ဦးအုန်းမြင့်ပြောစကား စေတနာအမှားဆိုပါက ခွင့်လွှတ်စေချင်ကြောင်း ဦးအောင်မင်းပြော

ပို့စ်တင်ချိန် - 2/09/2014 06:05:00 PM


ရန်နိုင်၊ ရန်ကုန်၊ ဖေဖော်ဝါရီ-၈

မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောစကားများနှင့်ပတ်သက်ပြီး
စေတနာအမှားလား၊ စိတ်ဆန္ဒအရအမှားလားဆိုသည်ကို သုံးသပ်ပြီး
စေတနာအမှားဆိုပါက ခွင့်လွှတ်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီ ၈ ရက်က မြန်မာငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည့် ပင်လုံမှသည် ငြိမ်းချမ်းသော ပြည်ထောင်စုဆီသို့ ပန်းချီပြပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ထို့အပြင် ဦးအုန်းမြင့်ပြောစကားနှင့် ပတ်သက်ပြီး လက်ရှိအစိုးရအဖွဲ့ကို ရိုက်ခတ်ခြင်းမရှိကြောင်းလည်း ဆက်လက် ပြောကြားခဲ့သည်။ 'လူဆိုတာ အမှားလုပ်မိတဲ့အခါမျိုးလည်းရှိတာကြောင့် စေတနာအမှားလား၊ စိတ်ဆန္ဒသက်သက် အမှားလားဆိုတာသုံးသပ်ပြီး စေတနာအမှားဆိုရင် ခွင့်လွှတ်ပေးစေချင်တယ်။ ဦးအုန်းမြင့်ဟာ တိုင်းပြည်နဲ့ ပြည်သူအတွက် တာဝန်မရှောင်ဘဲ လုပ်ပေးခဲ့တဲ့သူဖြစ်တယ်။ ထားဝယ်နဲ့ မကွေးမှာ
ပြောမှားဆိုမှားဖြစ်တာဟာ သူ့လုပ်ဆောင်ချက်တွေအားလုံး ရဲ့ ရာခိုင်နှုန်း ၁၀ လောက်သာ မကောင်းတာပါ 'ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် မကွေးမြို့နယ်သစ်ရာကောက်
ကျေးရွာတွင် ဇန်န၀ါရီ ၂၈ ရက်က ရွာသားများနှင့် တွေ့ဆုံစဉ်နှင့် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ကော့သောင်းမြို့နယ် ပုလုံးတုံးတုံး
ကျေးရွာတွင် ရင့်သီးသော စကားလုံးများဖြင့် ပြောကြားခဲ့သည့် စကားများကြောင့် ပြည်သူများ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းကြား မကျေနပ် မှုများ၊ ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဦးအုန်းမြင့်အပေါ်မည်သို့ အရေးယူဆောင် ရွက်မည်ဆိုသည်ကို ပြည်သူ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်စိုးက အရေးကြီး အဆိုတင်သွင်းခဲ့ပြီး ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က အမြန်ဆုံး ဖြေရှင်ပေးမည်ဖြစ်ကြောင်း
ပြန်လည်ဖြေကြားခဲ့ပြီး ပြည်ထောင်စု အစိုးရ၏ ဆောင်ရွက်ချက်များကို
စောင့်ကြည့် သွားမည်ဖြစ်ကြောင်း လွှတ်တော်၌ မှတ်တမ်းတင်ထား ရှိခဲ့သည်။

စံတော်ချိန် သတင်းစာ