ကလေးငယ်နှစ်ဦး ဖြားယောင်းသွေးဆောင်မှု လှည်းကူးနှင့် ထန်းတပင်တွင်ဖြစ်ပွား

ပို့စ်တင်ချိန် - 12/17/2013 01:24:00 PM


အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်

အသက်မပြည့်သေးသည့် ကလေးငယ်များ ဖြားယောင်သွေးဆောင်ခံရမှု နှစ်ခုလှည်းကူးနှင့် ထန်းတပင် မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာမိဘများက ဒီဇင်ဘာ ၁၅ ရက်တွင် အမှုဖွင့်တိုင်တန်းထား ကြသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်တစ်ခုမှာ လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာအုပ်စုတွင် ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီ အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသက် ၁၃ နှစ်အရွယ်ရှိ မိန်းကလေးငယ်ကို မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ ရှမ်းကုန်း ကျေးရွာနေ ကျော်ဦး (၃၀)နှစ်က ဆိုင်ကယ်ကယ်ရီ နှင့် သုံးယောက်ပူးစီး၍ ကြာအင်းရွာဘက်သို့ တက် သွားကြောင်း သိရှိရသဖြင့် လိုက်လံရှာဖွေခဲ့သည်ဟု မိခင်က အမှုဖွင့်ရာတွင် ပြောပြထားသည်။

ထို့နောက် ကြာအင်းရွာ ဘုန်းကြီးကျောင်းရှေ့အရောက်တွင် ကျော်ဦးမှသမီးဖြစ်သူအား လမ်းဘေး လယ်ကွင်းထဲသို့ ဆွဲခေါ်ပြေးစဉ်နောက်မှလိုက်ပါ၍ ပြန်လည်ခေါ်ဆောင်ခဲ့ရသည်ဟု အဆိုပါမိန်းကလေး ၏ မိခင်ကဆိုသည်။

ယင်းအမှုတွင် အသက်မပြည့်သေးသည့် ကလေးငယ်ကို ဖြားယောင်းသွေးဆောင်မှုဖြင့် ကျော်ဦးအား အရေးယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်းဖြစ်သည်။

ထို့ကြောင့် ငါးဆူတောင် နယ်မြေရဲ စခန်းက (ပ)၆၁/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ပြစ်မှုထင်ရှား ပါက ပုဒ်မ ၃၆၃ ဖြင့် တရားစွဲတင်မည်ဟု ဆိုထားသည်။

အလားတူဖြစ်စဉ်တစ်ခုမှာ ထန်းတပင်မြို့နယ် တလိုင်မှီကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် သမီးငယ်အား ဖြားယောင်းသွေးဆောင်ခြင်းခံရသဖြင့် အမှုဖွင့်တိုင်တန်းထားခြင်းလည်း ဖြစ်သည်။

လယ်လုပ်ရာမှ ပြန်လာသော အသက် ၄၂ နှစ်အရွယ် မိခင်ကသမီးဖြစ်သူကို မတွေ့ရှိသဖြင့် စုံစမ်းရာ တွင် အောင်ဝင်းကို (အသက်စုံစမ်းဆဲ)လေး အိမ်တန်း ကျေးရွာ၊ ညောင်တုန်းမြို့နယ်ဧရာဝတီတိုင်းနေ သူမှ ခိုးယူသွားခြင်းဖြစ်ကြောင်း သိရသည်ဟုဆိုသည်။

ထို့ကြောင့် သွေးဆောင်ခိုးယူသူကို အရေးယူပေးရန် တိုင်ကြားသဖြင့် တော်လတဲ့နယ်မြေရဲစခန်းက (ပ)၇၈/၂၀၁၃ ဖြင့် အမှုဖွင့်စုံစမ်းနေပြီး ဖမ်းဆီးရမိ၍ ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၆၃ ဖြင့် အရေးယူမည်ဟု ဆိုထားသည်။

ယင်းနေ့ တစ်နေ့တည်းမှာပင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ၂၈ နှစ်အရွယ် အမျိုး သားတစ်ဦးက ခိုးယူပေါင်းသင်းနေသဖြင့် အရေးယူပေးရန် တိုင်ကြားမှုတစ်ခုကို ဒလမြို့နယ် ပျော်ဘွယ်ကြီး နယ်မြေရဲစခန်းက (ပ)၁၇၄/၂၀၁၃ ဖြင့်အမှုဖွင့်ပြီး ပြစ်မှု ပုဒ်မ ၃၆၆ ဖြင့် အရေးယူရန် စုံစမ်းနေ သည်ဟု တိုင်းရဲတပ်ဖွဲ့သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima Burmese