ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေး ပူပန်ရန်မလိုဟု ဦးအောင်မင်း ပြော

ပို့စ်တင်ချိန် - 11/10/2013 08:28:00 PM


နန်းလွင်နှင်းပွင့်| တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ကြား ဆွေးနွေးလျက်ရှိသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန်ပြင်ဆင်နေခြင်းသည် ဖက်ဒရယ်ပြည်ထောင်စုစနစ်အဖြစ် တည်ထောင်ရန်ဖြစ်သည့်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်ထောင်စု တပ်မတော်ဖြစ်ရေးတို့အတွက် စိုးရိမ်ရန်မလိုဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်သည်။

"ကျွန်တော်တို့ အခုလက်ရှိ ဦးတည်ဆွေးနွေးနေတဲ့အထဲမှာ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးဆိုတာ ပါပြီးသားပါ ဖက်ဒရယ်ပြည်ထောင်စုဆိုမှတော့ သူနဲ့ ညီညွတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ ပြည်ထောင်စုနဲ့ ညီညွတ်တဲ့တပ်မတော်တို့ ဆိုတာတွေက ဖြစ်လာမှာပါ၊ အဓိကက ဖက်ရယ်ကို ရည်ညွှန်းတာဖြစ်လို့ ဘာမှအခက်အခဲ မဖြစ်ပါဘူး ဘာမှစိုးရိမ်စရာမဖြစ်ပါဘူး" ဟု ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးဂေဟာတွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် နိုဝင်ဘာ ၁၀ ရက် ပြောကြားသွားသည်။

ဦးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးပွဲများကို အောင်မြင်သည်ဟု ရှုမြင်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်သည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း ဆိုသည်။ ထို့ပြင် နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကိုလည်း တွေ့ဆုံပေးရန် စီစဉ်နေသည်ဟုဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကလည်း ပြီးခဲ့သည့် လကုန်ပိုင်းက ကချင်ပြည်နယ် လိုင်ဇာမြို့တွင် တွေ့ဆုံကာ အစိုးရကမ်းလှမ်းထားသည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန်အပြင် ဖက်ဒရယ် ပြည်ထောင်စုနှင့်
တပ်မတော်ကိစ္စများ ဆွေးနွေးခဲ့သေးသည်။

ထို့နောက် အစိုးရနှင့် မြစ်ကြီးနားမြို့တွင် ယခုလဆန်းပိုင်း၌ ဆွေးနွေးခဲ့သော်လည်း တိကျသည့် သဘောတူညီမှု တစ်စုံတစ်ရာမရရှိခဲ့ဘဲ ပြီးဆုံးခဲ့သည်။ ဒီဇင်ဘာလတွင်လည်း ဘားအံမြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထပ်မံတွေ့ဆုံရန် စီစဉ်ထားပြီး ထိုအစည်းအဝေးတွင် ဖက်ဒရယ် တပ်မတော် ဖြစ်ပေါ်လာရေး အဓိက ထားဆွေးနွေးမည်ဟု ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကလို့ထူးဘော စစ်ဌာနချုပ်အခြေစိုက် စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး စောဆန်းအောင်က မဇ္စျိမသို့ ပြောဆိုထားသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအထောက်အကူပြုအဖွဲ့ခေါင်းဆောင် ဦးလှမောင်ရွှေကမူ လတ်တလောအခြေအနေတွင် အဆင့်ဆင့်သော ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်ရန်ရှိနေသေးသည်ဟု သုံးသပ်သည်။

"ကျွန်တော် နားလည်တာကတော့ လက်ရှိပြောင်းလဲနေတဲ့စနစ်မှာ တစ်ခါတည်း အကုန်လုံးကိုပြောင်းလိုက်မယ်ဆိုတာကတော့ မရဘူးလို့မြင်တယ် အခုက အစိုးရနဲ့ လက်နက်ကိုင်နှစ်ဖွဲ့တည်းပဲ ဆွေးနွေးနေသေးတာလေ၊ အပစ်ရပ်ဖို့ ဆွေးနွေးနေတယ်ဆိုတာလည်း မှန်တယ်၊ ဒါပေမယ့် နိုင်ငံရေး ဖြေရှင်းရမယ့် ကိစ္စတွေကို နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးရမယ်လို့ ကျွန်တော်တော့ မြင်တယ်" ဟု ပြောသည်။

ဖက်ဒရယ် တပ်မတော်ကိစ္စတည်ထောင်ရေးသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တပ်မတော်နှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ အခြားသောအင်အားစုများ၊ နိုင်ငံရေး ပါတီများ၏ အကြံဥာဏ်များကိုလည်း ရယူသင့်သဖြင့် နိုင်ငံရေးဆွေးနွေးပွဲများသည်သာ အဖြေဖြစ်မည်ဟု ရှုမြင်သည်။

လက်ရှိအချိန်တွင် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးမှုများအပေါ် ခွဲမထွက်ရန်နှင့် နိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးခြင်းမပြုလျှင် လွတ်လပ်စွာပြုလုပ်နိုင်သည်ဟု မှတ်ချက်ပြုထားသည်။ ထို့ပြင် အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုများကိုလည်း အသိအမှတ်ပြုပြောဆိုထားပြီး အစွန်းမရောက်ရန်လိုသည်ဟု ဦးသိန်းစိန်က သတိပေးထားသည်။

(မဇ္ဈိမသတင်းဌာန)
Mizzima - News in Burmese