အသိမ်းခံယာမြေများ ပြန်မရသေးသည့်အသက် (၈ဝ) နီးပါးရှိ အမေကြီး

ပို့စ်တင်ချိန် - 12/04/2013 08:49:00 AM


ပြည်သူ့ ဆောက်လုပ်ရေး ဌာနမှ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်စဉ်က အသုံးပြုရန် နွားထိုးကြီးမြို့ နယ် ပြင်စည်ကျေးရွာနေ လယ်သမားကြီး (ဦးမွှေး) မိသားစုပိုင် ယာမြေများကို သိမ်းယူခဲ့ပြီး လုပ်ငန်းများ ပြီးသွားသော်လည်း ယခုထိ ပိုင်ရှင်မိသားစုထံ ပြန်မပေးသေးကြောင်း သိရသည်။
ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း လမ်းစီမံကိန်း အထူးအဖွဲ့ (၁၄)အနေဖြင့် ယာမြေများကို ပြန်မပေးသည့်အပြင် ၄င်းတို့ ပိုင်ဆိုင်နိုင်ရန် အတွက် (၁၅.၈.၂ဝ၁၃)နေ့ စွဲပါ စာအမှတ် အခမ-ထွေ/တံတား ၁၄/၂၅ဝ ဖြင့်လန(၃၉) လျှောက်ထားခဲ့သေးသည်။
၎င်းယာမြေများမှာ ဦးမွှေးနှင့်  သမီးဒေါ်ဝင်းကြည် မိသားစုပိုင်ဦးပိုင်အမှတ် (၇၇) ကွင်းအမှတ် (၇၅-က) ယာမြေများဖြစ်၍လန (၃၉)ကို ခွင့်မပြု နိုင်ကြောင်း နွားထိုးကြီးမြို့ နယ် မြေစာရင်းဌာနမှ (၂၅.၉.၂ဝ၁၃)နေ့ စွဲပါ စာအမှတ်၄၄၂/မအ-၁ ဖြင့် ပြန်ကြားခဲ့ရသည်။
ထိုသို့  ယာမြေများကို အပိုင်စီး၍ မရသောအခါ ရုံးအဆောက်အအုံများ၊ ယန္တယားပစ္စည်းများကို ဖျက်သိမ်း ပြောင်းရွှေ့ ခြင်း မပြုဘဲ လယ်ပိုင်ရှင်များ စိုက်ပျိုး၍ မရအောင်နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ (၇) ထုတ်မရအောင် ပညာပြညစ်ပတ်ထားကြောင်း၊ ဤကိစ္စ သမ္မတကြီးနဲ့ လူကြီးများ သိရှိ အရေးယူ ပေးနိုင်ရန် အသိပေး တိုင်ကြားမည် ဖြစ်ကြောင်းဖြင့် ယာမြေဆုံးရှုံးနေရသူ အသက် (၈ဝ) နီးပါးရှိ ဒေါ်ဝင်းကြည်က မျက်ရည်စက်လက်နှင့် ပြောကြားခဲ့သည်။

သစ်ထူးလွင်