မြင်တွေ့ရခဲဖြစ်တဲ့ သစ်ကုလားအုပ် သားပေါက်ခြင်း (Video)



ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ တိရစ္ဆာန်တော်တော်များများရဲ့ ကလေးမွေးတာကို မြင်ဖူးကြမှာပါ။ အထူးသဖြင့်အနေနီးတဲ့ ခွေးလေးတွေ၊ကြောင်လေးတွေကိုပေါ့။ ခြေထောက်လေးချောင်း၊နှစ်ချောင်း၊
 ရေနေ၊ ကုန်းနေ သတ္တ၀ါ အစရှိတဲ့ တိရစ္ဆာန်တို့ရဲ့ ကလေးမွေးဖွားကြတဲ့ သဘာဝဖြစ်စဉ်တွေကို လေ့လာရင်းနဲ့ပါ။

ဥကနေ သားပေါက် ကြပါ တယ်။ အကောင်လိုက်ပေါက်ကြတယ်။ စသဖြင့်ပေါ့။ အခုလည်း ပုံမှာပြထား တာက ခြေလေးချောင်း သတ္တ၀ါထဲမှာ အရွယ်အစားအမြင့်ဆုံးဖြစ်တဲ့ သစ်ကုလား အုပ်ရဲ့ ကလေးမွေးဖွားတဲ့ပုံကို ဗီဒီယိုမှတ်တမ်းတင်ရိုက်ကူးထားတာဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ၊ကာကရာဒီမှာရှိတဲ့ ဂါအီရာတိရစ္ဆာန်ရုံမှာ ထားရှိမွေးမြူထားတဲ့ သစ်ကုလားအုပ် တစ်စုံက ဇွန်လ ၂၀ ရက်နေ့က သစ်ကုလားအုပ်သားပေါက်လေး တစ်ကောင်ကို မွေးဖွားခဲ့ပါတယ်။ ကုလားအုပ်အမကောင်က သူမရဲ့ သားပေါက်ကို လပေါင်း ၁၅ လကြာ ကိုယ်ဝန်ဆောင်ခဲ့ရပြီးတော့ အခုလို သားပေါက်မွေးဖွားခဲ့ တာဖြစ်ပါတယ်။


ခြောက်ပေခြောက်လက်မလောက်အမြင့်ရှိတဲ့ ကုလားအုပ်မရဲ့ မလိင်အင်္ဂါကနေ အကျိအချွဲ၊ သွေးတွေနဲ့ လုံးထွေးနေတဲ့ သားပေါက်လေးတစ်ကောင်ကို တစ်စုံတစ်ရာမှ ထိခိုက်မှုမရှိဘဲ ကျန်းကျန်းမာမာနဲ့ မွေးဖွားလိုက်နိုင်ပါတယ်။ အမကောင် သားပေါက် ကလေးမီးဖွားတဲ့အချိန် ဘေးမှာလည်း ဖခင်ဖြစ်တဲ့ အထီးကောင်က အသေအချာ ကြည့်ရှု စောင့်ရှောက်ပေးနေတာကိုလည်းတွေ့ရပါတယ်။

၎င်းကုလားအုပ်မရဲ့ နှစ်နာရီ ကျော်လောက်ကြာတဲ့ ကလေးမီးဖွားတဲ့ဖြစ်စဉ်ကို ယင်းတိရစ္ဆာန်ရုံ တာဝန်ရှိသူတွေ အနီး ကပ်စောင့်ကြည့်လေ့လာနေကြကာ မှတ်တမ်းတင်ဗီဒီယိုရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

ယင်း မျိုးစိပ် ကုလားအုပ်တွေရဲ့ သဘာဝနေထိုင်မှုမှတ်တမ်းတစ်ခုအရ ဒီတိရစ္ဆာန်မျိုး စိပ်တွေက ကိုယ်ဝန်တစ်ကြိမ်ဆောင်မယ်ဆိုရင် ရက်ပေါင်း ၄၀၀ မှ ၄၆၀ ကြားထိ ကြာ မြင့်တတ်ပြီးမှ သားပေါက်မှာဖြစ်ပြီး တစ်ကြိမ်ပေါက်လျှင် တစ်ကောင်နှုန်းသာဖြစ် ကြောင်း မှတ်တမ်းတွေရှိခဲ့ပြီးတော့  ကြုံတောင့်ကြုံခဲ သားပေါက်နှစ်ကောင်မွေးခဲ့ အဖြစ်မျိုးတစ်ခုလည်းရှိခဲ့ပါတယ်။

သားပေါက်တဲ့ အကောင်ငယ်လေးတွေရဲ့ အမြင့်က တော့ ယေဘုယျအားဖြင့် ငါးပေ ဆယ်လမလောက်ထိရှိကြတယ်လို့ ဖော်ပြထား ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ကိုရင်ဆိုသည်မှာ တောင်းရမ်းစားသူမဟုတ်ပါ



ဒီနေ့  လက်ဘက်ရည်ဆိုင်ထိုင်တော့ မျက်လုံး ထဲ ခရော့ စ် ဖြစ်တာတွေ တွေ့ လိုက်ရပါတယ်...
ဆိုင်ထဲ ကို ကိုရင် ငယ် တစ်ပါး (အသက် ၆ နှစ်ခန့်  ) ဆွမ်းခံကြွ ပါတယ်... တစ်ချို့  ၀ိုင်းတွေ က ငွေ အကြွေ လှူကြပါတယ်.. တစ်ချို့  က မသိချင်ယောင်ဆောင်ကြပါ တယ်.. တစ်ချို့  ၀ိုင်း က လက်ကာ ပြ ပါတယ်... ကိုရင် ကတော့ ခေါက်ရိုး ကျိုး နေလို့ လား မသိ ဘာမှ ထွေထွေ ထူးထူး ခံစား ရတဲ့ ပုံ မပေါ်ပါဘူး ....... ကိုရင်တော်တော်များများ လည်း ဒီလို မျိုး ကြုံဖူးမယ်လို့  ယူဆပါတယ်...

တကယ်တော့ ကိုယ်ထက် ဘုန်ကံကြီး တဲ့  သူ ကို ရိုသေကန် တော့ရတာချစ်စရာကောင်းလှတဲ့  မြန်မာဓလေ့ပါ ..(ယိုးဒယားလို တွေ့ ကရာ လက်အုပ်ချီတာ မျိုးမဟုတ် ).. အခုခေတ်လူငယ်တွေမှာ ဒီလို ဓလေ့တွေ ခေတ်မစားတော့ဘူးလား လို့  စိတ်မကောင်းဖြစ်မိပါတယ်..

(( ဘုန်းကံဆိုတာ အသက်ကြီးတာ ငယ်တာ ၊ အာဏာရှိတာ မရှိတာ၊ ထင်ပေါ်ကျော်ကြားတာ မကျော်ကြား တာ နဲ့  တိုင်းတာ လို့ မရပါဘူး ... သူ သီလ ၊သမာဓိ၊ပညာ ဘယ်လောက်ပြည့်စုံလဲ ဆိုတာ နဲ့  တိုင်းတာ ပါတယ်... (ပညာဆိုတာ ခေတ်ပညာမဟုတ်.. အရာရာ ကို ထိုးထွင်းသိမြင်သော ဥာဏ် )ဒီတော့ ကျတော်တို့ လို ငါးပါးသီလ စောင့်ရတဲ့ သာမန် လူသား နဲ့  ၁၀ ပါးသီလ စောင့်ပြီး သိက္ခာပုဒ် ၁၀၉ ပါး ကို စောင့်စည်းရတဲ့ ကိုရင်ငယ် နှိုင်းယှဉ်လိုက်ရင် မိုးနဲ့ မြေလောက် ကို ကွာ ပါ တယ်.... ))
ကျတော်တို့ လို လူတွေ အနေနဲ့  အများဆုံးလုပ်နိုင်တာ ၈ ပါးသီလ ဥပုပ် နဲ့  မေတ္တာပွားလို သူတွေ အတွက် ၉ ပါးသီလ စောင့်တာ ..ဒါအလွန်ဆုံးပါပဲ....

ဒါနဲ့  ပတ်သက်ပြီး ကျတော် ကိုယ်တိုင်ကြုံ ခဲ့ ရတဲ့ ကိုရင် ငယ် တစ်ပါး ကို လူတွေ သူဖုန်းစားလို သနားနေကြတဲ့  အဖြစ်တစ်ခု ပြောချင်လာပါတယ်....ဒါကို မပြောခင် ဗလီရှေ့ မှာ တောင်းရမ်းစားသောက်နေတဲ့  အစ္စလမ် ကလေးငယ် အကြောင်း ကို အရင် ပြောပါမယ်... နှိုင်ယှဉ်ပြချင်လို့ ပါ

ည 8နာရီခွဲ ကိုးနာရီ ၀န်ကျင်လောက်..သမိုင်းလမ်းဆုံ City Mark ရှေ့ မှာဗလီအုပ်ထုတ်ဆောင်းထားသော (၇)နှစ် ၀န်ကျင်ခန့်  ကလေးတစ်ယောက် နဲ့  သူ့ ပေါင်ပေါ် ခေါင်းတင်ပြီး အိပ်နေတဲ့  ၃ နှစ် အရွယ် ခန့်  ကလေးတစ်ယောက် တောင်းရမ်း နေတာ ကို တွေ့ လိုက်ရပါတယ်... အဲ့ဒီကလေး ကိုင်ထားတဲ့  ငွေတွေမှာ တစ်ထောင်တန်တွေရော ငါးရာတန်တွေ ရောတော်တော်များများ အထပ်လိုက် ကိုင်ထားတာကိုလည်း သတိထားမိပါတယ်.. ( ၅ထောင် ၀န်ကျင်လောက်ရှိမလား ပဲ )ဒါနဲ့  ကျတော်လည်း အမြင်မတော် တာ နဲ့ .. ကလေးငယ်ဆီကို ငွေ ၂၀၀ ပေးပြီး ပိုက်ဆံတွေ သိမ်းထားဖို့ သတိပေးလိုက်ပါတယ်.. ကလေးငယ်ကလည်း ဖော်ရွေစွာပဲ သူ ဗလီမှာနေတဲ့  အကြောင်း ယခုပဲ သိမ်းပါ့မယ်ဆိုတဲ့ အကြောင်း ပြောပြီး သူ နေတဲ့ ဗလီ ကို လက်ညိုးထိုးပြပါတယ်... ကျတော်လည်း စိတ်မချ တစ်ချ နဲ့  ထွက်လာလိုက်ပါတယ် ... မလှမ်းမကမ်းရောက်တော့မှ ကလေးစကားနားထောင်ရဲ့ လား လို့  လှည့်အကြည့်မှာတော့......

ကလေးငယ်ကို ပ၀ါအမဲရောင် တစ်ကိုယ်လုံးခြုံ ထားတဲ့  (ဘိုခါ ခေါ်မလား ) အမျိုးသမီး တစ်ဦး က စောင့်ကြောင့်ထိုင်ပြီး ကလေးကို ပိုက်ဆံပေးနေတဲ့  မြင်ကွင်း ကို တွေ့ လိုက်ရပါတယ်... စကားတွေလည်း ပြောနေပုံပါပဲ ... ဒီမြင်ကွင်းကြောင့် ကျတော် စိတ်ထဲ ဘာကြောင့်မှန်းမသိ ပီတိ ဖြစ်သွားမိပါရဲ့ ... ပြောချင်တာက အစ္စလမ် ဘာသာဝင်တွေ ဟာ ဗုဒ္ဓဘာသာနိုင်ငံမှာ အခြေချ နေထိုင်ပေမဲ့  သူတို့ ရဲ့  ဘာသာဝင်အချင်းချင်း ကို ရိုင်းပင်းကူညီမှု ဟာ ကျတော်တို့ ထက်သာပါတယ်... ဟုတ်တယ်.. ကျတော်တို့ ထက်သာတယ်... ဘာကြောင့် ဒီစကားပြောသလဲ ဆိုရင် .....

လွန်ခဲ့  တဲ့  သုံးနှစ်ခန့် က မဟာဗန္ဓုလ ပန်းခြံ အပြင်ဘက်မှာ ကြုံခဲ့ ရတဲ့  အဖြစ်တစ်ခု ကို သတိရသွားစေလို့ ပါပဲ...
ကိုရင်ငယ်တစ်ပါးဟာ ပန်းခြံ နံရံ ကို မှီပြီး ငုတ်တုတ်ထိုင်နေပါတယ်... သူ့ ဘေးမှာ ခြင်တွေ ဖြုတ်တွေ ကလည်း ၀ိုင်းနေပုံ က စိတ်မသက်သာစရာပါပဲ... ကိုရင်ငယ် ခင်မျ ငိုထားပုံလည်းရပါတယ်... လက်ထဲမှာ လည်း (မှတ်မှတ်ရရ) တစ်ရာတန် တစ်ရွက် နဲ့  နှစ်ရာတန် သုံးရွက် ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားပြီး ဟိုလူ ကို မော့ကြည့်လိုက် ဒီလူ ကို မော့ ကြည့် လိုက် နဲ့  ပါ... ကျတော် ကလည်း မနေနိုင်တာ နဲ့  ကိုရင် ကိုမေး လျှောက်မိတော့မှ....

ကိုရင်ဟာ သူ ဘဘုန်းကြီး နဲ့  လမ်းကွဲ သွားပြီး လမ်းပျောက်နေကြောင်း ပြောပါတယ်..အစက ရှမ်းလို ပြောတာ ပါ ... ကျတော်လည်း သိပ်နားမလည်တာ နဲ့ သူ ဗမာလို ကြိုးစားပြီး ပြောတာပါ..သူလက်ထဲမှာ ကိုင်ထားတဲ့  ပိုက်ဆံတွေ ကလည်း လမ်းသွားလမ်းလာတွေ က ပေး တယ် ဆိုတဲ့ အကြောင်းသိရပါတယ်... (စိတ်မကောင်းစရာက သူ ဒီပိုက်ဆံတွေ ကိုင်ထားပေမဲ့  .. ဒါဘယ်လောက်လဲ ဘာတန်လဲ ဆိုတာ ကို မသိတာပါပဲ)..
သူ ကျတော့် ကို ရင်းနှီးသွားလို့ လား မသိ .... ရှိုက်ကြီးတငင် ငို ကာ သူ့ ကို ပြန်ပို့ ပေးဖို့ ပြောပြီး သူ့ လက်ထဲက ပိုက်ဆံ ကိုလည်း ကျတော် ကိုအတင်း ပေးပါတယ်... သူ့  ကို ဒီပိုက်ဆံ နဲ့ လိုက်ပို့ ပေးလို့ ရရင် ပို့ ပေး ပါဆိုတဲ့ သဘောပါ ...

ကျတော် မျက်ရည်ဝဲရတဲ့  အထိ စိတ်မကောင်းဖြစ်ရတယ်... ဒေါသလည်း ဖြစ်ရပါတယ်... ဒီလောက် လူတွေ သွားလာနေတဲ့ လမ်းမှာ ကိုရင် ငယ်တစ်ပါး အကူအညီလို တာ ကို မသိလေရော့သလား ... ပို အံ့သြဖို့ ကောင်းတာက ကိုရင်ကို သနားလို့ ဆိုပြီး ငွေ ကို သူဖုန်းစားပေးသလို ဖြစ်ကတက်ဆန်း ပေးသွားတဲ့ သူတွေ ကလည်း ရှိနေသေးပါ့လား လို့  ဒေါသ ဖြစ်မိတယ်.. ဟူးးးးးးးး ... ဒါနဲ့ ကျတော်လည်း သူ့  ကျောင်းရှိတဲ့ ကမ္ဘာအေး ကိုပြန်ရောက်အောင် စီစဉ်ပေးဖြစ်ပြီး ရိုသေစွာ ကန်တော့လိုက်ပါတယ်...(ရုံးနောက်ကျတော့ သဌေးဆဲတာ ခံလိုက်ရတာ... တန်ပါတယ်.. )

ပြောချင်တာ က ကိုရင်တွေ ကို ဖြစ်ကတက်ဆန်း မဆက်ဆံပါနဲ့ ... ငွေလှူမယ်ဆိုရင်လည်း သနားလို့ ဆိုတာ ထက် ကြည်ညို လို့ လှူတာ မျိုး ပဲ ဖြစ်သင့်ပါတယ်... အနည်းဆုံးတော့ လက်အုပ်လေးတော့ ချီသင့်ပါတယ်...
ကိုရင်ဆိုတာ တောင်းရမ်းစားသောက်သူ မဟုတ်ပါဘူး...။

ဖိုးသူတော်(www.phothutaw.com)
Credit : shwemyotaw


တွဲဖက်မသုံးစွဲ၊ မစားသောက်သင့်သော ဆေးဝါးများနှင့် အစားအသောက်များ



အကယ်၍ သင်၏ကျန်းမာရေး အခြေအနေတစ်ရပ်ကြောင့် ဆေးဝါးသုံးစွဲရန် လိုအပ်ပါက ဆေးဝါးနှင့် တွဲဖက်စားသုံးလျှင် အန္တရာယ်ဖြစ်နိုင်သည့် အစားအသောက်နှင့် ဆေးဝါးများကို ဖော်ပြပေးလိုက်ပါသည်။


ချောင်းဆိုးပျောက်ဆေးသောက်ထားပြီး သံပရာသီး၊ ကျွဲကောသီးနှင့် လိမ္မော်သီးတို့ စားသုံးမိခြင်းကြောင့် dextromethorphan ပါဝင်သော ချောင်းဆိုးပျောက်ဆေးများ အပါအ၀င် အခြားသော ဆေးဝါးများ နှင့် ကိုလက်စထရောလျှော့ချပေးသော ဆေးဝါးများကို ချေဖျက်နိုင်သည့် အမ်ဇိုင်းဓာတ်တစ်မျိုးကို ပိတ်ဆို့သကဲ့သို့ ဖြစ်စေသည်။ ယင်းအချိန်တွင် သောက်သုံးထားသော ဆေးဝါးများမှာ သွေးကြောများထဲ ဖြစ်တည်နေသဖြင့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးအန္တရာယ်မြင့်မားစေသည်ဟု ၀င်ကင်ဆင်ပြည်နယ် မက်ရှ်ဖီးလ်ဆေးရုံမှ ဒေါက်တာမယ်ရီအယ်လန်ဂူလစ်ဆင်က ပြောသည်။ ယင်းဆေးများနှင့် အစားအသောက် များကို တွဲဖက်စားသုံးမိပါက ကြွက်သားများ ပြင်းထန်စွာ ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သည်။

နို့ထွက်ပစ္စည်းများနှင့် ပဋိဇီဝဆေးဝါးများ

ပဋိဇီဝဆေးဝါးများ သောက်ထားပြီး နှစ်နာရီအတွင်း နို့၊ ဒိန်ချဉ်နှင့် ချိစ်စားသုံးခြင်း ရှောင်ပါ။ Cipro အပါအ၀င် ပဋိဇီဝဆေးအချို့နှင့် ကယ်လ်စီယမ်၊ သံဓာတ်နှင့် အခြားသတ္တုဓာတ်များရရန် စားသုံးသည့်နို့အခြေခံအစားအစာများ တွဲစားမိပါက ခန္ဓာကိုယ်၏ ပဋိဇီဝဆေးစုပ်ယူနိုင်မှုကို တားဆီးပြီး ရောဂါကူးစက်မှုများကို တိုက်ဖျက်မည့် ဆေးအစွမ်းကို ယုတ်လျော့စေသည်ဟု ဒေါက်တာ အယ်လန်ဂူလစ်ဆင်က ပြောသည်။

ကျပ်တင်ထားသော အသားများနှင့် စိတ်ကျရောဂါ ကာကွယ်ဆေး

စိတ်ကျရောဂါကာကွယ်ရန် သောက်သုံးရသည့် ဆေးဝါးများဖြစ်သော Marplan, Nardil, Emsam (သို့မဟုတ်) Parnate စသောဆေးဝါးများကို အမိုင်နိုအက်စစ် ကြွယ်ဝစွာပါဝင်သည့် ကျပ်တင်ထားသော အသားများနှင့် တွဲဖက်စားသုံးမိပါက အသက်အန္တရာယ်ရှိသည့် သွေးတိုးခြင်းကို ဖြစ်စေနိုင်သည်။

ချောကလက်နှင့် အာရုံကြောအားဆေး

ချောကလက်တွင် ကဖိန်းဓာတ်အပါအ၀င် theobromine ဟု ခေါ်သော စိတ်ကြွစေသည့် ဓာတ်တစ်မျိုးပါဝင်သဖြင့် အာရုံကြောအားဆေးများနှင့် တွဲဖက်စားသုံးပါက မျှော်လင့်မထားသော အပြုအမူများ ဖြစ်စေနိုင်ပြီး လေဖြတ်နိုင်သည်။

ပန်းသီးဖျော်ရည်နှင့် ဓာတ်မတည့်ခြင်းများအတွက် သောက်ရသော ဆေးများ

ပဋိဇီဝဆေးများဖြစ်သည့် Cipro (သို့မဟုတ်) Levaquin ၊ သိုင်းရွိုက် ဂလင်းရောဂါကုသဆေး Synthroid (သို့မဟုတ်) ဓာတ်မတည့်မှုနှင့် ပန်းနာရင်ကျပ်အတွက် သောက်ရသော Singulair ဆေးတို့ကဲ့သို့ ဆေးဝါးများ သောက်သုံးပြီး အနည်းဆုံး လေးနာရီအတွင်း ပန်းသီး၊ လိမ္မော်သီးနှင့် ဂရိတ်ဖရုတို့ မစားသင့်ဟု ဒေါက်တာ ဂူလစ်ဆင်က ပြောသည်။ အကယ်၍ တွဲဖက်စားသုံးမိပါက ဆေးဝါးအစွမ်းကို ၇၀ ရာခိုင်နှုန်းအား လျော့သွားစေကြောင်း သိရသည်။

အရက်နှင့် အကိုက်အခဲပျောက်ဆေး

Acetaminophen ပါဝင်သော မည်သည့် အကိုက်အခဲပျောက်ဆေးကိုမဆို အရက်သောက်ထားပြီး အနည်းဆုံးခြောက်နာရီအထိ မသောက်သုံးသင့်ပေ။ အကိုက်အခဲပျောက်ဆေးများနှင့် အအေးမိခြင်းအတွက် သောက်ရသော ဆေးဝါးများကို အရက်နှင့် တွဲသောက်မိပါက ကျောက်ကပ်နှင့် အသည်းရောဂါများ ဖြစ်စေနိုင်သည်။

—Ref: Internet
7day daily

ချိန်းတွေ့တဲ့အခါတိုင်း အမျိုးသားတွေကပဲ ကုန်ကျစရိတ်ပေးရမှာလား



ဘိုးဘွားတွေခေတ်တုန်းက သူတို့ ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ ဘယ်သူကုန်ကျခံမယ်ထင်လဲ။ သေချာပါတယ် အဖိုးပဲ ဖြစ်မှာပါ။ တဖြည်းဖြည်း အချိန်တွေကုန်လာပြီး မိဘတွေခေတ်မှာဆိုရင်ရော ဘယ်သူဖြစ်နိုင်လို့လဲ အဖေပဲနေမှာပါ။ အကြာသေးခင်တုန်းက နိုင်ငံခြားတက္ကသိုလ်မှာ အမျိုးသမီး ၁၇၀၀၀ ကို သူတို့ရဲ့ အတွေ့အကြုံအရ မေးခွန်းတွေမေးလိုက်တော့ ၄၄%က ကုန်ကျစရိတ်မျှရှင်းပေးဖို့ မစဉ်းစားခဲ့ပါဘူးလို့ ဆိုခဲ့ကြပါတယ်။ ၃၉%အမျိုးသမီးတွေထွက်ဆိုချက်အရ ငွေရှင်းဖို့ ကမ်းလှမ်းတဲ့အချိန်မှာ အမျိုးသားတွေဘက်ကနေ အစဉ်အလာတစ်ခုအနေဖြင့် ကုန်ကျစရိတ်ကို သူတို့ပေးမယ်ဆိုပြီး အတင်းငြင်းကြတယ် ဆိုပြီး ပြောဆိုခဲ့ကြတယ်။

ကောင်းလေးတစ်ယောက်က “ကျွန်တော် ကောင်မလေးတစ်ယောက်နဲ့ အပြင်မှာ ညနေစာစားကြတယ်။ ကျွန်တော်ပဲ ငွေရှင်းလိုက်ပါတယ်။ သိပ်ပြသနာမရှိပါဘူး။ နောက်လေးခါငါးခါချိန်းတွေ့တဲ့နောက်ပိုင်းမှာ ကျွန်တော်ကပဲ ဆက်ပြီးငွေရှင်းခဲ့ပါတယ်။ သူမကနေ ဝိုင်းရှင်းပေးဖို့ ကမ်းလှမ်းတာမရှိသလို ကျွန်တော်ကလည်း မတောင်းခဲ့ပါဘူး။ ပြသနာဖြစ်ပြီး လမ်းခွဲခဲ့ကြတဲ့နောက်ပိုင်းမှာတော့ ကျွန်တော်သိပ်ပြီး အဲကိစ္စကို ထည့်မစဉ်းစားခဲ့ပါဘူး။ ဒါပေမယ့် တကယ်တမ်းတော့ ကျွန်တော်တစ်ယောက်တည်းကပဲ ကျွန်တော်တို့ရဲ့ ပတ်သက်ခြင်းအတွက် ရင်းနှီးမြုပ်နှံခဲ့တာပါ။ ငွေရေးကြေးရေးကော၊ ချိန်းတွေ့ဖို့အတွက်ရောပဲ။” ဆိုပြီးတော့ သူ့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ပြောဆိုခဲ့ပါတယ်။

အဲဒါဆိုရင် သင့်ရဲ့ချိန်းတွေ့တဲ့အချိန်တွေမှာ ငွေကြေးကိစ္စကို ဘယ်လိုလုပ်သင့်သလဲ။ ပထမဆုံးအနေနဲ့ အမျိုးသမီးတွေ သိထားသင့်တာကတော့ အမျိုးသားတွေဟာ သင့်ထက်တော့ ကုန်ကျစရိတ်ရှင်းဖို့ ပိုပြီး အိုကေ ကြတယ်ဆိုတာပါပဲ။ အစောပိုင်းမှာ ဖော်ပြထားတဲ့ မေးမြန်းချက်တွေအရ ၈၄%အမျိုးသားတွေကနေ ကျန်ကျစရိတ်တွေရှင်းဖို့ တတ်နိုင်ကြတယ်။ ၆၄%ကျပြန်တော့လည်း ပထမဆုံးချိန်းတွေ့ပြီးနောက်ပိုင်းတွေမှာ အမျိုးသမီးတွေကလည်း ရှင်းသင့်တာပေါ့လို့ ပြောကြပြန်တယ်လေ။

အကြံပေးချင်တာကတော့ အမျိုးသမီးများအနေဖြင့် သင့်ရဲ့ချစ်သူ(သို့)ရည်းစားကို ဂရုစိုက်တယ် ဒါမှမဟုတ် သင်တို့ရဲ့အနာဂတ် ပတ်သက်မှုတွေကို ထည့်စဉ်းစားမယ်ဆိုရင်တော့ ပထမဆုံး ချိန်းတွေ့ပြီး နောက်ပိုင်းမှာတော့ သင့်အနေနဲ့လည်း ကုန်ကျစရိတ်တွေကို ခွဲဝေပြီးတော့ ရှင်းဖို့ပဲဖြစ်ပါတယ်။ ကံမဆုံလို့ လမ်းခွဲကြတယ်ဆိုရင်တောင်မှ “နင်က အရမ်းကပ်စေးနှဲတယ်၊ သူ့ရဲ့ပိုက်ဆံတွေနဲ့ပဲ ချိန်းတွေ့ခဲ့ကြတာမလား” ဆိုတဲ့ SMS ကိုယ့်ဆီရောက်မလာဖို့ ကြိုတင်ရှောင်ထားနိုင်တဲ့နည်းလမ်းကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အဓိပ္ပာယ်ရှိတဲ့ ချစ်ခြင်း နဲ့ ကြာရှည်ခံနိုင်တဲ့ ပတ်သက်မှုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ညနေစာ ကုန်ကျစရိတ်ထက်ဝက်လေးကို သင်အနေနဲ့လည်း ပေးသင့်တယ်မဟုတ်ဘူးလား။

Ref:womenshealthmag.com
Trend Myanmar

နိုင်ဂျီးရီးယား နာမည်ကြီး ပေါ့အဆိုတော်မှ သူမ၏ အပျိုစင်ဘဝ နှင့် ဘိုကိုဟာရာမ်များ ပြန်ပေးဆွဲထားသော မိန်းကလေးများ အလဲအလှယ်လုပ်ရန် ကမ်းလှမ်း


ထင်ရှားလှသော နိုင်ဂျီးရီးယား ပေါ့အဆိုတော် နှင့် အီမိုပြည်နယ် ငြိမ်းချမ်းရေးသံအမတ် အေဒိုကီယီ မှ အံ့သြဖွယ် ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်လိုက်သည်။
အသက် ၂၃ နှစ် အရွယ် အေဒိုကီယီသည် သူမ၏ လွတ်လပ်သော ဝတ်စားဆင်ယင်ပုံများကြောင့် "ဟော့" သည်ဟု နာမည်ကြီးလှသော်လည်း သူမသည် အပျိုစင်သာ ရှိသေးသည်ဟု ဖွင့်ဟထားသူဖြစ်သည်။ သူမ၏ အပျိုစင်ဘဝကို လိုချင်သော မည်သူမဆိုသည် သူမ၏ မိခင်အား ဂျက်လေယာဉ်တစ်စီး ဝယ်ပေးလျှင် ရယူနိုင်သည်ဟု ကြေငြာထားသည်။ အေဒိုကီယီမှ သူမ၏ မိခင်အား ဂျက်လေယာဉ်တစ်စီး ဝယ်ပေးရန် ကတိပေးထားဖူးသည်။
ယခုအခါ အေဒိုကီယီမှ သူမ၏ အပျိုစင်ဘဝနှင့် ပတ်သက်၍ အံ့သြဖွယ်ရာ ကမ်းလှမ်းမှုတစ်ခုကို ဘိုကိုဟာရာမ် အစ္စလမ္မစ် စစ်သွေးကြွများထံ ပြုလုပ်လိုက်သည်။
အများသူငှာ လိုချင်တပ်မက်နေကြသော သူမ၏ အပျိုစင်ဘဝအား ဘိုကိုဟာရာမ်အဖွဲ့သားများက ခြွေနင်းရယူနိုင်သည်။ သို့သော် အလဲအလှယ်အနေဖြင့် ဘိုကိုဟာရာမ်တို့မှ ၎င်းတို့ပြန်ပေးဆွဲထားသော ချီဘော့မြို့မှ မိန်းကလေးများကို ပြန်လွှတ်ပေးရမည် ဟူ၍ ဖြစ်သည်။
"ည ၁၁ နာရီလောက်ပေါ့။ အဲ့အချိန်က ကျမ စဉ်းစားမိတယ်။ ဒီကလေးမလေးတွေ ဘယ်ရောက်နေလဲ၊ သူတို့တွေ ဘယ်လိုဖြစ်နေပြီလဲ။ မတရားတဲ့ ကိစ္စကြီးပါရှင်။ ကလေးမလေးတွေက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ကျမ ကိုယ့်ကိုယ်ကို ရင်းပြီး သူတို့လေးတွေကို ကယ်ချင်မိတယ်" ဟု အေဒိုကီယီမှ ဖွင့်ဟခဲ့သည်။

သူမအနေဖြင့် ဤသို့ကမ်းလှမ်းလျှင် အကြမ်းဖက်သမားများ၏ လိင်ကျွန်ဘဝ ရောက်သွားနိုင်သည်ဟု သတိပေးသောအခါ ဤသို့ တုံ့ပြန်ခဲ့သည်။
"သခင်ယေရှု ကျေးဇူးတော်ကို ပြန်ဆပ်ခွင့် ကြုံတယ်လို့ သဘောထားပါတယ်။ သူတို့လေးတွေက ၁၂ နှစ်ကနေ ၁၅ နှစ်ပဲ ရှိသေးပါတယ်။ ကျမကတော့ သူတို့နှင့်စာရင် အသက်ကြီးနေပါပြီ။ ကျမကို ညစဉ်ညတိုင်း လူ ၁၀ ယောက်က စော်ကားတယ် ဆိုဦးတော့ ကျမ ထည့်မတွက်ပါဘူး။ သူတို့လေးတွေကို လွှတ်ပေးပြီး သူတို့လေးတွေ သူတို့မိဘတွေနှင့် တွေ့ခွင့်ရတယ်ဆို ကျမကျေနပ်ပါတယ်။"

Myo Min Thant
Myanmar Online News

ဇင်ဘာဘွေနိုင်ငံမှ မိမိကိုယ်ကိုယ် ကျွဲတစ်ကောင်အဖြစ် အထင်မှားနေသည့် ဆင်မလေး



ဆင်များသည် အမှတ်သညာကြီးသည့် တိရစ္ဆာန်များအဖြစ် သတ်မှတ်ခံရလေ့ ရှိသည်။ သို့သော်လည်း ဆင်မလေး နာဇူးမှာမူ ဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံများကြောင့် သူမ၏ မူလမျိုးနွယ်ကိုပင် မေ့လျော့နေရှာသူ ဖြစ်သည်။

နာဇူးသည် ဇင်ဘာဘွေနိုင်ငံရှိ အင်မိုင်ရာ ကြံ့နက်ထိန်းသိမ်းရေးနှင့် ဘေးမဲ့စခန်းတွင် ကျွဲတစ်အုပ်နှင့်အတူ မှီတင်းနေထိုင်ပြီး ၎င်းကိုယ်ကိုယ် ကျွဲတစ်ကောင်အဖြစ် အထင်ရောက်နေရှာသည့် ဆင်ကလေး ဖြစ်သည်။

၁၉၇၀ ပြည့်လွန်နှစ်များက နာဇူး၏ မိဘများကို ဆင်စွယ်မှောင်ခို မုဆိုးများက သတ်ဖြတ်ခဲ့သည့်နောက် မိဘမဲ့ဆင်မလေးကို အင်မိုင်ရာစခန်း၏ ပိုင်ရှင်ဖြစ်သူ နော်မန်ထရေဗာစ်က ခေါ်ယူစောင့်ရှောက်ထားခဲ့သည်။

စခန်းသို့ နာဇူးရောက်လာစဉ်က ဆင်ထီးကြီးတစ်ကောင်နှင့် ကျွဲအုပ်ကြီးများသာ အရွယ်အစား အကြီးမားဆုံး တိရစ္ဆာန်များအဖြစ် ရှိနေခဲ့ရာ ဆင်မလေးသည် ၎င်းတို့နှင့်ပင် အဖော်ပြုခဲ့ရသည်။ ထို့နောက် ဆင်ထီးကြီးပါ သေဆုံးသွားပြန်ရာ နာဇူးသည် ကျွဲများနှင့်ပင် အတူတကွ ရှင်သန်နေထိုင်ရင်း ၎င်းကိုယ်တိုင် ကျွဲတစ်ကောင်အဖြစ် အထင်မှားနေရှာခြင်း ဖြစ်သည်။

ယခုအခါ နာဇူးတွင် ဆင်တို့၏ ပင်ကိုအရည်အသွေးအချို့ ပျောက်ဆုံးနေပြီး ကျွဲတစ်ကောင်၏ စရိုက်လက္ခဏာများကို တွေ့မြင်နေရကြောင်း ထရေဗာစ်က ဆိုသည်။

“ဘေးမဲ့စခန်းကို ဆင်အုပ်တွေ ရောက်လာတဲ့နောက် နာဇူးက မျိုးနွယ်စုရဲ့ ဦးစီးဦးရွက် ဆင်မတစ်ကောင် ဖြစ်လာသင့်တာပါ။ ဒါပေမဲ့ သူက ကျွဲတွေနဲ့အတူ ဘဝကို ဖြတ်သန်းနေထိုင်ဖို့ ရွေးချယ်ခဲ့တယ်။ သူ့ကို ဆင်တစ်ကောင်အဖြစ် ပြန်ပြီးအမှတ်ရလာစေဖို့ ကျွန်တော်တို့ တော်တော်လေး ကြိုးစားခဲ့ပါတယ်။ ခက်တာက နာဇူးကိုယ်တိုင်က လက်ရှိဘဝမှာ ပျော်မွေ့နေတယ်လေ”ဟု ထရေဗာစ်က ပြောကြားခဲ့သည်။

နာဇူးကို ဆင်အုပ်အတွင်း ရောနှောနေထိုင်စေရန် အကြိမ်အတော်များများ အားထုတ်ခဲ့သော်လည်း နောက်ဆုံးတွင်မူ ကျွဲအုပ်ထဲသို့သာ ပြန်ရောက်သွားလေ့ ရှိကြောင်းလည်း သိရသည်။

မည်သို့ပင်ဖြစ်စေ နာဇူးသည် ဆင်တို့၏ သစ္စာစောင့်သိမှု ပင်ကိုဗီဇကိုမူ အပျောက်ဆုံး မခံခဲ့ချေ။ ယင်းကို အုပ်ထိန်းခဲ့သည့် ကျွဲထီးကြီး မက်သရူးကို တစ်နေ့တွင် သန်မာပျိုရွယ်သည့် ကျွဲတစ်ကောင်က ထိုးဝှေ့ခဲ့သည်။ ထိုစဉ်က မက်သရူးသည် ပြင်းထန်စွာ ဒဏ်ရာရပြီး သွေးအလူးလူးဖြင့် လဲလျောင်းနေခဲ့ပြီး ကျွဲပျိုက ထပ်မံရန်ပြုရန် အားထုတ်နေခဲ့သည်။ သို့သော်လည်း စခန်းမှ တာဝန်ရှိသူများ မရောက်လာမီ တစ်ချိန်လုံး နာဇူးက မက်သရူးရှေ့မှ မားမားမတ်မတ် ရပ်တည်ကာ အကာအကွယ် ပေးထားခဲ့သည်။ ယင်း၏ ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်ဖြင့် တားဆီးထားခြင်းကြောင့် ရန်လိုနေသော ကျွဲပျိုမှာ ရှေ့မတိုးနိုင်တော့ချေ။

နာဇူးသည် ကျွဲအုပ်နှင့် ဆက်သွယ်နိုင်သည့် နည်းလမ်းသစ်များကို အလိုလို သင်ယူတတ်မြောက်ပြီး ဖြစ်သည်။ ယင်း၏ အော်မြည်သံကို ကျွဲများက နားလည် သိမှတ်ထားပြီး ယင်းကလည်း ကျွဲများ၏ အသံကို နားလည်နေကြောင်း သိရသည်။

အင်မိုင်ရာတွင် လက်ရှိမှီတင်း နေထိုင်သော ဆင်အုပ်ကြီး၏ အသံများကို ကြားလျှင်လည်း နာဇူးသည် တစ်စုံတစ်ရာ တုံ့ပြန် အချက်ပြလေ့မရှိချေ။ ထရေဗာစ်က “ဒါဟာ ဆင်တွေရဲ့ ဘာသာစကားကို နာဇူးကိုယ်တိုင် နားမလည်တော့တာ ဖြစ်နိုင်ပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။ မည်သို့ပင်ဖြစ်စေ နာဇူးသည် ၎င်းကိုယ်တိုင် ကျေကျေနပ်နပ် လက်ခံထားသည့် ဘဝတွင် ပျော်ရွှင်နေပြီး ကျွဲများနှင့်သာ အတူတကွ ရှင်သန်နေထိုင်လျက်ရှိသည်။

_Ref:Dailymail
7day daily

ကြာဆံပြုတ်ကြောင့် မောင်မျိုးမင်းဆေးရုံရောက်



ကြာဆံပြုတ်သောက်ပြီး ဝမ်းလျှောခဲ့သည့်အတွက် ဆေးရုံ ခြောက်ရက်ကြာတက်ရောက် ဆေးကုသခဲ့ရကြောင်း ဒါရိုက် တာဦးမျိုးမင်းက ပြောသည်။

ဆေးရုံတက်ရောက်စဉ်က နှင်းဆီအဖွဲ့သားများ  လာရောက် အားပေးကြပြီး ဇွန်လ ၂၀ ရက် တွင်  ကျရောက်သော မွေးနေ့ မတိုင်မီ တစ်ရက်အလိုမှ ဆေးရုံ မှ ဆင်းခွင့်ရ၍ မွေးနေ့အတွက် အလှူအတန်းများ မလုပ်နိုင်ခဲ့ ကြောင်း ၎င်းက ပြောသည်။

‘‘ဦးမျိုးနဲ့သမီးက ညကတည်း က ရုပ်ရှင်ကြည့်ကြတာ။ မနက် ၄ နာရီလောက်လည်းရောက်ရော ဗိုက်ဆာတယ်ဆိုတော့ သမီးက ကြာဆံပြုတ်ပေးတယ်။ ကြာဆံ ပြုတ်ကိုမစားဖြစ်ဘဲ အိပ်ပျော် သွားတယ်။ ၉ နာရီ၊ ၁၀ နာရီ လောက်ကျနိုးလာတော့ စားစရာ ဘာရှိလဲမေးတော့ ညကပြုတ် ထားတာရှိတယ်။ နည်းနည်းတော့ ပွနေပြီ။ ဒါကိုတစ်ယောက်တစ် ဝက်စားလိုက်တာ ဆေးရုံပေါ် ရောက်သွားတာပဲ’’ဟဦးမျိုးမင်း က ပြောသည်။ ဇူလိုင် ၁၆ ရက်တွင် စတင်ဖွင့်လှစ်မည့် အနုပညာသင်တန်းကျောင်းတွင် သင်ကြားပေးမည့်    ဘာသာရပ်လေးခုအတွက် တစ်ဘာသာလျှင် သုံးဦးစီ အခမဲ့ သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် သင်တန်းအပတ် စဉ်တစ်ခုလျှင် သုံးလကြာမြင့် မည်ဖြစ်ပြီး စာတွေ့အပြင် ရိုက် ကွင်းများသို့ သွားရောက်၍ လက် တွေ့သင်ကြားပေးမည်ဖြစ်ကြောင်းဦးမျိုးမင်းက ပြောသည်။

ဒါရိုက်တာဦးမျိုးမင်း ဦးစီး ဖွင့်လှစ်မည့် အနုပညာသင်တန်း ကျောင်းတွင် သရုပ်ဆောင်သင် တန်း၊ ဒါရိုက်တာသင်တန်း၊ ဇာတ်ညွှန်းသင်တန်း၊ စီစဉ်ထုတ် လုပ်သူသင်တန်းတို့ကို တက် ရောက်နိုင်ပြီး နာမည်ကြီးမင်း သား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရံ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ များက သင်ကြားပေးမည်ဖြစ် သည်။

ကြူကြူဟန်
7day daily

ခွေးကို လက်ဝတ်ရတနာတွေနဲ့တန်ဆာဆင်ခဲ့တဲ့အတွက် Lady Gaga ကို PETA အဖွဲ့ကပြစ်တင်ဝေဖန်


Lady Gaga တစ်ယောက် တိရိစ္ဆာန်တွေကိုသနားကြင်နာစွာဆက်ဆံရေး
အတွက်လှုပ်ရှားတဲ့အဖွဲ့PETA (People for the Ethical Treatment of Animals)
ရဲ့ပစ်မှတ်ဖြစ်သွားပြန်ပါပြီ။ ဒီတစ်ခါကတော့ သူမရဲ့ခွေးကို လက်ဝတ်ရတနာတွေနဲ့ ဆင်မြန်းခဲ့တဲ့အတွက်ဖြစ်ပါတယ်။

မကြာသေးခင်က ပေါ့ပ်အဆိုတော်ဟာ သူမဒီနှစ်ရဲ့အစောပိုင်းက စတင်မွေးမြူခဲ့ပြီး Asia အမည်ရှိတဲ့ ပြင်သစ်ခွေးဘီလူးလေးရဲ့ဓာတ်ပုံတွေကို Instagram မှာ တင်ခဲ့တာဖြစ်ပါတယ်။

အဲဒီ့ဓာတ်ပုံတွေထဲမှာ Asia ဟာ ကလစ်နားကပ်တွေအပါအ၀င် လက်ဝတ်ရတနာပစ္စည်းအမျိုးမျိုးကို ၀တ်ဆင်ထားပါတယ်။

ပရိတ်သတ်တွေရဲ့တုန့်ပြန်မှုကတော့ အချို့ကမိန်းကလေးငယ်လေးလို ဆင်မြန်းထားတဲ့ ခွေးရဲ့ပုံကိုချစ်စရာကောင်းတယ်လို့တုန့်ပြန်ပြောသလို အချို့ကတော့ ခွေးရဲ့ကိုယ်ပိုင်ဆန္ဒမဟုတ်ဘဲ ဒီလိုဆင်မြန်းပေးထားတာကိုကြည့်ပြီးဒေါသထွက်နေပုံရပါတယ်။

ဒီကိစ္စနဲ့ပါတ်သတ်ပြီး PETA အဖွဲ့က ReadarOnline မှာကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ့ကြေငြာချက်မှာတော့ “Lady Gaga ဟာသူမကိုသူမ ရှုပ်ထွေးတဲ့အပြင် သက်တောင့်သက်သာမဖြစ်တဲ့ အ၀တ်အစားအပြင်အဆင်တွေနဲ့တောင် ဆင်မြန်းလို့ရပါတယ်။ ဒါပေမယ့် Asia ကဒီဟာကို ရွေးချယ်(ငြင်းဆန်) ဖို့အခွင့်အရေးမရှိရှာပါဘူး” လို့ပါရှိပါတယ်။

“Lady Gaga က Asia ကိုချစ်တယ်ဆိုတာတော်တော်လေးသေချာပေမယ့်။ Asia နဲ့ခွေးတိုင်းဟာ နောက်တိုးသဘာဝ စွမ်းရည်တွေမလိုအပ်ဘဲ ချစ်စရာကောင်းတယ်လို့ ကျွန်န်ုပ်တို့ထင်ပါတယ်။ ပြီးတော့ ခွေးတိုင်းအတွက် အကောင်းဆုံး တန်ဆာပစ္စည်းကတော့ အတူတကွ လမ်းအရှည်ကြီးလျှောက်ရာမှာပြီးပြည့်စုံတဲ့ သက်တောင့်သက်သာရှိ၊ စိတ်ချရပြီး အနေတော်ဖြစ်တဲ့ လည်ပတ်လေးတွေပါပဲ’ လို့လဲကြေငြာချက်မှာပါဝင်ပါတယ်။

PETA ဟာသားမွှေးထည်တွေ ၀တ်ဆင်ရတာကိုနှစ်သက်မှုကြောင့် Lady Gaga ကိုအရင်ကဝေဖန်ဖူးပါတယ်။  ၂၀၁၂ ခုနှစ်မှာ သူမရဲ့ရုရှားခရီးစဉ်အတွင်း သားမွှေးကုတ်အကျီ င်္တွေဝယ်ယူမှုနဲ့ စိတ်ထိခိုက်စရာကောင်းတဲ့ ပန်းရောင်သားမွှေးကုတ်အကျီ င်္ဝတ်ဆင်မှုတွေအတွက် တစ်ယောက်ထဲရွေးပြီးဝေဖန်ခံခဲ့ရပါတယ်။

Ref:starpulse.com

Treand Myanmar

တယ်လီဖုန်းနှင့် အင်တာနက်လိုင်းများ ၂၅ ရက်နေ့အထိပျက်တောက်နိုင်မည်ဟုဆို



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်ပနိုင်ငံများနှင့် တယ်လီဖုန်းနှင့် အင်တာနက် ချိတ်ဆက်အသုံးပြုနေသည့် ရေအောက်ကေဘယ်ဆက်ကြောင်းမှာ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့အကြား ချို့ယွင်းမှုဖြစ်ပေါ်နေသဖြင့် ဇွန်လ ၂၅ ရက်အထိ ဆက်သွယ်မှု ပြတ်တောက်နိုင်ကြောင်း သတင်းရရှိသည်။

SEA-ME-WE-3 ရေအောက်ကေဘယ်ဆက်ကြောင်းမှာ စင်ကာပူနှင့် မလေးရှားနိုင်ငံအကြားတွင် ချို့ယွင်းမှုဖြစ်ပေါ်နေခြင်းကြောင့် ကေဘယ်ပြုပြင်ရေးသင်္ဘောက သွားရောက် ပြုပြင်နေပြီး ခန့်မှန်းခြေအားဖြင့် ဇွန်လ ၂၅ ရက်အထိ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံတို့ ဆက်သွယ်မှုလိုင်းများ ခေတ္တပြတ်တောက်နေနိုင်သည်ဟု ဆိုသည်။

ဇွန်လ ၂၀ ရက် နံနက်ပိုင်းမှ စတင်ပြတ်တောက်မည်ဟု ကြေညာထားရာ အဆိုပါရက်ညပိုင်းမှ စတင်၍ မိုဘိုင်းအင်တာနက်ဖြင့် ဖုန်းခေါ်ဆိုခြင်းများ ပြတ်တောက်နေကြောင်း နိုင်ငံခြားသို့ မိုဘိုင်းဖုန်း ခေါ်ဆိုအသုံးပြုသူများထံမှ သိရသည်။

‘‘မနေ့က ညကတော့ ခေါ်တာရတယ်။ ဒါပေမဲ့ ခဏပဲ ပြောရသေးတယ်။ လိုင်းတွေရော၊ ဖုန်းတိုင်တွေရော ပျောက်ပြီးကျသွားတာ။ ပြန်ခေါ်လို့မရတော့ဘူး။ ဒီနေ့တော့ ပြန်မခေါ်ကြည့်ရသေးဘူး’’ဟု မလေးရှားနိုင်ငံသို့ မိုဘိုင်းအင်တာနက်မှတဆင့် ဖုန်းခေါ်ဆိုသည့် ဒေါ်စန်းဝေကပြောသည်။

လက်ရှိတွင် အင်တာနက်ဆိုင်များ၌ နိုင်ငံခြားသို့ လာရောက်ဖုန်းခေါ်ဆိုမှု လျော့နည်းသွားပြီး မိုဘိုင်းအင်တာနက်မှသာ တစ်ဆင့်ခေါ်ဆိုမှု များပြားနေကြောင်း အင်တာနက်ဆိုင်များမှ စုံစမ်းသိရသည်။

‘‘ဒီရက်ပိုင်းလာခေါ်တာ နည်းတော့ လိုင်းကျ၊ မကျတောင် သိပ်မသိဘူး။ စင်ကာပူရော၊ မလေးရော တခြားနိုင်ငံတွေလည်း ဖုန်းလာပြောတာ သိပ်မရှိကြတော့ဘူး။ အဲဒီတာ့ ကွန်နက်ရှင်ကျလားဆိုတာ သိပ်မသိတော့ဘူး’’ဟု ဗဟန်းမြို့နယ်ရှိ အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက်ဖိုက်ဘာဆက်ကြောင်း သုံးခု ရှိပြီး ထိုင်းနိုင်ငံနယ်စပ်ဖြတ်ကျော်တွင် တစ်ခု၊ တရုတ်နိုင်ငံဖြတ်ကျော်တစ်ခုနှင့် ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်းလိုင်းများဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
7Day Daily

အင်အားပြင်းငလျင် လှုပ်နိုင်၊ သတိထားရန်လိုဟု ပညာရှင်ဆို


မြန်မာနိုင်ငံတွင် အင်အားကြီးငလျင်လှုပ်ခဲ့ခြင်းမှာ နှစ် ၈၀ ခန့်ကြာနေပြီဖြစ်ပြီး အချိန်မရွေး တစ်ကျော့ပြန် ပြန်လှုပ်နိုင်သောကြောင့် သတိထားရန်လိုသည်ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဒု-ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက မဇ္ဈိမကို ပြောသည်။

“မြန်မာနိုင်ငံမှာက ငလျင်ဖြစ်နိုင်ခြေ အမြဲရှိနေတယ်။ စစ်ကိုင်းပြတ်ရွေ့ကြောကလည်း ၁၉၅၆ ခုနှစ်တုန်းကပဲ လှုပ်ခဲ့ပြီး နောက်ပိုင်းထိ မလှုပ်တာကြာပြီဆိုတော့ ဒီလိုငလျင်ကြီးတွေ အချိန်မရွေးလာနိုင်ခြေရှိတယ်”ဟု ၎င်းက ပြောသည်။ ၁၉၅၆ ငလျင်သည် ပြင်းအား ၆ ဒသမ ၈ မှ ၇ ဒသမ ၃ အထိ လှုပ်ခဲ့သည်။

ထိုသို့ အင်အားကြီးငလျင်လှုပ်မည်ဆိုပါက ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ သာစည်၊ ၀မ်းတွင်း၊ မြစ်ကြီးနား၊ ပူတာအိုတို့တွင် အန္တရာယ်ရှိနိုင်သည်ဟု ၎င်းက ပြောသည်။

“အဆောက်အအုံတွေနဲ့ ပတ်သက်လို့တော့ ၁၉၉၀ ခုနှစ်နဲ့ ၂၀၀၀ ကြားမှာ ဆောက်ထားတဲ့ အဆောက်အအုံတွေက သတိထားဖို့လိုတယ်။ အဆောက်အအုံ ဒီဇိုင်းပေါ်မှာ မူတည်ပြီးလည်း ငလျင်ဒဏ်ခံနိုင်ခြေရှိမရှိ သိသာပါတယ်။ အဆောက်အအုံပိုင်းကတော့ အမြဲတမ်းကြိုတင်ပြင်ဆင်ထားဖို့လိုတယ်” ဟု ဦးစိုးသူရထွန်းက ပြောသည်။

အဆောက်အအုံများ ဆောက်လုပ်ရာတွင် အောက်ခြေ၌ ပိုင်ချမထားလျှင် ငလျင်လာပါက ပြိုလဲသွားနိုင်ကြောင်း၊ အဆောက်အအုံနှစ်ခုကို ကပ်လျက် မဆောက်သင့်ကြောင်း၊ အဆောက်အအုံဒီဇိုင်းကို ကျွမ်းကျင်ပညာရှင်များနှင့်သာ ဆောက်လုပ်မှ ငလျင်ဒဏ်ကို ကြိုတင်ကာကွယ်နိုင်သည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ဘူမိသိပ်္ပံအသင်း အတွင်းရေးမှူး ဦးညွန့်ဌေးက “ငလျင်ပြင်းအား ငါး၊ ခြောက်လောက်ဆိုရင်တော့ သိပ်အန္တရာယ်မရှိသေးဘူး။ ခုနစ်ကျော်ရင်တော့ စိုးရိမ်စရာဖြစ်နေပြီ။ တာလေ ငလျင်တုန်းက အောက်ခြေမခိုင်တဲ့ အဆောက်အအုံတွေ၊ နံရံကပ်တွေ ပြိုကျတာရှိခဲ့တယ်။ စစ်ကိုင်းပြတ်ရွေ့လည်း လှုပ်လာပြီဆိုတော့ အများကြီးသတိထားဖို့ လိုလာပါပြီ”ဟု ဆိုသည်။၊

Mizzima

တရုတ်စကားပြောနည်း - ဟာသ video


ကြည့်ပါ ရယ်ပါ
စိတ်ညစ်နေလား ဒါလေးကြည့်လိုက်ရင် သွားအကုန်ပေါ်အောင်ရယ်စေရမယ်

"တုံးမြင်ခွကျော်..ချီးတွေ့ကွေ့ရှောင်..
ချုံရှင်းမြွေရှာ. မြွေရှာတီတွေ့..တီတွေ့ထခုန်..ထခုန်ချော်လဲ..
ချော်လဲကုန်းထ..ကုန်းထပုဆိုးကျွတ်။ ...

ရှူးရှူးပေါက်..ရှဲရှဲမြည်..ကြမ်းကြမ်းပေါက် ကြမ်းကြမ်းမြည်...
လျှော်..လျှော်..လျှော်.. ညည်းထမီညည်းလျှော်။

ရှောင်ချင်ရှောင်..ရှားချင်ရှား..ရှောင်ရှောင်ရှားရှား...ကြည့်ရှောင်ရှား..
ကြည့်ရှောင်.. ကြည့်ရှောင်။

ကြုံရင်ကြည့်.. တွေ့ရင်ချောင်း.. ကျန်တာဖျောင်.. ၀မ်ကျားပေါင်။"

Animation & Voice Created by: ဆြာစတိ
Credit - Sai Myint Kyaw Moe



ဦးဆန်းဆင့် သို့မဟုတ် ဂိုဏ်းဂဏတိုက်ပွဲမှာ ကျဆုံးသူလား



ဗုဒ္ဓဘာသာသမိုင်းမှာ အရုပ်ဆိုးအကျည်းတန်တဲ့ ရန်ကုန်မြို့ မဟာသန္တိသုခ ကျောင်းတော်ကြီးကို မဟနက တာဝန်ပေးထားတဲ့ စည်းကမ်းထိမ်းသိမ်းရေး သံဃာတွေနဲ့ ရဲတွေက ညကြီး အချိန်မတော်ဝင်ရောက် စီးနင်း၊ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို ဖမ်းဆီးခေါ်ဆောင်၊ ငါးပါးကို အတင်းအကျပ် လူဝတ်လဲ၊ အင်းစိန်ထောင်ပို့တာ ဖြစ်ခဲ့ပြီးနောက် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရာထူးကနေ ဖြုတ်ချပြီး အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်း လိုက်ပါတယ်။ ကနဦးသတင်းတွေအရ ဦးဆန်းဆင့်ကို ကျပ်ငွေသိန်း ၁၀၀ လောက်နဲ့ ညီမျှတဲ့ အစိုးရပိုင်ငွေတွေကို မမှန်မကန် ကိုယ်ကျိုးလုပ်တယ်ဆိုပြီး စသုံးလုံးအဖွဲ့က အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း သမ္မတပြောခွင့်ရ ပြန်ကြားရေး ဒု- ၀န်ကြီး ဦးရဲထွဋ်က ဦးဆန်းဆင့်ကို အရေးယူတာ အဲဒီပြစ်မှုတွေတင်မကဘူး၊ အစိုးရ အဖွဲ့ခေါင်းဆောင် သမ္မတရဲ့ ညွှန်ကြားချက်ကို မနာခံလို့ ခုလို အရေးယူရတာပါဆိုပြီး ပြောပါတယ်။ ကောင်းပါပြီ။ ၀န်ကြီး ဦးဆန်းဆင့် ဘာကြောင့်အရေးယူခံရသလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါမယ်။

ပထမတစ်ချက်ကတော့ ဦးဆန်းဆင့်ကို ကျပ်ငွေ သိန်း ၁၀၀ လောက်ရှိတဲ့ အစိုးရပိုင်ငွေအလွဲသုံးစား လုပ်မှုနဲ့ အရေးယူ ဖမ်းဆီး အမှုဖွင့်ထားတယ်ဆိုတဲ့ ကိစ္စပါ။ ဒါ သဘာဝမကျပါဘူး။ ဦးဆန်းဆင့်ဟာ အခြား အခြားသော ဗိုလ်ချုပ်ဟောင်းတွေလိုပဲ ချမ်းသာသူတစ်ယောက်ပါ။ ဗိုလ်ချုပ်တွေကို နေရာချထားပေးတဲ့ ကမ္ဘာအေးဗီလာလို နေရာမျိုးမှာလည်း ကိုယ်ပိုင်ခြံနဲ့ တိုက်နဲ့ ရှိပါတယ်။ ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့ ဆိုရင်တောင် ကျပ်ငွေသိန်းပေါင်း သောင်းချီပြီး အေးအေးဆေးဆေး ပိုင်ဆိုင်ပါတယ်။ သိန်း ၁၀၀ လောက် အဂတိလိုက်စားမှာ မဟုတ်ပါဘူး။ နောက်စသုံးလုံးက ပြောတာ အဲဒီငွေခိုးတာလည်း မဟုတ်ပါဘူး။ ဘုရားမှာ လှူဒါန်းတဲ့ငွေပါ။ ပြောရရင် ဦးဆန်းဆင့်ကို ငွေကြေးအလွဲသုံးစားလုပ်လို့ ဖမ်းရတာဆိုရင် မမှန်ပါဘူး။

နောက်တစ်ခု လက်ရှိဖြစ်ခဲ့တဲ့ မဟာသန္တိသုခကျောင်း ၀င်ရောက်စီးနင်းမှု နဲ့ဆိုင်သလား ဆိုတာပါ။ သမ္မတ အကြံပေး ဦးရဲထွဋ်ကတော့ ဒီကိစ္စပါတယ်လို့ ဆိုပါတယ်။ “သန္တိသုခကိစ္စကလည်း အကြောင်းတစ်ခု ပါဝင်ပါတယ်။ သန္တိသုခဖြစ်တဲ့ အချိန်ကစပြီး သမ္မတကြီးက ၀န်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင်၊ ဟိုဘက် ဒီဘက် နှစ်ဖက်အကြားမှာ ၀န်ကြီးအနေနဲ့ရော ဆရာဒကာတွေအနေနဲ့ရော ၀င်ရောက်ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့တယ်” လို့ ဦးရဲထွဋ်က ပြောပါတယ်။ လက်ရှိ ဖြစ်ပွားခဲ့တဲ့ ပြဿနာကို ပြန်ကြည့်ရင် မဟာသန္တိသုခကျောင်းတိုက် ၀င်စီးတဲ့ ကိစ္စမှာ နိုင်ငံတော်သံဃမဟာနာယကလို့ ခေါ်တဲ့ မဟန၊ ရန်ကုန်တိုင်း မဟနသာသနာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနအားလုံး ပါဝင် ပတ်သက်နေပါတယ်။ ဒီနေရာမှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ဟာ သြဇာကြီးတဲ့ ရန်ကုန်တိုင်း ၀န်ကြီး ဦးမြင့်ဆွေကို ကျော်ပြီး ညွှန်ကြားလို့ ရမ ရ၊ ပြည်ထဲရေးကို ကျော်ပြီး ရဲတပ်ဖွဲ့ပါလာအောင်လုပ်လို့ ရမရ မေးခွန်းထုတ်စရာရှိပါတယ်။ တကယ်လို့ ဦးဆန်းဆင့်ကို အရေးယူရတာ မဟာသန္တိသုခကိစ္စဆိုရင် အစိုးရတာဝန်ရှိသူတွေ ဒီပြဿနာအစအဆုံး ပြည်သူတွေကို ရှင်းဖို့၊ လင်းဖို့ တာဝန်ရှိပါတယ်။ ဦးဆန်းဆင့် တစ်ယောက်တည်းအပေါ် ပုံချတာကတော့ သိပ်ယုတ္တိမတန်ပါဘူး။

နောက်အရေးကြီးတာတစ်ချက် ဦးရဲထွဋ်ပြောတာ ဦးဆန်းဆင့်ဟာ သမ္မတ စကားနားမထောင်တဲ့အတွက် အကြိမ်ကြိမ် ပြောဆိုဆုံးမ ပဲ့ပြင်မှုတွေရှိခဲ့တဲ့အကြောင်း၊ အခု နောက်ဆုံးအကြိမ်မို့လို့ အရေးယူလိုက်ရတာလို့ ဆိုပါတယ်။ ခြုံပြောရရင် အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက် မခံယူလို့ပါ။ ဒါဆိုရင်လည်း ဒီပုဒ်မနဲ့ဘဲ အရေးယူ၊ သမ္မတက ဦးဆန်းဆင့်ကို ဘာတွေ ညွှန်ကြားခဲ့ပြီး ဦးဆန်းဆင့်က ဘာတွေမလိုက်နာခဲ့သလဲ၊ ဘာတွေဆန့်ကျင်ပြီး လုပ်ခဲ့သလဲ” ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့လိုပါတယ်။

အခြားတစ်ဖက်မှာ ကြည့်လိုက်ရင် ဦးဆန်းဆင့်ဟာ အပြောင်းအလဲကာလ ဧရာဝတီတိုင်းရဲ့ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူစဉ် စသုံးလုံးတွေက ခုလိုပဲ လိုက်ပါနှောင့်ယှက် ကလေးကလားလို လုပ်နေတာတွေကြောင့် အစိုးရအဖွဲ့ကို ပြစ်တင်ရှုတ်ချလုပ်ခဲ့သူပါ။ ပြည်နယ်၊ တိုင်းလွှတ်တော် ၁၄ ခု ရှိတဲ့အနက် အရင်အာဏာရှင်တွေ ချမှတ်ပေးသွားတဲ့ လက်ညှိုးထောင် ခေါင်းညိတ်၊ အတည်ပြုစရာလိုမှ လွှတ်တော်ခေါ်ဆိုတဲ့ လမ်းစဉ်မလိုက်နာဘဲ လွှတ်တော်တကယ် အသက်ဝင်လာအောင် လုပ်ခဲ့တဲ့ တစ်ဦးတည်းသော လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်ခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးဖြစ်ပေမယ့် ဦးဆန်းဆင့်ကိုတော့ ဒေသခံတွေရော၊ လွှတ်တော်ထဲက အမတ်တွေကပါ ထောက်ခံကြပါတယ်။

အဲဒီအချိန် သမ္မတဦးသိန်းစိန်က အလွန်အားထားရတဲ့၊ လက်ရှိလည်း သမ္မတဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်တယ်၊ သမ္မတနဲ့ ပါတီကို ထောက်ခံအားပေးရမယ်ဆိုပြီး တရားဝင် အစည်းအဝေးပွဲကြီးတွေမှာ ဗြောင်ထုတ်ဖော်ပြောဆိုရဲတဲ့ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ကို ဥပဒေကြောင်းအရ ဖြုတ်ချဖို့ ကြိုးစားခဲ့သူ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုး ဒု-ဥက္ကဋ္ဌ ဦးဌေးဦးလို လူကတောင် ကိုင်တွယ်လို့မရသူ ဖြစ်ခဲ့ပါတယ်။ ဒါတင်မက လွှတ်တော်ဥက္ကဋ္ဌဖြစ်နေတာကလည်း အဲဒီအချိန် သူ့ကို ပြည်ခိုင်ဖြိုးပါတီကရော၊ အစိုးရကပါ ဘယ်လိုမှ အရေးယူလို့ မရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့တာပါ။ နောက်တော့ သိကြတဲ့အတိုင်း သူ့ကို သမ္မတဦးသိန်းစိန် လက်အောက် သာသနာရေးဝန်ကြီး တာဝန်ပေးပြီး ငြိမ်သက်အောင် ထိန်းထားလိုက်တာ ဖြစ်ပါတယ်။

အတွင်းသတင်းတွေအရတော့ ဦးဆန်းဆင့်ဟာ လွှတ်တော်နာယကကြီး သူရဦးရွှေမန်းရဲ့လူဖြစ်တယ်၊ နိုင်ငံရေး မဟာမိတ် ဖြစ်တယ်ဆိုပြီးလည်း ပြောဆိုကြပါတယ်။ ဘယ်လောက်မှန်သလဲ အတည်ပြုလို့တော့ မရပါဘူး။ ဒါပေမဲ့ ဦးဆန်းဆင့်ကို သမ္မတဦးသိန်းစိန် လက်အောက် သာသနာရေးဝန်ကြီး တာဝန်ပေးလိုက်ချိန် ဒီလိုအဖြစ်မျိုး ဖြစ်လာနိုင်မယ် တွက်ခဲ့ပေမယ့် ဒီလောက်ဆိုးရွားတဲ့ ကံကြမ္မာကြုံလာလိမ့်မယ်လို့တော့ မျှော်လင့်ခဲ့ပုံ မရပါဘူး။ ရှေ့ပိုင်းမှာ ဖြစ်ခဲ့တဲ့ စာရင်းစစ်ချုပ် ဗိုလ်ချုပ် လွန်းမောင်ပြုတ်တဲ့ ကိစ္စ၊ ဖွဲ့စည်းပုံခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုး ပြုတ်တဲ့ကိစ္စတွေကို ပြန်ကြည့်လိုက်ရင် သမ္မတဦးသိန်းစိန်ဘက်က လူတွေဖြစ်နေတာကြောင့် ဆိုပြီးလည်း သုံးသပ်ကြပါတယ်။ မှန်ပါတယ်။ အဲဒီ လူတွေရော၊ အခု ဦးဆန်းဆင့်ပါ ဒီမိုကရေစီ ဘက်တော်သားတွေ မဟုတ်ပါဘူး၊ နိုင်ငံတော်ကို တော်လှန်ပုန်ကန်မယ့်သူတွေ မဟုတ်ပါဘူး။

အဂတိလိုက်စားသူတွေလို့လည်း မသတ်မှတ်နိုင်ပါဘူး။ အဖြစ်နိုင်ဆုံးကတော့ ၂၀၁၅ နီးလာလေ၊ ပိုပြင်း ထန်လာလေဖြစ်နေတဲ့ သမ္မတဦးသိန်းစိန်နဲ့ စစ်တပ်က တစ်ဖက်၊ လွှတ်တော်နာယက သူရဦးရွှေမန်းတို့က တစ်ဖက် ဖြစ်ပွားကြတဲ့ ဂိုဏ်းဂဏတိုက်ပွဲမှာ ကျဆုံးကြရရှာသူတွေပဲလို့ ပြောရင် မှားနိုင်မယ်မထင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်
Mizzima Burmese

ဦးအံ့မောင် ထိန်းသိမ်းခံရသည့်သတင်း မဟုတ်ဟု သမ္မတရုံးပြော



ရန်ကုန်၊ မဇ္ဈိမ။ ။ သမ္မတရုံး အကြံပေး ဦးအံ့မောင်ကို အထူးစုံစမ်း စစ်ဆေးရေး ဌာနက ဇွန်လ ၂၂ရက် ညက ထိန်းသိမ်းလိုက်ပြီဟု သတင်းထွက်ပေါ်လာသည်ကို
သမ္မတရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အတည်မပြုနိုင်ဟု မဇ္ဈိမကို ပြောသည်။

ဦးအံ့မောင်အား အထူးစုံစမ်းရေးဌာနက ထိန်းသိမ်းလိုက်သည်ဟူသည့် သတင်းကို RFA သတင်းဌာနက နေပြည်တော် အသိုင်းအဝိုင်းကို ကိုးကားကာ ဇွန်လ ၂၂ရက်က
ရေးသားထားခြင်း ဖြစ်သည်။ ဦးအံ့မောင်ကို ထိန်းသိမ်းခြင်းသည် သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနှင့် ဆက်စပ်နေသည်ဟု ရေးသားထားသည်။

သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ထိန်းသိမ်းပြီးနောက်ပိုင်း ယင်းကိစ္စနှင့် ဆက်နွယ်သူများကို စုံစမ်းစစ်ဆေးကာ အရေးယူသွားမည်ဟု ဦးဇော်ဌေးက ပြောသည်။

လက်ရှိတွင် ဦးဆန်းဆင့်ကို ရမည်းသင်းထောင်တွင် ဖမ်းဆီးထားပြီး သူ၏ ကိုယ်ရေးအရာရှိ တစ်ဦးမှာလည်း သတင်းစုံစမ်း၍ မရကြောင်း ဦးဆန်းဆင့်နှင့် နီးစပ်သည့် အသိုင်း
အဝိုင်းက ပြောသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဇွန်လ ၁၉ရက် နေ့လည်က အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊
ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းပုဒ်မသည် ထောင်ဒဏ် ၁၀နှစ်မှ တစ်သက်တစ်ကျွမ်းအထိ ချမှတ်နိုင်သည့် ပုဒ်မလည်း
ဖြစ်သည်။

မဇ္ဈိမသတင်းဌာန

နွားချေးကားအယောင်ဆောင် တရားမ၀င်သစ်တင်ယာဉ် ပြင်ဦးလွင်တွင် ဖမ်းဆီးရမိ



မန္တလေးမှ နောင်ချိုဘက်သို့ ဖြတ်သန်းသွားသည့် တရားမ၀င် သစ်တင်ယာဉ်
များသည် နည်းမျိုးစုံသုံး၍ သစ်များသိုဝှက်သယ်ဆောင်လျှက်ရှိကြောင်း သတင်း
အရ ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးအရာရှိဦးစိုင်းရွက်ဆိုင်နှင့်အဖွဲ့မှ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် လမ်းကြောင်းတစ်လျှောက် ရှောင်တစ်ခင် စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ထိုသို့စစ်ဆေးစဉ် နေ့လည် (၂) နာရီအချိန်ခန့်တွင် မန္တလေး- ပြင်ဦးလွင်လမ်းကြောင်းအတိုင်း မောင်းနှင်လာသော မသင်္ကာဖွယ် ဖေါ်တွန်အမျိုးအစား (၆) ဘီးယာဉ် ယာဉ်အမှတ် ၄စ/၃၃၄၅ သည် အနီးစခန်းအရောက် ဖေါင်းတောမြို့ရှောင်လမ်းအတိုင်း မောင်နှင်သွားသဖြင့် သစ်တောဝန်ထမ်းများမှ လိုက်လံရပ်တန့်စစ်ဆေးရာ မြို့ရှောင်လမ်းနှင့် ဆင်ခေါင်းလေးလမ်းဆုံအရောက် ရပ်တန့်စစ်ဆေးနိုင်ခဲ့သည်။

စစ်ဆေးချက်အရ ယာဉ်မောင်းဆန်းမင်းကျော်၊ ဂွေ့ကြီးကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် တရားမ၀င် တမလန်းသစ်ဓါးရွေ (၃၃) တုံး ( ၂.၈၆၂၂ ) တန်ကို နွားချေးဖွဲကြမ်းအိတ်များ ဖုံးအုပ်လျှက်အနေအထားဖြင့် ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ တရားမ၀င်သစ်များကို ရှာဖွေရာ ညနေ (၅း၃၀) နာရီအချိန်ခန့်တွင် ကျွဲနွားထောက်ကျေးရွာ မြောက်ဘက် ကြက်ခြံဟောင်းအနီး၌ တရားမ၀င်တမလန်းဓါးရွေ (၁၈) တုံး ( ၂.၀၉၅ ) တန် ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

 ဖမ်းဆီးရမိသစ်စုစုပေါင်း (၅၁) တုံး (၄.၉၅၇၂) တန်နှင့် ယာဉ်ကို မြို့နယ်သစ်တောဦးစီးဌာန ဒိုးကွင်သစ်တောပျိုးဥယျာဉ်သို့ သယ်ဆောင်သိမ်းဆည်းထားပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

MOIWebportalMyanmar

သေနတ်ပစ်ဖောက်ကာ ကုန်စုံဆိုင်ကို လုယက်



ချင်းတွင်းမြစ်ကမ်းတစ်နေရာတွင် ဇွန် လ ၂၁ မနက် ၂ နာရီအချိန်က သေနတ်လေးချက် ပစ်ဖောက်၍ ကုန်စုံဆိုင်အတွင်းမှ ရွှေသေတ္တာတစ်လုံးနှင့် ပိုက်ဆံများ လုယက်ခံလိုက်ရသည်ဟု မြို့နယ်ထွေအုပ်ရုံးထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ ညောင်တလျောက်ဒေသ၊ ဖောင်ဆိုင်ကျေးရွာအုပ်စုရှိ ဆိုင်ပိုင်ရှင် ကိုချစ်အောင်၏ ကုန်စုံဆိုင်သို့ မျက်နှာဖုံးပုဝါစီးထားသည့် လူလေးဦး ရောက်ရှိလာပြီး ဘီယာနှင့် အရက်များ ရောင်းချပေးရန် ဆိုင်ရှင်အား ပြောခဲ့သည်ဟု ဆိုသည်။

ဆိုင်ရှင်ဖြစ်သူမှ ဘီယာနှင့် အရက်များမရှိကြောင်း ပြန်ပြောနေချိန်တွင် မျက်နှာဖုံးပုဝါ အပြာရောင်စီးထားသူက ဆိုင်ရှင် ကိုချစ်အောင်ကို ၀ါးစိမ်းတုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

ကိုချစ်အောင်၏ ယာဘက်လက်တစ်ဘက်တွင် ဒဏ်ရာများရရှိခဲ့ပြီး ဆိုင်ရှင်ဖြစ်သူ၏ အိပ်ယာအနီးရှိ ရွှေ ၁၀ သား၊ ပိုက်ဆံ ၁၈ သိန်း ထည့်ထားသည့် သံသေတ္တာကို ပုဝါမျက်နှာဖုံးစွပ်လူ လေးဦးက လုယက်ခဲ့ရာ ဆိုင်ရှင် ကိုချစ်အောင်က ဓားရှည်ကိုင်ဆွဲပြီး ဓားဖြင့် ရမ်းကာ သေတ္တာကို ပြန်လည်လုယူခဲ့သည်။

ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် ကုန်စုံဆိုင်၏ အပြင်ဘက် အမှောင်ရိပ်အတွင်းရှိ လူတစ်ဦးက သေနတ် လေးချက်ပစ်ဖောက်လိုက်သည်။ ထို့ကြောင့် ကုန်စုံဆိုင်ပိုင်ရှင် ကိုချစ်အောင်မှာ ဆိုင်အတွင်းသို့ ပြေးဝင်ခဲ့ပြီး ပုန်အောင်းနေခဲ့ရသည်ဟု ဆိုသည်။

ထို့နောက် ရွှေ ၁၀ ကျပ်သားနှင့် ပိုက်ဆံ ၁၈ သိန်းကို လုယူထွက်ပြေးသွားခဲ့ပြီး အဆိုပါ မျက်နှာဖုံးစွပ်လုယူသွားသူများကို အရေးယူပေးရန် ဆိုင်ပိုင်ရှင် ကိုချစ်အောင်က ခန္တီးမြို့မရဲစခန်းတွင် တိုင်တန်းခဲ့ရာ ပြစ်မှုကြီး ဖြစ်စဉ် အမှတ် ၃/ ၂၀၁၄ (ပ) ၃၀/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၉၂/ ၃၉၄ အရ အရေးယူဆောင်ရွက် လျက်ရှိသည်။

ကိုတိုးကြီး
Mizzima Burmese

ယောက်ျားဦးနှောက် နှင့် မိန်းမဦးနှောက် ကွာခြားချက်


ယောက်ျားများရဲ့ ဦးနှောက်ထဲမှာ အကြောင်းအရာတွေကို သေတ္တာများနဲ့ စီရီပြီး ထားရှိထားပါတယ်။ အဲ့ဒီ့ သေတ္တာများထဲမှာ ကျနော်တို့ အကြိုက်နှစ်သက်ဆုံး သေတ္တာလေးတစ်လုံးရှိပါတယ်… အဲ့ဒီ့ သေတ္တာထဲမှာ ဘာမှမပါပါဘူး။ Nothing Box လို့ ခေါ်ပါတယ်… ဘယ်လောက်တောင် ကြိုက်သလဲဆိုရင် အချိန်ရရင် ရသလို ခဏ ခဏ ထ ထ ဖွင့်ကြည့်ဖြစ်တဲ့ အထိအောင်ပါဘဲ။ ဆိုလိုတာကတော့ ကျနော်တို့ ယောက်ျားတွေဟာ ဘာမှကို မစဉ်းစားဘဲလဲ.. အကြာကြီး (သို့) ခဏခဏ နေနိုင်တယ် ဆိုတာပါဘဲ.. ဥပမာ။ ပက်လက် ကုလားထိုင်လေးပေါ်ထိုင်.. မုတ်ဆိတ်မွှေးလေး ဆွဲနှုတ်ရင်း… (သို့) တီဗွီကြီးဖွင့်ထားပြီး အဝေးထိန်ခလုတ်(ရမုတ်) ကိုလည်း လက်မှာကိုင်ထားရင်း…ဘာစဉ်းစားနေသလဲဆိုတော့.. ဘာမှ မစဉ်းစားနေပါဘူး။ စောစောကပြောတဲ့ ဘာမှမရှိတဲ့ သေတ္တာကို ဖွင့်ထားတာလေ…

အဲ့ဒီ့အချိန်မျိုးမှာ ဘေးနားက မိန်းမတွေက ပြောတတ်ပါတယ်။ “ရှင်..တော်တော် အားယားနေတယ်..ဟုတ်လား” “ဘာမှလည်း လုပ်တာမဟုတ်ဘဲနဲ့..”။ ဟုတ်ပါတယ်..ကျနော်တို့ ဘာမှ လုပ်တာမဟုတ်ပါဘူး။ ဘာမှလည်း မတွေးပါဘူး.. ဒီလိုလေးဘဲ နေတာပါ..အဲလိုအချိန်မျိုးမှာ လာနှောက်ယှက်တာလည်း မကြိုက်ပါဘူး..

မိန်းမများဟာ ကျနော်တို့ရဲ့ ဘာမှမရှိတဲ့ သေတ္တာကို လုံးဝ.. လုံးဝ..နားမလည်ပါဘူး။ ကျနော်တို့လိုလည်း မလုပ်နိုင်ပါဘူး.. သူတို့ စိတ်ဟာ လုံးဝ မရပ်မနား လည်ပတ်နေတာပါ။ စိတ် လည်ပတ်နေလေလေ.. ဦးနှောက်ထဲက ကေဘယ်ဝါယာကြိုးတွေဟာလည်း တရစပ် လည်ပတ်နေလေပါဘဲ။ အဲ့ဒီ့တော့ သူတို့ဟာ ဘယ်တော့မှ.. ဘယ်တော့မှ.. Nothing Box (ကျနော်တို့ ဦးနောက်ထဲက ဘာမှမရှိတဲ့ သတ္တာလေး) ကို နားလည်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီ့ သေတ္တာက မိန်းမများကို စိတ်ပျက်သွားစေနိုင်ပါတယ်။ စဉ်းစားလေလေ.. ဘာမှမရှိလေ.. စိတ်ပျက်လေလေ..ဒေါသတွေ ထွက်လာလေလေ ပါဘဲ.. နောက်ဆုံးတော့ စကားတစ်ခွန်း ထွက်လာပါတယ်..
….”ရှင် ဘာမှ မလုပ် ဖူးလား”……… “ဘာမှကို အဓိပ္ပါယ် မရှိဘူး”…

ဒီ့ထက် (စိတ်) ပိုဆိုးလာရင်တော့.. “ရှင့် အရင် ငယ်ရည်းစားအကြောင်း စဉ်းစားနေတာမဟုတ်လား”… “ရှင်.. ကျမ မသိအောင် ဘာတွေ မဟုတ်တာလုပ်နေလဲ”.. စတဲ့ မေးခွန်းတွေမေးလာတော့တာပါဘဲ..

ကျနော်တို့မှာလည်း မှန်သော အဖြေ တစ်ခုသာ ရှိပါတယ်…
ဘာမှမစဉ်းစားပါဘူးကွာ..
စိတ်ဖိစီးမှုတွေ များလာကြတဲ့အခါ..

ယောက်ျားများ စိတ်ဖိစီးကြတဲ့အခါ..

ယောက်ျားများ စိတ်ဖိစီးမှု (စိတ်ညစ်စရာ) တွေ များလာတဲ့အခါမှာတော့ သူတို့အလုပ်ချင်ဆုံးအလုပ်ဟာ သူတို့ ဦးနှောက်ထဲက ဘာမှ မရှိတဲ့ သေတ္တာကို အမြန်ပြေးဖွင့်ချင်တာပါဘဲ။ ဆိုလိုတာကတော့ စိတ်ညစ်လာတဲ့အခါ ယောက်ျားများဟာ ဘာမှမစဉ်းစားဘဲ အေးအေးဆေးဆေး နေချင်တာပါ။ ဘာမှလည်း မပြောချင်ပါဘူး.. ဒီအတိုင်းလေး အေးအေးဆေးဆေး နေချင်တာပါ..

အဲ့ဒီ့အချိန်မှာ မိန်းမလုပ်သူက ဘေးနားရောက်လာပြီး.. “ရှင်..ဘာစဉ်းစားနေတာလဲဟင်.. ကျမကို ပြောပြပါလား..ဘာတွေဖြစ်လာတာလဲ.. ” စတဲ့မေးခွန်းတွေ မေးတတ်ကြပါတယ်။ မိန်းမသဘာဝ စိတ်ပူတတ်တာကိုး.. စိတ်ပူတော့ သူ့ဦးနှောက်ထဲက ကေဘယ်ဝါယာတွေလည်း ပူလာတော့တာပါဘဲ.. ဒီအချိန်မှာ ယောက်ျားလုပ်သူက “ငါ..ဘာမှ မစဉ်းစားပါဘူးကွာ… အေးအေးဆေးဆေး နေချင်လို့ပါ.. ဝေးဝေးမှာနေပေးပါ” လို့ ပြောလိုက်မိတတ်ပါတယ်။ အဲ့ဒီမှာ ကေဘယ်ဝါယာ ပူပြီး စိတ်ကောက်တော့တာပါဘဲ။ ၀ါယာရှော့များ..ဖြစ်သွားရင်တော့ “ဘယ်မိန်းမအကြောင်း တွေးနေမှန်းမှမသိတာ.. ဘယ်ပြောချင်မလဲ.. မဟုတ်တာလုပ်နေတာကို…@#%$^” စသည်ဖြင့် တန်ပို (Tempo) တွေတက်လာရာက လင်မယား ရန်ဖြစ်ကြတော့တာပါဘဲ..
ကျနော်တို့လည်း စိတ်ညစ်နေတဲ့အချိန် အဲ့ဒီ့လို ဘေးနားက ထပ်ပြီး ဗျစ်တောက် ဗျစ်တောက် ပူလာရင် မခံနိုင်တော့ဘဲ ပေါက်ကွဲတတ်ကြ
ပါတယ်။

ယောက်ျားများဟာ စိတ်ဖိစီးမှုများလာရင်…သူ့ရင်ထဲက စိတ်ညစ်စရာများကို ဖြေရှင်းပေးနိုင်မယ့် မိတ်ဆွေ၊ အပေါင်းအသင်း၊ ညီအကို၊ မိဘ များနှင့်သာ တိုင်ပင်လေ့ရှိပါတယ်။

မိန်းမများ စိတ်ဖိစီးကြတဲ့အခါ..

မိန်းမများ စိတ်ဖိစီးမှု (စိတ်ညစ်စရာ) တွေ ကြုံလာရင်တော့ အဲ့ဒီ့ကိစ္စကို သူဖွင့်ပြောမှ ပေါ့သွားမှာပါ။ ပြောကို ပြောရမှ။ မပြောရရင်တော့ သူ့ရဲ့ဦးနှောက်ထဲက ကေဘယ်ဝါယာကြီးဟာ ပေါက်ကွဲလို့သွားတော့မှာပါ..
“လုံးဝထင်မထားဘူး.. အဲ့ဒီ့မိန်းမ အဲ့ဒိလိုလုပ်သွားလိမ့်မယ်လို့… တော်တော်ဒေါသထွက်ဖို့ကောင်းတယ်.@#%$^..” ဘာဘာ ညာညာ ပြောလာရင် အမျိုးသားများ ဂရုတစိုက်နားထောင်ပေးလိုက်ပါ။ ဘာမှ ၀င်မဖြေရှင်းပေးပါနဲ့… အကြံမပေးပါနဲ့…သူပြောတာကိုဘဲ နားထောင်ပေးလိုက်ပါ။ ၀င်ပြောလိုက်တာနဲ့ သေပြီဆရာဘဲ.. ဒေါသအိုးက သင့်အပေါ်ကျသွားနိုင်ပါတယ်။

အမျိုးသားတွေ လုပ်ပေးနိုင်တာကတော့ ကျနော်တို့ရဲ့ ဦးနှောက်ထဲက ဘာမှမရှိတဲ့ သေတ္တာလေးကို ဖွင့် ပြီး.. သူမ ပြောသမျှ နားထောင်ပေးလိုက်ရုံပါဘဲ.. သူလည်း ပြောချင်တာပြောပြီး Stress တွေလျှော့.. ကျနော်တို့လည်း ဘာမှမစဉ်းစားဘဲ.. အေးအေးဆေးဆေးလေးပေါ့…

(အမေရိကန် စာရေးဆရာ Mark Gungor ရဲ့ “A Tale of Two Brains ကို ယောက်ျားဦးနှောက်နဲ့ မိန်းမဦးနှောက် ကွာခြားချက်လို့ ဘာသာပြန်ပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အချို့သော ဥပမာများဟာ မြန်မာပြည်နဲ့ လိုက်လျှောညီထွေဖြစ်အောင် ပြန်လည်တင်ဆက်ပေးထားတာဖြစ်ပါတယ်။)
ကျေးဇူးတင်ပါတယ်။


Credit To>အာကာသနှင့် စကြ၀ဠာ

မလေးရှားနိုင်ငံ အတွင်းမှ ရွှေမြန်မာများအားလုံးအတွက် အရေးပေါ် သတိပေးချက်


အခု တစ်ပတ်အတွင်း မလေးရှားနိုင်ငံအတွင်းမှာ နေထိုင်နေတဲ့ မြန်မာ တစ်ချို့ဆီကို ဒီလို
နံပါတ်တွေနဲ့ Massage ပို့တာတွေ ဖုန်းဆက်လာတာတွေကို ကြုံတွေ့နေရပါတယ်။
ပုံမှာမြှားနဲ့ သေချာပြထားတဲ့ ဖုန်းနံပတ်တွေ မိမိတို့ဖုန်းထဲကို Massage ဝင်လာရင် ပြန်မပြောမိပါစေနဲ့ ။။။

မိမိတို့ဖုန်းထဲမှာရှိတဲ့ ပိုက်ဆံတွေဟာ ဖုန်းတစ်ချက် ဆက်လိုက် တာနဲ့ ကုန်သွားမှာ ဖြစ်ပါတယ်။ မိမိတို့ ဖုန်းထဲက ပိုက်ဆံတွေ ပါသွားမှာ ဖြစ်ပါတယ်။ 010 - 013 - 019 - 016 - 0111 - 018 - 03 - 017 - 012 စတဲ့ ဖုန်းနံတွေ မဟုတ်ပဲ ပုံမှာ ပြထားတဲ့ နံပတ်တွေနဲ့ မက်ဆော့ပို့လာတာတွေဆိုရင် သတိထားကြဖို့အတွက် အသိပေး တင်ပြလိုက်ပါတယ်။

 မလေးရှားနိုင်ငံမှ ရွှေမြန်မာများ အားလုံး အလုပ်အကိုင်များ အဆင်ပြေပြီး လိုရာဆန္ဒပြည့်ဝ အောင်မြင်ပါစေ။

 နေဇော်လင်း
Free Online Radio Media (Malaysia)

မြန်မာကလေးများကို လူကုန်ကူးသူတစ်ဦး ထိုင်းတွင် ဖမ်းမိ


အသက် ၁၅ နှစ်အောက် မြန်မာကလေးငယ် သုံးယောက်ကို ထိုင်းနိုင်ငံတွင် နှင်း
ဆီပန်းရောင်းရန် စေခိုင်းသည့် လူကုန်ကူးခဲ့သူ အသက် ၂၂ နှစ်အရွယ် မြန်မာ
အမျိုးသားတစ်ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့များက ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသားသည် မြန်မာကလေးငယ်များကို ဘန်ကောက်မြို့လမ်းများ တစ်လျှောက်တွင် ကမ္ဘာလှည့် ခရီးသွားများထံ နှင်းဆီပန်းရောင်းရန် စေခိုင်းခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခအိုဆန် (Khao San) လမ်းတစ်လျှောက် နံနက် ၈ နာရီမှ မွန်းလွဲ၂ နာရီအတွင်း မြန်မာကလေးများကို အုပ်စုလိုက် တွေ့ရှိရလေ့ ရှိကြောင်း ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့၏ စစ်တမ်းအရ သိရသည်။

ကလေးငယ်များသည် တစ်ရက်လျှင် နှင်းဆီပန်း ၂၅ ပွင့် ရောင်းရပြီး သတ်မှတ်ချက် မပြည့်ပါက ရိုက်နှက်ခံရကြောင်း ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့များက ဆိုသည်။

ကလေးငယ်တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၈၀၀ (ကျပ် ၅၀,၀၀၀ ကျော်) နှုန်းဖြင့် ကလေးများ၏ မိခင်ထံသို့ လစဉ် ပေးရကြောင်း လူကုန်ကူးသူ အမျိုးသား၏ ထွက်ဆိုချက်ကို Bangkok Post တွင် ဖော်ပြထားသည်။

ဇွန်လ ၂၀ ရက်နေ့က အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်းနိုင်ငံသည် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး လုပ်ငန်းများတွင် အနိမ့်ဆုံးအဆင့် သတ်မှတ်ချက် ပြည့်မီခြင်း မရှိကြောင်း ကမ္ဘာ့လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီးနောက် ထိုင်းမီဒီယာများက ယခုသတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

The Voice  Weekly

ဈေးဝယ်နေသူ အမျိုးသမီး၏စလင်းဘက်အိတ်အတွင်းမှ ငွေများနှိုက်ယူနေသည့် ခါးပိုက်နှိုက် အမျိုးသမီးတစ်ဦးဖမ်းဆီးရမိ


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ
တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်များဖမ်းဆီးအရေးယူနိုင်ရေးအတွက်
၂၁.၆.၂၀၁၄ ရက်နေ့တွင် လသာမြို့နယ်၊ (ဂ) ရပ်ကွက်၊ သိမ်ကြီးဈေး(ဒီ)ရုံရှေ့၌စောင့်ကြည့် သတင်းစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စောင့်ကြည့်နေစဉ် ၁၀၁၀ အချိန်ခန့်၌ သိမ်ကြီးဈေး(ဒီ)ရုံရှေ့
မုန့်ဆိုင်တန်းဝင်ပေါက်အနီးတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး
မြို့နယ်နေ မစန်းအေး၊ (၃၈)နှစ်၊ (ဘ)ဦးကျော်သောင်းမှ ဈေးဝယ်နေသူ အမျိုးသမီးတစ်ဦးလွယ်ထားသော စလင်းဘက်အိတ်အားဇစ်ဖွင့်၍ အတွင်းမှငွေကျပ် (၂၂၀၀၀)ကို နှိုက်ယူနေစဉ် ဖမ်းဆီးရမိခဲ့ပါသည်။

ထိုသို့ဖမ်းဆီးရမိသဖြင့် ၎င်းအား လသာမြို့မရဲစခန်း(ပ)၁၉၁/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

မလေးရှားတွင်အသက် (၂၀ ) အရွယ်ခန့်  မြန်မာအမျိုးသားတစ်ဦးထပ်မံအသက်ခံရ



ယနေ့ နေ့ လည် နှစ်နာရီ ခန့်  ( ၂၂.၆.၂၀၁၄ - ၁၄း၀၀ နာရီ ) တွင် မလေးရှားနိုင်ငံ
ကဒါး မြို့ ( Kedah ) ဘရာပစ်တ် ကျေးရွာ( Kampung Berapit) အနီး ၌ အသက်
၂၀ အရွယ်ခန့်  မြန်မာ အမျိုးသား တစ်ဦးအား ဝမ်းဗိုက်တွင် အူများပွင့်လျက် မျက်နှာတွင် လည်း သွေးချင်းနီ ရဲ နေပြီး ဆိုင်ကယ် ဦးထုပ်ဆောင်းလျက်သား ဖြင့် လဲလျောင်းနေသည် ကို ဒေသခံများကို တွေ့ ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ အား အကြောင်းကြားခဲ့ပါသည် ။

မလေးရှား နိုင်ငံတွင် မြန်မာလူမျိုးများ မကြာခဏ အသတ်ခံနေရခြင်းမှာ မိထ္ထီလာ ကုလားမြန်မာ အရေးအခင်းများ၏ နောက်ဆက်တွဲ ပြဿ နာများဖြစ်ဟန်ရှိသည်ဟု ယူဆရသည်ဟုဆိုသည်။

ယခုသေဆုံးသူသည် ဒါရိုက်တာ မင်းထင် ကိုကိုကြီး ၏ အမိုးမရှိတဲ့ကောင်းကင် အမည်ပေးထားသော တစ်ဖတ်သက်ရိုက်ကူးထားသောဇာက်ကားကြောင်းဖြစ်ဟန်ရှိသည်ဟု'' မလေးရှားနျိုင်ငံ ပူချုန်းရှိ မြန်မာလူငယ်တစ်ဦး ကိုဇော်ဇော်မှ မှတ်ချက်ပြု ပြောကြားခဲ့သည်။

''' ဒီဇာက်ကား မလေးမှာရှိတဲ့မြန်မာအလုပ်သမားတွေအတွက်အရမ်းစိုးရိမ်းရပါတယ်။
ဒီဇာက်ကားက တစ်ဖတ်နှင့်တစ်ဖတ် သဟဇာတမဖြစ်ဘဲ မလေးမှာရှိတဲ့ မြန်မာတွေ အရမ်းအန္တရာယ်များတယ်ဗျာ။ အခုလို သေဆုံးရတာ ကြားလို့  အရမ်းစိက်
မကောင်းဖြစ်မိပါတယ်"ဟု ပြောသည်။

ရွှေမြန်မာမီဒီယာဂရု
source

ရန်ကုန်မြို့တွင် အထပ် ၂၀ နှင့်အထက် အဆောက်အအုံ ၂၄ လုံး၊ အထပ် ၃၀ နှင့်အထက် ၃ လုံး ဆောက်လုပ်ခွင့်ပြု


ရန်ကုန်မြို့တွင် အထပ် ၂၀ နှင့်အထက်အဆောက်အအုံ ၂၄ လုံး နှင့် အထပ် ၃၀
 နှင့်အထက် အဆောက်အအုံ ၃ လုံး ဆောက်လုပ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေးကော်မတီမှ သိရသည်။

ဆောက်လုပ်ခွင့်ပြုခဲ့သည့် အထပ် ၂၀ နှင့်အထက် အဆောက်အအုံ ၂၄ လုံးမှာ အရှေ့မြင်းပြိုင်ကွင်းလမ်း တာမွေမြို့နယ်တွင် အထပ် ၂၀ တစ်လုံး၊ အင်းစိန်လမ်း လှိုင်မြို့နယ်တွင် ၂၁ ထပ်သုံးလုံး၊ သစ်တောရပ်ကွက် ကမ်းနားလမ်းတွင် ၂၂ ထပ်တစ်လုံး၊ ကမ်းနားလမ်းပေါ် အလုံမြို့နယ်တွင် ၂၇ ထပ်တစ်လုံး၊ ယခင်စက်မှု (၁) ၀င်းအတွင်း ၂၈ ထပ်နှင့် ၂၃ ထပ် တစ်လုံးစီ၊ ပေါ်ဆန်းမွှေးလမ်း သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၈ ထပ်တစ်လုံး၊ တပ်မတော်ပိုင် ဆင်ဖြူရှင်ရိပ်သာ ပြည်လမ်းပေါ်တွင် ၂၉ ထပ်တစ်လုံး၊ ကမ္ဘာအေးစေတီလမ်းနှင့် ဆရာစံလမ်းထောင့်တွင် ၂၇ ထပ်တစ်လုံး၊

ကမ်းနားလမ်း အလုံမြို့နယ်၌ပင် ၂၁ ထပ်တစ်လုံး၊ ရန်ကုန်-အင်းစိန် လမ်းပေါ်တွင် ၂၇ ထပ်နှင့် ၂၁ ထပ် တစ်လုံးစီ၊ ဆရာစံရပ်ကွက် ဆရာစံလမ်းတွင် အထပ် ၂၀ တစ်လုံး၊ မင်းရဲကျော်စွာလမ်း အလုံမြို့နယ်တွင် ၂၄ ထပ်ခွဲ တစ်လုံး၊ လှိုင်မြို့နယ် ပြည်လမ်းတွင် ၂၆ ထပ်ခွဲ တစ်လုံး၊ ဆရာစံလမ်း၌ပင် ၂၅ ထပ် တစ်လုံး၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်တွင် ၂၅ ထပ် နှစ်လုံး၊ ဗဟိုလမ်း အလုံမြို့နယ်တွင် ၂၁ ထပ်နှင့် ၂၂ ထပ် တစ်လုံးစီ၊ ရန်ကုန်-အင်စိန်လမ်း၌ပင် ၂၁ ထပ် တစ်လုံးနှင့် ပြည်လမ်း မရမ်းကုန်းမြို့နယ်တွင် ၂၈ ထပ်တစ်လုံးတို့ဖြစ်ကြောင်း သတင်းရရှိသည်။

အထပ် ၃၀ နှင့်အထက် အဆောက်အအုံ သုံးလုံးမှာ ကမ္ဘာအေးစေတီ လမ်းပေါ်တွင် အထပ် ၃၀ တစ်လုံး၊ ဖိုးစိန်လမ်းတွင် ၃၁ ထပ်တစ်လုံးနှင့် ရန်ကုန်-အင်းစိန်လမ်းတွင် ၃၁ ထပ်တစ်လုံးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံများအား ကားပါကင် အလုံအလောက် ထည့်သွင်းရမည်ဖြစ်ပြီး ထည့်သွင်းခြင်း ရှိမရှိ အဆောက်အအုံ တည်ဆောက်ပြီးသည့်အခါ မူလရေးဆွဲထားသည့် ကားပါကင် အကျယ်အ၀န်းနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးအတည်ပြုပြီးမှ လူနေထိုင်ခွင့်ပါမစ် ထုတ်ပေးမည်ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့၏ အနာဂတ်အဆိုပြု မြေအသုံးချမှုတွင် တစ်မြို့လုံး ဧရိယာ၏ ရာခိုင်နှုန်း ၇၀ တွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုရန် လျာထားသည်။

Eleven media Group

ပျူမြို့ဟောင်းတွေ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ပြီ


  ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာဆိုတဲ့ ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ် အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO က အသိအမှတ်ပြုလိုက်ပါပြီ။ ဒါဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် မြန်မာနိုင်ငံက ပထမဆုံး အကြိမ် သတ်မှတ်ခံရတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားပြီ ဖြစ်တဲ့အတွက် ငွေကြေးနဲ့ နည်းပညာ အထောက်အပံ့နှစ်စဉ် နှစ်တိုင်း ရမှာဖြစ်ပါတယ်လို့ ကမ္ဘာ့အမွေအနှစ်စာရင်း ပါဝင်ရေး စီမံခန့်ခွဲမှုရုံး သရေခေတ္တရာ မြို့ဟောင်း လုပ်ငန်းခေါင်းဆောင် ဦးအောင်အောင်ကျော်က ပြောပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာရင်တော့ ကမ္ဘာ့အမွေအနှစ် စာရင်းကနေ ပြန်ရုပ်သိမ်းခံရနိုင်တယ်လို့ သူက ဆိုပါတယ်။

ပျူရှေးဟောင်း မြို့တော်တွေဟာ နှစ်ပေါင်း နှစ်ထောင်ကျော် သက်တမ်းရှိပြီ ဖြစ်ပါတယ်။ မြို့ဟောင်း တွေကတော့ စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုခရိုင်မှာ ရှိတဲ့ ‘ဟန်လင်း’၊ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်မှာ ရှိတဲ့ ‘ဗိဿနိုး’ နဲ့ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် မှော်ဇာကျေးရွာအုပ်စုမှာ ရှိတဲ့ ‘သရေခေတ္တရာ’ မြို့ဟောင်းတွေပဲ ဖြစ်ပါတယ်။

ပျူမြို့ဟောင်းတွေကို UNESCO က အသိမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် အဖွဲ့ဝင် ၂၁ နိုင်ငံပါဝင်တဲ့ ကမ္ဘာ့အမွေအနှစ ကော်မတီ၏ (၃၈) ကြိမ်မြောက် ညီလာခံ (၈)ရက်မြောက်နေ့မှာ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ညီလာခံကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေပါတယ်။

The Voice Weekly

မျိုးချစ်များနှင့် မိုဘိုင်းလ်ဖုန်းသစ်


 ခုတစ်လော သတင်းတစ်ခု ကြားသည်။ ဘုန်းဘုန်းများက အော်ရီဒူးက ထုတ်တဲ့ မိုဘိုင်းလ်ဖုန်းတွေ မသုံးဖို့ လိုက်လံ ဟောပြောနေသည်တဲ့။

ထိုသတင်းတွေက ဂျာနယ်တွေထဲလည်း ပါလာသည်။ ဘုန်းဘုန်းတို့က အော်ရီဒူး ဖုန်းသုံးသူ၊ အော်ရီဒူး ကုမ္ပဏီမှာ လုပ်သူတွေကို အမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်လိုက်သည်။

ယောက်ျားများ လန့်သွားကြသည်။ အမျိုးသားသစ္စာဖောက်တော့ အဖြစ်မခံနိုင်။ အမျိုးသားချင်း သစ္စာဖောက်သည် ဆိုတော့ အမျိုးသားအချင်းချင်း လင်မယားဟု ဆိုလိုနေသယောင် ရှိသည်။ ဖောက်ခြင်းဖောက် အမျိုးသမီးကို သစ္စာဖောက်တာမှ ကောင်းဦးမည်ဟု တွေးကြသည်။ ဒါကြောင့် အမျိုးသားများက အမျိုးသမီး သစ္စာဖောက်အဖြစ် ခံယူပြီး ကေတီဗီတွေ၊ မာဆက်တွေကို ဒိုးကုန်တော့သည်။

ပိုက်ဆံတွေ ကုန်တော့မှ ပြန်စဉ်းစားမိသည်။ အမျိုးသားသစ္စာဖောက် ဆိုတာ Men ကို ပြောတာမဟုတ်။ National ကို ပြောတာဖြစ်သည်။ မြန်မာပြည်ကလည်း စကားလုံး ပြဿနာ သိပ်ရှုပ်သည်။ ဒါကြောင့် အမျိုးသားများ တိုးတိုးတိတ်တိတ် အိမ်ပြန်ကြကုန်သည်။ ပြီးတော့ ပြန်စဉ်းစားသည်။ ဒီဖုန်းကို သုံးတာနှင့် ဘာကြောင့် အမျိုးသားသစ္စာဖောက်ဟု သတ်မှတ်ရတာလဲပေါ့။ အဖြေကတော့ ရှင်းသည်။ ကုလားတွေ ထုတ်တဲ့ ဖုန်းမို့လို့တဲ့။ ဆိုလိုချင်တာကတော့ ကုလားပစ္စည်း မသုံးနဲ့ပေါ့။

ကုလားဆိုမှ ကြုံတုန်း ပြောရဦးမည်။ လွန်ခဲ့သော သုံးနှစ်ကလည်း ဒေါ်စုက ကုလားများကို ကုလားဟု မခေါ်သင့်ကြောင်း ပြောခဲ့ဖူးသည်။

အဲ့တုန်း မြန်မာပြည်ကလူတွေ ကုလားကို ဘယ်လိုခေါ်ရမှန်း မသိတော့။ နောက်ပြီး ကုလားပါသော ပစ္စည်းများလည်း ဘယ်လိုခေါ်ရမှန်း မသိ။ နောက်မှ ကုလားဆိုသည်မှာ အိန္ဒိယက လာသူများကို ခေါ်သဖြင့် ကုလားဟူသော အသုံးအနှုန်း နေရာတွင် အိန္ဒိယဟူသော စကားလုံးကို အစားထိုး သုံးစွဲသင့်သည်ဟု အကြံပြုကြသည်။ လူတွေကလည်း ဒေါ်စုကို ချစ်ကြတော့ ဒေါ်စုစကားကို နားထောင်ကြတာပေါ့လေ။ အဲ့တုန်းကတော့ ကုလားထိုင်ကို အိန္ဒိယထိုင်ဟု ပြောင်းခေါ်ကြည့်သည်။

ကုလားပဲကို အိန္ဒိယပဲဟု ပြောင်းခေါ်သည်။ ကလေးကုလားကို ကလေးအိန္ဒိယ၊ သရက်သီး ကုလားတည်ကို သရက်သီး အိန္ဒိယတည်၊ မုန့်ကုလားမဲကို မုန့်အိန္ဒိယမဲ၊ ကုလားသေ ကုလားမောကို အိန္ဒိယသေ အိန္ဒိယမော၊ ကုလားတက် (အုန်းမောင်း) ကို အိန္ဒိယတက်။ ဘယ်လိုမှ အဆင်မပြေ။ နောက်တော့ ဒီအခေါ်အဝေါ်ကို လူတွေလည်း စိတ်ညစ်ကုန်သည်။ ဒါကြောင့် နောက်ဆုံး ကုလားဟုပဲ ပြန်ခေါ်လိုက်မှ အဆင်ပြေသွားတော့သည်။

အခုလည်း ဘုန်းဘုန်းတို့က ကုလားပစ္စည်းတွေ မသုံးနဲ့ဟု ပြောပြန်ပြီ။ လူတွေ စိတ်ညစ်ကြပြန်သည်။ ကုလားတွေ ထုတ်တာ ဖုန်းတစ်ခုတည်းမှ မဟုတ်။ အဲ့ဖုန်းကလည်း အခုအချိန်အထိ ထွက်မလာသေး။ ကုလားများ ထုတ်လုပ်သည့် ပစ္စည်းတွေကလည်း များလွန်းလှသည်။ ကုလားပစ္စည်း မသုံးနဲ့ဟု ဟောပြောနေသူ ဘုန်းဘုန်းများ ကိုယ်တိုင် ကုလားပစ္စည်းနဲ့မှ လွတ်ရဲ့လားဟုလည်း လူတွေက ပြန်မေးခွန်းထုတ်ကြသည်။ ဘုန်းဘုန်းများ ကိုယ်တိုင် ဆွမ်းဘုဉ်းပေးလျှင် မဆလာပါမပါ သေချာအောင် မေးပြီးမှ ဘုဉ်းပေးသင့်ကြောင်းလည်း အကြံပေးကြသည်။ မြန်မာတို့ သောက်နေသော လက်ဖက်ရည်သည် ကုလားပြည်မှ လာခြင်းဖြစ်သဖြင့် ဘုန်းဘုန်းများလည်း မသောက်သင့်ကြောင်း ပြောကြသည်။ ကုလားမုန့် ဖြစ်သည့် စမူဆာကိုလည်း ဘုန်းဘုန်းတို့ မစားသင့်ကြောင်း ဆိုကြပြန်သည်။ နံပြား၊ ပလာတာ၊ တိုရှည်၊ ပူရီတို့လည်း ပါသည်။ တမူးစောင်တို့ ဘာတို့ကလည်း ကုလားပြည်က ထုတ်သည်မို့ မခြုံသင့်ကြောင်း ပြောကြသည်။ ကွမ်းယာ၏ အစကို ကြည့်လျှင်လည်း ကုလားပြည်က လာသည်ဟု ဆိုလိုဆို။ ဒံပေါက်ကလည်း ကုလားစာ။

ဂေါတမဗုဒ္ဓဘုရားပင်လျှင် အိန္ဒိယပြည်မှာ ပွင့်တော်မူသဖြင့် ကုလားဖြစ်သည်ဟု ဆိုကြပြန်သည်။ လူတွေကလည်း ပေါက်ပေါက်ရှာရှာ စဉ်းစားတတ်သည်။ တကယ်တော့ ဘုန်းဘုန်းများကို ဒီလို ပြန်ပြောရဲသည်က ပြင်ပတွင် မဟုတ်။ ဖေ့ဘုတ်ဟုခေါ်သည့် လူဘော်ကြော့ ရပ်ကွက်တွင်သာ ဖြစ်သည်။ အပြင်ဆိုလျှင်တော့ ဘုန်းဘုန်းများကို ဒီလိုပြန်ပြောလျှင် ထွေးခံနှင့် အပေါက်ခံရနိုင်သည် မဟုတ်ပါလား။ ကြိမ်လုံးဖြင့်လည်း အဆော်ရခံနိုင်သည်။

အခုလို အော်ရီဒူးဖုန်း မသုံးစွဲရေးကို ဟောပြောနေပေမယ့် လူတွေကတော့ ဘုန်းကြီးတွေကို စိတ်ထဲကတော့ သိပ်မကြည်။

စဉ်းစားကြည့်တော့ မြန်မာ့ဆက်သွယ်ရေးက ထုတ်သည့် ဖုန်းတွေကို ဈေးကြီးပေးပြီး ဝယ်သုံးခဲ့ကြရသည်။ သို့သော်လည်း ဝန်ဆောင်မှုက ညံ့ဖျင်းလွန်းသည်။ ဟဲလို...ကြားလား ကြားလားနှင့် ပိုက်ဆံကုန်နေရသည်။ မက်ဆေ့ပို့တော့လည်း မနက်ပို့လျှင် နောက်နေ့ညမှ ရောက်တတ်သည်။ မရောက်သေးဘူး အထင်နှင့် ထပ်ပို့လျှင် အကုန်လုံးရောက်ပြီး ပိုက်ဆံ ပိုကုန်သည်။

အခု ၁၅၀၀ ဖုန်းတွေကျတော့လည်း မဲနှိုက်ရသည်။ မဲနှိုက်တော့လည်း ရပ်ကွက်လူကြီးနှင့် နီးစပ်သူတွေသာ ပေါက်ကြသည်။

ဒီလို အဆင်မပြေမှုတွေ ရှိသည့်အတွက် နိုင်ငံခြားဖုန်းတွေ ဝင်လာလျှင် ဈေးပေါပေါနှင့် နှစ်လုံး၊ သုံးလုံး ကိုင်မည်ဟု တွေးထားကြသည်။ အခုလို ဘုန်းဘုန်းတွေက အော်ရီဒူးဖုန်း မသုံးရဟုဆိုတော့ လူတွေလည်း စိတ်ပျက်သွားကြသည်။

ဖုန်းမသုံးရုံတင် မဟုတ်၊ အော်ရီဒူးဖုန်း နံပါတ်နှင့် ဖုန်းလာလျှင်ပင် မကိုင်ရဟု ဘုန်းဘုန်းများ ဆိုသေးသည်။ ကိုင်လျှင် အမျိုးသားသစ္စာဖောက်။ တကယ်တော့ အော်ရီဒူး ဖုန်းကုမ္ပဏီသည် ကုလားကုမ္ပဏီ ဖြစ်ကြောင်း ဘုန်းဘုန်းများ အစကတည်းက သိသင့်သည်။ အစိုးရဆီမှာ ဆက်သွယ်ရေး အော်ပရေတာအဖြစ် တင်ဒါလာလျှောက်ကတည်းက သိသင့်သည်။ ပြီးတော့ တင်ဒါအောင်သွားကတည်းက အစိုးရဆီမှာ ဆန္ဒပြသင့်သည်။

ခွင့်ပြုပေးသူက အစိုးရ။ အဓိက တာဝန်ရှိသူက အစိုးရ။ တကယ့်ခေါင်ကိုတော့ မပြောဘဲ ပြည်သူတွေကို စည်းရုံးနေခြင်းသည် သွေးရိုးသားရိုးမှ ဟုတ်ပါလေစဟု ထင်မိသည်။ တကယ်ဆိုလျှင် အခုလို ဟောပြောနေသူတွေသည် ဘုန်းဘုန်းတွေ ဖြစ်သည်။

ဗုဒ္ဓကလည်း ကိုယ့်ဘာသာ တည်တံ့ရေးအတွက် သူတစ်ပါး အကျိုးစီးပွားကို ဖျက်ဆီးရမည်ဟု မဟောထားမှာ သေချာသည်။

မြန်မာပြည်တွင် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရသည်က လေးခု။ ပြည်တွင်းက MPT နှင့် ရတနာပုံ၊ ပြည်ပကတော့ တယ်လီနောနှင့် အော်ရီဒူး။ ဒီလိုမျိုး လေးခုရှိမှ ဝန်ဆောင်မှု အကောင်းဆုံးကို ပြည်သူတွေက ရွေးကိုင်ကြမည် ဖြစ်သည်။ MPT နှင့် ရတနာပုံတို့၏ စေတနာကို ပြည်သူများ သိပြီးသားမို့ ပြည်သူများ သုံးစွဲကြလိမ့်မည် မထင်။ ဒါကို သူတို့လည်း သိပုံရသည်။ ကြုံတုန်း ပြောရလျှင် ကုလားဆိုင်နှင့် မြန်မာဆိုင် ယှဉ်ပြီး ဈေးဝယ်ကြည့်။ ကုလားဆိုင်က ဈေးသက်သာသည်။ ဝန်ဆောင်မှု ကောင်းသည်။ ဝယ်ဝယ် မဝယ်ဝယ် စိတ်ရှည်သည်။

မြန်မာဆိုင်ကတော့ ဒီလိုမဟုတ်။ ဈေးကြီးလည်း တင်ထားသည်။ ဝန်ဆောင်မှုကျတော့ မေးလျှင် မဖြေချင်။ ဝယ်နိုင်ပါ့မလား ဆိုသည့် အချိုးနှင့်ကြည့်သည်။ ဒါကိုလည်း ဘုန်းဘုန်းတွေက ပြောကြသေးသည်။ ကုလားဆိုင်က တစ်ကျပ်နှင့် ရောင်းပြီး ဗမာဆိုင်က တစ်ဆယ်နှင့် ရောင်းစေကာမူ မြန်မာဆိုင်တွင်ပဲ ဝယ်ရမည်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဗမာဆိုင်က ငွေတစ်ဆယ်က ဘုရားကျောင်းကန်များကို လှူမှာမို့လို့ ဖြစ်ပါသတဲ့။ တကယ်ဆိုလျှင် ကုလားဆိုင်မှာ တစ်ကျပ်နှင့် ဝယ်ပြီး ပိုသည့် ကိုးကျပ်ကို ကိုယ့်ဘာသာကိုယ် အလှူလုပ်လိုက်မှာပေါ့လေ။

ဗမာဆိုင်ပိုင်ရှင်က မြတ်သည့် ကိုးကျပ်ကို လှူမှာ မသေချာ။ ဒီလိုဆို ကုလားဖုန်း ဖြစ်သည့် အော်ရီဒူးဖုန်းက ဝန်ဆောင်မှု ပိုကောင်းမည်ကို ကျန်လူများ တွေးမိ၍ အခုလို ဘုန်းကြီးတွေကို ဝါဒဖြန့်ခိုင်းခြင်း ဖြစ်နိုင်သည်။ သိပ်တော့ မသေချာ။ သို့သော်လည်း ဒီအစိုးရ တာဝန်ရှိသူများက ဒီဘုန်းဘုန်းတွေ ကုလားဘာဖြစ်၊ ညာဖြစ်ဆိုပြီး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြလျှင် မဖမ်း။

အစိုးရ မကောင်းကြောင်း ဆန္ဒပြလိုက်လျှင် ပုဒ်မ ၁၈ ကြီး အကြောင်းပြကာ ဖမ်းလေသည်။ ဆိုတော့ ပြည်သူတွေက အစိုးရနှင့် ဘုန်းဘုန်းကို ပူးပေါင်းနေသည်ဟု မြင်ကြသည် မဟုတ်လား။

နောက်ပြီး အစိုးရ တာဝန်ရှိသူတွေ ဆက်သွယ်ရေး အော်ပရေတာလိုင်စင် ချပေးခြင်း ဖြစ်သည်။ သူတို့ ဒီအော်ရီဒူးကို ချပေးကတည်း အကြံအစည် ရှိပုံရသည်။

ထိုအချိန်က ကုလား-ဗမာ။ ကုလား-ရခိုင် အဓိကရုဏ်းတွေ ဖြစ်ပွားနေချိန် မဟုတ်ပါလား။ သူတို့အတွေးကတော့ ဗမာတွေက ကုလားနှင့် ရန်ဖြစ်ထားသဖြင့် ကုလားဖုန်း မသုံးဘူးဟု ထင်ထားပုံရသည်။

ဘာပဲဖြစ်ဖြစ် အော်ရီဒူးဖုန်း မသုံးစွဲရေးအတွက် ဟောပြောနေသူများကတော့ ပြောမြဲပြောမည်သာ။ မြန်မာပြည်က လူများကလည်း ဘုန်းကြီးဆို ကြောက်ရတော့ လိုက်နာသူ လိုက်နာနေကြဦးမည်သာ။ အော်ရီဒူးကုမ္ပဏီတွင် အလုပ်လုပ်နေသူများကလည်း လုပ်မြဲလုပ်နေဦးမည်သာ။ (အဲ့မလုပ်နဲ့ ဆိုတဲ့သူတွေက ထမင်းကျွေးထားတာမှ မဟုတ်တာ။ ဘုန်းကြီးကျောင်းလည်း တစ်မိသားစုလုံး ကပ်စားလို့ ရတာမှ မဟုတ်တာ။) အမျိုးသားသစ္စာဖောက်ကလည်း အော်ရီဒူးဖုန်းကိုမှ ရွေးကိုင်ကြမည်သာ။

ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ချထားပေးခဲ့သည့် အစိုးရ တာဝန်ရှိသူများကလည်း ငါတို့ အကွက်ထဲတော့ ဝင်သွားလေပြီဟု အချင်းချင်းပြောပြီး ဟားတိုက် ရယ်နေကြမည်သာ။

စိုပြေ (သံချောင်းပါတီ)

The Voice Weekly

မြန်မာ မြို့ဟောင်း ၃ မြို့ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်



ရွှေတိဂုံ စေတီတော်ကြီးကို UNESCO ကမ္ဘာ့ အမွေအနှစ် စာရင်း သွင်းနိုင်ဖို့ ယဉ်ကျေးမှု ဝန်ကြီး ဌာနက ကြိုးပမ်းနေ


 ပြည်မြို့ အနီးက သရေခတ္တရာ၊ တောင်တွင်းကြီး နားက ဗိဿနိုး ၊ ရွှေဘို မြို့နားက ဟန်လင်း စတဲ့ ရှေးမြို့ဟောင်း ၃ မြို့ကို ယူနက်စကို လို့ခေါ်တဲ့ ကုလ သမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ ရဲ့ ကမ္ဘာ့ အမွေ အနှစ် စာရင်းဝင် အဖြစ် အသိ အမှတ် ပြုလိုက်ပြီ ဖြစ်ပါတယ်။

ကာတာ နိုင်ငံ ဒိုဟာမြို့မှာ ကျင်းပတဲ့ ယူနက်စကို ကမ္ဘာ့ အမွေ အနှစ် ကော်မတီရဲ့ အစည်းဝေး ကနေ အခုလို ဆုံးဖြတ် အသိ အမှတ် ပြုလိုက်တာ ဖြစ်ပါတယ်။

ဒီလို အသိ အမှတ် ပြုတော့ မြန်မာကို ကမ္ဘာက ပိုသိလာ နိုင်ပြီး၊ နိုင်ငံခြားသား ခရီးသည် တွေလည်း ပိုမို လာရောက် လည်ပတ် နိုင်တယ်လို့ ယဉ်ကျေးမှု ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးသန်းဆွေက ဘီဘီစီကို ပြောပါတယ်။

ဒီအတွက် ဒေသခံ ပြည်သူတွေ အတွက် စီးပွာရေး အရ အထောက် အကူ ဖြစ်နိုင်ကြောင်း၊ နောက်ပြီး ယူနက်စကိုရဲ့ အထောက် အပံ့တွေ လည်း ရနိုင် တယ်လို့ သူက ပြောပါတယ်။

ယဉ်ကျေးမှု ဝန်ကြီး ဌာန ကတော့ ဒီမြို့ဟောင်းတွေကို ထိန်းသိမ်း မှုတွေ လုပ်နေ ကြောင်း၊ နောက်ထပ် အနေနဲ့ ပုဂံကိုလည်း ယူနက်စကို အသိ အမှတ် ပြုခံရ အောင် ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

ပုဂံကို အရင် ၁၀ နှစ်ကျော် လောက် ကတည်းက အသိ အမှတ်ပြုဖို့ လာကြည့် ကြောင်း၊ ဒါပေမယ့် တချို့ စေတီ ပုထိုးတွေမှာ ခေတ်သစ် ဘုရားထီး တင်တာ တွေ ရှိလို့၊ အသိ အမှတ် မပြုခဲ့တာလို့ သူက ရှင်းပြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)



ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ ကို ပြန်ကြားရေး တရားစွဲတော့မယ်




 မြန်မာစာဖတ် ပရိသတ်တွေရဲ့ ကြားမှာ ဝေဖန်သံတွေ ဆူညံခဲ့တဲ့ ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ အမည်ရ စာအုပ်ကို တရားစွဲမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ရုံးက ဒုတိယ ညွှန်ကြားရေးမှူး တစ်ဦးက ဆိုလာပါတယ်။

ကဗျာဆရာ စာရေးဆရာ အောင်ရင်ငြိမ်း ရေးသားထားတဲ့ အဲဒီစာအုပ်မှာပါတဲ့ အကြောင်းအရာတွေက ညစ်ညမ်းစာပေနဲ့ အကျုံးဝင်နေတဲ့အတွက် တရားစွဲဖို့ စီစဉ်နေတယ်လို့ သူကပြောပါတယ်။
“လိင်ကိစ္စကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရေးသားချက်က ညစ်ညမ်းစာပေထဲမှာ သွားအကျုံးဝင်နေတယ်။ လူငယ်တွေအတွက် အန္တရာယ်ရှိနေတယ်” လို့ သူက ဆိုပါတယ်။

စာရေးဆရာ အောင်ရင်ငြိမ်းကတော့ အခုဝေဖန်နေတဲ့ သူတွေဟာ ဝတ္ထုတစ်ခုလုံးကို မဖတ်ဘဲ အပြာခန်း(ညစ်ညမ်း) တွေကို ဦးစားပေးဖတ်ပြီးတော့ ဝေဖန်နေတာပါလို့ ဆိုပါတယ်။ စာရေးသူ တစ်ယောက် အနေနဲ့ စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။
အခုတော့ စာအုပ်တွေကို ပြန်သိမ်းဖို့ ဖြန့်ချိရေးတွေက ပြောထားတယ်လို့ အောင်ရင်ငြိမ်းက ဆိုပါတယ်။

Sex Education အဖြစ် ထုတ်ဝေခဲ့ပေမယ့် ပိတ်သိမ်းအရေးယူ ခံခဲ့ရတဲ့ ညှို့မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ကိုဦးဆွေကတော့ ကာမဆက်ဆံတဲ့ ကိစ္စဟာ လူ့ဘဝမှာ မထူးဆန်းတဲ့ကိစ္စ၊ မကင်းနိုင်တဲ့ကိစ္စ ဆိုပေမယ့် လူသိရှင်ကြား ထုတ်ဖော်ရမယ့်ကိစ္စ မဟုတ်တဲ့အတွက် အခုလို တရားဝင် ထုတ်ဝေတာကို လက်မခံဘူးလို့ ပြောပါတယ်။

ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာကို အုပ်ရေ ၅၀၀ နဲ့ ဇွန်လ ၁၇ ရက်နေ့က စတင်ဖြန့်ချိခဲ့တာပါ။ အခန်း ၁၅ ခန်းနဲ့ စာမျက်နှာပေါင်း ၁၇၀ ပါဝင်ပါတယ်။ စာအုပ် ရှေ့မျက်နှာဖုံးမှာတော့ အသက် ၁၈ ပြည့်ပြီး သူများသာ ဖတ်ရန် ဆိုပြီး ရိုက်နှိပ်ထားပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ ကိုယ်လုံးတီး အလှပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့အပေါ် ရှုံ့ချဝေဖန်မှုတွေလည်း ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေပါတယ်။

The Voice Weekly


တောင်နံရံ ကျောက်ကမ်းပါးမှာ တည်ဆောက်ထားတဲ့ ဘုရားကျောင်းတော်


တရုတ်နိုင်ငံ ဒန်တောင် အနီးမှာ သီတင်းသုံးနေထိုင်တဲ့ ဘုန်းတော်ကြီးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင့်ငါးရာကျော်အချိန်အတွင်း ဟမ်းတောင်ရဲ့ ကျောက်ကမ်းပါးနံရံ ဘေးမှာကပ် ပြီးဆောက်ထားတဲ့ ဘုရားကျောင်းတော် ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ ထင်ရှားကျော်ကြားတဲ့ ဘုရားကျောင်းတော်တွေကြားမှာ အကျော်ကြားဆုံးဖြစ်တဲ့ ဒီ Xuan Kong Si Hanging Templ ကကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသည်တွေအတွက် တစ်ခါမှ မကြုံ ဖူးမမြင်ဖူးတဲ့ ကျောင်းတော်ရာ တစ်ခုလည်းဖြစ်ပါတယ်။


မြေပြင်အမြင့် ၂၄၆ပေ (၇၅မီတာ)အမြင့် ကျောက်ကမ်းပါးရံမှာ တွဲလဲခိုထားသလို ဖြစ်ပြီး ထောက်တိုင်တွေကို အသုံးပြုကာ ဘုရားကျောင်းတော်အထပ်တွေကို ကပ် ဆောက်လုပ်ထားတာပါ။ တရုတ်နိုင်ငံမှာ ရှေးနှစ်ပေါင်းများစွာကထွန်းကားခဲ့တဲ့ ကိုး ကွယ်မှု ဘာသာသုံးမျိုးဖြစ်တဲ့ Buddhism, Taoism, and Confucianism တို့ရဲ့ နောက်ဆုံးကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော ဘုရားကျောင်း တစ်ခုလည်းဖြစ်ပါတယ်။

ဒီဘုရားကျောင်းရဲ့တည်ဆောက်ပုံမှာ ဝေဟင်ပေါ်မှာ ထီးထီးမတ်မတ်ရှိနေတဲ့အပြင် လေဒဏ်၊မိုးဒဏ် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင် အကာအကွယ်တွေနဲ့ အခိုင်ခံ ဆုံးတည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ဘုရားကျောင်းတော်ရာပေါင်း ၄၀ ရှိပြီးတော့ အဲ့ဒီ တစ်ခန်းစီကို လျှောက်လမ်းလေးတွေ၊လှေကားငယ်လေးတွေနဲ့ ဆက်သွယ်ပေး ထားပါတယ်။


တောင်နံရံ ကို ဆောက်တွေနဲ့ဖောက်ထွင်းပြီးတော့ သစ်သားတိုင် ချောင်းတွေ စိုက်ထူထားကာ သံကြိုးအခိုင်အမာတွေနဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။
ကျောင်းတော် ၄၀ မှာ ကြေးနဲ့ သွန်းလုပ်ထားတဲ့ ဘုရားရုပ်တုနဲ့ ရွံ့နဲ့ထုလုပ်ထားတဲ့ ဘုရားဆင်တုတော် ပေါင်း၈၀ ကျော်တည်ထားကိုးကွယ်ထားသည်ကို တွေ့ရှိရပါတယ်။

ခေတ်အဆက်ဆက်ပြုပြင်ထိန်းသိမ်းလာတဲ့ဒီကျောင်းတော်ရာက တရုတ်နိုင်ငံကိုလာ ရောက်ကြတဲ့ ကမ္ဘာလှည့် ခရီးသွားတွေအတွက် စိတ်ဝင်စားမှုအရှိဆုံး ဗုဒ္ဓအမွေအနှစ် တွေပဲဖြစ်ပါတယ်။


Credit phothutaw

မိုးရွာတဲ့နေ့က အဘိုးအိုတစ်ယောက်


အဲ့နေ့က မိုးရွာပြီးစမို့ လမ်းတွေကစိုနေပါတယ်။ သူငယ်ချင်းတစ်ယောက်နဲ့အတူ ကျွန်တော်က ကားထဲမှာ ထိုင်နေတာပါ။ ကျွန်တော်တို့ရှေ့ ခပ်လှမ်းလှမ်းမှာက အဘိုးကြီး တစ်ယောက်ပါ။ လက်ထဲမှာလည်း တုတ်တစ်ချောင်းနဲ့။ သူ့ကြည့်ရတာ သနားစရာပုံပါ။ ဒီတုတ်နဲ့ သူက အနိုင်နိုင် ရပ်နေရပုံ ပါပဲ။

ကျွန်တော့်မှာ လူအိုကြီးတွေနဲ့ပက်သက်လာရင် အားနည်းချက် ရှိပါတယ်။ ဒီလို လူအိုကြီးတွေမြင်ရင် ဘာကြောင့်မှန်းမသိပဲ ဝမ်းနည်း တတ်ပါတယ်။ သူတို့ကို စောင့်ရှောက်ပေးမဲ့ မိသားစုမရှိဘဲ လမ်းပေါ်မှာ တောင်းနေတာတို့၊  တစ်ခုခု ရောင်းနေတာတို့တွေ့ရင် ကျွန်တော့်စိတ်က ပိုဆိုးပါတယ်။

အဘိုးကြီးနား မရောက်မီ ကျွန်တော်တို့ရှေ့မှာ ကားတစ်စီးရှိပါတယ်။ သူ့ကိုပေးဖို့ ကျွန်တော်လည်းလက်ထဲမှာ ပိုက်ဆံကိုင်ထား လိုက်ပါတယ်။ ရှေ့ကားထဲက ဒရိုင်ဘာကလည်း ကားထဲကနေ ပိုက်ဆံကို ပစ်ပေးပါတယ်။ သူ တမင်တကာပဲ လုပ်တာလား။ မတော်မဆပဲလားတော့ မသိပါဘူး။ ပိုက်ဆံက အဘိုးကြီးမျက်နှာကိုမှန်ပြီး လမ်းပေါ်က ရေအိုင်ထဲ ကျသွားပါတယ်။

အဘိုးကြီးက ကျသွားတဲ့ ပိုက်ဆံကို လှမ်းကြည့်နေပါတယ်။ အနိုင်နိုင်ရပ်နေတဲ့သူက ကုန်းကောက်ဖို့ဆိုရင် တော်တော်အားစိုက် ရပါလိမ့်မယ်။
သူကုန်းကောက်ဖို့ လုပ်နေတုန်း ကျွန်တော်လည်း ကားတံခါးဆွဲဖွင့်ပြီး သွားကောက် ပေးလိုက်ပါတယ်။ ပိုက်ဆံကိုလည်း ကျွန်တော့် ဂျင်းဘောင်းဘီနဲ့ သုတ်ပေး လိုက်ပါတယ်။ သူ့အတွက် ရည်ရွယ်ထားတဲ့ ကျွန်တော့်ပိုက်ဆံကိုလည်း ပေးလိုက်ပါတယ်။

ကျွန်တော်က လူတွေကို အကျိုးအမြတ်ရလိုမှုနဲ့လည်း ကူညီခဲ့ဖူးပါတယ်။ ကူညီမိမှန်းတောင် မသိဘဲနဲ့လည်း ကူညီဖူးပါတယ်။ ဒါတွေက အရေးမကြီးပါဘူး။ ကျွန်တော်ပြောချင်တာ ဒီအဘိုးကြီးရဲ့မျက်လုံးပါ။ သူ ကျွန်တော့်ကို ကျေးဇူးတင်ဝမ်းသာပြီး ကြည့်လိုက်တဲ့မျက်လုံးက တစ်ဖက်သားကို ကူညီလို့ရလိုက်တဲ့ ဆုလဒ်တွေထဲမှာ ကျွန်တော်တစ်ခါမှ မမြင်ခဲ့ဘူးတဲ့ ဆုလာဒ်ပါ။

သူက စကားတွေ တတွတ်တွတ် ပြောနေပါတယ်။ ကျွန်တော့်အတွက် ဆုတောင်းပေးနေတာ ထင်ပါတယ်။ ဒါပေမဲ့ သူပြောနေတဲ့စကားတွေက မသဲကွဲတာကြောင့် ကျွန်တော် နားမလည်ပါဘူး။ သူ့မျက်လုံးတွေကို ကျွန်တော်မကြည့်ရဲပါဘူး။ ကားဘက်ဆီ ကျွန်တော်ပြန်ပြေးခဲ့ပါတယ်။ ကားထဲရောက်တာနဲ့ ကျွန်တော် ငိုချလိုက်ပါတယ်။

ငိုရလောက်အောင်ဖြစ်ခဲ့တဲ့ ကျွန်တော့်ခံစားချက်ကိုလည်း ကောင်းကောင်းရှင်းမပြနိုင်ပါဘူး။
အခက်အခဲဖြစ်နေတဲ့ အဘိုးကြီးတစ်ယောက်အနေနဲ့ သူကတော့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တဲ့ အကြည့်တွေနဲ့ ကြည့်ခဲ့တာပါ။

ဒါပေမဲ့ အိုမင်းမစွမ်းတဲ့ အဘိုးကြီးတစ်ယောက်ရဲ့ ကျေးဇူးတင်ဝမ်းသာသွားတဲ့ အကြည့်က ကျွန်တော့်ကို ငိုလောက်အောင်ဖြစ်သွားခဲ့တယ် ဆိုတာ သူမသိပါဘူး။
တစ်ခါတစ်လေ မိုးရွာလို့ ကားမောင်းလာရင်း အဘိုးကြီး အဘွားကြီးကိုတွေ့ရင် ဒီအဘိုးကြီးကို
ကျွန်တော် သတိရနေတုန်းပါပဲ….



Credit:photutaw

အချိန်တိုင်းမုန့်တွေအ၀စားလို့ရနိုင်မယ့် မုန့်လွယ်အိတ်


ကိုးရီးယားကျောင်းသူမလေးတွေရဲ့ ကျောပေါ်မှာ လွယ်ထားတဲ့ အိတ်လေးတွေက လန်းလှချည်လားဆိုပြီးတော့ စေ့စေ့စပ်စပ် ကြည့်မိလိုက်တဲ့အခါမှာတော့ မြင်ရတာက စနက်(မုန့်ချို) ထုပ်အိပ်လေးတွေပါ။ ထွင်လိုက်သလားလဲ မမေးပါနဲ့။ အထူးအဆန်းဆို အားလုံး လုပ်တဲ့ လူမျိုးမဟုတ်ပါလား။


ဒီလိုမျိုးမုန့်အိတ်တွေကိုတစ်စုတစ်စည်းထဲချည်နှောင်ပတ်ပုံဖော်ထားတဲ့ ကျောပိုးအိတ်၊လွယ်အိတ်တွေကို
တောင်ကိုးရီးယားမှာရှိ တဲ့ Birthday Cake Flavored Oreos and Nutella & Cheese Sandwiches အမည်ရှိကုမ္ပဏီက ဖန်တီးတီထွင်လိုက်တာပါ။

ဂျက်ဖုဒ်တွေ၊ စနက်မုန့်တွေ စားရတာကြိုက်နှစ်သက်တဲ့ သူတွေအတွက် မုန့်တွေကို ဒီလိုမျိုးလွယ်အိတ်ပုံစံပြုလုပ်ပြီး သွားလေရာသယ်သွားနိုင်တဲ့အတွက် အတော်လေး အဆင်ပြေပါတယ်။  ရောက်တဲ့နေရာမှာ ကိုယ်စားချင်တဲ့ မုန့်ကိုအသင့် ထုတ်ပြီးစားနိုင် မှာပါ။


သူငယ်ချင်း ၊မိဘ ဆွေမျိုး မောင်နှ မတွေကိုလည်း လက်ဆောင် အဖြစ်ပေးရင် လည်း သင့်တော်တယ်လို့ဆိုပါတယ်။ လွယ်အိတ်အဖြစ်လုပ်တဲ့နေရာမှာ လွယ်အိတ် ကြိုးအနေနဲ့ ရှည်ရှည်မျောမျောရှိတဲ့ မုန့် ချောင်းတွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက် ထားပါတယ်။ မုန့်ထုပ်တွေကို တစ်ခုနဲ့တစ်ခု ဒီလို ချိတ်ထားတဲ့အတွက် အရမ်းကြီး တော့ ကြမ်းကြမ်းတမ်းတမ်း ပြေးလွှားနေလို့မရပါဘူး။

အသည်းပုံ၊လေးထောင့်ပုံ၊ ပုံး၊ဘေးလွယ်အိတ် စတဲ့ပုံသဏ္ဍာန်မျိုးစုံရှိတဲ့ ဒီ လွယ်အိတ် မုန့်တွေထဲမှာ မုန့်အခြောက်စနက်ထုတ်တွေ၊ မုန့်ချိုထုတ်တွေ၊သကြားလုံး၊ဂျယ်လီလို အချိုမုန့်ထုတ်တွေ၊ ဖျော်ရည်ဘူး နို့ဘူးတွေ၊ကွတ်ကီး ဘီစကွတ် မုန့်ထုတ်တွေ၊ အစရှိတဲ့ အဆာပြေ စားစရာမုန့်တွေကို ထည့်ပြီးတော့ ထုတ်ထားတာဖြစ်ပါတယ်။


Credit: phothutaw

ကျောင်းသူလေးရဲ့ အရှက်ကို အချိန်မီ ကယ်တင်ပေးခဲ့တဲ့ အိုဘားမား



အေသင်အောင်

အမေရိကန် သမ္မတကြီးအိုဘားမားဟာ အခမ်းအနား တစ်ခုမှာ ကျောင်းသူလေးရဲ့အရှက်ကို အချိန်မီ ကယ်တင်ပေးခဲ့ရတယ်လို့ သိရပါတယ်။ ဘတ်စကတ်ဘောပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ ကွန်နက်တီကတ် တက္ကသိုလ်အသင်းက ကစားသမားတွေကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီး၊ ဂုဏ်ပြုပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ အရပ် ၆ ပေ ၅ လက်မ ရှိတဲ့ အမျိုးသမီး ကစားသမား စတီဖာနီဟာ စင့်မြင့်ပေါ်ကို ရုတ်တရက် တက်ရာမှာ ဟန်ချက်မညီဘဲ ချော်ကျ သွားခဲ့ပါတယ်။ အဲဒီ အချိန်မှာ အိုဘားမားဟာ နည်းပြ အဖွဲ့ ဝင်တွေကို နှုတ်ဆက်နေခြင်း ဖြစ်ပြီး၊ သူရဲ့ အနားမှာ ဖြစ်ပျက်ခဲ့တာမို့ အချိန်မီ ဟန်ချက် ညီအောင် အမြန် ထိန်းပေးခဲ့တာမို့ စတီဖာနီအနေနဲ့လဲ မကျခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို အားလုံး ထိတ်လန့်သွား ခဲ့ပေမယ့် အိုဘားမားရဲ့  အချိန်မီ ကယ်တင်နိုင်မှု နောက်ပိုင်း မှာတော့ ရယ်မော ပျော်ရွှင်ခဲ့ကြတယ်လို့ သိရပါတယ်။ ကွန်နက်တီကတ် တက္ကသိုလ် အသင်းဟာ တစ်နှစ်အတွင်း အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ နှစ်ရပ်စလုံး ချန်ပီယံဆုကို တစ်ပြိုင်နက် ရယူခဲ့ခြင်းဖြစ်ပြီး၊ ၂၀၀၄ တုန်း ကလည်း ဒီလိုမျိုး ရယူခဲ့ဖူးပါ တယ်။ အိုဘားမားဟာ ချန်ပီယံဆုရ အသင်းသားတွေကို ရင်းနှီးစွာ နှုတ်ဆက်ပြီး ချီးကျူးစကားတွေ ပြောကြားသွားခဲ့ပါတယ်။



Credit: Messenger

Huawei ဟန်းဆက်အတုများ ဈေးကွက်တွင်ပျံ့နှံ့

လူသုံးများသည့် Huawei ဟန်ဆက်များကို တွေ့ရစဉ်



Huawei ကုမ္ပဏီမှ ရောင်းချပေးနေသည့် နောက်ဆုံးထွက်မိုဘိုင်းဟန်းဆက်များ ဈေးကွက်အတွင်း အတုများဝင်ရောက်လာခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ပပျောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး တင်သွင်းရောင်းချသူများကိုလည်း ဥပဒေအရအရေးယူ ဆောင်ရွက်သွားရန်ရှိကြောင်း သတင်းရရှိသည်။
Huawei ကုမ္ပဏီမှ ရောင်းချ ပေးနေသည့် Honor 3C မှာ လက်ရှိတွင် ပြည်တွင်းဈေးကွက် အတွင်း၌ အတုများဝင်ရောက်နေ ပြီး Huawei  နောက်ဆုံးထွက် ဟန်းဆက်များလည်း ပါဝင်လာကြောင်း Huawei ပြည်တွင်းရုံးချုပ် Device Business Department မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ဟန်းဆက်အတုတွေဝင် လာတယ်ဆိုတာလည်း Service Center တွေမှာ လာပြီးပြင်တဲ့ အခါမှာ အဲဒီလိုဖုန်းတွေပါလာလို့ တွေ့တာ။ ဘယ်ကဝင်တယ်ဆို တာတော့ မသိသေးဘူး။ တရုတ် ထုတ်ဆိုတာပဲ သိသေးတယ်’’ဟု ၎င်းက ပြောသည်။

Honor 3C ဟန်းဆက်များ မှာ Huawei ပြည်တွင်းရုံးချုပ်မှ တရားဝင်တင်သွင်းရောင်းချနေ ရာ အလုံးရေသုံးသောင်းရှိနေပြီ ဖြစ်သည်။ လွန်ခဲ့သည့် တစ်ပတ်ခန့်က ပစ္စည်းပြတ်လပ်သွားကြောင်း၊ လက်ရှိတွင် ဈေးကွက်အတွင်း ဟန်းဆက်အတုများ ဝင်ရောက်နေခြင်းကြောင့် ဖုန်းအစစ်နှင့် အတုခွဲခြားနိုင်မည့် နည်းလမ်း များကို မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ပိုင်းတွင် Huawei ဟန်းဆက်အတုများတင်သွင်း ရောင်းချသည့် အရောင်းဆိုင်များ နှင့်ပတ်သက်၍ သတင်းအချက် အလက်ပေးပို့သူများကို ဆုချီး မြှင့်ခြင်း၊ ဟန်း ဆက်အတုများကို ဝင်ရောက်သိမ်းဆီးခြင်းနှင့် တင် သွင်းရောင်းချသူများကိုဥပဒေ အရ အရေးယူခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း Huawei ကုမ္ပဏီမှ ထုတ်ပြန်သည်။

Honor 3C ဟန်းဆက်အစစ် မှာ အလေးချိန် 140 g ရှိကာ လက် ရှိထွက်ပေါ်နေသည့် ဟန်းဆက် အတုမှာ အစစ်ထက် သုံးပုံတစ်ပုံ ခန့် ပိုမိုလေးလံပြီးဆင်းမ်ကတ် အနေအထားပေါ်မူတည်၍ ခွဲခြားနိုင်ခြင်း၊ အစစ်တွင်ဖုန်း ကွန်ရက်3G နှင့် 2G ကို ခွဲခြား ဖော်ပြနိုင်သော်လည်း အတုတွင် 3G ကွန်ရက်တစ်ခုတည်းကိုသာ ဖော်ပြခြင်းတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အခြားသော အမျိုးအစား ဟန်းဆက်အတုများလည်းထွက်ပေါ်နေ၍ စုံစမ်းလျက်ရှိကြောင်း သတင်း ရရှိသည်။

7day

သမ္မတမိန့်ခွန်း၊ အမွှမ်းတင်မှုများနှင့် အဂတိတရား


 နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းများအပေါ် အများပြည်သူလူထု၏ စိတ်ဝင်စားမှုသည် ဇောက်ထိုး နိမ့်ကျလျက်ရှိနေသည်။ သမ္မတကို အပြောကောင်းသူတစ်ဦး၊ ပုံပြောကောင်းသူတစ်ဦး၊ အပြောသက်သက် အလုပ်မပါတတ်သူတစ်ဦးအဖြစ် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုလျက်ရှိသည်။ သမ္မတအနေဖြင့်၊ မိန့်ခွန်းများကို အခါအားလျော်စွာပြောကြားခြင်းသည် ပြည်သူလူထုနှင့် ဆက်ဆံရေး တံတားထိုးခြင်းဖြစ်သော်လည်း မိန့်ခွန်းပါအကြောင်းအရာများသည် အောက်ခြေပြည်သူလူထုအတွက် ဟားစရာ၊ သရော်စရာများ ဖြစ်မနေရန် အထူးသတိပြုသင့်ကြောင်း အကြံပြုလိုပါသည်။

၂၀၁၄ ခုနှစ် ဇွန်လ ၁၉ ရက် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးတွင် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသော နိုင်ငံရေး ပြု ပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ယန္တရားပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိကကဏ္ဍမြှင့်တင်မှုဟု သမ္မတ၏ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်းသည် ပကတိ အခြေအနေများနှင့် ကင်းလွတ်သော၊ သကာရည်ဖုံးထားသော မိန့်မှာစကားများဖြစ်နေခဲ့သည်။ အောက်ခြေပြည်သူလူထု အကြားတွင် ဟားတိုက်စရာ၊ လှောင်ပြောင်စရာစကားများ ဖြစ်နေခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ၏ လွန်ခဲ့သော သုံးနှစ်ကျော်ကာလ ဆောင်ရွက်ချက်များကို ဆန်းစစ်လျှင် အောက်ခြေပြည်သူအများစု၏ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင် ပိုမိုဆိုးဝါးလာနေသည်မှာ သိသာမြင်သာသည်။ အစိုးရအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခဲ့သည့်အပြင် မိသားစုများအနေဖြင့် စားဝတ်နေရေးစရိတ် နှင့် မိသားစုဝင်ငွေအကြား ဗျာများကာ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေခဲ့ကြသည်။ ပြည်သူအများစုသည် ဆင်းရဲတွင်း နက်သထက် နက်နေဆဲဖြစ်သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ခန်းမများထဲ ရောက်ရှိခဲ့သည်မှလွဲ၍  ကြီးကြီးမားမား ထူးခြားမှုမရှိဟု သုံးသပ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်ထဲ ရောက်သဖြင့် အစိုးရ၊ အာဏာရပါတီနှင့် အောက်ခြေပြည်သူလူထုအကြား မည်သည့်ဘက်က ပိုအကျိုးရှိသွားသည်ကို ယနေ့အချိန်တွင် ပြန်လည်သုံးသပ်သည်။ အောက်ခြေပြည်သူလူထုသည် ဆင်းရဲမွဲတေမှုနွံထဲတွင် နစ်မြုပ်နေဆဲဖြစ်သဖြင့် သူတို့အတွက် အကျိုးမပြု ခဲ့သည်မှာ သိသာမြင်သာသည်။ ထို့ကြောင့် အစိုးရနှင့် အာဏာရပါတီသာ ပိုအကျိုးများခဲ့သည်ဟု ကောက်ချက်ပြုနိုင်သည်။

 ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ပြုခြင်း၊ သတင်းစာ နှင့် ဂျာနယ်များကို စိစစ်မှုမရှိ ထုတ်ဝေခွင့်ပြုခြင်းတို့ကို ရှားရှားပါးပါး တိုးတက်မှုများအဖြစ် သတ်မှတ်နိုင်သည်။ သတင်းမီဒီယာများအနေဖြင့် လွတ်လပ်ခွင့်ကို မြင့်မြင့်မားမားရလာခဲ့သည်။ သို့သော် သတင်းစာများ၊ ဂျာနယ်များကို ဖတ်နိုင်သောဦးရေသည် အကန့်အသတ် မြင့်မြင့်မားမားရှိသဖြင့် အောက်ခြေပြည်သူလူထုအကြား ထိုးဖောက်နိုင်မှုတွင် ထိရောက်မှုမရှိဟု ဆိုနိုင်သည်။ သို့ သော်ပြည်သူလူထုအများစုကြီးထံ အချိန်တိုအတွင်း ရောက်နိုင်မည့်  ရေဒီယို၊ အက်ဖ်အမ်ရေဒီယိုနှင့် ရုပ်မြင်သံကြားလိုင်းတို့ကို ခရိုနီများနှင့် အာဏာပိုင်လက်ပါးစေ လုပ်ငန်းရှင်ကြီးများက လက်ဝါးကြီးအုပ်ထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည်လည်း ထူးမ ခြားနား၊ သောင်မတင်ရေမကျဟု ပင် သုံးသပ်နိုင်သည်။ ဆွေးနွေးရင်း မိုးကြီးချုပ်ကာ မိုးပြန်လင်းဦးမည့်ကိန်းဘက် ဦးတည်နေသည်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကိုလည်း ထုတ်ပြန်နိုင်ရန် အဆင်သင့်မဖြစ်သေးသည့် အနေအထားဖြစ်သည်။ အစိုးရအနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နိုင်ခဲ့မည်ဆိုလျှင် လွန်ခဲ့သော ၂ နှစ် ကတည်းက နိုင်ငံရေးဆွေးနွေးပွဲများကို စတင်နိုင်ပြီး ယနေ့ဆိုလျှင် အတော်ပင် ခရီးပေါက်နေလောက်ပြီဖြစ်သည်။ ထို့ကြောင့် သမ္မတကြီးမိန့်ကြားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်နှင့် တိုးတက်နေသည်မှာ မည်သည့်အပိုင်းကဏ္ဍများကို ရည်ညွှန်းကြောင်း စနစ်တကျ ရှင်းပြနိုင်ရန် လိုအပ်မည်ဖြစ်သည်။

စီးပွားရေးအပိုင်းတွင်လည်း ခရိုနီများ၊ အာဏာပိုင်လက်ပါး စေလုပ်ငန်းရှင်များ၊ ကြားခံ ကိုယ်စားလှယ်များ စသည်တို့ပါဝင်သော လက်တစ်ဆုပ်စာ လူတစ်စုမှလွဲ၍ အောက်ခြေပြည်သူလူထု အများစုကြီးမှာ ဆင်းရဲမွဲတေမှုနွံထဲတွင် နစ်မြုပ်လျက်ရှိနေသည်။ ခရိုနီများနှင့်အာဏာရှင်လက်ပါးစေ လုပ်ငန်းရှင်ကြီးများသည်  အမျိုးသား အကျိုးစီးပွားကာကွယ်ရေးကို ခေါင်းစဉ်တပ်လျက်  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် မ၀င်ရောက်နိုင်ရန် ကာကွယ်တားဆီးနေကြသည်မှာ အထင်အရှားဖြစ်သည်။ အမျိုးသားအကျိုးစီးပွား ကာကွယ်ခြင်းမဟုတ်၊ လက်တစ်ဆုပ်စာ ခရိုနီတစ်စု၏ အကျိုးစီးပွားကို ကာကွယ်ကြခြင်းသာဖြစ်သည်။

စီးပွားရေးနှင့်ဆိုင်သော ဥပဒေများတွင် လွတ်လပ်မှု၊ တရားမျှတမှုများကို မြင်တွေ့ရသော်လည်း၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းများတွင် တင်းကျပ်မှုများကို ထည့်သွင်းရေးဆွဲကာ  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုထက် ပြည်တွင်းခရိုနီများ၊ အာဏာပိုင်နီးစပ်လုပ်ငန်း ရှင်များနှင့် ဖက်စပ်လုပ်ငန်းများ တည်ထောင်ရင်းနှီးမြှုပ်နှံရေးကို ပိုမိုဇောင်းပေးတတ်ကြသည်။ နိုင်ငံခြားနှင့် ဖက်စပ်လုပ်ငန်းများကြောင့် ပိုမိုကြွယ်ဝချမ်းသာလာ ကြသည်မှာ ခရိုနီများနှင့် အပေါင်းပါများသာဖြစ်သည်။ အောက်ခြေပြည်သူလူထု အများစုကြီးမှာ ဆင်းရဲမွဲတေမှု နွံနစ်နေဆဲဖြစ်သည်။

အောက်ခြေပြည်သူလူထု၏ စီးပွားရေးအခြေအနေက အနုတ် ပြနေပြီး လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများကို မတားနိုင်၊ မဆီးနိုင်၊ အရေးမယူ နိုင်၊ ပိုင်ဆိုင်မှုများမသိမ်းဆည်း နိုင်သည်ကိုလည်း ထင်ထင်ရှား ရှားသတိပြုမိသည်။ အဂတိလိုက်စားမှုဥပဒေနှင့်အညီ အထက်မှ အောက်သို့ ပုံစံစနစ်တကျချဉ်းကပ် အရေးယူမှုများကို အုံနှင့်ကျင်းနှင့် မတွေ့ရှိရသည်မှာလည်း  အားမလို၊ အားမရဖြစ်ဖွယ်ပင် ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများကို ထိန်းကျောင်းနိုင်ရေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည်လည်း အသက်သွေးကြောတစ်မျှ အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ပြည်သူ့ရှေ့မှောက် တရားစီရင်ရေးကို ဖော်ဆောင်လျက် အဂတိလိုက်စားမှုများကို ထိထိရောက်ရောက်စစ်ဆေး၊ အရေးယူလာနိုင်မှသာ တိုင်းပြည်၏ စစ်မှန်သော အပြောင်းအလဲအတွက် အထောက်အကူပြုမည်ဖြစ်သည်။

မမှန်ကန်သည့်လုပ်ရပ်များကို ထိရောက်စွာ အရေးယူခြင်း မရှိဘဲ အချင်းချင်းဖုံးမိပြီး ပြေပျောက်စေခြင်းမျိုးသည် လွဲမှားသော လုပ်ဆောင်မှုဖြစ်ပါကြောင်း၊ အစိုးရဌာနများ၏ သမာသမတ်ရှိစွာ ဆောင်ရွက်နိုင်ခြင်းသည် အစိုးရတစ်ရပ်ကို သိက္ခာရှိစေခြင်းဖြစ်ပြီး လွဲမှားသော အုပ်ချုပ်မှုလုပ်ရပ်များသည် အစိုးရ တစ်ဖွဲ့လုံးအပေါ် ပြည်သူက အယုံအကြည်ကင်းမဲ့ပြီး အကြည်ညိုပျက်စေနိုင်သည်ကို သတိပြုစေချင်ပါကြောင်း အဂတိကင်း ရှင်းရေးနှင့် ပတ်သက်၍ သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အချုပ်အားဖြင့်ဆို&သော် သမ္မတ၏မိန့်ခွန်းပါ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ယန္တယားပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိက ကဏ္ဍ မြှင့်တင်မှုဟူသည် အလွန်အကျွံအမွှမ်းတင်မှုပင်ဖြစ် သည်။ သမ္မတ၏ မိန့်ခွန်းများတွင် အခြေအနေမှန်ကို ကင်းလွတ် လျက် အလွန်အကျွံအမွှမ်းတင်မှု များသည် ပြည်သူလူထု၏ အစိုးရ အပေါ်ယုံကြည်မှုကို ကျဆင်းစေ သည်။ ပကတိအခြေအနေတွင် ကဏ္ဍစုံ ပြုပြင်ပြောင်းလဲမှုများ၌ အရှိန်အဟုန်ရနေခြင်းသည် အောက်ခြေပြည်သူလူထုကို အကျိုးမပြုသည်မှာ အထင်အရှား ဖြစ်သည်။ အဂတိလိုက်စားမှု ကင်းရှင်းရေးတွင်လည်း သမ္မတအနေဖြင့် အထက်မှ အောက်သို့ စုံစမ်းစစ်ဆေး အရေးယူသည့် စနစ်ကို မဖော်ဆောင်နိုင်လျှင် ပြည်သူလူထု ရှေ့မှောက်တွင် အရေးယူစစ်ဆေးအပြစ်ပေးမှု မပြုနိုင်လျှင် ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိနိုင်မဟုတ်ပါ။ အောက်ခြေပြည်သူလူထုသည်ခေတ်ဆိုး၊ စနစ်ဆိုးကို နဖူးတွေ့၊ ဒူးတွေ့ဖြတ်သန်းခဲ့သူများ ဖြစ်သည့် အားလျော်စွာ အမွေဆိုးများ၊ အကျင့်ဆိုးမျာကို ကျော်လွှားနိုင်ရေးဦးဆောင်နိုင်မည့် အားကောင်းသော အစိုးရတစ်ရပ်ကို မျှော်လင့်လျက်ရှိနေသည်။ ထို့အတူပြည်သူလူထုသည် ပကတိအခြေအနေများနှင့် ကင်းလွတ်သော မိန့်ခွန်းများ၊ မှတ်ချက်များ၊ သုံးသပ်ချက်များကိုလည်း အချိန်မရွေး ဟားတိုက်ရယ်မော၊ လှောင်ပြောင်သရော်ရန် အဆင်သင့်ရှိနေပါကြောင်း တင်ပြလိုက်ရပါသည်။     ။

By ဒေါက်တာ ရန်မျိုးသိမ်း
7DAY DAILY