မျိုးချစ်များနှင့် မိုဘိုင်းလ်ဖုန်းသစ်

ပို့စ်တင်ချိန် - 6/23/2014 09:09:00 AM


 ခုတစ်လော သတင်းတစ်ခု ကြားသည်။ ဘုန်းဘုန်းများက အော်ရီဒူးက ထုတ်တဲ့ မိုဘိုင်းလ်ဖုန်းတွေ မသုံးဖို့ လိုက်လံ ဟောပြောနေသည်တဲ့။

ထိုသတင်းတွေက ဂျာနယ်တွေထဲလည်း ပါလာသည်။ ဘုန်းဘုန်းတို့က အော်ရီဒူး ဖုန်းသုံးသူ၊ အော်ရီဒူး ကုမ္ပဏီမှာ လုပ်သူတွေကို အမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်လိုက်သည်။

ယောက်ျားများ လန့်သွားကြသည်။ အမျိုးသားသစ္စာဖောက်တော့ အဖြစ်မခံနိုင်။ အမျိုးသားချင်း သစ္စာဖောက်သည် ဆိုတော့ အမျိုးသားအချင်းချင်း လင်မယားဟု ဆိုလိုနေသယောင် ရှိသည်။ ဖောက်ခြင်းဖောက် အမျိုးသမီးကို သစ္စာဖောက်တာမှ ကောင်းဦးမည်ဟု တွေးကြသည်။ ဒါကြောင့် အမျိုးသားများက အမျိုးသမီး သစ္စာဖောက်အဖြစ် ခံယူပြီး ကေတီဗီတွေ၊ မာဆက်တွေကို ဒိုးကုန်တော့သည်။

ပိုက်ဆံတွေ ကုန်တော့မှ ပြန်စဉ်းစားမိသည်။ အမျိုးသားသစ္စာဖောက် ဆိုတာ Men ကို ပြောတာမဟုတ်။ National ကို ပြောတာဖြစ်သည်။ မြန်မာပြည်ကလည်း စကားလုံး ပြဿနာ သိပ်ရှုပ်သည်။ ဒါကြောင့် အမျိုးသားများ တိုးတိုးတိတ်တိတ် အိမ်ပြန်ကြကုန်သည်။ ပြီးတော့ ပြန်စဉ်းစားသည်။ ဒီဖုန်းကို သုံးတာနှင့် ဘာကြောင့် အမျိုးသားသစ္စာဖောက်ဟု သတ်မှတ်ရတာလဲပေါ့။ အဖြေကတော့ ရှင်းသည်။ ကုလားတွေ ထုတ်တဲ့ ဖုန်းမို့လို့တဲ့။ ဆိုလိုချင်တာကတော့ ကုလားပစ္စည်း မသုံးနဲ့ပေါ့။

ကုလားဆိုမှ ကြုံတုန်း ပြောရဦးမည်။ လွန်ခဲ့သော သုံးနှစ်ကလည်း ဒေါ်စုက ကုလားများကို ကုလားဟု မခေါ်သင့်ကြောင်း ပြောခဲ့ဖူးသည်။

အဲ့တုန်း မြန်မာပြည်ကလူတွေ ကုလားကို ဘယ်လိုခေါ်ရမှန်း မသိတော့။ နောက်ပြီး ကုလားပါသော ပစ္စည်းများလည်း ဘယ်လိုခေါ်ရမှန်း မသိ။ နောက်မှ ကုလားဆိုသည်မှာ အိန္ဒိယက လာသူများကို ခေါ်သဖြင့် ကုလားဟူသော အသုံးအနှုန်း နေရာတွင် အိန္ဒိယဟူသော စကားလုံးကို အစားထိုး သုံးစွဲသင့်သည်ဟု အကြံပြုကြသည်။ လူတွေကလည်း ဒေါ်စုကို ချစ်ကြတော့ ဒေါ်စုစကားကို နားထောင်ကြတာပေါ့လေ။ အဲ့တုန်းကတော့ ကုလားထိုင်ကို အိန္ဒိယထိုင်ဟု ပြောင်းခေါ်ကြည့်သည်။

ကုလားပဲကို အိန္ဒိယပဲဟု ပြောင်းခေါ်သည်။ ကလေးကုလားကို ကလေးအိန္ဒိယ၊ သရက်သီး ကုလားတည်ကို သရက်သီး အိန္ဒိယတည်၊ မုန့်ကုလားမဲကို မုန့်အိန္ဒိယမဲ၊ ကုလားသေ ကုလားမောကို အိန္ဒိယသေ အိန္ဒိယမော၊ ကုလားတက် (အုန်းမောင်း) ကို အိန္ဒိယတက်။ ဘယ်လိုမှ အဆင်မပြေ။ နောက်တော့ ဒီအခေါ်အဝေါ်ကို လူတွေလည်း စိတ်ညစ်ကုန်သည်။ ဒါကြောင့် နောက်ဆုံး ကုလားဟုပဲ ပြန်ခေါ်လိုက်မှ အဆင်ပြေသွားတော့သည်။

အခုလည်း ဘုန်းဘုန်းတို့က ကုလားပစ္စည်းတွေ မသုံးနဲ့ဟု ပြောပြန်ပြီ။ လူတွေ စိတ်ညစ်ကြပြန်သည်။ ကုလားတွေ ထုတ်တာ ဖုန်းတစ်ခုတည်းမှ မဟုတ်။ အဲ့ဖုန်းကလည်း အခုအချိန်အထိ ထွက်မလာသေး။ ကုလားများ ထုတ်လုပ်သည့် ပစ္စည်းတွေကလည်း များလွန်းလှသည်။ ကုလားပစ္စည်း မသုံးနဲ့ဟု ဟောပြောနေသူ ဘုန်းဘုန်းများ ကိုယ်တိုင် ကုလားပစ္စည်းနဲ့မှ လွတ်ရဲ့လားဟုလည်း လူတွေက ပြန်မေးခွန်းထုတ်ကြသည်။ ဘုန်းဘုန်းများ ကိုယ်တိုင် ဆွမ်းဘုဉ်းပေးလျှင် မဆလာပါမပါ သေချာအောင် မေးပြီးမှ ဘုဉ်းပေးသင့်ကြောင်းလည်း အကြံပေးကြသည်။ မြန်မာတို့ သောက်နေသော လက်ဖက်ရည်သည် ကုလားပြည်မှ လာခြင်းဖြစ်သဖြင့် ဘုန်းဘုန်းများလည်း မသောက်သင့်ကြောင်း ပြောကြသည်။ ကုလားမုန့် ဖြစ်သည့် စမူဆာကိုလည်း ဘုန်းဘုန်းတို့ မစားသင့်ကြောင်း ဆိုကြပြန်သည်။ နံပြား၊ ပလာတာ၊ တိုရှည်၊ ပူရီတို့လည်း ပါသည်။ တမူးစောင်တို့ ဘာတို့ကလည်း ကုလားပြည်က ထုတ်သည်မို့ မခြုံသင့်ကြောင်း ပြောကြသည်။ ကွမ်းယာ၏ အစကို ကြည့်လျှင်လည်း ကုလားပြည်က လာသည်ဟု ဆိုလိုဆို။ ဒံပေါက်ကလည်း ကုလားစာ။

ဂေါတမဗုဒ္ဓဘုရားပင်လျှင် အိန္ဒိယပြည်မှာ ပွင့်တော်မူသဖြင့် ကုလားဖြစ်သည်ဟု ဆိုကြပြန်သည်။ လူတွေကလည်း ပေါက်ပေါက်ရှာရှာ စဉ်းစားတတ်သည်။ တကယ်တော့ ဘုန်းဘုန်းများကို ဒီလို ပြန်ပြောရဲသည်က ပြင်ပတွင် မဟုတ်။ ဖေ့ဘုတ်ဟုခေါ်သည့် လူဘော်ကြော့ ရပ်ကွက်တွင်သာ ဖြစ်သည်။ အပြင်ဆိုလျှင်တော့ ဘုန်းဘုန်းများကို ဒီလိုပြန်ပြောလျှင် ထွေးခံနှင့် အပေါက်ခံရနိုင်သည် မဟုတ်ပါလား။ ကြိမ်လုံးဖြင့်လည်း အဆော်ရခံနိုင်သည်။

အခုလို အော်ရီဒူးဖုန်း မသုံးစွဲရေးကို ဟောပြောနေပေမယ့် လူတွေကတော့ ဘုန်းကြီးတွေကို စိတ်ထဲကတော့ သိပ်မကြည်။

စဉ်းစားကြည့်တော့ မြန်မာ့ဆက်သွယ်ရေးက ထုတ်သည့် ဖုန်းတွေကို ဈေးကြီးပေးပြီး ဝယ်သုံးခဲ့ကြရသည်။ သို့သော်လည်း ဝန်ဆောင်မှုက ညံ့ဖျင်းလွန်းသည်။ ဟဲလို...ကြားလား ကြားလားနှင့် ပိုက်ဆံကုန်နေရသည်။ မက်ဆေ့ပို့တော့လည်း မနက်ပို့လျှင် နောက်နေ့ညမှ ရောက်တတ်သည်။ မရောက်သေးဘူး အထင်နှင့် ထပ်ပို့လျှင် အကုန်လုံးရောက်ပြီး ပိုက်ဆံ ပိုကုန်သည်။

အခု ၁၅၀၀ ဖုန်းတွေကျတော့လည်း မဲနှိုက်ရသည်။ မဲနှိုက်တော့လည်း ရပ်ကွက်လူကြီးနှင့် နီးစပ်သူတွေသာ ပေါက်ကြသည်။

ဒီလို အဆင်မပြေမှုတွေ ရှိသည့်အတွက် နိုင်ငံခြားဖုန်းတွေ ဝင်လာလျှင် ဈေးပေါပေါနှင့် နှစ်လုံး၊ သုံးလုံး ကိုင်မည်ဟု တွေးထားကြသည်။ အခုလို ဘုန်းဘုန်းတွေက အော်ရီဒူးဖုန်း မသုံးရဟုဆိုတော့ လူတွေလည်း စိတ်ပျက်သွားကြသည်။

ဖုန်းမသုံးရုံတင် မဟုတ်၊ အော်ရီဒူးဖုန်း နံပါတ်နှင့် ဖုန်းလာလျှင်ပင် မကိုင်ရဟု ဘုန်းဘုန်းများ ဆိုသေးသည်။ ကိုင်လျှင် အမျိုးသားသစ္စာဖောက်။ တကယ်တော့ အော်ရီဒူး ဖုန်းကုမ္ပဏီသည် ကုလားကုမ္ပဏီ ဖြစ်ကြောင်း ဘုန်းဘုန်းများ အစကတည်းက သိသင့်သည်။ အစိုးရဆီမှာ ဆက်သွယ်ရေး အော်ပရေတာအဖြစ် တင်ဒါလာလျှောက်ကတည်းက သိသင့်သည်။ ပြီးတော့ တင်ဒါအောင်သွားကတည်းက အစိုးရဆီမှာ ဆန္ဒပြသင့်သည်။

ခွင့်ပြုပေးသူက အစိုးရ။ အဓိက တာဝန်ရှိသူက အစိုးရ။ တကယ့်ခေါင်ကိုတော့ မပြောဘဲ ပြည်သူတွေကို စည်းရုံးနေခြင်းသည် သွေးရိုးသားရိုးမှ ဟုတ်ပါလေစဟု ထင်မိသည်။ တကယ်ဆိုလျှင် အခုလို ဟောပြောနေသူတွေသည် ဘုန်းဘုန်းတွေ ဖြစ်သည်။

ဗုဒ္ဓကလည်း ကိုယ့်ဘာသာ တည်တံ့ရေးအတွက် သူတစ်ပါး အကျိုးစီးပွားကို ဖျက်ဆီးရမည်ဟု မဟောထားမှာ သေချာသည်။

မြန်မာပြည်တွင် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရသည်က လေးခု။ ပြည်တွင်းက MPT နှင့် ရတနာပုံ၊ ပြည်ပကတော့ တယ်လီနောနှင့် အော်ရီဒူး။ ဒီလိုမျိုး လေးခုရှိမှ ဝန်ဆောင်မှု အကောင်းဆုံးကို ပြည်သူတွေက ရွေးကိုင်ကြမည် ဖြစ်သည်။ MPT နှင့် ရတနာပုံတို့၏ စေတနာကို ပြည်သူများ သိပြီးသားမို့ ပြည်သူများ သုံးစွဲကြလိမ့်မည် မထင်။ ဒါကို သူတို့လည်း သိပုံရသည်။ ကြုံတုန်း ပြောရလျှင် ကုလားဆိုင်နှင့် မြန်မာဆိုင် ယှဉ်ပြီး ဈေးဝယ်ကြည့်။ ကုလားဆိုင်က ဈေးသက်သာသည်။ ဝန်ဆောင်မှု ကောင်းသည်။ ဝယ်ဝယ် မဝယ်ဝယ် စိတ်ရှည်သည်။

မြန်မာဆိုင်ကတော့ ဒီလိုမဟုတ်။ ဈေးကြီးလည်း တင်ထားသည်။ ဝန်ဆောင်မှုကျတော့ မေးလျှင် မဖြေချင်။ ဝယ်နိုင်ပါ့မလား ဆိုသည့် အချိုးနှင့်ကြည့်သည်။ ဒါကိုလည်း ဘုန်းဘုန်းတွေက ပြောကြသေးသည်။ ကုလားဆိုင်က တစ်ကျပ်နှင့် ရောင်းပြီး ဗမာဆိုင်က တစ်ဆယ်နှင့် ရောင်းစေကာမူ မြန်မာဆိုင်တွင်ပဲ ဝယ်ရမည်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဗမာဆိုင်က ငွေတစ်ဆယ်က ဘုရားကျောင်းကန်များကို လှူမှာမို့လို့ ဖြစ်ပါသတဲ့။ တကယ်ဆိုလျှင် ကုလားဆိုင်မှာ တစ်ကျပ်နှင့် ဝယ်ပြီး ပိုသည့် ကိုးကျပ်ကို ကိုယ့်ဘာသာကိုယ် အလှူလုပ်လိုက်မှာပေါ့လေ။

ဗမာဆိုင်ပိုင်ရှင်က မြတ်သည့် ကိုးကျပ်ကို လှူမှာ မသေချာ။ ဒီလိုဆို ကုလားဖုန်း ဖြစ်သည့် အော်ရီဒူးဖုန်းက ဝန်ဆောင်မှု ပိုကောင်းမည်ကို ကျန်လူများ တွေးမိ၍ အခုလို ဘုန်းကြီးတွေကို ဝါဒဖြန့်ခိုင်းခြင်း ဖြစ်နိုင်သည်။ သိပ်တော့ မသေချာ။ သို့သော်လည်း ဒီအစိုးရ တာဝန်ရှိသူများက ဒီဘုန်းဘုန်းတွေ ကုလားဘာဖြစ်၊ ညာဖြစ်ဆိုပြီး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြလျှင် မဖမ်း။

အစိုးရ မကောင်းကြောင်း ဆန္ဒပြလိုက်လျှင် ပုဒ်မ ၁၈ ကြီး အကြောင်းပြကာ ဖမ်းလေသည်။ ဆိုတော့ ပြည်သူတွေက အစိုးရနှင့် ဘုန်းဘုန်းကို ပူးပေါင်းနေသည်ဟု မြင်ကြသည် မဟုတ်လား။

နောက်ပြီး အစိုးရ တာဝန်ရှိသူတွေ ဆက်သွယ်ရေး အော်ပရေတာလိုင်စင် ချပေးခြင်း ဖြစ်သည်။ သူတို့ ဒီအော်ရီဒူးကို ချပေးကတည်း အကြံအစည် ရှိပုံရသည်။

ထိုအချိန်က ကုလား-ဗမာ။ ကုလား-ရခိုင် အဓိကရုဏ်းတွေ ဖြစ်ပွားနေချိန် မဟုတ်ပါလား။ သူတို့အတွေးကတော့ ဗမာတွေက ကုလားနှင့် ရန်ဖြစ်ထားသဖြင့် ကုလားဖုန်း မသုံးဘူးဟု ထင်ထားပုံရသည်။

ဘာပဲဖြစ်ဖြစ် အော်ရီဒူးဖုန်း မသုံးစွဲရေးအတွက် ဟောပြောနေသူများကတော့ ပြောမြဲပြောမည်သာ။ မြန်မာပြည်က လူများကလည်း ဘုန်းကြီးဆို ကြောက်ရတော့ လိုက်နာသူ လိုက်နာနေကြဦးမည်သာ။ အော်ရီဒူးကုမ္ပဏီတွင် အလုပ်လုပ်နေသူများကလည်း လုပ်မြဲလုပ်နေဦးမည်သာ။ (အဲ့မလုပ်နဲ့ ဆိုတဲ့သူတွေက ထမင်းကျွေးထားတာမှ မဟုတ်တာ။ ဘုန်းကြီးကျောင်းလည်း တစ်မိသားစုလုံး ကပ်စားလို့ ရတာမှ မဟုတ်တာ။) အမျိုးသားသစ္စာဖောက်ကလည်း အော်ရီဒူးဖုန်းကိုမှ ရွေးကိုင်ကြမည်သာ။

ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ချထားပေးခဲ့သည့် အစိုးရ တာဝန်ရှိသူများကလည်း ငါတို့ အကွက်ထဲတော့ ဝင်သွားလေပြီဟု အချင်းချင်းပြောပြီး ဟားတိုက် ရယ်နေကြမည်သာ။

စိုပြေ (သံချောင်းပါတီ)

The Voice Weekly