

အခုနောက်ပိုင်း လူငယ်တွေကြားမှာ Sex  ကိစ္စ အရင်က ထက်စာရင် ပိုပြီးပွင့်လင်းမြင်သာလာတာတဲ့ ပတ် သက်ပြီး ပြောရရင် ကျနော့်အမြင်ကတော့ ပွင့်ပွင့်လင်းလင်းကကောင်းပါတယ်။ ပုန်းလျှိုးကွယ်လျှိုးကျတော့ မကောင်းဘူးပေါ့။ Living together ကိုတယောက်နဲ့နေတယ်။ နောက်နှစ်ပတ် သုံးပတ်နေတော့ နောက် တယောက်နဲ့နေတယ်။ အဲဒါမျိုးကျတော့ မကောင်းဘူးပေါ့။
တယောက်တည်းနဲ့ အတူနေတာက ဘာမှမဖြစ်ဘူး။ ဆိုးတဲ့ဘက်က ပြောရရင် အဲဒီလိုမျိုးတယောက်ပြီး တယောက်နဲ့နေရင် အကုန်လုံး တန်ဖိုးမရှိတဲ့ဟာတွေ ဖြစ်သွားလိမ့်မယ်။ အဲဒါမျိုးကို ကျနော် လက်လည်းလက်မခံပါဘူး။
 -
သီဟတိုး
The Irrawaddy ဂျာနယ်  ဖေဖော်ဝါရီ ၂
 Lifestyle စာမျက်နှာ၊ လူငယ်နဲ့ခေတ်ရေစီးကဏ္ဍ

အမေရိကန် ရေပိုင်နက်အနီး အီရန် စစ်သင်္ဘောတွေ ချထား


09.02.2014

ပါရှန်းပင်လယ်ကွေ့မှာ အမေရိကန်ရေတပ်သင်္ဘောတွေ ချထားတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရေပြင်ပိုင်နယ် နယ်စပ်တွေဆီ ချဉ်းကပ်ကြဖို့ အီရန်စစ်သင်္ဘောအများအပြားကို အမိန့်ပေးထားတယ်လို့ အီရန်ရေတပ် တပ်မှူးတစ်ဦးက ပြောလိုက်ပါတယ်။

ဖျက်သင်္ဘောတစ်စင်းနဲ့ ရဟတ်ယာဉ်တင် ထောက်ပံ့ရေးသင်္ဘောတစ်စင်းဟာ တောင်အာဖရိကနိုင်ငံနားက ရေပြင်ကို ဖြတ်ပြီးတော့ အတ္တလန်တိတ်သမုဒ္ဒရာထဲ ၀င်ရောက်သွားပြီလို့ ရေတပ်ဗိုလ်ချုပ်ကြီး Afshin Rezayee Haddad ကို ကိုးကားပြီး အီရန် သတင်းမီဒီယာတွေက စနေနေ့မှာ ပြောကြပါတယ်။

စစ်သင်္ဘောတွေဟာ အမေရိကန်ရေပြင်ပိုင်နက် နယ်စပ်နားထိ သွားကြမှာဖြစ်ပြီး ဒီလုပ်ရပ်မှာ သတင်းစကားတစ်ခု ပါတယ်လို့ အီရန် မြောက်ပိုင်းရေတပ်ဖွဲ့ရဲ့ တပ်မှူး Haddad က ပြောပါတယ်။

အခုလိုလုပ်တာကို အမေရိကန်ရေတပ်သင်္ဘောတွေ အီရန်ရေပြင်ပိုင်နက်နားမှာ စေလွှတ်ထားတာကို တုံ့ပြန်တဲ့လုပ်ရပ်အဖြစ် အီရန်ကယူဆပါတယ်။
အမေရိကန်ရေတပ်ဟာ ပါရှန်းပင်လယ်ကွေ့မှာ ပုံမှန်အားဖြင့်ရှိနေတာပါ။

အမေရိကန် အမှတ် ၅ ရေတပ်ဖွဲ့ဟာ အီရန်ကနေ ပင်လယ်ကွေ့တစ်ဘက်ခြမ်း ဘာရိန်းနိုင်ငံမှာ အခြေစိုက်ထားပါတယ်။

VOA Burmese News

'ခြေဖဝါးတော်နုနု' ဘာလင် ရုပ်ရှင်ပွဲတော်မှာ ပြသ


ဘာလင် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲက မြင်ကွင်းတခု

ကွယ်လွန်သူ ဒါရိုက်တာ မောင်ဝဏ္ဏ ၁၉၇၂ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ "ခြေဖဝါးတော်နုနု" ဇာတ်ကားကို ဒစ်ဂျယ်တယ် နည်းပညာနဲ့ ပြန်လည် ပြုပြင် ထိန်းသိမ်းပြီး ၆၄ ကြိမ်မြောက် ဘာလင် ရုပ်ရှင်ပွဲတော်မှာ ပြသနိုင်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ခုနစ်ရက် နေ့က ရုပ်ရှင်သစ် ဖိုရမ် ကဏ္ဍမှာ ပါဝင်ပြသခဲ့တဲ့ ဒီဇာတ်ကားကို ပရိသတ်တွေ ရုံပြည့်ရုံလျှံ လာရောက် အားပေး ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

အဖြူအမည်း ဖလင်နဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားကို လက်ရှိ နိုင်ငံတကာမှာ ပြသနေတဲ့ အင်္ဂလိပ်စာတမ်းထိုး ဒစ်ဂျစ်တယ် ရုပ်ရှင်အဖြစ် အသွင်ပြောင်းနိုင်ဖို့ ရန်ကုန် ရုပ်ရှင် သင်တန်းကျောင်းက ဒါရိုက်တာရဲ့ ကျန်ရစ်သူ မိသားစုကို ဆက်သွယ်ပြီး ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ခုလို ပြုပြင်ထိမ်းသိမ်းဖို့ ဘယ်လို စိတ်ကူး ပေါ်လာသလဲ ဆိုတဲ့ မေးခွန်းကို ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းက ဂျာမန်လူမျိုး ဒါရိုက်တာ လင်စေး မန်ရင်ဆင်က ပြောပြရာမှာ ၂၀၁၂ ခုနှစ် ဝသန် ရုပ်ရှင်ပွဲတော်မှာ ဒီဇာတ်ကားကို စကြည့်ခဲ့ရတာလို့ ဆိုပါတယ်။

မြန်မာ့ရုပ်ရှင် ရွှေရောင်လွှမ်းခဲ့တုန်းက ဇာတ်ကားတွေကို အဲဒီပွဲတော်ရဲ့ Memory ဆိုတဲ့ ကဏ္ဍမှာ ပြတုန်းက ဒီဇာတ်ကားကို ကြည့်ရပြီး အရမ်း ကြိုက်သွားခဲ့တာလို့ သူက ပြောပါတယ်။

ငွေကြေး အခက်အခဲတွေ ရှိခဲ့ပေမယ့် ဂိုထေး အင်စတီကျုနဲ့ ဂျာမန် ကုမ္ပဏီ အာရီ တို့က ကူညီခဲ့လို့ အဆင်ပြေခဲ့တယ်လို့ လင်စေးက ပြောပြပါတယ်။

အသံနဲ့ အရုပ်တွေ ချိန်သား မကိုက်တဲ့ နေရာအချို့ မူရင်း ဖလင်မှာ ပါရှိနေတာကို ပြန်လည် ပြုပြင် ထိမ်းသိမ်းဖို့ ဘာလင်က Die basis အသံဖမ်း စတူဒီယိုကို အကူအညီ တောင်းခဲ့ရတယ်လို့လဲ သိရပါတယ်။

"ခြေဖဝါးတော်နုနု" ဇာတ်ကားဟာ မြန်မာ့ဇာတ်သဘင် လောကကို အခြေခံ ရိုက်ကူးထားပြီး ဇာတ်စင် နောက်ကွယ်က ဇာတ်သမားဘ၀ မြင်ကွင်းတွေကို ဖော်ထုတ် တင်ပြထားတဲ့ မြန်မာ့ အရိပ်အငွေ့ လွှမ်းနေတဲ့ ဇာတ်ကား တစ်ကားလဲ ဖြစ်ပါတယ်။

ရှေးမြန်မာ ရုပ်ရှင်ဇာတ်ကားကောင်းတွေ ပျက်စီးပျောက်ဆုံးကုန်တဲ့အတွက် နိုင်ငံတကာကို ရှားရှားပါးပါး ထွက်လာနိုင်တဲ့ ဒီဇာတ်ကားကို ဘာလင် ရုပ်ရှင်ပွဲတော်မှာ ပရိသတ်က အထူးနှစ်ခြိုက်ခဲ့တယ်လို့ လင်စေးက ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာအရပ်ရပ်က ပရိသတ် ရာဂဏန်းက နှစ်ခြိုက်အားပေးတာကို စိတ်လှုပ်ရှားစရာ မြင်ခဲ့ရပြီး ဒီပွဲကို မြန်မာတချို့ လာကြည့်ကြတာ တွေ့ရသလို မြန်မာ ပရိသတ်တွေတောင် ဒီဇာတ်ကားကို မကြည့်ကြဖူးဘူးလို့ ဆိုကြောင်း အဲဒီအတွက် တကယ်ကို အားရစရာ အတွေ့အကြုံဘဲလို့ သူက ပြောပါတယ်။

ဒီရုပ်ရှင်ကား၏ ဒစ်ဂျစ်တယ် မိတ္တူ တစ်စုံ ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မော်ကွန်းဌာန ကို ပေးအပ် လှူဒါန်းမှာ ဖြစ်တဲ့အတွက် မြန်မာ ပရိသတ်တွေ မကြာခင်မှာ ကြည့်ရှုရဦးမယ်လို့ မျှော်လင့်ရပါတယ်။

လောလောဆယ်မှာတော့ ဒီလ ၁၃ ရက်နေ့မှာ ဘာလင်မြို့က ဆိုနီစင်တာမှာ ဒီဇာတ်ကားကို တစ်ကြိမ် ထပ်ပြဦးမှာ ဖြစ်ပါတယ်။

BBC Burmese