Quarto Product ကုမ္ပဏီမှ ဖမ်းဆီးမိသည့် လိုင်စင်မဲ့ ကုန်စည်များအတွက် နိုင်ငံခြားသားသုံးဦး အပါအ၀င် ဟိုတယ်နှစ်ခု ပါဝင်ပတ်သက်နေ၍ ၀န်ကြီးဌာနများသို့ တင်ပြ

ပို့စ်တင်ချိန် - 11/10/2013 09:07:00 AM




လှိုင်မြို့နယ်ရှိ Quarto Product ကုမ္ပဏီမှ ဘီယာ၊ ၀ိုင်နှင့် လိုင်စင်မဲ့ တင်သွင်းသည့် ကုန်စည်များ ဖမ်းဆီးရမိသည့် ဖြစ်စဉ်များတွင် နိုင်ငံခြားသားသုံးဦး အပါအ၀င် ဟိုတယ်နှစ်ခု ပါဝင်ပတ်သက်နေ၍ ၀န်ကြီးဌာနများသို့ ဆက်လက် တင်ပြထားကြောင်း တရားမ၀င် ကုန်သွယ်မှု တာဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက နိုဝင်ဘာ ၈ ရက်က ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

Quarto Product ကုမ္ပဏီမှ တရားဝင် ခွင့်ပြုချက်ဖြင့် တင်သွင်းသည့် ကုန်စည်များ အပါအ၀င် လိုင်စင်မဲ့ တင်သွင်းခဲ့သည့် ကုန်စည်များအား စစ်ဆေးမှုအရ ၀ိုင်၊ အချိုရည်၊ ဘီယာသုံးမျိုးနှင့် စားသောက်ကုန်များတွင် လိုင်စင်မဲ့ တင်သွင်းသည့် စုစုပေါင်း ကုန်ပစ္စည်း ၉၃ မျိုးနှင့် ခန့်မှန်းတန်ဖိုး ၆၄၄ သိန်း ကျော်ဖိုးခန့်အား ဖမ်းဆီးမိခဲ့ကြောင်း ဦးသိန်းထွန်းဦးက ပြောဆိုသည်။

Quarto Product ကုမ္ပဏီတွင် ဘီယာနှင့် အေးခဲအသားများ တရားမ၀င် တင်သွင်းနေသည်ဟု တိုင်ကြားချက်ကို အောက်တိုဘာ ၂၆ ရက်က ရန်ကုန် တရားမ၀င် ကုန်သွယ်မှု တာဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ သတင်းရောက်ရှိလာပြီး တိုင်ကြားခံရသော ကုမ္ပဏီ၏ အခြေအနေကို တစ်ရက်ကြာ လေ့လာစောင့်ကြည့် ခဲ့သည်။ ထို့နောက် ၂၈ ရက်တွင် စတင်ရှာဖွေ စစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် တိုင်ကြားချက်အရ မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်ဟု တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အဖွဲ့ထံမှ သိရသည်။

''တရားဝင် တင်သွင်းထားတဲ့ ဘီယာ၊ ၀ိုင်တွေက ဟိုတယ်နှစ်ခုရဲ့ တင်သွင်းခွင့် လိုင်စင်ကို ကိုယ်စားလှယ် အနေနဲ့ တင်သွင်းခဲ့တာ တွေ့ရှိရတယ်။ အဲဒါကြောင့် ဟိုတယ်ခရီး ၀န်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီမညီ စစ်ဆေးဖို့ တင်ပြခဲ့ရတယ်။ နောက်ပြီး Quarto Product ကုမ္ပဏီအနေနဲ့ နိုင်ငံတွင်းကို ကန့်သတ်ဘီယာ၊ ၀ိုင်တွေတင်သွင်းမှုမှာ ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦး၊ စင်ကာပူ နိုင်ငံသားတစ်ဦး အပါအ၀င် နိုင်ငံခြားသားသုံးဦး ပါဝင်ပတ်သက်နေတာ တွေ့ရတယ်။ အဲဒီအကြောင်းကိုလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို ဆက်လက်တင်ပြ ထားပါတယ်'' ဟု ဦးသိန်းထွန်းဦးက ပြောဆိုသည်။

အဆိုပါ ကုမ္ပဏီတွင် တရားမ၀င်ပစ္စည်းများ စစ်ဆေးတွေ့ရှိခဲ့မှုအတိုင်း အရေးယူ ဆောင်ရွက်ရန် Quarto Product ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာအား ပို့ကုန်၊ သွင်းကုန် ဥပဒေနှင့် အကောက်အခွန် ဥပဒေများဖြင့် စစ်ဆေးအရေးယူ ထားကြောင်း သိရသည်။

(Quarto Product ကုမ္ပဏီမှ လိုင်စင်မဲ့ တရားမ၀င် တင်သွင်းခဲ့သည့် ကုန်စည်များ ဖမ်းဆီးရမိသည့် ဖြစ်စဉ်အား ပြောကြားနေသည့် ဦးသိန်းထွန်းဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ))
Eleven Media Group