ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ စက်ယန္တရားများမှာ တင်သွင်းလာစဉ်ကပင် အခွန်ဆောင်ထားခြင်း မရှိသဖြင့် စီမံကိန်း ရပ်ဆိုင်းချိန်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခွင့် မပြု

ပို့စ်တင်ချိန် - 12/04/2013 08:43:00 AM


ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ စက်ယန္တရားများမှာ မြန်မာနိုင်ငံသို့ တင်သွင်းလာစဉ်ကပင် အခွန်ဆောင်ထားခြင်း မရှိသဖြင့် စီမံကိန်း ရပ်ဆိုင်းချိန်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခြင်း ခွင့်မပြုကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေ၏ ပြောကြားချက်အရ သိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများအား အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီ တစ်ခုတည်းဖြင့် ဆောင်ရွက်ရန် ငွေကြေးလုံလောက်မှု မရှိသဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ စတင်ကာ လုပ်ငန်းများ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

"အခု အီတာလျံ-ထိုင်းရဲ့ ထိုင်းနိုင်ငံက အလုပ်သမားတွေကို ITD က ထိုင်းကို ပြန်ပို့နေပါပြီ။ လုပ်ငန်းရပ်ဆိုင်းလို့ အလုပ်သမားတွေ ပြန်တာကို ခွင့်ပြုပေမဲ့ စက်ယန္တရားတွေကိုတော့ ထွက်ခွင့်မပေးပါဘူး။ မူလ၀င်လာချိန် ကတည်းက အခွန်မဆောင်ထားလို့ ဖြစ်ပါတယ်" ဟု ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်း လုပ်ငန်းများ ရပ်ရွာဒေသ လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဘုန်းဆွေက ပြောကြားသည်။

ITD မှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရပ်ဆိုင်းပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် စီမံကိန်း လုပ်ငန်းများအား International Investor and Developer များက ပါဝင်ယှဉ်ပြိုင်နိုင်ရန် ITD မှ ဆောင်ရွက်ထားသည့် လုပ်ငန်းများနှင့် ကုန်ကျစရိတ်အား စိစစ်နိုင်ရန် International Consulting Firm တစ်ခုအား ရွေးချယ်သွားမည်ဟု သိရသည်။
Eleven Media Group