မြန်မာနိုင်ငံသားများ ကိုယ်ပိုင်လေယာဉ်ဝယ်ယူ စီးနင်းနိုင်ရန် MAI လေကြောင်းလိုင်းမှ စီစဉ်ပေးမည်

ပို့စ်တင်ချိန် - 9/15/2013 11:30:00 AM




မြန်မာနိုင်ငံသားများ ကိုယ်ပိုင်လေယာဉ် ၀ယ်ယူစီးနင်းနိုင်ရန် MAI လေကြောင်းလိုင်းမှ စီစဉ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံသားများ အနေဖြင့် ကိုယ်ပိုင်လေယာဉ်များအား ၀ယ်ယူခြင်း၊ ငှားရမ်းစီးနင်းခြင်းများ ပြုလုပ်နိုင်ရန် ကမ္ဘာပေါ်တွင် အရောင်းရဆုံး လေယာဉ်အမျိုးအစားဖြစ်သည့် Business Jet Gulfstream G450 လေယာဉ်အမျိုးအစားအား MAI လေကြောင်းလိုင်းမှ မိတ်ဆက်ပြသ ပေးခဲ့သည်ဟု သိရသည်။

အဆိုပါ Business Jet Gulfstream G450 လေယာဉ်အမျိုးအစားအား ၀ယ်ယူခြင်း၊ ငှားရမ်းစီးနင်းခြင်းများအတွက် လိုအပ်သည့် လေယာဉ်မှူးများ၊ အင်ဂျင်နီယာများနှင့် အခြားဝန်ဆောင်မှုများအား MIA မှပင် စီစဉ်ပေးမည်ဟု သိရသည်။

"အခု Business Jet Gulfstream G450 လေယာဉ်က မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေ အနေနဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တွေ ၀ယ်ယူခြင်း၊ ငှားရမ်းခြင်းတွေအတွက် အဓိက မိတ်ဆက်ပြသတာပါ။ Business Jet Gulfstream G450 လေယာဉ်ဝယ်ယူ ငှားရမ်းတဲ့သူတွေကို လေယာဉ်နဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှု၊ ထိန်းသိမ်းမှုတွေ အားလုံးအတွက် MAI က ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်" ဟု MAI လေကြောင်းလိုင်းမှ Marketing Manager မအေးမရသာက ဆိုသည်။ လက်ရှိမြန်မာနိုင်ငံတွင် လေကြောင်းလိုင်း တည်ထောင်လုပ်ကိုင်နေသည့် လေကြောင်းလိုင်းပိုင်ရှင် အချို့သာ ကိုယ်ပိုင်လေယာဉ် စီးနင်းခြင်းရှိပြီး၊ ပုဂ္ဂလိက တစ်ဦးချင်းပိုင် ကိုယ်ပိုင်လေယာဉ် ၀ယ်ယူစီးနင်းခြင်း မရှိသလောက် ရှားပါးကြောင်း လေကြောင်းလိုင်း အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

(ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရပ်နားထားသည့် MAI လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းအား တွေ့ရစဉ်)
Eleven Media Group