ဘင်္ဂလားဒေ့ရှ်က နယ်စပ်ဂိတ်များကို ပိတ်ထားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်

ပို့စ်တင်ချိန် - 11/10/2013 01:22:00 PM


မြန်မာနိုင်ငံမှ ဘင်္ဂါလီ လူမျိုးများ နိုင်ငံတွင်းသို့ ဒုက္ခသည်အဖြစ် ၀င်ရောက်လာခြင်းကို တားဆီးရန်အတွက် နယ်စပ်ဂိတ်များကို ပိတ်ထားရန် ဆုံးဖြတ်လိုက်သည်ဟု ဘင်္ဂလားဒ့ရှ် သတင်းစာ The Dhaka Tribune သတင်းစာက သောကြာနေ့တွင် ဖော်ပြလိုက်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni လွှတ်တော်သို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့ရာ၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ ခိုးဝင်မှုများသည် နိုင်ငံကို ဖိအားများစွာ သက်ရောက်နေစေသည့်အတွက် အစိုးရအနေဖြင့် တရားမ၀င် ခိုးဝင်လာသူများနှင့် ၎င်းတို့အား ခိုလှုံရန် နေရာပေးအပ်သူများအား အရေးယူမှုများ ပြုလုပ်ရမည်ဟု ပြောဆိုခဲ့သည်။

"ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လတ်တလော မတည်ငြိမ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်ကို ခိုးဝင်လာမှုတွေ ပိုများနေပါတယ်။ နိုင်ငံတော် အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်  နိုင်ငံခြားရေး ၀န်ကြီးဌာနအနေဖြင့် မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်များကို ချက်ချင်း ပိတ်လိုက်ရပါတယ်"Moni က လွှတ်တော်သို့ ပြောကြားခဲ့သည်။

သူမက ဆက်လက် ပြောကြားရာတွင် အစိုးရအနေဖြင့် ဒေသခံများကို အခြေအနေကို သိနားလည်စေရန် လုပ်ဆောင်ထားပြီး ပူးပေါင်းဆောင်ရွက်ခြင်း မပြုသည့်သူများကို အရေးယူရန် တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများကိုလည်း တာဝန် ပေးအပ်ထားပြီး ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ Dan Mc Norton ၏ အဆိုအရ လူမျိုးရေး ပဋိပက္ခများကြောင့် လွန်ခဲ့သည့် နှစ်ပတ်အတွင်း မြန်မာနိုင်ငံမှ ဒုက္ခသည် ၁၅၀၀ ကျော် ထွက်ပြေးခဲ့ကြောင်း သိရသည်။
Eleven Media Group