ရန်ကုန်မြို့တွင် အထပ် ၂၀ နှင့်အထက် အဆောက်အအုံ ၂၄ လုံး၊ အထပ် ၃၀ နှင့်အထက် ၃ လုံး ဆောက်လုပ်ခွင့်ပြု

ပို့စ်တင်ချိန် - 6/23/2014 02:09:00 PM


ရန်ကုန်မြို့တွင် အထပ် ၂၀ နှင့်အထက်အဆောက်အအုံ ၂၄ လုံး နှင့် အထပ် ၃၀
 နှင့်အထက် အဆောက်အအုံ ၃ လုံး ဆောက်လုပ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေးကော်မတီမှ သိရသည်။

ဆောက်လုပ်ခွင့်ပြုခဲ့သည့် အထပ် ၂၀ နှင့်အထက် အဆောက်အအုံ ၂၄ လုံးမှာ အရှေ့မြင်းပြိုင်ကွင်းလမ်း တာမွေမြို့နယ်တွင် အထပ် ၂၀ တစ်လုံး၊ အင်းစိန်လမ်း လှိုင်မြို့နယ်တွင် ၂၁ ထပ်သုံးလုံး၊ သစ်တောရပ်ကွက် ကမ်းနားလမ်းတွင် ၂၂ ထပ်တစ်လုံး၊ ကမ်းနားလမ်းပေါ် အလုံမြို့နယ်တွင် ၂၇ ထပ်တစ်လုံး၊ ယခင်စက်မှု (၁) ၀င်းအတွင်း ၂၈ ထပ်နှင့် ၂၃ ထပ် တစ်လုံးစီ၊ ပေါ်ဆန်းမွှေးလမ်း သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၈ ထပ်တစ်လုံး၊ တပ်မတော်ပိုင် ဆင်ဖြူရှင်ရိပ်သာ ပြည်လမ်းပေါ်တွင် ၂၉ ထပ်တစ်လုံး၊ ကမ္ဘာအေးစေတီလမ်းနှင့် ဆရာစံလမ်းထောင့်တွင် ၂၇ ထပ်တစ်လုံး၊

ကမ်းနားလမ်း အလုံမြို့နယ်၌ပင် ၂၁ ထပ်တစ်လုံး၊ ရန်ကုန်-အင်းစိန် လမ်းပေါ်တွင် ၂၇ ထပ်နှင့် ၂၁ ထပ် တစ်လုံးစီ၊ ဆရာစံရပ်ကွက် ဆရာစံလမ်းတွင် အထပ် ၂၀ တစ်လုံး၊ မင်းရဲကျော်စွာလမ်း အလုံမြို့နယ်တွင် ၂၄ ထပ်ခွဲ တစ်လုံး၊ လှိုင်မြို့နယ် ပြည်လမ်းတွင် ၂၆ ထပ်ခွဲ တစ်လုံး၊ ဆရာစံလမ်း၌ပင် ၂၅ ထပ် တစ်လုံး၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်တွင် ၂၅ ထပ် နှစ်လုံး၊ ဗဟိုလမ်း အလုံမြို့နယ်တွင် ၂၁ ထပ်နှင့် ၂၂ ထပ် တစ်လုံးစီ၊ ရန်ကုန်-အင်စိန်လမ်း၌ပင် ၂၁ ထပ် တစ်လုံးနှင့် ပြည်လမ်း မရမ်းကုန်းမြို့နယ်တွင် ၂၈ ထပ်တစ်လုံးတို့ဖြစ်ကြောင်း သတင်းရရှိသည်။

အထပ် ၃၀ နှင့်အထက် အဆောက်အအုံ သုံးလုံးမှာ ကမ္ဘာအေးစေတီ လမ်းပေါ်တွင် အထပ် ၃၀ တစ်လုံး၊ ဖိုးစိန်လမ်းတွင် ၃၁ ထပ်တစ်လုံးနှင့် ရန်ကုန်-အင်းစိန်လမ်းတွင် ၃၁ ထပ်တစ်လုံးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံများအား ကားပါကင် အလုံအလောက် ထည့်သွင်းရမည်ဖြစ်ပြီး ထည့်သွင်းခြင်း ရှိမရှိ အဆောက်အအုံ တည်ဆောက်ပြီးသည့်အခါ မူလရေးဆွဲထားသည့် ကားပါကင် အကျယ်အ၀န်းနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးအတည်ပြုပြီးမှ လူနေထိုင်ခွင့်ပါမစ် ထုတ်ပေးမည်ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့၏ အနာဂတ်အဆိုပြု မြေအသုံးချမှုတွင် တစ်မြို့လုံး ဧရိယာ၏ ရာခိုင်နှုန်း ၇၀ တွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုရန် လျာထားသည်။

Eleven media Group