ဗြိတိန် နာမည်ကျော် Black Voices အဖွဲ့ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖျော်ဖြေမည်

ပို့စ်တင်ချိန် - 11/10/2013 03:42:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၉

ဗြိတိန်နိုင်ငံ၌ အောင်မြင် ကျော်ကြားသည့် a cappella အဆိုရှင် အဖွဲ့ဖြစ်သည့် Black Voices အဖွဲ့သည် မြန်မာနိုင်ငံမှ ပရိသတ်များကို နိုဝင်ဘာလ ၂၀ ရက် ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ ကမ်းနားဟိုတယ်၌ ပထမဦးဆုံး အကြိမ်အဖြစ် ဖျော်ဖြေတင် ဆက်သွားမည် ဖြစ်ကြောင်း အဆိုပါ တေးဂီတ ဖျော်ဖြေပွဲကို စီစဉ်သည့် ဗြိတိသျှကောင်စီက သတင်းထုတ်ပြန်သည်။

ဆယ်စုနှစ်နှစ်ခုကြာ အောင်မြင်စွာ ရပ်တည်လာခဲ့သည့် Black Voices အဖွဲ့သည် Ray Charles၊ Nina Simone၊ Wynton Marsalis နှင့် Take 6 တို့ ကဲ့သို့သော ဂီတထိပ်သီးတို့နှင့် တွဲဖက်ဖျော်ဖြေခဲ့ ဖူးပြီး သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားနှင့် ဗြိတိန် တော်ဝင်မိသားစု အစရှိသည့် ထင်ရှားသူတို့ကို ဖျော်ဖြေခဲ့ဖူးသည်။

၎င်းတို့၏ စွဲမက်ဖွယ် တင်ဆက်မှုနှင့် သူမတူသည့် တူရိယာမပါဘဲ ‘အသံအား’ သက်သက်သာသုံး၍ သီဆိုဖျော်ဖြေသည့် a cappella ပုံစံ သီဆိုဟန်တို့သည် အာဖရိကန် ကာရစ်ဘီယန်ရိုးရာ၊ အင်္ဂလိပ်ကျေးလက် ဂီတ၊ jazz၊ gospel၊ pop၊ reggae သီချင်းပုံစံ များစွာအား အာဖရိက၊ ကာရစ်ဘီယန်၊ ဗြိတိသျှ အမွေအနှစ်တို့ ပါဝင်ကာ ကျားမ၊ လူမျိုး၊ အသက်အရွယ်၊ ဘာသာအယူ မရွေး နှစ်သက်ကြကြောင်း၊ ၎င်းတို့၏ လူထုဖျော်ဖြေပွဲကို မြန်မာနိုင်ငံရှိ ဂီတမြတ်နိုး သူပရိသတ်အတွက် အခမဲ့ တင်ဆက်မည် ဖြစ်ပြီး အဆိုပါပွဲတွင် ရန်ကုန်မြို့ရှိ ‘ဂီတမိတ်’ ဂီတကျောင်းကလည်း ပါဝင်တွဲဖက် တင်ဆက်မည် ဖြစ်ကြောင်း ဗြိတိသျှ ကောင်စီထံမှ စုံစမ်းသိရှိရသည်။
“ဂီတမိတ်မှ မိတ်ဆွေများနှင့် ပူးပေါင်းပြီး ကျွန်တော်တို့ Black Vocies ကို မြန်မာနိုင်ငံမှ ပထမဆုံး ဖျော်ဖြေခွင့်ရခဲ့တာ အရမ်းကျေနပ်မိပါတယ်။ Black Vocies ဆိုတာ အမျိုးသမီးချည်းပါတဲ့ ဥရောပထိပ် တန်း a cappella အဖွဲ့တစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ လူမည်းတွေရဲ့ ထူးခြားတဲ့ သီဆိုပုံ ရိုးရာဟန်ကို ကမ္ဘာ့ စင်မြင့်ပေါ် ယူဆောင်လာတဲ့ ကမ္ဘာအနှံ့မှာပါ အောင်မြင်တဲ့သူတွေ ဖြစ်ပါတယ်” ဟု ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး Kevin Mackenzie က ပြောကြားသည်။

ဖျော်ဖြေပွဲအပြင် မြန်မာနိုင်ငံဂီတ အစည်းအရုံးမှ ပုဂ္ဂိုလ်များ၊ ယဉ်ကျေးမှု တက္ကသိုလ်မှ ကျောင်းသားများ၊ ဂီတမိတ်၊ Legacy Music Academy၊ Institute of Theology Music Department မှ ဂီတ ကျောင်းသားများ၊ ရန်ကုန်အခြေစိုက် ဓမ္မသံစုံအဖွဲ့များ၊ စိတ်ဝင်စားသူ လူငယ်များ ပါဝင်တက်ရောက်မည် ဖြစ်သည့် ဂီတအလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို နိုဝင်ဘာလ ၁၉ ရက် နေ့တွင် ရန်ကုန်မြို့ Legacy Music Academy ၌ ပြုလုပ်သွားမည် ဖြစ်သည်။

Black Vocies ဖျော်ဖြေပွဲနှင့် ပတ်သက်၍ သိလိုသည်များ စုံစမ်းလိုပါက ဒေါ်ကြည်ကြည်ပြုံး၊ Programme Manager, British Council [email protected] သို့ ဆက်သွယ်နိုင်သည်။