NLD ပါတီ ကိုယ်စားလှယ် ၁၀ ဦး တရုတ်သွားမည်

ပို့စ်တင်ချိန် - 11/10/2013 03:47:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၉

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကိုယ်စားလှယ် ၁၀ ဦးသည် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း NLD လူငယ် ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံ ခရီးစဉ်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖိတ်ကြားထားခြင်း ဖြစ်ပြီး NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည် မဟုတ်ကြောင်း ၎င်းကရှင်းပြသည်။
“အစီအစဉ် အသေးစိတ်ကိုတော့ ပြောလို့ မရသေးပါဘူး သွားမှာကတော့ သေချာပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေ ပညာရှင်များ ပါဝင်မည် ဖြစ်ပြီး လူငယ်များကို ဦးစားပေး ရွေးချယ်ထားကြောင်း NLD ပါတီမှ သိရသည်။

အစိုးရသစ် လက်ထက်တွင် တရုတ်နိုင်ငံသည် နှစ်ဖက်အစိုးရ ဆက်ဆံရေး သာမက နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ဆက်ဆံရေးများ တိုးမြှင့်ခဲ့ပြီး အောက်တိုဘာ နောက်ဆုံးပတ်အတွင်း တရုတ်နိုင်ငံတကာ ချစ်ကြည်ရင်းနှီးရေး အသင်း၏ ဖိတ်ကြားချက်အရ မြန်မာ့ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း NLD ပါတီသည် ဥရောပနိုင်ငံများ အပါအဝင် ဂျပန်၊ ကိုရီးယား၊ မွန်ဂိုလီးယား နိုင်ငံတို့သို့ သွားရောက် ခဲ့သော်လည်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်း မရှိပေ။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေး ညီလာခံသို့ တက်ရောက်ရန်အတွက် ယခုလအတွင်း သြစတြေးလျနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီမှ သိရသည်။
The Voice Weekly