ပျူမြို့ဟောင်းတွေ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ပြီ

ပို့စ်တင်ချိန် - 6/23/2014 09:10:00 AM


  ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာဆိုတဲ့ ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ် အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO က အသိအမှတ်ပြုလိုက်ပါပြီ။ ဒါဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် မြန်မာနိုင်ငံက ပထမဆုံး အကြိမ် သတ်မှတ်ခံရတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားပြီ ဖြစ်တဲ့အတွက် ငွေကြေးနဲ့ နည်းပညာ အထောက်အပံ့နှစ်စဉ် နှစ်တိုင်း ရမှာဖြစ်ပါတယ်လို့ ကမ္ဘာ့အမွေအနှစ်စာရင်း ပါဝင်ရေး စီမံခန့်ခွဲမှုရုံး သရေခေတ္တရာ မြို့ဟောင်း လုပ်ငန်းခေါင်းဆောင် ဦးအောင်အောင်ကျော်က ပြောပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာရင်တော့ ကမ္ဘာ့အမွေအနှစ် စာရင်းကနေ ပြန်ရုပ်သိမ်းခံရနိုင်တယ်လို့ သူက ဆိုပါတယ်။

ပျူရှေးဟောင်း မြို့တော်တွေဟာ နှစ်ပေါင်း နှစ်ထောင်ကျော် သက်တမ်းရှိပြီ ဖြစ်ပါတယ်။ မြို့ဟောင်း တွေကတော့ စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုခရိုင်မှာ ရှိတဲ့ ‘ဟန်လင်း’၊ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်မှာ ရှိတဲ့ ‘ဗိဿနိုး’ နဲ့ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် မှော်ဇာကျေးရွာအုပ်စုမှာ ရှိတဲ့ ‘သရေခေတ္တရာ’ မြို့ဟောင်းတွေပဲ ဖြစ်ပါတယ်။

ပျူမြို့ဟောင်းတွေကို UNESCO က အသိမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် အဖွဲ့ဝင် ၂၁ နိုင်ငံပါဝင်တဲ့ ကမ္ဘာ့အမွေအနှစ ကော်မတီ၏ (၃၈) ကြိမ်မြောက် ညီလာခံ (၈)ရက်မြောက်နေ့မှာ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ညီလာခံကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေပါတယ်။

The Voice Weekly