ရွှေဂက်(စ်)ဖြင့် ကျောက်ဖြူတွင် စက်တင်ဘာ ၁၅ မှစ၍ လျှပ်စစ်မီး စတင်ပေးတော့မည်

ပို့စ်တင်ချိန် - 9/15/2013 11:29:00 AM




ရွှေဂက်(စ်)ဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ လျှပ်စစ်မီး ပေးတော့မည်ဖြစ်ကြောင်းနှင့် လျှပ်စစ်မီး သုံးစွဲခနှုန်းထားကို နှစ်မျိုးသတ်မှတ် ကောက်ခံသွားမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ သတင်းရရှိသည်။ ယင်းသို့ လျှပ်စစ်မီး သုံးစွဲခနှုန်းထားကို သတ်မှတ်ရာတွင် အထွေထွေ စီးပွားရေး လုပ်ငန်းသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်း ကောက်ခံမည်ဖြစ်ပြီး အထွေထွေ အိမ်သုံးအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် သတ်မှတ်ကောက်ခံ သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ရွှေဂက်(စ်)ဖြင့် ကျောက်ဖြူတစ်မြို့လုံး သာမက စီမံကိန်းပါ အနီးအနား ကျေးရွာ ၂၁ ရွာသို့လည်း မီးပေးရန် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ပြီးစီး နေပြီဖြစ်သော်လည်း မနက်ဖြန်တွင် ကျေးရွာ ၁၃ ရွာကို စတင်မီးပေးမည် ဖြစ်ကြောင်းလည်း သိရသည်။ လျှပ်စစ်မီး ပေးရန်အတွက် ကျေးရွားများသို့ လျှပ်စစ်မီတာအိုးများ ထုတ်ပေးနေကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် မြို့မီးလင်းရေး ကော်မတီတို့ ပူးပေါင်းပြီး လျှပ်စစ်ဓာတ်အားပေးမှုကို စက်တင်ဘာ ၁၄ ရက်တွင် ရပ်ဆိုင်းသွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတစ်ခုတည်းမှ တာဝန်ယူသွားမည်ဖြစ်ကြောင်း ကျောက်ဖြူခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးတင်အောင်မိုးက ပြောကြားသည်။

ကျောက်ဖြူမြို့တွင် လျှပ်စစ်မီး သုံးစွဲခအဖြစ် မီတာခ တစ်ယူနစ်မှ ၁၀ ယူနစ်ထိ ကျပ် ၃၅၀ နှုန်းဖြင့် ကောက်ခံလျက်ရှိပြီး၊ ၁၀ ယူနစ်အထက် လျှပ်စစ်မီတာခများကို မြို့မီးလင်းရေး ကော်မတီမှ ကျပ် ၅၀၀ နှုန်းဖြင့် သတ်မှတ်ကောက်ခံခဲ့ပြီး တစ်နေ့လျှင် နာရီ ၂၀ ဖြန့်ဖြူးပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယခင်က ကျောက်ဖြူမြို့တွင် မီတာအလုံးပေါင်း ၃၈၀၀ ခန့် ရှိသော်လည်း မီတာခ ၃၅ ကျပ်နှုန်းဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးမည်ဟု သတင်းထွက်ပေါ်ပြီးနောက် လာရောက်မီတာ လျှောက်ထားသူ များပြားနေပြီး မီတာအလုံးပေါင်း ၂၅၀၀ ခန့် လျှောက်ထားမှု ရှိနေကြောင်းနှင့် ဆက်လက်မီတာ လျှောက်ထားသူ များပြားဖွယ်ရှိကြောင်းလည်း သိရသည်။

(ဂက်(စ်)ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ရေး ဂက်(စ်)တာပိုင်များကို အမှတ် (၁) ဆိပ်ကမ်းမှ တင်ဆောင်နေသည်ကို တွေ့ရမြင်ရစဉ်)
Eleven Media Group