ရခိုင်ပြည်နယ် တစ်ခုလုံးနှင့် ချင်းပြည်နယ်တို့ကို ၂၀၁၄ ခုနှစ်အတွင်း လျှပ်စစ်မီးပေးနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆို

ပို့စ်တင်ချိန် - 11/10/2013 01:21:00 PM


ရခိုင်ပြည်နယ် တစ်ခုလုံးနှင့် ချင်းပြည်နယ်တို့ကို လာမည့် ၂၀၁၄ ခုနှစ်အတွင်း လျှပ်စစ်မီးပေးနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့တွင် စက်မှုဇုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် လက်ရှိ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် ပြုလုပ်ပေးခဲ့ပြီး တစ်ယူနစ်လျှင် ကျပ် ၄၅၀ နှုန်း၊ ဘူးသီးတောင်နှင့် မောင်တောဒေသတို့တွင် တစ်ယူနစ်လျှင် ကျပ် ၅၀၀ မှ ၆၀၀ ကျပ်ဖြင့် လျှစ်စစ်မီး သုံစွဲနေရကြောင်း၊ ရခိုင်ပြည်နယ် တစ်ခုလုံးအား လာမည့် ၂၀၁၄ ဒီဇင်ဘာတွင် လျှပ်စစ်မီး ပေးနိုင်ရန် ဆောင်ရွက်မည်ကြောင်း၊ ချင်းပြည်နယ်တွင်လည်း ၂၀၁၄ တွင်လျှပ်စစ်မီး ရရှိစေရန် ပြုလုပ်ပေးမည် ဖြစ်ပြီး ဂန့်ဂေါ မြို့မှ လျှပ်စစ်ဓာတ်အားဆွဲကာ ဟားခါးမြို့တွင် ဓာတ်အားခွဲရုံ ဆောက်လုပ်နေကာ ယင်းမှ ဖြန့်ဝေမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

အလားတူ နာဂတိုင်းရင်းသား လူမျိုးများ နေထိုင်ရာ ဒေသတွင်လည်း လျှပ်စစ်မီး မရရှိသေးခြင်းကြောင့် အဆိုပါဒေသအား ရေအားလျှပ်စစ် စက်ငယ်လေးများဖြင့် လျှပ်စစ်မီးပေးနိုင်ရန် ညွှန်ကြားချက် ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

"ကျွန်တော် ချင်းပြည်နယ်ကိုလည်း ၂၀၁၄ မှာ လျှပ်စစ်မီးရောက်အောင် ပို့ပေးမယ်။ နာဂဒေသကိုလည်း ရေအားလျှပ်စစ် စက်ငယ်လေးတွေနဲ့ မီးပေးဖို့ ညွှန်ကြားချက် ရရှိထားပြီး ဖြစ်ပါတယ်။ အချိန် တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည်ဖြင့် ကြာပါမယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

လျှပ်စစ်ဓာတ်အား တစ်မဂ္ဂါဝပ် ထုတ်လုပ်ရန်အတွက် ရင်းနှီးငွေ အမေရိကန် ဒေါ်လာ တစ်သန်းဖြစ်ပြီး ဓာတ်အားများ အများပြည်သူထံသို့ ရောက်ရှိစေရန် အမေရိကန်ဒေါ်လာ တစ်သန်း ထပ်မံကုန်ကျခြင်းကြောင့် အမေရိကန်ဒေါ်လာ နှစ်သန်းကုန်ကျမှ ပြည်သူတွေ ဆီသို့ရောက်ရှိမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
Eleven Media Group